ပါတီ A ၏ အဖေမှ ချုပ်နှောင်ခြင်းခံထားရသော အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား
Vol. 13 Ch. 181
တစ်စုံတစ်ယောက်ကို ကန်ကျောက်လွှင့်ပစ်လိုက်ရသဖြင့် ရဲရှင်းဟွေ့တစ်ယောက် အလွန်ပင်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
"ပြောင်းလဲသွားပြီးနောက်က စွမ်းအားက တကယ်ကောင်းတာပဲ..."
သူက ခုလေးတင်မှ ထိုစာကြောင်းများကို အော်ဟစ်လိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ စွန်းဂိုခုကို အယောင်ဆောင်ကြည့်ချင်သောကြောင့် ဖြစ်သည်။
Dragon Ball ဇာတ်လမ်းထဲမှ စွန်းဂိုခု စူပါဆိုင်ရန်းဂျင်းအဖြစ်သို့ ပထမဆုံးအကြိမ်ပြောင်းလဲခဲ့သည့်အခန်းမှာ အလွန်နာမည်ကြီးသော မြင်ကွင်းတစ်ခုမဟုတ်လော။ ယခုမှာလည်း သူ၏ ပထမဆုံးအကြိမ်ပြောင်းလဲခြင်းဖြစ်ရာ သဘာဝကျစွာပင် အယောင်ဆောင်မှုအချို့ လုပ်ဆောင်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။ သူအနာဂတ်တွင် စူပါဆိုင်ရန်းဂျင်းအဆင့်နှစ်အဖြစ်သို့ပြောင်းလဲသောအခါ ဂိုဟန်၏ လက်တစ်ဖက်တည်း 'ခါမဲ ဟာမဲ ဟ' ကိုလည်း အယောင်ဆောင်ကြည့်နိုင်သေးသည်။
...
တစ်ယောက်ကို အဆုံးသတ်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အာရုံကို ကျန်လူနှစ်ဦးထံသို့ လှည့်လိုက်၏။ ရဲရှင်းဟွေ့၏ ပစ်မှတ်ထားခြင်းကိုခံလိုက်ရသောအခါ ထိုနှစ်ဦးလုံး၏ ကျောထဲတွင် စိမ့်ခနဲဖြစ်သွားကြသည်။ သို့သော် သူတို့ လုံးဝမထိတ်လန့်ကြပေ။ အကြောင်းမှာ ရဲရှင်းဟွေ့၏စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသော်လည်း သူတို့ကို အပြီးတိုင်သတ်ဖြတ်နိုင်ခြင်းမရှိသည်ကို သူတို့ မြင်တွေ့ခဲ့ပြီးဖြစ်သောကြောင့်ပင်။ ယခင်ကမုန်ကျိဖြစ်စေ၊ ခုလေးတင်မှ ကန်ကျောက်အသတ်ခံလိုက်ရသောသူဖြစ်စေ၊ သူတို့၏ခန္ဓာကိုယ်များမှာ ပျောက်ကွယ်သွားသော်လည်း သူတို့၏စိတ်ဝိညာဉ်များမှာ ရှိနေဆဲပင်။ စိတ်ဝိညာဉ်တည်ရှိနေသမျှ သူတို့သည် လုံးဝသေဆုံးခြင်းသို့ မရောက်ရှိဘဲ အခြေစိုက်စခန်းမှ နတ်စမ်းရေတွင် ပြန်လည်ရှင်သန်နိုင်ပေမည်။
ထိုယောက်ျားနှင့်မိန်းမမှာ အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ပြီးနောက် တိုင်ပင်လိုက်ကြသည်။
"သူ့ကိုဒီမှာထိန်းထားပြီး သခင်နတ်စစ်သူကြီးရောက်လာတဲ့အထိ စောင့်ကြတာပေါ့..."
"ကောင်းပြီ..."
ထို့နောက်တွင် ထိုနှစ်ဦးမှာ ရဲရှင်းဟွေ့နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရပ်တန့်လိုက်ကြတော့သည်။
သူတို့ အချိန်ဆွဲတိုက်ခိုက်လိုသော်လည်း ရဲရှင်းဟွေ့တွင် ထိုသို့သောစိတ်ကူးမျိုး တစ်စုံတစ်ရာမရှိပေ။
သူတို့မချဉ်းကပ်လာမှတော့ သူကပင် တက်ကြွစွာတိုက်ခိုက်လိုက်ပြီး သူ၏တစ်ကိုယ်လုံးကို မိုးကြိုးနှင့်လျှပ်စီးများက ဝန်းရံလာခဲ့သည်။ ရွှေရောင်အရှိန်အဝါနှင့် မိုးကြိုးလျှပ်စီးတို့ပေါင်းစပ်သွားရာ မြင်ကွင်းတစ်ခုတည်းမှကြည့်လျှင် စူပါဆိုင်ရန်းဂျင်းအဆင့်နှစ် ပြောင်းလဲမှုနှင့်ပင် တူနေလေပြီ။
ရဲရှင်းဟွေ့၏ ပုံရိပ်မှာ ဝေဝါးပျောက်ကွယ်သွားပြီး သူတစ်ဖန်ပြန်ပေါ်လာသောအခါ သံချပ်ဝတ်လူ၏ဘေးတွင် ရောက်ရှိနေလေပြီ။ ဓားတစ်ချက်ဖြင့် သံချပ်ဝတ်လူကို ရဲရှင်းဟွေ့က တိုက်ရိုက်အဆုံးသတ်လိုက်၏။ အရိုးပြာပင်မကျန်အောင် အလွန်သန့်ရှင်းပြီး သပ်ရပ်လှသည်။
နောက်ဆုံးကျန်ရှိနေသော အမျိုးသမီး ထိုမြင်ကွင်းကိုမြင်သောအခါ တံတွေးပင် မျိုချလိုက်မိ၏။ ထိုတစ်ကြိမ်တွင် ရဲရှင်းဟွေ့မှ အသတ်ခံလိုက်ရသောသူ၏စိတ်ဝိညာဉ်မှာ မလွတ်မြောက်ခဲ့ပေ။ အကြောင်းမှာ ရဲရှင်းဟွေ့က သူ၏ခန္ဓာကိုယ်ကိုဖျက်ဆီးစဉ်တွင် လျှပ်စီးစွမ်းအားက သူ၏စိတ်ဝိညာဉ်ကိုပါ တစ်ပါတည်း လောင်ကျွမ်းဖျက်ဆီးသွားသောကြောင့်ပင်တည်း။ ထိုအမျိုးသမီးက ရဲရှင်းဟွေ့တွင် စိတ်ဝိညာဉ်များကိုပစ်မှတ်ထားရန် နည်းလမ်းများမရှိဟု ထင်မှတ်ခဲ့သော်လည်း မျှော်လင့်မထားဘဲ... သူမ မှားသွားခဲ့သည်။
“သခင်... ကျွန်မကို လွှတ်ပေးလို့မရဘူးလားရှင်...”
အခြားတစ်ဖက်တွင် သူမကိုသတ်ဖြတ်ရန်နည်းလမ်းများရှိကြောင်း သိလိုက်ရသောအခါ ထိုအမျိုးသမီးသည် ရုတ်တရက်ကြောက်ရွံ့သွား၏။
“ရှင် ကျွန်မကိုမသတ်သရွေ့... ရှင်လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပါတယ်...”
ထိုအမျိုးသမီးသည် ဆွဲဆောင်မှုရှိသောအမူအရာများကိုပင် စတင်ပြုလုပ်လာခဲ့သည်။ သို့သော်လည်း ထိုလှည့်ကွက်မှာ ရဲရှင်းဟွေ့အပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။ မုန်ကျိနှင့်ရင်ဆိုင်ပြီးနောက် ရဲရှင်းဟွေ့သည် ထိုလူများမှာ ဖြေရှင်းရန်မလွယ်ကူကြောင်းကို သိရှိသွားပြီ။ ထို့ကြောင့် သူတို့ကိုအမြန်ဆုံးသတ်ဖြတ်ပြီး အမြန်ဆုံးထွက်ခွာသွားခြင်းမှာသာ ပို၍ကောင်းမွန်ပေလိမ့်မည်။ ထိုအမျိုးသမီး၏ လုပ်ရပ်များကို လျစ်လျူရှုကာ ရဲရှင်းဟွေ့သည် သူမထံသို့ ချက်ချင်းပင် ရွေ့လျားသွားခဲ့၏။
ရဲရှင်းဟွေ့ သူမကို အဆုံးသတ်ပေးတော့မည်အပြုတွင် သူ့ရှေ့မှအာကာသ၌ လှိုင်းတွန့်များရုတ်တရက်ပေါ်ပေါက်လာပြီးနောက် မြားတစ်စင်းက ထိုအာကာသလှိုင်းတွန့်များထဲမှ ပျံထွက်လာခဲ့သည်။ ရဲရှင်းဟွေ့ ကျိန်ဆဲချိန်ပင်မရလိုက်။ မြားသည် ချက်ချင်းဆိုသလို သူ၏မျက်လုံးတစ်ဖက်ကို လာရောက်ထိမှန်သွား၏။ ထိုအခွင့်အရေးကို အရယူကာ မူလက ရဲရှင်းဟွေ့လက်ချက်ဖြင့် သေဆုံးရတော့မည့် ထိုအမျိုးသမီးသည် ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။ ထိုအမျိုးသမီးသည် ထိုမြားကိုသိရှိ၏။ ၎င်းမှာ သူမ၏သခင်ဖြစ်သော နတ်စစ်သူကြီးယီ ပစ်လွှတ်လိုက်သောမြားပင်။
'ဟမ့်... မင်းဘယ်လောက်သန်မာနေပါစေ... နတ်စစ်သူကြီးရှေ့မှာတော့ ပုရွက်ဆိတ်တစ်ကောင်ပါပဲ...'
ထိုအမျိုးသမီး နောက်သို့လှည့်ကြည့်ကာ မြားက ရဲရှင်းဟွေ့၏ဦးခေါင်းကိုထိုးဖောက်သွားသလားဆိုသည်ကို ကြည့်ရှုတော့မည်အပြုတွင် သူမ မယုံနိုင်လောက်သောမြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရ၏။ မြားသည် ရဲရှင်းဟွေ့၏မျက်လုံးကိုထိမှန်ခဲ့သော်လည်း ၎င်းမှာ မထိုးဖောက်ခဲ့ဘဲ ရဲရှင်းဟွေ့၏မျက်လုံးဖြင့် ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။
ရဲရှင်းဟွေ့သည်လည်း အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။
“ကျစ်... ဘာတွေဖြစ်နေတာလဲ...”
သူ စူပါဆိုင်ရန်းဂျင်းအဖြစ်သို့ပြောင်းလဲခဲ့သော်လည်း သူ၏မျက်လုံးများမှာ အလွန်နုနယ်နေဆဲဖြစ်ပြီး ထိုရုတ်တရက်မြားကို တားဆီးရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ သို့သော်... မျက်လုံးတစ်လုံးက မြားတစ်စင်းကိုတားဆီးသောမြင်ကွင်းမှာ သူ့အပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည်။
“ခရက်!...”
ရဲရှင်းဟွေ့သည် ကျိုးပဲ့သံများကြားလိုက်ရ၏။ ကျိုးပဲ့သံမှာ မြားဦးမှသာမက ရဲရှင်းဟွေ့၏မျက်လုံးမှလည်း ထွက်ပေါ်လာခဲ့သည်။ စက္ကန့်အနည်းငယ် တန့်ရပ်နေပြီးနောက် မြားပေါ်မှစွမ်းအားမှာ နောက်ဆုံးတွင် ကုန်ဆုံးသွားပြီး အပိုင်းအစများအဖြစ်သို့ပြောင်းလဲကာ မြေပြင်ပေါ်သို့ကျသွားခဲ့၏။ မြားသည် ပျောက်ကွယ်သွားသော်လည်း ရဲရှင်းဟွေ့၏မျက်လုံးမှ ကျိုးပဲ့သံမှာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။
“ခရက်!... ခရက်!... ခရက်!...”
နောက်ထပ်ကျိုးပဲ့သံအများအပြား ထွက်ပေါ်လာပြီးနောက် ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် ဘာကျိုးသွားသည်ကို သိရှိသွားခဲ့သည်။ သူ၏စိတ်အာရုံထဲတွင် တစ်ခုတည်းသောမျက်လုံးတစ်လုံး ပေါ်ပေါက်လာပြီး ၎င်းပေါ်တွင် ရှေးဟောင်းအက္ခရာများ ရေးထိုးထားသောကြောင့်ပင်။ ခုလေးတင်က ထိုအက္ခရာများထဲမှတစ်ခုမှာ ကျိုးပဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။ မြားသည် ရဲရှင်းဟွေ့၏မျက်လုံးများကို မထိုးဖောက်ခဲ့သော်လည်း ရဲရှင်းဟွေ့သည် အလိုအလျောက်ပင် သူ၏မျက်လုံးများကို ဖုံးအုပ်လိုက်မိ၏။
...
တစ်ချိန်တည်းမှာပင်။ အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား၏ရုံးခန်းထဲ၌။
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား၏လက်များနှင့်ခြေထောက်များမှာ လက်ရှိတွင် ရွှေရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး သူ၏ရှေ့တွင် ကွန်ပျူတာတစ်လုံးရှိကာ ၎င်းပေါ်တွင် code များတစ်တန်းပြီးတစ်တန်း ပြေးလွှားနေခဲ့သည်။
“ကျစ်... ပါတီအေ... မင်းကောင်မသား...။ ကျစ်... ဒါကိုပြီးမြောက်ဖို့ ငါ နာရီပေါင်းထောင်ချီပြီး အချိန်ပိုဆင်းရတော့မှာပါလား...”
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာ စစ်မှန်သောဘုရားတစ်ပါးဖြစ်သည့်အလျောက် ဘုရားတစ်ပါး၏တာဝန်များ သူ့အပေါ်တွင်ရှိနေသည်။ သူ၏တာဝန်မှာ ကမ္ဘာကြီးကို စီမံခန့်ခွဲပြီး အသစ် ဖန်တီး ရန် ဖြစ်၏။ သူကမ္ဘာကို ဖန်တီး ရန် အသုံးပြုသောကိရိယာမှာ သူ၏ရှေ့မှကွန်ပျူတာဖြစ်ပြီး သူရေးသားသော code များမှာ ကမ္ဘာ၏အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများနှင့် အနှစ်သာရများပင်။
အလုပ်မှာ အလွန်ပင်ပန်းသောကြောင့် အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာ သူ၏ထိန်းချုပ်မှုအောက်မှကမ္ဘာကို ဆယ်စုနှစ်ပေါင်းများစွာ မထိန်းသိမ်းဖြစ်ခဲ့ပေ။ ထိန်းသိမ်းခြင်းမရှိရုံသာမက ကမ္ဘာသစ်များ ဖန်တီး ခြင်းပင် မရှိခဲ့ရာ... ပါတီ A ၏ အဖေက သူ့ကို သံကြိုးများဖြင့် တိုက်ရိုက်ချုပ်နှောင်ထားခဲ့သည်။
သူသာအလုပ်မပြီးမြောက်ပါက သူဘုရားအဖြစ် သူ၏ရာထူးကို မလိုချင်တော့လျှင်မှလွဲ၍ သူဘယ်တော့မှ လွတ်လပ်နိုင်မည်မဟုတ်ပေ။
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာ အမှန်တကယ်ပင် ၎င်းကိုမလိုချင်ခဲ့သော်လည်း...
သင့်တော်သောဆက်ခံသူမရှိဘဲနှင့် သူသည် ဘုရားရာထူးကို စွန့်လွှတ်နိုင်မည်မဟုတ်ပေ။
...
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာ code များအသည်းအသန်ရေးသားနေစဉ်မှာပင် သူသည် ရုတ်တရက် အာကာသလှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်သည်။
“ဒါက... ငါပျောက်ဆုံးသွားတဲ့သော့လား... ကြည့်ရတာတော့ အစီအရင်က သက်တမ်းကုန်သွားပြီထင်တယ်...။ ကျစ်...။ အဲ့ဒီကောင်မသား... မင်းသာ အဲ့ဒီ channel ကနေ ထွက်လာရဲထွက်လာကြည့်... ငါမင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မြင်စေရမယ်...”
...
အမှန်တကယ်တွင် အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား ပါတီ A ၏အဖေ၏ဖမ်းဆီးခြင်းကိုခံရခြင်းမှာလည်း ရဲရှင်းဟွေ့နှင့် မကင်းပေ။
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာ မျက်နှာမမှတ်မိတတ်သူတစ်ဦးဖြစ်ပြီး ဘုရားများစွာကို စော်ကားခဲ့ဖူးသော်လည်း လူတိုင်း၏အသွင်အပြင်ကို အမှန်တကယ်မမှတ်မိနိုင်ခဲ့ရာ သူသည် သော့ကို တစ်ဖက်ကြည့်မျက်မှန်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက် သူသည် တစ်စုံတစ်ယောက်နှင့်တွေ့ဆုံတိုင်း ၎င်းကိုအသုံးပြုလေ့ရှိသည်။ ထိုတစ်ဖက်ကြည့်မျက်မှန်က အခြားတစ်ဖက်၏ အချက်အလက်များကို အကျဉ်းချုပ်ကြည့်ရှုပေးပေလိမ့်မည်။
အကယ်၍ အခြားတစ်ဖက်က အကြွေးတောင်းရန် သို့မဟုတ် လက်စားချေရန်လာပါက သူသည် တစ်ဖက်ကြည့်မျက်မှန်မှတစ်ဆင့် လမ်းကြောင်းတစ်ခုကို တိုက်ရိုက်ဖွင့်ကာ ထွက်ပြေးလွတ်မြောက်နိုင်ရာ အလွန်အဆင်ပြေလှသည်။
သို့သော်လည်း တစ်ဖက်ကြည့်မျက်မှန်ကို ယူဆောင်သွားပြီးနောက် သူသည် ရှေးဟောင်းအက္ခရာများကို သော့အသစ်တစ်ခုပေါ်တွင် ထည့်သွင်းခြင်းမပြုရသေးပေ။ ထိုအချိန်ကပင် အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာ ပါတီ A ၏အဖေနှင့် တွေ့ဆုံခဲ့သည်။ သူသာ အခြားတစ်ဖက်ကို အစောပိုင်းက မှတ်မိခဲ့ပါက အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားသည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မည်ဖြစ်သော်လည်း... သူသည် ထိုတစ်ကြိမ်တွင် မမီလိုက်ခဲ့ပေ။
...
ရဲရှင်းဟွေ့သည် သူ့ကိုကယ်တင်ခဲ့သည်မှာ သူ၏အစွမ်းသိမျက်လုံးဖြစ်ကြောင်းကို သိရှိခဲ့သည်။ သူ၏ကိုယ်ပိုင်မျက်လုံးတွင် ဘာမှမှားယွင်းမှုမရှိသော်ငြားလည်း... ရှေးဟောင်းအက္ခရာများကျိုးပဲ့သွားသောအခါ သူသည် အလွန်နှမြောသွားမိ၏။ ရဲရှင်းဟွေ့သည် ၎င်းတွင် တစ်စုံတစ်ရာအကျိုးသက်ရောက်မှုရှိမရှိကို ကြည့်ရှုရန် သူ၏အစွမ်းသိမျက်လုံးကို ဖွင့်ရန်ကြိုးစားလိုက်၏။ သူသည် အစွမ်းသိမျက်လုံးကို ထွက်ပြေးသွားခဲ့သော အနီရောင်ပိတ်ပါးလွှာအမျိုးသမီးထံသို့ ချိန်ရွယ်လိုက်သော်လည်း သူမည်သို့ပင်ကြည့်သည်ဖြစ်စေ သက်ဆိုင်ရာအချက်အလက်တစ်စုံတစ်ရာမှ အစွမ်းသိမျက်လုံးတွင် ပေါ်ပေါက်မလာခဲ့ဘဲ မျက်နှာသာတန်ဖိုးပင်မပေါ်ခဲ့ပေ။
“ကျစ်... ငါ့ရဲ့ ရွှေလက်ချောင်း...”
ရဲရှင်းဟွေ့သည် ရုတ်တရက် သူ၏ အထူးအခွင့်အရေးများထဲမှတစ်ခုမှာ ပျောက်ကွယ်သွားသည်ဟု ခံစားမိလိုက်သည်။။သူ့အတွေးများ ကမ္ဘာပျက်နေစဉ်မှာပင် အနီရောင်ပိတ်ပါးလွှာအမျိုးသမီး၏အပေါ်တည့်တည့်၌ အနက်ရောင်ဝဲဂယက်တစ်ခု ရုတ်ခြည်းပေါ်ပေါက်လာပြီး ထိုအမျိုးသမီး၏ခန္ဓာကိုယ်အထက်ပိုင်းကို အတွင်းသို့ ဆွဲနှစ်ဖမ်းယူသွားတော့သည်။
ရဲရှင်းဟွေ့သည် မယုံကြည်နိုင်စွာ သူ၏မျက်လုံးများကို ပွတ်သပ်လိုက်၏။ သူ၏မျက်လုံးများကို ပွတ်သပ်နေစဉ်တွင် အနက်ရောင်ဝဲဂယက်မှာ ပျောက်ကွယ်သွားခဲ့သည်။ ဝဲဂယက်နှင့်အတူ ပျောက်ကွယ်သွားသည်မှာ အနီရောင်ပိတ်ပါးလွှာအမျိုးသမီး၏အထက်ပိုင်းခန္ဓာကိုယ်ပင်တည်း။
ထိုမြင်ကွင်းကိုမြင်သောအခါ ရဲရှင်းဟွေ့သည်လည်း မှင်တက်သွား၏။
“ဘာ... ဘာတွေဖြစ်နေတာလဲ...”
...
တစ်ဖက်တွင်တော့ အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား၏ဘေးတွင် code များ အာရုံစိုက်ရေးသားနေစဉ် အမျိုးသမီးတစ်ဦး ရုတ်တရက်ပေါ်ပေါက်လာခဲ့၏။ ထိုအမျိုးသမီးတွင် သူမ၏အထက်ပိုင်းတစ်ဝက်သာရှိပြီး သူမ၏ခါးမှဒဏ်ရာမှာ သွေးများစီးကျနေဆဲပင်။
“ကျစ်...”
ထိုမြင်ကွင်းကိုမြင်သောအခါ အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားသည် အလိုလိုပင် ကျိန်ဆဲလိုက်မိသည်။