ဘုန်းကြီးလူထွက်ငပိချက်
Vol. 3 Ch. 2
ရှည်လျားတိတ်ဆိတ်သည့်လမ်းမထက်တွင် နွေဦး၏လေရူးက မြူးထူးပျော်မွေ့နေပြီး သစ်ရွက်ခြောက်များက ပျော်ရွှင်စွာကခုန်နေကြသည် ။
လမ်းဘေးတစ်ဖက်တစ်ချက်တောတန်းများဆီမှဥဩငှက်လေး၏လွမ်းမောဖွယ်သံချိုတေးက သာယာစွာထွက်ပေါ်နေပြီး ညနေဆည်းဆာ၏အလင်းရောင်အောက်တွငါ ရွှေအိုရောင်သမ်းနေသည့်သစ်ရွက်ခြောက်များက တဖြုတ်ဖြုတ်ကြွေကြနေသည်
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေခြင်းဆိုသည်မှာ မပြောင်းလဲသည့်နိယာမိသဘောတရားတစ်ခုသာဖြစ်ပြီး လောကတွင်လည်းအဟောင်းများကုန်ဆုံးလျှင် အသစ်များအစားထိုးဝင်ရောက်လာမည်က ဓမ္မတာသာဖြစ်သည်။
ခြောက်သွေ့ပြီးရှည်လျားသည့်လမ်းဟောင်း၏ဘေးဘီဝဲယာမှမြင်ကွင်းများကအလွမ်းဓာတ်ခံရှိသူများအဖို့မျက်ရည်ဝဲစေနိုင်သော်လည်း ကျယ်လောင်စွာထွက်ပေါ်လာသည့်အသံကြီးက ထိုရှုမြင်ကွင်းကိုဖျက်ဆီးပစ်လိုက်ပေသည်။
“ ကြွယ်စင်း မင်းတွေ့တယ်မလား....အဲဒီမြို့ကလူတွေ အစ်ကိုကြီးကိုဘယ်လောက်လေးစားနေကြတယ်ဆိုတာ ။
ငါတို့ကိုတောင် သူ့ညီတွေမှန်းသိတော့ သူရဲကောင်းတစ်ယောက်လိုဆက်ဆံတာ ငါတော့အဲဒီမြို့ကနေတောင်ထွက်မသွားချင်ဘူး....”
မစားရဝခမန်းဟန်ဖြင့်ဟောင်ဖွာဟောင်ဖွာပြောနေသူက လမ်းပေါ်တွင်ခရီးသွားများဖြစ်ဟန်တူသည့်လူငယ်နှစ်ယောက်ထဲမှဖြစ်သည်။။
အသက်နှစ်ဆယ်ဝန်းကျင်ရှိမည့်ထိုလူငယ်နှစ်ယောက်က အဝတ်ထုပ်ကိုယ်စီသိုင်းလွယ်ကာခရီးဆက်နေကြပြီး အဖြူရောင်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကြသည်။
သူတို့၏ပုံပန်းသွင်ပြင် ၊ သွားလာလှုပ်ရှားမှုပုံစံတို့က တစ်ချက်ကြည့်ရုံနှင့်သိုင်းပညာအဆင့်မြင့်သူများဖြစ်ကြောင်းသိသာစေပြီး အစောပိုင်းကပြောလိုက်သူကလက်ယာဘက်မှလူငယ်ဖြစ်သည် ။။
ချည်ချောဖြင့်ယက်လုပ်ထားသည့်အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်ထိုလူငယ်၏ပုံစံက ကြည့်ကောင်းသော်လည်း ဝဖိုင့်သည့်ခန္တာကိုယ်နှင့် ကတုံးဆံပင်ပေါက်ပုံစံတို့ကြောင့် တစ်မျိူးတစ်ဖုံထူးခြားနေသည်။
သူ၏ဘေးဘက်မှလူငယ်က ရိုးရှင်းသည့်ဖျင်ကြမ်းသိုင်းဝတ်စုံကိုဝတ်ဆင်ထားခြင်းဖြစ်ကာ ယောင်္ကျားပီသသည့်ရုပ်သွင်ရှိပြီး စူးရှသည့်မျက်လုံးများကိုပိုင်ဆိုင်ထားသည် ။
ယခုအခါ ဝဝဖိုင့်ဖိုင့်လူငယ်က လမ်းတစ်လျှောက် ဒိုင်ခံပြောဆိုလာခြင်းဖြစ်ပြီး ဘေးဘက်ရှိလူငယ်က တစ်ချက်တစ်ချက်မှ ဝင်ရောက်ပြောဆိုခြင်းဖြစ်သည်။
သူတို့၏ပုံပန်းသွင်ပြင်များကသိုင်းလောကသားများဖြစ်ကြောင်းသိသာသော်လည်း အနည်းငယ်ထူးဆန်းနေကာ အူကြောင်ကျားပုံစံလည်းပေါက်လျက်ရှိသည်။
တစ်ခါတစ်ရံဖြတ်သွားတတ်သည့်ခရီးသွားများက သူတို့ကိုလှည့်ကြည့်လှည့်ကြည့်လုပ်သွားတတ်ပြီး ထိုအခါတွင် ဝဖိုင့်သည့်လူငယ်က အင်္ကျီလက်နှစ်ဖက်ကိုပင့်ကာရင်ဘက်ကိုကော့၍ ခန့်ညားသည်ဟုထင်ရသည့်ဟန်ပန်သို့ပြောင်းလဲလေ့ရှိသည်။
ထိုလူငယ်၏အာရုံစိုက်ခံချင်သည့်စိတ်ကိုသိရှိ ဘေးဘက်ရှိလူငယ်လည်းမျက်နှာကို အောက်ချ၍ လိုက်ပါလာခဲ့ရပြီး ထိုမျက်နှာရူးနှင့်ခရီးအတူထွက်လာခြင်းမှာ မှားယွင်းသွားပြီဟုပင်ထင်လိုက်မိ၏။
သို့သော် ဆယ်နှစ်နှစ်ကျော်ကြာအောင် ပြင်ပသို့မထွက်ခဲ့ရသည့်အတွက် သူတို့နှစ်ဦးစလူံးလွန်စွာတက်ကြွနေကြပြီး မြင်မြင်သမျှမြင်ကွင်းများသည်လည်းအထူးအဆန်းများပင်ဖြစ်နေကြပေသည်။
“ ကြွယ်စင်း အစ်ကိုကြီးနဲ့အတူတွဲပြီးနာမည်ကြီးတဲ့ ဝတ်စုံပြာစာပေဓားသမားဆိုတဲ့ကောင်ကိုဘယ်လိုထင်လဲ.....လျှိုစမ်းမြို့က ထိချုံးရဲ့စကားအရဆိုရင် ဒီကောင်ကအစ်ကိုကြီးနဲ့တော်တော်ကြီးကိုရင်းနှီးတယ်တဲ့ကွ....”
သူ၏အမည်ကိုခေါ်ကာ မေးမြန်းလာသည့်အတွက်
ယောင်္ကျားပီသသည့်လူငယ်လည်း ဆံပင်ပေါက်စပြုနေပြီဖြစ်သည့်ဦးခေါင်းကိုပွတ်လိုက်ရင်းပြန်ဖြေလိုက်သည်။
“ သူ့ကိုမြင်မှမမြင်ဖူးသေးဘဲ ဘယ်လိုလုပ်သိမှာလဲ...ဒါပေမယ့် ထိချုံးတို့ပြောစကားအရဆိုရင် သူကလည်းစိတ်ထားကောင်းမှာပါ....”
ထိုလူငယ်နှစ်ယောက်ကား ရှောင်လင်ကျောင်းတော်မှ လူဝတ်လဲ၍ထွက်ခွာလာခဲ့ကြသည့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့မှလွဲ၍အခြားမဟုတ်ဘဲ သူတို့၏လက်ဖျံများကိုလှန်ကြည့်လျှင် ဖောင်းကြွတံဆိပ်ထင်နေမည့် ကျားရုပ်နှင့်နဂါးရုပ်ကိုတွေ့ရပေမည်။
ဤသည်က ရှောင်လင်အဝေးရောက်သိုင်းသမားဆိုသည့်အမှတ်အသားဖြစ်ပြီး သူတို့နှစ်ဦးလုံး တံခါးနီဆောင်သိုင်းပညာစစ်ဆေးမှုကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြပေသည်။
ကြွယ်စင်း၏အဖြေကြောင့် ဝဝဖိုင့်ဖိုင့်လူငယ်က မေးစေ့ကို ဟန်ပါပါပွတ်သပ်ရင်းလေးနက်သည့်ဟန်ဖြင့်ထပ်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ အစ်ကိုကြီးက ဒီလောက်အထိ နာမည်ကြီးနေမယ်လို့ထင်မထားဘူး....ဘာတဲ့ ဝတ်စုံဖြူကျောင်းတော်သားတဲ့ နာမည်က ရိုးရိုးကြီးဆိုပေမယ့် တကယ်မိုက်တယ်။
ပြီးတော့ လက်ရှစ်ဖက်လှံနတ်ဆိုး၊ လောဘနတ်ဆိုး တကယ့်နတ်ဆိုးတွေကိုပဲ ရွေးပြီးနှိပ်ကွက်လာတာ....”
ကြွယ်ယန်က ဝမ်းမြောက်ပီတိဖြစ်သည့်ဟန်ဖြင့် တစ်လမ်းလုံးပြောလာခြင်းဖြစ်ကာ သူ၏တက်ကြွရွှင်လန်းနေသည့်ဟန်ကြောင့် ကြွယ်စင်းလည်း ပခုံးတွန့်၍ပြုံးလိုက်မိသည်။
သူတို့နှစ်ယောက်ရှောင်လင်မှထွက်ခွာလာသည်မှာ သုံးလေးရက်ခန့်သာရှိသေးသော်လည်း သိုင်းလောကထဲတွင်နာမည်ကြီးနေပြီဖြစ်သည့်ရှောင်ယောင်၏သတင်းများကို များစွာကြားခဲ့ရသည်။
ထို့ကြောင့် သူတို့နှစ်ယောက်မှာ ထိုအကြောင်းအရာများအမှန်ဖြစ်သည်ကိုပို၍သေချာစေရန် လျှိူစမ်းမြိူကိုပင်ဝင်ရောက်ခဲ့ပြီး ရှောင်ယောင်၏သွေးသောက်ညီများဖြစ်သည်ဟုဆိုသည်နှင့် တစ်မြို့လုံးက သူရဲကောင်းများသဖွယ် တလေးတစားဆက်ဆံကြပြီး ထိုအတွက်ကြောင့် ဘုန်းကြီးလူထွက် ကြွယ်ယန်မှာ မြောက်ကြွကြွဖြစ်နေခြင်းဖြစ်သည်။
ကြွယန်၏စကားများကိုပြုံး၍နားထောင်နေရင်းမှ ကြွယ်စင်းက တစ်စုံတစ်ခုကိုပြန်သတိရဟန်ဖြင့်ပြောလိုက်သည်။
“ ဒါနဲ့ တခြားလူတွေရဲ့ပြောစကားအရဆိုရင် အခုလက်ရှိအစ်ကိုကြီးက ပြင်းထန်တဲ့အဆိပ်တစ်မျိုးမိထားတယ်ဆို သူအဆင်ပြေပါ့မလား....”
ကြွယ်စင်း၏စိုးရိမ်ပူပန်သည့်လေသံကြောင့် ကြွယ်ယန်၏မျက်နှာကလေးနက်သွားသော်လည်း
အနည်းငယ်စဉ်းစားပြီးနောက် လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။
“ စိတ်ပူမနေပါနဲ့....သူတို့ပြောတာမကြားဖူးလား..အစ်ကိုကြီးက သူ့ဦးလေးစန်းနဲ့ပြန်တွေ့ပြီပြီတဲ့လေ....သူသေချာပေါက်အဆင်ပြေမှာပါ....”
ကြွယ်ယန်၏စကားကြောင့် ကြွယ်စင်းလည်းခေါင်းညိမ့်လိုက်မိသည်။
ရှောင်ယောင့်ကို လွန်စွာချစ်ခင်ဂရုစိုက်သည့် စန်းဟုန်းလျန်၏အကြောင်းကို သူတို့နှစ်ယောက်လုံးကောင်းကောင်းကြီးသိရှိထား၍ ရှောင်ယောင်အဆင်ပြေမည်ဟုယုံကြည်ပေသည်
ကြွယ်ယန်၏မျက်လုံးများက တောက်ပသွားပြီး မရိုးသားသည့်ဟန်ဖြင့်ပြုံးရင်းဆက်ပြောလိုက်သည်။
“ အခုအစ်ကိုကြီးက ပန်းတစ်ရာတောင်ကုန်းမှာဆိုပဲ ။ ပန်းတစ်ရာတောင်ကုန်းသခင်ရဲ့သမီး ပန်းနတ်သမီးလီချင်းချင်းက သိုင်းလောကရဲ့မိန်းမလှခုနစ်ယောက်စာရင်းဝင်မဟုတ်လား...မင်းပြောစမ်း...အစ်ကိုကြီးက ပန်းနတ်သမီးနဲ့ဟိုဟိုဒီဒီဖြစ်နိုင်မလား.....”
ကြွယ်ယန်၏ပေါက်တက်ကရစကားကြောင့် ကြွယ်စင်းလည်းမျက်နှာရှုံ့မဲ့သွားပြီး ခေါင်းယမ်းပြလိုက်သည် ။
“ အစ်ကိုကြီးကို မင်းလိုတဏှာရူးများမှတ်နေလား သူကအဆိပ်ကိုကုသဖို့သွားတာကို....”
ကြွယ်စင်း၏ချေပစကားကို ကြွယ်ယန်သဘောမတူစွာဖြင့်ပြန်မေးလိုက်သည် ။
“ ဒါဆိုမင်းပြောစမ်း အစ်ကိုကြီးနဲ့မဟူရာနတ်သမီးရဲ့သတင်းကရော....ဒါကိုသိုင်းလောကသားတွေအခိုင်အမာပြောနေကြတာပဲလေ.....
အစ်ကိုကြီးက သူ့အတွက် လောဘနတ်ဆိုးကို အသက်စွန့်ပြီးတောင်တိုက်ခိုက်ခဲ့သေးတာ ။ ပြီးတော့ အဲဒီရေခဲနတ်သမီးက တခြားယောင်္ကျားလေးတွေကို ရင်းရင်းနှီးနှီးမဆက်ဆံပေမယ့် အစ်ကိုကြီးကိုကျ မခွဲနိုင်မခွာရက်ဖြစ်နေတာဆိုပဲ....”:
ယခုတစ်ကြိမ်၌ကြွယ်ယန်၏စကားကို ပြန်၍မငြင်းနိုင်တော့ဘဲ ကြွယ်စင်းလည်းသိုင်းလောကသို့ဝင်ဝင်ချင်း နာမည်ကျော်မိန်းမလှတစ်ယောက်ကိုဖမ်းစားနိုင်ခဲ့သည့်ရှောင်ယောင့်ကို ကြိတ်၍ချီးကျူးလိုက်မိသည်။
“ အင်း....ငါလည်း မိန်းမချောလေးတစ်ယောက်လောက်နဲ့ချစ်ကြိုက်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ...။
အဟမ်း ငါ့ရဲ့ရုပ်ရည်နဲ့ဆိုတာ မိန်းမလှခုနစ်ယောက်စာရင်းထဲက ဘယ်နှစ်ယောက်လောက်ကိုရနိုင်မလဲ ...”
ယုံကြည်မှုလွန်ကဲစွာဖြင့် ပြောဆိုနေသည့် ကြွယ်ာန်၏ကြွားဝါစကားများကြောင့် ကြွယ်စင်းလည်းခေါင်းယမ်းလိုက်မိသည်။
သူတို့နှစ်ယောက်က ရှောင်လင်ကျောင်းတော်မှလူထွက်လာပြီဖြစ်ကြသော်ငြား သူတို့၏မူလအမည်များကိုပင် ခေါ်သားမကျဘဲ ကြွယ်ယန်နှင့်ကြွယ်စင်းဟုသာ အချင်းချင်းဆက်၍ခေါ်ဝေါ်နေကြပေသည်။
ထို့နောက် ကြွယ်စင်းက ထိုကောင်၏အရည်မရအဖက်မရစကားများကိုနားမထောင်တော့ဘဲ တည်ကြည်သည့်ပုံစံဖြင့် မေးလိုက်သည်။
“ အခု ငါတို့လျှိုစမ်းကထွက်လာတာလည်း နေ့တစ်ဝက်ကျော်ပြီ မင်းဘယ်ကိုဆက်သွားမယ်စိတ်ကူးလဲ ငါပြောသလို အစ်ကိုရှောင်ယောင်ရှိမယ့် ပန်းတစ်ရာတောင်ကုန်းကိုလိုက်သွားရင်ကောင်းမှာကို ...”
ကြွယ်စင်း၏အပြစ်တင်စကားကြောင့် ကြွယ်ယန်က ခေါင်းယမ်းရင် လေးနက်သည့်ဟန်ဖြင့်ပြန်ပြောလိုက်သည်။
“ မဟုတ်သေးဘူးကွ...အခုဆိုရင် အစ်ကိုရှောင်ယောင် သိုင်းလောကထဲမှာ နာမည်ကျော်သိုင်းသမားတစ်ယောက်ဖြစ်နေပြီ။ မင်းနဲ့ငါနဲ့က လူမသိသူမသိသိုင်းသမားပေါက်စလေးတွေ....။
ဒီအခြေအနေမှာ အစ်ကိုရှောင်ယောင့်ဆီကိုတိုက်ရိုက်သွားတွေ့ရင်ဘယ်လောက်ရှက်ဖို့ကောင်းလဲ....
ဒါကြောင့် ငါက စွန်းအိမ်တော်ရှိတဲ့ဆီကို ဦးတည်သွားရင်းနဲ့လမ်းမှာမတရားမှုတွေကိုဖြိုခွင်းပြီးနာမည်ကျော်ကြားအောင်လုပ်မလို့ ဆုံးဖြတ်ထားတာပဲ။
ဘာပဲဖြစ်ဖြစ် အစ်ကိုရှောင်ယောင်ကလည်း သိုင်းပြိုင်ပွဲကို သေချာပေါက်လာနိုင်တော့ ဟိုကိုရောက်မှ ငါတို့ပြန်ဆုံတာပေါ့....”
ကြွယ်ယန်၏ သောက်ကျိုးနည်းမဟာအကြံအစည်ကြီးကိုကြားသိလိုက်၍ ကြွယ်စင်းလည်းမျက်နှာမဲ့ရင်း စောဒကတတ်ဟန်ဖြင့်ပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင်နာမည်ကျော်လာတယ်ဆိုတာ တကယ့်ဒိတ်ဒိတ်ကျဲသိုင်းသမားတွေနဲ့ရင်ဆိုင်အနိုင်ယူခဲ့လို့ပဲ။
မင်းရောငါကောက အခုမှအဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ခါစပဲရှိသေးတယ်။ နှစ်ယောက်ပေါင်းတိုက်ရင်တောင် အစွမ်းထပ်ထိပ်သီးတစ်ယောက်ကိုယှဉ်နိုင်ရုံပဲရှိမှာ ။။
ငါတို့က ဘယ်လိုနာမည်ကျော်အောင်လုပ်ဆောင်မှာလဲ....”
ကြွယ်စင်း၏နားမလည်နိုင်သည့်လေသံကြောင့် ကြွယ်ယန်က သူ၏ဦးခေါင်းကိုဖတ်ခနဲရိုက်လိုက်ရင်း ပြန်ပြောလိုက်သည်။
“ ငတုံး မင်းရဲ့အစ်ကိုကြီးဖြစ်တဲ့ငါ့နောက်ကိုသာယုံယုံကြည်ကြည်လိုက်ခဲ့စမ်းပါ... နှစ်လ... မဟုတ်ဘူး တစ်လမပြည့်ခင်မှာနာမည်ကြီးစေရမယ်....”
ကြွယ်ယန်၏ ယုံကြည်မှုရှိသည့်ပုံစံကြောင့် ကြွယ်စင်း၏စိတ်ထဲတွင် မကောင်းသည့်ခံစားချက်များရရှိလိုက်သော်လည်း ဆက်လက်ပြောဆိုမနေတော့ဘဲငြိမ်သက်သွားတော့သည်။
ထိုအခိုက် လမ်းမနှင့်များစွာကွာဝေးခြင်းမရှိသည့်တောအုပ်ငယ်လေးထဲမှထွက်ပေါ်လာသည့် အော်ဟစ်အကူအညီတောင်း သံများကိုကြားလိုက်ကြရသည်။
“ ကြွယ်စင်း မင်းရောကြားလား....”
ကြွယ်ယန်၏မေးခွန်းကိုကြွယ်စင်းက တည်ငြိမ်သည့်အမူအယာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
ထိုအခါ ကြွယ်ယန်၏မျက်ဝန်းများက တလက်လက်တောက်ပလာပြီး ဆက်ပြောလိုက်သည်။
“ အေး...အဲဒါ ငါတို့နာမည်ကျော်နိုင်မယ့်အခွင့်အရေးပဲ....လာ သွားရအောင် ...”
ပြောပြောဆိုဆိုဖြင့်အသံထွက်ပေါ်လာရာနေရာဆီသို့တဟုန်ထိုးပြေးထွက်သွားသည့်ကြွယ်ယန်ကြောင့် ကြွယ်စင်းလည်းမျက်လုံးပြူးသွားကာ နောက်မှ အလျှင်အမြန်လိုက်ပါသွားရသည်။
&&&&