← Chapters

ကျောက်စိမ်းရောင်ခေါင်းတလား

Vol. 3 Ch. 1

ကျောက်စိမ်းရောင်ခေါင်းတလား

Vol. 3 Ch. 1

ရှောင်ယောင် ၊ စီးတုယွမ်ချင်းနှင့်လီချင်းချင်းတို့သုံးယောက်သားထွက်ခွာသွားကြသလို ဘေးအခန်းများတွင်ရှိနေသည့် လက်ကိုးချောင်းရသေ့နှင့် ဓားရူးဘုရင်တို့ကလည်း စန်းဟုန်းလျန်တို့နှစ်ယောက်နှင့်စကားလက်ဆုံကျလျက်ရှိသည်ကိုတွေ့မြင်လိုက်ရသည် ။

“ လက်သီးဘုရင် မင်းရောငါတို့နဲ့လက်ရည်စမ်းဦးမလား....ယှဉ်ပြိုင်ပွဲမရောက်ခင် ငါနဲ့ဓားကျိုးဘုရင်နဲ့အရင်တိုက်ကြည့်မလို့....”

သူ့ကိုလှမ်းခေါ်နေသည့်ဓားရူးသူတော်ကိုကြည့်ရင်း စီးတုမင်လည်းပြုံး၍ခေါင်းယမ်းပြလိုက်သည်။

သိုင်းလောကသားများ၏အမြင်တွင် ဘုရင်ခုနစ်ယောက်မှာ တသီးတသန့်နေတတ်ကြပြီး မာနကြီးသည့်ပုဂ္ဂုလ်များဟုထင်စရာရှိသော်လည်း တူညီသည့်မျိုးဆက်တစ်ခုထဲမှလာခြင်းဖြစ်၍ သူတို့၏ကြားတွင် မိတ်ဆွေဆက်ဆံရေးရှိပေသည်။

ထူးခြားဆန်းကြယ်သည့်လျှို့ဝှက်ဘုရင်မှလွဲ၍ ကျန်ခြောက်ယောက်က ရင်းနှီးကြပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်မရသည့် လေဘုရင်နှင့်နဂါးဖြူဓားဘုရင်ပင် ရန်သူအဆင့်ထိမရောက်ကြပေ။

ယခုလည်း ဓားရူးဘုရင်က စန်းဟုန်းလျန်စိတ်ကြည်နေချိန်ကိုအခွင့်ကောင်းယူကာ ဓားပညာယှဉ်ပြိုင်ရန်တောင်းဆိုခြင်းဖြစ်ပြီး ရှောင်ယောင်၏သတင်းကောင်းကြောင့် ဝမ်းမြောက်ပျော်ရွှင်နေသည့်စန်းဟုန်းလျန်ကလည်းမငြင်းခဲ့ပေ။

ပန်းတစ်ရာတောင်ကုန်းသခင်လီချန်းစိန်နှင့်လက်ကိုးချောင်းရသေ့တို့သည်လည်း အချင်းချင်းရင်းနှီးလာကြဟန်တူပြီး စီးတုမင်လည်း ထိုမြင်ကွင်းကိုအပြုံးမျက်နှာဖြင့်ကြည့်နေမိသည်။

ထို့နောက် သူ၏သမီးဖြစ်သူအကြောင်းကိုပြန်၍စဉ်းစားမိလိုက်ရာ သူအပြုံးက ပြန်၍ပျောက်ကွယ်သွားပြီး စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များသာကျန်ရှိနေခဲ့တော့သည်။

“ ဟူး....ချင်းချင်း အဲဒီကျင့်စဥ်ကိုပြောင်းလဲလေ့ကျင့်ခွင့်ရအောင် အော့မေ့ဂိုဏ်းချုပ်ကြီးကို ဘယ်လိုမျိုးတောင်းဆိုရမယ့်တောင်မသိဘူး ။

အရင်ထဲက အစ်ကိုထင်းရှီနောက်ကိုလိုက်သွားတဲ့ မရီးကြောင့် အဲဒီကိစ္စနဲ့ပတ်သတ်ပြီးသူကငါ့ကိုသိပ်ပြီးအမြင်ကြည့်တာမဟုတ်ဘူး ။

သူနဲ့စကားပြောမယ့်အစားနှင်းငွေ့မိစ္ဆာသခင်နဲ့တိုက်ခိုက်တာက ပိုပြီးကောင်းဦးမယ်။။

အစ်ကိုထင်းရှီနဲ့လည်းမတွေ့ရတာ အနှစ်နှစ်ဆယ်လောက်ရှိပြီ သူဘာတွေလုပ်နေပါလိမ့်။

ပြီးတော့ အစ်ကိုကြီးတင်းနဲ့လည်းမဆုံဖြစ်တာဆယ်နှစ်ကျော်သွားပြီး ။ ငါတို့ညီအစ်ကိုတွေ စုံစုံလင်လင်ပြန်ဆုံရရင်ကောင်းမှာပဲ ....”

အတိတ်မှအကြောင်းအရာအချို့ကိုတွေးမိသညိနှင့် စီးတုမင်၏စိတ်ရှုပ်ထွေးမှုများက လွင့်စင်သွားပြီး သူ၏မျက်နှာထက်တွင်တောက်ပသည့်အပြုံးတစ်ခုသာကျန်ရှိတော့သည်။

&&&&

လွန်စွာကျယ်ပြန့်သည့်ကန်ရေပြင်ကြီး၏အလယ်တွင် ကျောက်ဖြူဇရပ်တစ်ဆောင်ရှိပြီး ဇရပ်နှင့်ကန်ဘောင်ကို ဝါးတံတားလေးဖြင့်ဆက်သွယ်ထားသည်။

ကျောက်ဖြူဇရပ်ထဲတွင် အသက်ခြောက်ဆယ်ကျော်အရွယ်ရှိမည့်လူကြီးတစ်ဦးထိုင်နေပြီး သူ၏နောက်ဘက်တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးရှိနေသည် ။

အဖြူရောင်ချည်ချောဝတ်စုံကိုဝတ်ဆင်ထားသည့်ထိုလူကြီး၏သွင်ပြင်က တင့်တယ်ခန့်ညားပြီး နူးညံ့သိမ်မွေ့ဟန်လည်းတူသည်။

သူ၏ခန္တာကိုယ်အနီးတွင် တစ်မူထူးခြားသည့်အရှိန်အဝါတစ်ခုရှိနေပြီး ကျန်လူများကိုအလိုလိူသိမ်ငယ်စေသည့်ခံစားချက်မျိုးကိုရရှိစေသည်။

သူတို့၏ရှေ့တွင်ရှိနေသည့် ကန်ရေပြင်ကြီးလိုတည်ငြိမ်နက်ရှိုင်းပြီးခန့်မှန်းမရသည့်မျက်ဝန်းများက တစ်ဖက်လူ၏စိတ်နှလုံးကိုထိူးထွင်းသိမြင်သည့်အလား စူးရှတောက်ပလှပေသည်။

လူကြီး၏နောက်တွင် ရိုကျိုးဟန်ဖြင့်ရပ်နေသညိ့ အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများက တလက်လက်တောက်ပနေပြီး ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိကာ ဖျက်လက်သွက်လက်သည့်ပုံစံရှိသည်။

ယခုအခါ အနက်ရောင်ဝတ်စုံဝတ်လူက အဖြူရောင်ဝတ်စုံဝတ်လူကြီးကို တစ်စုံတစ်ခုပြောဆိုနေဟန်တူပြီး သူ၏စကားအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာခေါင်းညိမ့်လိုက်သည်

“ အင်း.....ကိစ္စတွေက တကယ့်ကိုတိုက်ဆိုင်လှတာပဲ...‌ရှောင်လင်‌ကျောင်းတော်မှာသိုင်းပညာသင်ကြားလာတဲ့.စန်းဟုန်းလျန်ရဲ့တူ....ချင်းခွန်အမိန့်ပြားရှိတဲ့ကလေး....ပြီးတော့.....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားက တစ်ဝက်တစ်ပြက်ဖြင့်ရပ်တန့်သွားသည်။

သူ၏စကားကိုမဆက်သေးဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ကန်ရေပြင်ကိုငေးကြည့်နေကာ အချိန်အနည်းငယ်ကြာမှ တစ်ကိုယ်တည်း‌တီးတိုးရေရွတ်လိုက်သည်။

“ သူက အော့မေ့ဂိုဏ်းချုပ်ရဲ့တပည့်မနဲ့ချစ်သူဖြစ်နေသလို တေလေဂိုဏ်းချုပ်ကြီးနဲ့လည်း မြေးအဖိုးလိုပဲ ။ ပြီးတော့ ဓားကျိုးဘုရင်စန်းဟုန်းလျန်ကလည်း သူ့ကိုအကာအကွယ်ပေးနေသေးတယ်။

ပြီးတော့ သူက မိစ္ဆာဝိညာဉ်ကခေါင်းဆောင်နှစ်ယောက်ကိုတောင်သတ်ဖြတ်ထားပြီး ဝမ်ဖုရဲ့လူတစ်ယောက်လည်းသူ့ပယောဂကြောင့်သေဆုံးသွားတယ်။

အင်း .. ဒီကလေးက ကြိုတွက်မထားတဲ့ကိန်းရှင်တစ်ခုဖြစ်လာလိမ့်မယ်လို့ငါအာရုံခံမိနေတယ်....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်ဝန်းများက ဖျက်ခနဲတောက်ပသွားပြီးဆက်မေးလိုက်သည် ။

“ ချင်မန်ကရော သတင်းပို့လာသေးလား....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကို အနက်ရောင်ဝတ်စုံဝတ်လူက ဦးညွှတ်အရိုအသေပေး၍ပြန်ဖြေလိုက်သည်။

“ ပထမတစ်ကြိမ်က တံဆိပ်ပြားကိုအရယူဖို့အခွင့်အရေးများခဲ့ပေမယ့် လက်ကိုးချောင်းဘုရင်ရဲ့ဝင်ရောက်နှောက်ယှက်မှုကြောင့်ပျက်ပြယ်သွားခဲ့တယ် ။

နောက်ပြီး အဲဒီလူငယ်နှစ်ယောက် ဟန်ကျန်းမှာရှိတယ်ဆိုတဲ့သတင်းကြောင့် အမြန်ဆုံးလိုက်သွားပေမယ့် ဟိုကိုရောက်တော့သူတို့နှစ်ယောက်က တစ်ယောက်တစ်လမ်းစီခွဲသွားပြီးဖြစ်လို့ ပိုပြီးနီးတဲ့ ဝတ်စုံပြာစာပေဓားသမားနောက်ကိုလိုက်ခဲ့တယ်။

ဒါပေမယ့် အဲဒီလူငယ်လေးဆီမှာ တံဆိပ်ပြားရှိပုံမရလို့ ဝတ်စုံဖြူကျောင်းတော်သားနောက်ကိုခြေရာခံလိုက်ရင်းအခုလောလောဆယ် သူတို့ရှိနေတဲ့ ပန်းတစ်ရာတောင်ကုန်းအပြင်မှာ စောင့်ကြည့်နေပါတယ်။

တောင်ကုန်းထဲကိုဝင်ဖို့တော့မလွယ်ကူပါဘူးပြီးတော့ သူနဲ့အတူ သိုင်းဝိဇ္ဇာလေးယောက်လည်းရှိနေတော့ ဘယ်နည်းနဲ့မှလှုပ်ရှားဖို့အခွင့်မသာပါဘူး....”

အနက်ရောင်ဝတ်စုံဝတ်လူက သူ၏ရှေ့ရှိလူကြီးကိုမဝံ့မရဲကြည့်ရင်းထပ်ပြောလိုက်သည်။

“ ခေါင်းဆောင် ကျုပ်တို့ချင်မန့်ကိုပြန်ခေါ်သင့်ပြီလို့မထင်ဘူးလား ။ ဒီတာဝန်က သူ့အတွက်ခက်ခဲလွန်းနေမယ်။

သူ့ရဲ့သိုင်းပညာနဲ့ဆို သိုင်းဝိဇ္ဇာတွေရဲ့လက်ကတောင်လွယ်လွယ်ကူကူထွက်ပြေးလွတ်မြောက်နိုင်ပေမယ့် သူတို့နဲ့ယှဉ်နိုင်ဖို့တော့လိုအပ်သေးတယ်။။

ဒါကြောင့် ကျုပ်တောင်းဆိုချင်တာက ချင်မန့်ကိုပြန်ခေါ်ပြီး သူ့အစားစုန်းယောင်ပဲဖြစ်ဖြစ် ကျိုးတိပဲဖြစ်ဖြစ တာဝန်ပေးလိုက်တာကမကောင်းဘူးလား။

သူတို့သာဆိုရင် ဓားကျိုးဘုရင်ကိုတောင်မှတစ်ယောက်ချင်းယှဉ်တိုက်နိုင်ကြတယ် ။ ...”

အနက်ရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်လူကြီးလည်း ခေါင်းတဆက်ဆက်ညိမ့်လိုက်ပြီးအနည်းငယ်စဉ်းစားကာတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

“ အဲဒီလိုမဟုတ်ဘူး။ ချင်မန်က မင်းရဲ့လက်အောက်ကလူတွေထဲမှာ အရည်အချင်းအရှိဆုံးဖြစ်ပြီးတော့ သူတစ်ခုခုဖြစ်မှာကို မင်းမလိုလားတာငါသိတယ်။

ဒါပေမယ့် ချင်မန့်ရဲ့ဘက်ကကြည့်ရင် အခုတာဝန်က သူ့အတွက်ပထမဆုံးဖြစ်ပြီး အောင်မြင်အောင်ဆောင်ရွက်ချင်တာက သဘာဝပဲ ။

ဒီတော့ သူ့ကိုကြိုးစားခွင့်ပေးလိုက်ကြရအောင်ပါ....”

လူတို့၏စိတ်သဘောကိုနားလည်သဘောပေါက်ဟန်တူသည့်သူ့ခေါင်းဆောင်၏စကားကြောင့်အနက်ရောင်ဝတ်စုံဝတ်လူလည်း ခေါင်းညိမ့်လိုက်မိသည်။

“ ကျုပ်သဘောပေါက်ပါပြီခေါင်းဆောင်....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက အနည်းငယ်စောင်းငဲ့ကြည့်ရင်းတည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ ချင်မန့်ကိုအကြောင်းကြားလိုက် အလျှင်စလိုမလုပ်ဘဲ အခွင့်အရေးကိုစောင့်မျှော်နေလို့။

အဲဒီသိုင်းဝိဇ္ဇာလေးယောက်ကသူနဲ့အမြဲတမ်းအတူရှိမနေနိုင်ဘူး။ အခွင့်အရေးရတာနဲ့အမိန့်ပြားကိုအရယူပြီးအဲဒီလူငယ့်ဆီက တံဆိပ်ပြားကိုအရယူဖို့မှာလိုက်ပါ။

ပြီးတော့ နတ်မျက်စိကိုလည်း အဲဒီလူငယ်ကိုအဆက်မပြက်စောင့်ကြည့်ပြီး ချင်မန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြောထားလိုက်...”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမိန့်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက အရိုအသေပေးလိုက်ပြီးနောက်သို့အသာပြန်ဆုတ်သွားတော့သည်။

ဇရပ်ထဲတွင်ကျန်ခဲ့သည့်အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဘေးဘက်ရှိလက်ဖက်ရည်အိုးကိုမ၍ ကျောက်စိမ်းခွက်ထဲသို့အသာငှဲ့လိုက်ပြီး ဖြေးညင်းစွာရေရွတ်လိုက်သည်။

“ နဂါးနန်းတော်က ကလေးမလည်းပျောက်သွားတာဆယ်နှစ်တောင်ကျော်ပြီ။ နဂါးနန်းတော်ကလည်းအခုထိမလှုပ်ရှား‌သေးဘူး ။ မဟုတ်မှလွဲရော သူလည်းအဲဒီနေရာမှာရှိနေမလား.....”

&&&&

ကျောက်သားဖြင့်ပြုလုပ်ထားသည့်ခန်းမကျယ်ကြီးမှာ နန်းဆောင်များလို ခမ်းနားကြီးကျယ်ပြီး အနုစိတ်ထွင်းထုထားသည့် ဗိသုကာလက်ရာများကိုပင်တွေ့မြင်နိုင်သည်။

ခန်းမထဲတွင်နေအလင်းရောင်စိုးစိမျှမရှိသော်လည်း နံရံနှင့်အမိုးတွင် နစ်မြုပ်နေသည့် အရောင်တဝင်းဝင်းတောက်ပနေသည့်လက်သီး‌‌ဆုပ်အရွယ်ကျောက်တုံးများကြောင့် ခန်းမတစ်ခုလုံးနေ့အလားလင်းလင်းချင်းချင်းရှိလှသည်။

ထိုကျောက်တုံးများမှာ ဖြူဖွေးချောမွတ်ပြီး အလင်းရောင်သူ့အလိုလိုထွက်ပေါ်နေသည်က ထူးခြားဆန်းကြယ်လှပေသည်။

အမှန်ကား အမှောင်ထဲတွင် အလင်းရောင်ထွက်ပေါ်လေ့ရှိသည့်ထိုကျောက်တုံးများက လွန်စွာရှားပါးသည့်ဒဏ္ဍာရီလာ ညလင်းပုလဲလုံးများဖြစ်ပြီး ယခုခေတ်တွင် ‌ငွေရှိလျှင်ပင်ဝယ်ယူ၍မရနိုင်လောက်အောင်ရှားပါးနေပြီဖြစ်သည်။

သို့‌သော်လည်း ဤခန်းမထဲ၌ ညလင်းပုလဲအခုနှစ်ဆယ်ထက်မနည်းရှိနေကာ အဖိုးမဖြတ်နိုင်သည့်ထိုပစ္စည်းများကို အလင်းရောင်ရစေရန်ရည်ရွယ်၍အသုံးပြုထားသည့် ထိုမြင်ကွင်းကိုမြင်တွေ့ပါက နိုင်ငံ၏အကြွယ်ဝဆုံးသူဌေးများပင် နှမျောတသဖြစ်ပြီး ‌သွေးအန်သွားနိုင်သည် ။

ခမ်းနားကြီးကျယ်သည့် ထိုခန်းမထဲတွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့် စားပွဲထိုင်ခုံများစွာလည်းရှိနေပြီး မသိလျှင် ညီလာခံခန်းမတစ်ခုအလားပြင်ဆင်ထားပေသည်။

ခန်းမ၏ထိပ်၌ ပုလ္လင်နှင့်သဏ္ဍာန်တူသည့်ကျောက်နက်ထိုင်ခုံကြီးတစ်ခုရှိပြီး ခန်းမကိုကျော်လွန်၍ ဆက်သွားလျှင် တစ်နေရာတွင်တည်ရှိသည့်သေးငယ်ကျဉ်းမြောင်းသည့်အခန်းငယ်လေးထဲသို့ရောက်ရှိသွားပေမည်။

အခန်းငယ်လေးထဲတွင် အလင်းရောင်တစ်ခုသာရှိပြီး ဤသည်ကလည်းအခန်းအလယ်ရှိအရာဆီမှလာရောက်ခြင်းဖြစ်သည် ။

ထိုအရာကြီးက အသဲငယ်သူများဆိုလျှင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် နေရာတွင်တဆက်ဆက်တုန်ယင်သွားစေနိုင်လောက်အောင်ချောက်ခြားဖွယ်ကောင်းလှ၏ ။

အခန်းငယ်လေး၏အလယ်တွင် ကြီးမားသည့်သလင်းကျောက်ခေါင်းတလားကြီးတစ်ခုရှိနေခြင်းဖြစ်ကာ အ‌ခိုးအငွေ့အနည်းငယ်ထွက်လျက်ရှိပြီး အစိမ်းရောင်တောက်နေသည့် ထိုခေါင်းတလားမှာ အိပ်ယာဝင်ပုံပြင်များထဲတွင် ပါနေကျတစ္ဆေခေါင်းတလားနှင့်ဆင်တူကာအခေါင်းထဲတွင် မလှုပ်မယှက်လဲလျောင်းနေသည့်လူတစ်ယောက်လည်းရှိနေပေသည်။

ထိုလူ၏အသွင်သဏ္ဍာန်ကမူ ထိတ်လန့်ဖွယ်နေရာကြီးနှင့်ဆန့်ကျင်ဘက်ဖြစ်နေကာ ခေါင်းတလား၏အရောင်အ‌သွေးနှင့်ဆင်တူသည့် ကျောက်စိမ်းရောင်အသား‌အရေကိုပိုင်ဆိုင်ထားသည့် မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး သူမ၏မျက်လုံးများက အိပ်မောကျနေသည့်အလားတင်းတင်းစေ့ပိတ်ထားလေသည်။

မျက်လုံးများကိုမှိတ်ထားသည့်တိုင် ကမ္ဘာပေါ်ရှိအလှအပများကိုပေါင်းစုံထားသည်ဟုထင်ရလောက်အောင်လှပချောမွေ့လှသည့်ထိုမိန်းကလေးက သက်ရှိလူသားတစ်ဦးထက် အိပ်မက်နတ်မိမယ်တစ်ပါးဟုပင်ထင်ရသည်။

သို့‌သော် အသက်ရှူခြင်းအလျှင်းကင်းမဲ့နေသည့် သူမ၏ပုံစံက သေဆုံးနေခြင်းလော ရှင်သန်နေခြင်းလောကို ခွဲခြားမရနိုင်ဘဲ ခေါင်းတလားတည်ရှိရာအခန်းငယ်လေးနှင့် အပြင်ဘက်မှခမ်းနားလှသည့်ခန်းမကျယ်ကြီးသည်လည်း ပကတိတိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။

&&&

All Chapters