မတရားမှုကိုရပ်ကြည့်မနေသူများ
Vol. 3 Ch. 3
တောအုပ်ထဲရှိမြင်ကွင်းကမည်သို့မှကြည့်မလှ...
အပြာရောင်တူညီဝတ်စုံများကိုဝတ်ဆင်ထားကြသည့်သိုင်းသမားတစ်စုက အနက်ရောင်သိုင်းဝတ်စုံဝတ်လူတစ်ယောက်နှင့် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မိန်းကလေးတစ်ယောက်တို့ကိုဝိုင်းထားကြသည်။
အနက်ရောင်ဝတ်စုံဝတ်လူ၏ကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိနေပြီး အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏ကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာနှစ်ခုသုံးခုရှိနေသည်။
သို့တိုင် သူတို့နှစ်ယောက်က မာန်မချဘဲ ဓားကိုယ်စီစွဲကိုင်ကာ အပြာရောင်ဝတ်စုံဝတ်လူများကိုဆန့်ကျင်တိုက်ခိုက်နေဆဲဖြစ်သည်။
“ ဟူလွန်နဲ့ ဟူပင်း မင်းတို့နှစ်ယောက်အညံ့ခံတာကောင်းလိမ့်မယ်....မဟုတ်ရင် ငါတို့ကိုသက်ညှာမှုမရှိဘူးလို့အပြစ်မတင်နဲ့.....”
အပြာရောင်ဝတ်စုံဝတ်သိုင်းသမားများ၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်သက်လက်ပိုင်းလူကြီးက အေးစက်စက်လေသံဖြင့်ပြောလိုပ်သည်။
သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူနှင့်မိန်းကလေးတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မိန်းကလေးက အားနည်းသည့်လေသံဖြင့်ပြောလိုက်သည်
“ ရှင်တို့အထင်လွဲနေကြတာပါ....ကျမတို့နှစ်ယောက်က ရှင်တို့သခင်ကြီးဆီက ဘာပစ္စည်းတစ်စုံတစ်ခုကိုမှမယူပါဘူးလို့ သစ္စာဆိုဝံ့ပါတယ်....”
ပြင်းထန်သညိ့တိုက်ပွဲတစ်ခုဖြစ်ထား၍ မိန်းကလေး၏ကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေပြီး ဖြူဖျော့နေသည့်သူမ၏ပုံစံလေးက ကရုဏာသက်ဖွယ်ကောင်းလှသည်။
သို့သော် ထိုမြင်ကွင်းကြောင့်အပြာရောင်ဝတ်စုံဝတ်လူများ၏မျက်နှာက ပို၍အေးစက်လာပြီး ခေါင်းဆောင်က တင်းမာသည့်လေသံဖြင့်ဆက်ပြောလိုက်သည်။
“ သခင်ကြီးရဲ့ရတနာကိုပြန်မပေးရင် မင်းတို့နှစ်ယောက်ကို ဒီနေရာမှာပဲအဆုံးသတ်လိုက်တော့မယ်.....”
ထိုလူ၏စကားကြောင့် မိန်းကလေး၏မျက်နှာကကွက်ခနဲပျက်သွားစဉ် ခပ်လှမ်းလှမ်းမှထွက်ပေါ်လာသည့်ကျယ်လောင်သည့်စကားသံကိုကြားလိုက်ရသည် ။
“ ယောင်္ကျားရင့်မာကြီးတစ်စုက အားနွဲ့တဲ့မိန်းကလေးနဲ့ သာမန်ယောင်္ကျားလေးတစ်ယောက်ကိုဝိုင်းပြီးအနိူင်ကျင့်နေကြတာ ကြည့်လို့မလှပါလား....”
အတွင်းအားသုံး၍ပြောဆိုလိုက်သည့်အသံက ကြည်လင်ပြီးဩဇာပြည့်ဝနေကာ သူတို့အားလုံး အသံထွက်ပေါ်လာရာနေရာဆီသို့ကြည့်လိုက်ကြသည်။
ထိုနေရာတွင် တည်ကြည်ခန့်ညားပြီးသိုင်းပညာမြင့်မားသည့်လူတစ်ယောက်ရှိရမည့်အစား အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်ကတုံးဆံပင်ပေါက်လူငယ်နှစ်ဦးရှိနေပြီး အစောပိုင်းက အော်ဟစ်လိုက်သူက ဝဝဖိုင့်ဖိုင့်လူငယ်ဖြစ်သည်။။
“ ဒါလေးပြောဖို့ကိုတောင် အသံပြောင်းပညာကိုသုံးနေသေးတယ်.....”
ကြွယ်စင်းလည်း ပင်ကိုသံကိုမသုံးဘဲ ပို၍ခန့်ညားစေရန် တမင်အော်ဟစ်လိုက်သည့်ကြွယ်ယန့်ကိုကြိတ်၍အပြစ်တင်လိုက်သည်။
သူ၏စကားကိုဂရုမစိုက်ဘဲ ကြွယ်ယန်က လက်ကိုဟန်ပါပါနောက်ပစ်၍ အပြာရောင်ဝတ်စုံဝတ်လူများဆီသို့ဖြေးညင်းစွာလျှောက်သွားလိုက်သည်။
မူလက အစွမ်းထက်သိုင်းသမားတစ်ဦးဦးဝင်ရောက်ဟန့်တားလိုက်သည်ထင်လိုက်၍သူတို့အားလုံးအံ့အားသင့်သွားစဉ် ငယ်ရွယ်သည့်လူငယ်နှစ်ယောက်ကိုမြင်လိုက်ရသည့်အခါ မိန်းကလေးနှင့်အနက်ရောင်ဝတ်စုံဝတ်လူတို့လည်း စိတ်ပျက်သွားကြသည်။
အပြာရောင်ဝတ်စုံဝတ်လူများကား ရုတ်တရက်ရောက်ရှိလာသည့်လူငယ်နှစ်ယောက်ကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး သက်လက်ပိုင်းအရွယ်ရှိသည့်ခေါင်းဆောင်က သူ၏လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။
“ ကောင်လေးတွေသွားစမ်း ...ဒါ မင်းတို့ဝင်ရှုပ်ရမယ့်နေရာမဟုတ်ဘူး....”
ထိုလူ၏ကလေးမောင်းသလို မောင်းထုတ်လိုက်သည့်စကားကြောင့် ကြွယ်ယန်၏မျက်နှာက အနည်းငယ်တင်းမာသွားပြီး ထိုလူများကိုလက်ညိုးငေါက်ငေါက်ထိုးကာပြောလိုက်သည်။
“ ဘာလဲ ကျုပ်တို့က ခင်ဗျားတို့ရဲ့ မတရားတဲ့လုပ်ရပ်တွေကို မြင်သွားလို့နှင်ထုတ်နေတာလား....။။
မရဘူးကိုယ်လူ မတရားမှုတွေ့ရင်ဖြေရှင်းတတ်တဲ့ ကြွယ်....အဟမ်း....ပိုင်ဖုန်းရန်နဲ့ ရှောင်လုစင်းဆိုတာ ကျုပ်တို့နှစ်ယောက်ပဲ ။
ကျုပ်တို့ကို အဖြူရောင်သစ္စာညီနောင်လို့ခေါ်လို့ရတယ်....”
ကြွယ်ယန်က ဟိတ်ဟန်ကောင်းသည့်နာမည်တစ်ခုကိုရွေးချယ်ပြီး ဂရုတစိုက်ပြောလိုက်သည်။
သူ၏စကားကြောင့် အပြာရောင်ဝတ်စုံဝတ်လူများ ခေါင်းရှုပ်သွားကြစဉ် ကြွယ်စင်းက ခပ်တိုးတိုးပြောလိုက်သည်။
“ ကြွယ်ယန် ဘာတွေလျှောက်လုပ်နေတာလဲ....သူတို့ပြဿနာကဘာမှန်းမသိဘဲနဲ့....”
ကြွယ်ယန်၏အပြစ်တင်စကားကြောင့် ကြွယ်စင်းလည်း ခေါင်းမော့၍ယုံကြည်ချက်ရှိသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ဘာမှတွေးမနေနဲ့ ဒီလူတွေက ဟိုလူနဲ့ မိန်းကလေးကိုအနိုင်ကျင့်နေတာပဲ...ဒီလိုမတရားမှုကိုမြင်တွေ့နေတာကိုတောင် ရှောင်လွှဲသွားရင် ရှောင်လင်အဝေးရောက်သိုင်းသမားတွေဖြစ်တဲ့ ငါတို့မျက်နှာတွေဘယ်သွားထားမလဲ....”
အသံကျယ်ကျယ်ဖြင့်ပြောလိုက်ရင်း လက်ဖျံနှစ်ဖက်မှ ကျားရုပ်နှင့်နဂါးရုပ်ကို ထောင်ပြလိုက်သည့်ကြွယ်ယန်ကြောင့် အပြာရောင်ဝတ်စုံဝတ်လူများမျက်နှာပျက်သွားကြသလို အနက်ရောင်ဝတ်စုံဝတ်လူနှင့်မိန်းကလေးတို့၏မျက်လုံးများက တောက်ပသွားကြသည်။
ထိုစဉ် မိန်းကလေးက ကြွယ်ယန်တို့ကိုကြည့်၍ အားကိုးတကြီးဟန်ဖြင့်အော်ဟစ်လိုက်သညိ။
“ သူရဲကောင်းကြီးတို့ ကျမတို့ကိုကယ်ပါဦး....”
ရုတ်တရက်ထွက်ပေါ်လာဟည့် မိန်းကလေး၏အော်သံကြောင့် အချင်းချင်းတိုင်ပင်နေကြသည့်အပြာရောင်ဝတ်စုံဝတ်လူများလည်း ဒေါသထွက်သွားကြသည်။
“ တိတ်စမ်း...မိန်းမယုတ်....”
အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်က မိန်းကလေးကိုအော်ငေါက်လိုက်ရင်း ကြွယ်ယန်တို့ကိုလက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ပြောလိုက်သည်။
“ ဒီကမိတ်ဆွေတို့နှစ်ယောက်က ရှောင်လင်ကျောင်းတော်ကအဝေးရောက်သိုင်းသမားတွေလား....။။
ကျုပ်တို့က ဒီကနေသိပ်မဝေးတဲ့ စီရန်မြို့လေးက မြို့စားရဲ့သိုင်းသမားတွေပါ ..ဒီကလူနှစ်ယောက်က....”
သူ၏စကားမဆုံးမီ မိန်းကလေးက အော်ဟစ်ပြောဆိုလိုက်သည်။
“ မဟုတ်ရပါဘူးရှင်...ဒီလူတွေက ကျမကိုတောင် အနိုင်ကျင့်စော်ကားဖို့ကြံစည်နေတာပါ။ သူတို့ကြောင့် ကျမအစ်ကိုလည်းဒဏ်ရာတွေပရပွနဲ့သေခါနီးဖြစ်နေပါပြီ.....”
ဒဏ်ရာများစွာဖြင့်သွေးချင်းချင်းနီရဲနေသည့်အနက်ရောင်ဝတ်စုံဝတ်လူကိုညွန်ပြရင်းပြောလိုက်သည့်မိန်းကလေး၏စကားကြောင့် ကြွယ်ယန်သာမက ကြွယ်စင်း၏အမူအယာပင်တင်းမာသွားလေသည်။
“ လူယုတ်မာတွေပါလား...ကြွယ်စင်း ချကွာ.....”
ကြွယ်ယန်က ပြောပြောဆိုဆိုဖြင့် အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ထံသို့လှစ်ခနဲခုန်ဝင်သွားသလိုကြွယ်စင်းသည့်လည်း ကျန်လူများဆီသို့တရကြမ်းတိုးဝင်သွားတော့သည်။
“ ဝုန်း....”
“ အ ..”
“ အမလေးဗျ....”
တောအုပ်ငယ်လေးထဲတွင် အော်ဟစ်သံများ၊ နာကျင်စွာညဉ်းညူလိုက်သံများက ဆူညံစွာထွက်ပေါ်လာပြီး အချိန်အနည်းငယ်အတွင်း အပြာရောင်ဝတ်စုံဝတ်လူရှစ်ယောက်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီဖြစ်သည်။
ထိုလူရှစ်ယောက်အနက် ငါးယောက်က အဆင့်မြင့်သိုင်းသမားများဖြစ်ကာ သုံးယောက် ထိပ်တန်းအဆင့်ဖြစ်သည် ။
သူတို့၏ခေါင်းဆောင်ဆိုလျှင်ထိပ်တန်းလွန်သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း တံခါးနီဆောင်ကိုအောင်မြင်စွာကျော်ဖြတ်လာနိုင်သည့်ကြွယ်ယန်တို့နှင့်ယှဉ်လျှင်ကားများစွာနိမ့်ကျနေသေးသည်။
ထို့ကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းပင်မပြုနိုင်ကြဘဲ အချိန်အနည်းငယ်အတွင်း မြေကြီးပေါ်သို့လှဲသိပ်ခံရပြီး ဒဏ်ရာကိုယ်စီဖြင့်ညဉ်းတွားနေကြတော့သည်။
ကြွယ်ယန်နှင့်ကြွယ်စင်းမှာ ရက်စက်ယုတ်မာသည့်ထိုလူများကို ဆုံးမခဲ့ကြသော်လည်း တစ်ယောက်မှမသတ်ဘဲ ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ်လူနှင့် မိန်းမပျိုတို့ကား သူတို့၏ရှေ့ရှိအဖြစ်အပျက်ကိုအံ့အားသင့်စွာကြည့်ရှုနေရင်းမှ အနက်ရောင်ဝတ်စုံဝတ်လူက လက်ထဲရှိဓားကိုမြောက်ကာ လဲကျနေသည့် အပြာရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ကိုခုတ်ပိုင်းလိုက်သည်။
“ သေစမ်း.....”
“ အား....”
ကြွယ်ယန်၏လက်ချက်ကြောင့်အတွင်းဒဏ်ရာအပြင်းအထန်ရရှိပြီး လဲကျနေသည့် အပြာရောင်ဝတ်စုံဝတ်ခေါင်းဆောင်မှာ ရှောင်တိမ်းနိုင်ခြင်းမရှိတော့ဘဲ ကြောက်လန့်တုန်လှုပ်စွာဖြင့်အော်ဟစ်လိုက်မိသည်။
ထိုလူ၏ရုတ်တရက်အပြုအမူကြောင့် ကြွယ်ယန်ပင်မျက်လုံးပြူးသွားမိသော်လည်း ဟန့်တားရန်အချိန်မမှီလိုက်တော့ပေ။
“ ဝှစ်....”
အနက်ရောင်ဝတ်စုံဝတ်လူ၏ဓားက အပြာရောင်ဝတ်စုံဝတ်ခေါင်းဆောင်ကိုထိမိရန်များစွာမလိုအပ်တော့သော်လည်းရှေ့ဆက်မတိုးနိုင်ဘဲရပ်နေလေသည်။
“ အ...”
ပြင်းထန်သည့်နာကျင်မှုကြောင့်အနက်ရောင်ဝတ်စုံဝတ်လူက အသံထွက်အော်ဟစ်လိုက်မိပြီး သူ၏ရှေ့တွင်ပိတ်ရပ်နေသည့်ကြွယ်စင်းကိုတုန်လှုပ်စွာကြည့်လိုက်မိသည်။
သူ၏ဓားကိုင်လက်ကိုကြွယ်စင်း၏လက်တစ်ဖက်ကဖမ်းဆုပ်ထားပြီး ပြုတ်တူကြီးပမာခိုင်မြဲလှသည့်လက်ချောင်းများကြောင့် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာကရှုံ့မဲ့လာပြီး ဓားကိုပင်လွှတ်ချလိုက်ရသည်။
“ ချွမ်း....”
အနက်ရောင်ဝတ်စုံဝတ်လူ၏လက်ထဲရှိဓားလွတ်ကျသွားမှ ကြွယ်စင်းကထိုလူ၏လက်ကိုလွှတ်ပေးလိုက်သည်။
ထိုလူက ကြွယ်စင်းကိုထိတ်လန့်သွားဟန်တူပြီးနောက်သို့အလျှင်အမြန်ဆုတ်လိုက်သည်။
ထိုအခါမှ အံ့ဩတကြီးဖြစ်နေသည့် ကြွယ်ယန်လည်း ရှေ့တိုးလာကာ အနက်ရောင်ဝတ်စုံဝတ်လူကိုအော်ဟစ်လိုက်သည်။
“ ဟေ့လူ ခင်ဗျားဘာလုပ်တာလဲ ....”
ကြွယ်ယန်၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက ခေါင်းငုံ့သွားစဉ် မိန်းမပျိုလေးက ထိုလူ၏ရှေ့မှဝင်ကာလိုက်ပြီး သူတို့ကိုဦးညွှတ်အရိုအသေပေးကာပြောလိုက်သည်။
“ ခွင့်လွှတ်ပါသူရဲကောင်းကြီးတို့ ကျမအစ်ကိုက ဒီလူတွေကိုဒေါသထွက်လွန်းလို့စိတ်လိုက်မာန်ပါလုပ်လိုက်မိတာပါ....”
“ ကျုပ်ကိုခွင့်လွှတ်ပါသူရဲကောင်းလေး..ဒီကောင်က ကျုပ်ညီမလေးကိုစော်ကားဖို့တောင်ကြံစည်ထားလို့ကျုပ် ဒေါသထွက်သွားမိတာပါ။။
သူတို့ရဲ့လိုက်လံသတ်ဖြတ်မှုကြောင့် ကျုပ်တို့နှစ်ယောက် စီရန်မြို့ကနေထွက်ပြေးလာရပြီး သူရဲကောင်းလေးတို့မကယ်တင်ရင် သူတို့လက်ချက်ကြောင့် ညီမလေးပါအရှက်တကွဲဖြစ်ခဲ့မှာပါ။ ..”
&&&&