ကြွက်ကလေး
Vol. 7 Ch. 656
ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် အနက်ရောင် ချပ်ဝတ်တန်ဆာများဖြင့် ယင်ယန်ဝိညာဥ်အဆင့် သရဲ အမြောက်အများကို ဦးဆောင်ကာ ပိုင်ရှောင်ချန်းနောက်သို့ လိုက်နေသောကြောင့် မြည်သံများထွက်ပေါ်နေသည်။
ပိုင်ရှောင်ချန်းမှာ နတ်အဆင့်များကိုပင် အန္တရာယ်ပြုနိုင်သည့် နည်းလမ်းများ နောက်ထပ်ရှိနေမည်ကိုသာ မကြောက်ရလျှင် ခေါင်းဆောင်ကြီးက သူ့နောက်ကို တစ်ယောက်တည်းသာ လိုက်မည်ဖြစ်သည်။ သို့သော် သူ အလောင်းအစား မလုပ်လိုပေ။
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်သည် သူ့ရှေ့ေမှာက်မှာပင် ဖြစ်သွားခြင်းဖြစ်သည်။ ထိုခေါင်းဆောင်ကြီးသာ အနည်းငယ် နောက်ကျသွားပြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို အသုံးချ၍ သူ့မျိုးနွယ်စုဆီ မပြန်နိုင်ခဲ့လျှင် ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးက သူ့ကို သေချာပေါက် ဖမ်းဆီးသွားမည်ဖြစ်သည်။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် အခြားခေါင်းဆောင်ကြီးနှင့် သူ၏ မျိုးနွယ်စုကို သုတ်သင်ပစ်မည် မဟုတ်သော်လည်း ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို အသက်ဆက်ရှင်ရန်အတွက် အခကြေးငွေအများကြီးပေးရန် တွန်းအားပေးမည်မှာ သေချာသလောက်ရှိသည်။
ထိုသို့သော အကြောင်းကြောင်းကြောင့် ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးသည် မစွန့်စားလိုပေ။ သူ့မျက်လုံးများမှာ အေးစက်စက် အလင်းရောင်များ စူးရှတောက်ပနေပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ကာ အနက်ရောင် ချပ်ဝတ်များနှင့် သရဲများကို အရှိန်ပိုမြှင့်လိုက်သည်။
ပိုင်ရှောင်ချန်းသည် ကြောက်လန့်ကာ ဦးရေပြားများ ထုံကျဥ်နေပြီး ရင်တဒိန်းဒိန်းခုန်နေသည်။ နောက်လှည့်ကြည့်လိုက်လျှင် အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် သရဲများကို တွေ့လိုက်ရပြီး စိုးရိမ်ပူပန်မှုများ တိုးပွားလာသည်။ သရဲကြီးဘုရင်၏ မျက်နှာတွင်လည်း အရိပ်အယောင်အမျိုးမျိုး ဖြတ်ပြေးနေပြီး သူ၏ နှလုံးကို ဆွဲညှစ်ထားသည့်အလား ခံစားနေရဟန်တူသည်။
သူက စိုးရိမ်ပူပန်စွာဖြင့် ထိန်းမထားနိုင်ဘဲ ပြောလိုက်မိသည်။
"ငါမင်းကို ကျောက်လိပ်ကြီးဆီ ပြန်သွားပါလို့ ပြောနေတာ။ မဟုတ်သေးဘူး။ မင်း သေချာပေါက်-- "
" ခင်ဗျား ပါးစပ်ပိတ်ထား "
ပိုင်ရှောင်ချန်းက နောက်မှနေ၍ သူ့ကို ပစ်လွှတ်နေသော မှော်ပညာရပ်များနှင့် နတ်ဘုရား စွမ်းရည်များကို ရှောင်ရှားရန် ကွေ့ကွေ့ကောက်ကောက်သွားနေရင်းမှ ဒေါသတကြီး အော်ပြောလိုက်သည်။ ထို့နောက် အရှိန်ကို မြှင့်ကာ သွားလိုက်ရာ အနီးနားရှိ လမ်းကြားထဲသို့ ရောက်သွားသည်။
သူက ဘေးဘီဝဲယာကို အလျင်အမြန် ဝေ့ဝဲကြည့်ပြီးနောက် တွေဝေခြင်းမရှိဘဲ သူ့ဘေးမှ နံရံကို အပေါက်ဖြစ်သွားအောင် ထိုးချလိုက်ရာ ခြံဝန်းတစ်ခု ပေါ်လာသည်။ ချမ်းသာသော မိသားစုတစ်ခု၏ ခြံဝန်းမှန်း သိသာလှသည်။ ပိုင်ရှောင်ချန်း အထဲသို့ ဝင်လိုက်သည်နှင့် ကြောက်ရွံ့နေသော အစေခံများက အော်ဟစ်ကာ ခြေဦးတည့်ရာ ပြေးကြလေသည်။
အမောတကောဖြင့် ပိုင်ရှောင်ချန်းသည် ခြံဝန်းထောင့်ရှိ ရေကန်သို့ အမြန်သွားကာ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်များ သူ့ဘေးတွင် ပေါ်ထွက်လာသည်။
ခပ်လှမ်းလှမ်းတွင် အနက်ရောင်ချပ်ဝတ်တန်ဆာများနှင့် သရဲများသည် သတ်ဖြတ်ချင်စိတ်များ ထုတ်လွှတ်လျက် လေဟုန်ခွင်းကာ ပျံသန်းလာကြသည်။ ထို့နောက် အဆိုပါ ရေကန်ဆီသို့ နတ်ဘုရားစွမ်းရည်များကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။
ရေကန် တုန်ခါသွားပြီး နေရာတိုင်းသို့ ရေများ လွင့်စင်သွားသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းကား တည်နေရာရွှေ့ပြောင်းသွားပြီဖြစ်သည်။
၉၀၀၀မီတာခန့်အကွာ၊ စွန့်ပစ်အဆောက်အအုံတစ်ခုအတွင်း ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ ရောက်ရှိလာရာ တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်များ လေထဲ ပျံ့နှံ့သွားသည်။
" သေစမ်း " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" ဘာလို့ ကီလိုမီတာ ၅သောင်းထိရောက်တဲ့ တစ်ခုကို ခုထိ မတွေ့ရသေးတာတုံး "
တည်နေရာရွှေ့ပြောင်းရန် အစီအရင်ကို အသက်သွင်းမည့်ဆဲဆဲမှာပင် ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် တစ်နေရာတည်းသို့ တည်နေရာရွှေ့ပြောင်းရောက်ရှိလာကာ အော်ဟစ်သံပေးလိုက်လေသည်။ ပိုင်ရှောင်ချန်းသည် တည်နေရာရွှေ့ပြောင်းရန် လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အသုံးပြုသွားကြောင်း မကြာသေးမီက သဘောပေါက်သွားပြီးနောက် အနက်ရောင်ချပ်ဝတ်တန်ဆာသရဲများနှင့် ခွဲကာ သူ့နောက်သို့ လိုက်လာခဲ့သည်။
ပိုင်ရှောင်ချန်းသည် တည်နေရာရွှေ့ပြောင်းသည့် အစီအရင်များကို အသုံးပြုနေကြောင်း သိရှိသွားပြီး ဆိုးဝါးသော ခံစားချက်များ ရှိနေခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ထိုအကြောင်းကို တွေးတောနေရန် အချိန်မရှိပေ။ လူသတ်ငွေ့များ တောက်လောင်လျက် လက်ဝါးရိုက်ချက်ကို အမြန် ထုတ်လွှတ်လိုက်သည်။
ကြီးမားလှသော ပုံရိပ်ယောင် လက်တစ်ဖက် ပေါ်ပေါက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားသည်။ ထိုလက်ဝါးမှာ ပတ်ဝန်းကျင်မှ အရာအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်ထိ အစွမ်းထက်လှသည်။
ပိုင်ရှောင်ချန်းသည် ပုံရိပ်ယောင်လက်ဝါး နီးကပ်လာသည်တွင် စူးစူးဝါးဝါးအော်ဟစ်လိုက်သော်လည်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းပြီးဖြစ်သည်။ တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင် ပေါ်ထွက်လာပြီး လက်ဝါးရိုက်ချက်ကျရောက်လာချိန်တွင် ထိုနေရာရှိ အရာအားလုံး ပြာကျသွားသည်။ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်မှာ မရှိတော့ပေ။
" ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေက ဘယ်ကနေများ လာတာပါလိမ့် "
ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးက တွေးလိုက်သည်။ သူ၏ မျက်နှာမှာလည်း တင်းမာလျက်ရှိသည်။ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် သာမန် တည်နေရာရွှေ့ပြောင်းခြင်းများကို ပယ်ဖျက်ရန် လေထုကို အလွယ်တကူ ပိတ်ချနိုင်သည်။ သို့တိုင်အောင် ယခု မန္တန်အစီအရင်များကိုမူ ပယ်ဖျက်ရန် မစွမ်းနိုင်ပေ။
"မင်း ပြေးလို့ မလွတ်ပါဘူးကွာ။"
သူအော်ဟစ်လိုက်သည်။ သူ့မျက်လုံးများသည် ဒေါသရောင်လက်ကာ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် သရဲကြီးမြို့တစ်ခုလုံး၏ အပေါ်စီးမြင်ကွင်း ပါဝင်သည့် ပုံရိပ်ယောင်မျက်နှာပြင်တစ်ခု ပေါ်ပေါက်လာသည်။
ထို ပုံရိပ်ယောင်မျက်နှာပြင်ကို ငုံ့ကြည့်နေစဥ် စူးရှတောက်ပသော အလင်းရောင် ပေါ်ထွက်လာသည့် တစ်နေရာကို သတိပြုမိလိုက်သည်။သူက အေးစက်စွာ နှာမှုတ်လျက် ပုံရိပ်ယောင်မျက်နှာပြင်ထဲသို့ ခြေလှမ်းချလိုက်သည်။
ယခု တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင် ထွက်ပေါ်လာသည့် နေရာမှာ ယခင်က လူစည်ကားခဲ့သည့် လမ်းတစ်လမ်းဖြစ်သည်။ သို့သော် မြို့ထဲတွင် လက်ရှိဖြစ်ပေါ်သော ပရမ်းပတာဖြစ်နေခြင်းများကြောင့် တိတ်ဆိတ်ငြိမ်သက်နေသည်။ တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင် ပျောက်ကွယ်သွားသည်တွင် ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်သည် လမ်းပေါ်မှ ဈေးဆိုင်တစ်ဆိုင်ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအချိန်တွင် သရဲကြီးဘုရင်မှာ မမေးဘဲ မနေနိုင်တော့ပေ။
" တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေ ဘယ်လောက်တောင် တပ်ဆင်ထားတာတုံး "
သူ၏ ကိုယ်ပိုင်မြို့တွင် သူမသိလိုက်ပါဘဲ မည်သည့်နည်းဖြင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အများအပြားရှိနေသည်ကို တွေးပင်မတွေးတတ်တော့ပေ။
" အများကြီးရှိတယ် "
ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်လျက် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ အမှန်တွင် သူစိုးရိမ်ပူပန်စပြုလာပြီဖြစ်သည်။ သူ၏ အဖြေမှာ ချဲ့ကားပြောထားခြင်းမဟုတ်ပေ။ ထို့ပြင် ယခုအချိန်တွင် သူသိသမျှ အစီအရင်ပေါင်း ရာချီထဲမှ တစ်မူထူးခြားသည့် အစီအရင်ကို ရှာတွေ့ရန် ကံကိုသာ ပုံအပ်ထားရသည်။ တစ်စက်ကလေးမှပင် အချိန်မဖြုန်းရဲဘဲ သူ မြေပြင်ကို ရိုက်လိုက်သည်။
မြည်ဟီးသံများ ထွက်ပေါ်လာပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အသက်ဝင်လာကာ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ ပျောက်ကွယ်သွားကြသည်။ ထိုအချိန်မှာပင် လေထုကွဲအက်ကာ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီး ပေါ်ထွက်လာပြီး လက်ကို ဝှေ့ယမ်းကာ မန္တန်အစီအရင်ကို ဖျက်ဆီးလိုက်သည်။
သို့သော် သူ၏ မျက်နှာတွင် ဒေါသထွက်သည့် အရိပ်အယောင်များ အနည်းငယ် နောက်ကျသွားသည်ကို သိရှိသွားသည်တွင် သူ့မျက်လုံးများမှ ဒေါသရောင်များ ပိုမိုစူးရှတောက်ပလာသည်။
" ဘယ်နှစ်ခါလောက်များ တည်နေရာရွှေ့ပြောင်းနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့ကွာ "
ထို့နောက် သူ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ အမွှေးတိုင် တစ်တိုင်ထွန်းစာမျှ ကြာမြင့်သွားပြီးနောက် သရဲကြီးမြို့ရှိ နေရာအတော်များများတွင် ပေါက်ကွဲသံများ ပြည့်နှက်နေတော့သည်။ ပိုင်ရှောင်ချန်းသည် အစွမ်းကုန်ထုတ်ကာ သရဲကြီးဘုရင်ကို ခေါ်ဆောင်လျက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို တစ်ခုပြီး တစ်ခု သွားကြည့်နေသည်။ သူတို့ပျောက်ကွယ်သွားချိန်တိုင်းတွင် ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးက ထိုနေရာတွင် ပေါ်လာပြီး သူတို့ အသုံးပြုသွားခဲ့သော အစီအရင်ကို ဖျက်ဆီးလိုက်သည်။
ပိုင်ရှောင်ချန်းသာ အနည်းငယ် နောက်ကျ သွားခဲ့လျှင် အလွန် အန္တရာယ်ကြီးသည့် အချက်က သူ့ကို ရူးသွပ်သွားစေရန် တွန်းအားပေးနေသည်။ တချိန်တည်းမှာပင် သူ၏ လုပ်ဆောင်ချက်များ၌ တတ်နိုင်သမျှ အကျိုးရှိစေရန် လုပ်နိုင်သည့် အရာအားလုံးကို လုပ်ကိုင်ခဲ့သည်။
သို့သော်လည်း မြို့ပြင် ကီလိုမီတာ ၅သောင်းထိ ရောက်ရှိစေမည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ယခုထိ မတွေ့သေးပေ။
သူသည် ရူးသွပ်လုမတတ်ခံစားနေရပြီး ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာလည်း အလားတူပင် ဖြစ်သည်။ ခေါင်းဆောင်ကြီး၏ အမြင်အရဆိုလျှင် ပိုင်ဟောက်သည် မြို့တစ်ခုလုံးတွင် တွင်းပေါက်များ မရေမတွက်နိုင်အောင် တူးထားပြီး ၎င်းတို့ကို ဖြတ်ကာ မှင်သက်မိဖွယ်ပုံစံမျိုးဖြင့် ပြေးလွှားနေသည့် ကြွက်တစ်ကောင်အလား ဖြစ်နေသည်။
ယခုအချိန် အရှေ့ပိုင်း၌ ရှိပြီး ခဏနေလျှင် မြောက်ပိုင်းသို့ ရောက်သွားသူဖြစ်သည်။ ခေါင်းဆောင်ကြီး၏ စိတ်ပူပန်မှုများသည် ဒေါသနှင့်အတူ တွဲပါလာပြီး တချိန်တည်းမှာပင် သူ၏ သားကောင်သည် မည်သည့်အရာကိုလုပ်ေဆာင်ရန် ကြံစည်နေသည်ကို မတွေးဘဲ မနေနိုင်တော့ပေ။
" သူက တကယ်တမ်းကျတော့ ထွက်သွားချင်တဲ့ပုံ မပေါက်ဘူး။ တစ်ခုခုကို ရှာနေတာနဲ့ ပိုတူတယ်။ အစီအရင်ထဲက တစ်ခုက အတော်ဝေးတဲ့နေရာအထိ တည်နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိနေတာလား။"
ထိုအတွေးသည် သူ့ကို ပို၍ စိုးရိမ်ပူပန်စေသည်။ သူသည် အမြန်ပင် ခြေလှမ်းချလိုက်ရာ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ တည်နေရာရွှေ့ပြောင်းသွားခဲ့သည့် နောက်ဆုံး နေရာတွင် ပေါ်လာသည်။ သူသည် ချက်ချင်းပင် အစီအရင်ကို ဖျက်ဆီးပစ်ပြီး ခေါင်းကို နောက်သို့ လှန်ကာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်အထိ အလွန်တရာ ကျယ်လောင်သော အသံမျိုးဖြင့် ပြောလိုက်သည်။
" ပိုင်ဟောက်၊ မင်းက ဘာလို့ သရဲကြီးဘုရင်အတွက်နဲ့ ကိုယ့်အသက်ကိုယ် ရင်းနေတာလဲ။ မင်းနဲ့ ငါတို့ မျိုးနွယ်စုသုံးခုကြားမှာ ရန်ငြှိုးရန်စ ကြီးကြီးမားမား မရှိပါဘူး။ ဘာလို့ ငါတို့ကို ဝင်နှောက်ယှက်နေရတာတုံး "
" သရဲကြီးဘုရင်ကို ငါတို့လက်ထဲ ထည့်လိုက်စမ်းပါ၊ ပိုင်ဟောက်ရာ။ စိတ်မပူပါနဲ့၊ ငါကိုယ်တိုင် မင်းရဲ့ လုံခြုံရေးအတွက် အာမခံတယ်။"
"ပိုင်မျိုးနွယ်စုနဲ့ မင်းရဲ့ ပြဿနာတွေကိုလည်း ငါ ကူပြီး ဖြေရှင်းပေးမယ်ကွာ။ ငါတို့တွေ အရာရာကို သင်ပုန်းချေလိုက်လို့ ရပါတယ်ကွ။ ငါတို့ကို သရဲကြီးဘုရင်ပေးပြီးတော့ မင်းရဲ့လမ်းကို မင်းဘာသာဆက်လျှောက်ရုံပဲ။ "
" တကယ်ဆို သူ့အတွက် မင်းကို အဖိုးအခတောင် ပေးဦးမှာပါ "
သူ၏ စကားလုံးများသည် မြို့ထဲတွင် ပဲ့တင်ထပ်နေစဥ် ပိုင်ရှောင်ချန်းသည် နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုတွင် ပေါ်လာခဲ့သည်။
သူ၏ ဆံပင်များမှာ ဖွာလန်ကြဲနေပြီး အတော်လေး ညစ်ပတ်ပေရေနေသည်။ ခေါင်းဆောင်ကြီး၏ စကားများသည် သူ့ကို ချက်ချင်းပင် တုန်လှုပ်သွားစေပြီး အမှန်တကယ်တော့ အတော်လေး စွဲမက်စရာကောင်းသည်။
သရဲကြီးဘုရင်မှာ မျက်လုံးများ ပြူးသွားပြီး ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့သည်။ အထူးသဖြင့် ပိုင်ရှောင်ချန်း တွေဝေနေသည်ကို သတိထားမိသွားသော အခါတွင် ဖြစ်သည်။
"မကောင်းတော့ဘူး။" သူ တွေးလိုက်သည်။
" ဒီပိုင်ဟောက်က ရက်စက်ပြီး ညှာတာမှုလည်း မရှိဘူး။ သူ့ တစ်ကိုယ်စာ အမြတ်အတွက်ပဲ စဥ်းစားတာ။ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရရင် ဒီကောင်စုတ်ကလေးက ငါ့ကို ပေးလိုက်ဖို့ နှစ်ခါစဥ်းစားမှာ မဟုတ်တာ သေချာတယ် "
သရဲကြီး ဘုရင်သည် မည်သို့လုပ်ရမည်နည်းဟု ပူပင်စွာဖြင့် အကြံထုတ်နေချိန်တွင် ပိုင်ရှောင်ချန်းသည် နှုတ်ခမ်းကို သပ်ကာ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ကမ်းလှမ်းချက်သည် မဆိုးလှဟု တွေးနေမိသည်။ သို့သော် သူသည် သရဲကြီးဘုရင်နှင့် သဘောတူညီချက်တစ်ခု လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ယခုကျမှ ဖျက်သိမ်းလိုက်လျှင် သေချာပေါက် စိတ်မကောင်းဖြစ်နေရမည့်အပြင် အရှက်ကွဲရပေမည်။
"ငါထင်တာတော့ ဒီချန်မျိုးနွယ်စုခေါင်းဆောင်ကြီးက စိတ်ပူလာပြီနေမှာ။ ငါလုပ်ရမှာ ဟို မန္တန် အစီအရင်ကို ရှာပြီးတော့ ကီလိုမီတာ၅သောင်းထိ အရောက်သွားဖို့ပဲ။ ခု ငါသွားနိုင်တဲ့ အရှိန်နဲ့ဆိုရင် ငါလိုတဲ့အချိန်ကို ဆွဲထားလို့ ရကောင်းပါရဲ့။ ငါသာ တောင့်ခံနိုင်ရင် အများကြီးအကျိုးအမြတ်ရမှာ "
သူ့ မျက်လုံးများ တလက်လက်တောက်လျက် လုံးဝ လိုအပ်မှသာ အရှုံးပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
အရေးအကြီးဆုံးမှာ သူသည် မျိုးနွယ်စုကြီးသုံးခုကို လည်းကောင်း၊ သရဲကြီးဘုရင်ကိုလည်းကောင်း ယုံ၍မရသည်ကို သူသိထားသည်။ သို့သော် သူ့မှာရှိသည့် အချုပ်အနှောင်မန္တာန်နှင့်ဆိုလျှင် သူနှင့် သရဲကြီးဘုရင်တို့၏ ဆက်ဆံရေးမှာ အနည်းငယ်ပို စိတ်ချရသည်။
ဤအချက်ကို သူ တွေးမိသွားပြီး ယခုအချိန်သည် သရဲကြီးဘုရင်ကို သူ့အပေါ် လုံးဝယုံကြည်အောင် လုပ်ရမည့် အချိန်ကောင်းဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဆက်လက်ရှာဖွေနေစဥ်တွင် ကိုယ်ကျင့်သိက္ခာကောင်းမွန်သည့် ပုံဖမ်းကာ အော်လိုက်သည်။
" လေကုန်ခံမနေနဲ့။ ကျုပ် ပိုင်ဟောက်က ကိုယ့်စကားကို တည်တဲ့ လူမျိုးဗျ။ ပြီးေတာ့ ကျုပ်ပေါ်ထားခဲ့တဲ့ေကျးဇူးတရားတွေကို ပြန်ပေးဆပ်ရမယ်။ သရဲကြီးဘုရင်က စေတနာနဲ့ ကျုပ်ကို ကူညီထားတဲ့အပြင် ကျုပ်က သူ့ကို လုံခြုံအောင် ထားပေးဖို့ ကတိပေးထားတာ။ ကျုပ်ကတိကို ကျုပ်ဘယ်လိုလုပ်ဖျက်ရမှာတုံး။ ကျုပ်လှုပ်ရှားနိုင်သရွေ့ ကျုပ်လက်ထဲကနေ သရဲကြီးဘုရင်ကို လုယူသွားမှာမျိုး ကျုပ် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ “
သူ့စကားလုံးများမှာ မြဲမြံခိုင်မာသော စိတ်ဓာတ်နှင့် သစ္စာတရားများ ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်နေတော့သည်။
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို ခါးသီးစွာပြုံး၍ မော့ကြည့်လိုက်သည်။ ကောက်ကျစ်သော မြေခွေးအိုကြီးဖြစ်သည်နှင့်အညီ ပိုင်ရှောင်ချန်း၏ စကားလုံးများထဲမှ ပုန်းကွယ်နေသော အဓိပ္ပါယ်များကို မသိစရာ အကြောင်းမရှိပေ။ တချိန်တည်းမှာပင် သူက ပိုင်ရှောင်ချန်းကို စိတ်ထဲမှ နှစ်နှစ်ကာကာ ကျေးဇူးတင်နေမိသည်။