← Chapters

အဖြူရောင်သစ္စာညီနောင်

Vol. 3 Ch. 4

အဖြူရောင်သစ္စာညီနောင်

Vol. 3 Ch. 4

မိန်းမပျိုလေးနှင့်အနက်ရောင်ဝတ်စုံဝတ်လူတို့၏တောင်းပန်မှုကြောငိ့ ကြွယ်ယန်က ကိစ္စတစ်ခုလုံးကိုသဘောပေါက်သွားကာ ခေါင်းကိုဖြေးညင်းစွာခါယမ်းရင်သက်ပြင်းတစ်ချက်ချလိုက်သည်။

“ ခင်ဗျားတို့ရဲ့‌ဒေါသကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် လူ့အသက်တစ်ချောင်းဆိုတာ လွယ်လွယ်ကူကူအဆုံးသတ်လို့မ‌ကောင်းဘူးလေ...။

သူတို့က သေသင့်တဲ့လူတွေဆိုပေမယ့် ထိုက်သင့်တဲ့ပြစ်ဒဏ်တွေပေးပြီးပြီဆိုတော့ တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ရအောင်ပါ။။

ကောင်းမှုကုသိုလ်ပြုလုပ်တယ်ဆိုတာ ချက်ခြင်းလက်ငင်းအကျိူးကျေးဇူးမရရင်တောင် နောင်သံသရာမှာ ...”

ကြွယ်ယန်က ဝါရင့်သိုင်းသမားတစ်ယောက်၏လေသံဖြင့်ဆုံးမနေသော်လည်း ရှောင်လင်ကျောင်းတွင်အနေကြာခဲ့သူပီပီ တရားဟောနေသည်နှင့်ပင်ဆင်တူနေသည်။

မအီမလည်အမူအယာဖြင့် ကြွယ်ယန်၏စကားများကိုတလေးတစားနားထောင်နေသည့်မောင်နှမကိုကြည့်ရင်း ကြွယ်စင်းလည်းသက်ပြင်းတစ်ချက်ချကာ ယခုအချိန်ထိ အကြောက်မပြေသေးသည့်အပြာရောင်ဝတ်စုံဝတ်လူများကိုအေးစက်စက်အသံဖြင့်ပြောလိုက်သည်။

“ ခင်ဗျားတို့ထွက်သွားကြတော့....နောက်တစ်ခါ မကောင်းမှုတွေဆက်လုပ်နေမယ်ဆိုရင် ကျုပ်တို့အလွတ်ပေးမှုမဟုတ်တော့ဘူး....”

&&&

အချိန်အနည်းငယ်ကြာပြီးနောက် ကြွယ်ယန်နှင့်ကြွယ်စင်းတို့မှာ တောအုပ်အတွင်းမှထွက်ခွာလာကြပြီး လမ်းမထက်သို့ပြန်လည်ရောက်ရှိလာကြသည်။

တောအုပ်ထဲမှထွက်လာချိန်ထဲက သူတို့၏အမူအယာများကပြောင်းလဲနေပြီး ကြွယ်စင်းကတစ်စုံတစ်ခုကိုစဉ်းစားတွေးတောနေဟန်တူကာ ကြွယ်ယန်က လည်း မျက်နှာကြီးဖြီး၍အတွေးနက်နေသည် ။

ထိုအနေအထားဖြင့် ဆက်လျှောက်လာကြပြီးမှ ကြွယ်စင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။

“ ကြွယ်ယန် ဟိုမောင်နှမက တစ်ခုခုတော့မှားနေသလိုပဲ.....သူတို့ပြောတဲ့ပုံကိုစဉ်းစားကြည့်ရင် စီရန်မြို့စားက အဲဒီမိန်းကလေးကိုသဘောကျပြီးအတင်းအဓမ္မသိမ်းပိုက်ချင်တာလို့သိရတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်လုံးက သိုင်းပညာထိပ်တန်းအဆင့်ရှိပြီး ဟိုလူတွေသာလူအင်အားပိုမများရင်သူတို့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး ။

သာမန်လူနှစ်ယောက်က အခုလိုမျိုးသိုင်းပညာအဆင့်မြင့်နေကြတာ တစ်ခုခုတော့တစ်ခုခုပဲ....”

ကြွယ်စင်း၏စကားကြောင့် အတွေးထဲတွင်နစ်မျောနေရာမှသတိဝင်လာသည့်ကြွယ်ယန်လည်း ပေါ့ပါးသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ဒါက ဘာမှမထူးဆန်းဘူးလေ...သိုင်းပညာကိုစိတ်ဝင်စားရင်ဘယ်သူမဆိုသင်ယူထားလို့ရတာပဲ ။

ပြီးတော့ ဟိုလူစုက သူတို့နှစ်ယောက်ကိုမတရားလုပ်နေတာ ငါတို့မျက်မြင်ပဲမဟုတ်လား။ ဟူလွန်ဆိုနဲ့လူရဲ့ကိုယ်ပေါ်မှာဆိုရင် ဒဏ်ရာတွေနည်းတာမဟုတ်ဘူး.....”

ကြွယ်ယန်၏ကျိုးကြောင်းသင့်လျော်သည့်စကားကြောင့် ကြွယ်စင်းလည်း ခေါင်းညိမ့်ပြလိုက်မိသည်။

ကြွယ်စင်းက သူ၏စကားကိုလက်ခံဟန်တူ၍ ကြွယ်ယန်၏အမူအယာကပို၍မြောက်ကြွကြွဖြစ်သွားပြီး ကြွယ်စင်း၏ပခုံးပေါ်သို့လက်တင်၍ အကြီးအကဲတစ်ယောက်၏လေသံဖြင့်ဆက်ပြောလိုက်သည်။

“ မင်းအစ်ကိုဆုံးမတာကို မှတ်ထားတတိယညီလေး....ဘယ်ကိစ္စမဆို မျက်စေ့တထောက်မကြည့်ဘဲ မျက်တောင်တဆုံးကြည့်ရတယ်။

ပြောရရင် အရှည်ကိုကြည့်ပေါ့..။ အခု မိန်းကလေးနဲ့သူ့အစ်ကိုတို့ဒုက္ခရောက်လာတယ်။သူတို့ဒုက္ခရောက်ရတဲ့အကြောင်းက စီရန်မြို့ကမြို့စားဒုက္ခပေးလို့ပဲ။

အဲဒီအချက်ကြည့်ရင် စီရန်မြို့စားက ဘယ်နည်းနဲ့မှလူကောင်းမဟုတ်တာကိုသိနိုင်တယ်။ သူ့လက်ချက်ကြောင့် ဒုက္ခရောက်တဲ့လူတွေဘယ်လောက်များများရှိမယ်ဆိုတာ ‌မှန်းကြည့်လို့တောင်ရမှာမဟုတ်ဘူး....”

ကြွယ်ယန်၏လေသံက လေးနက်တည်ကြည်နေပြီး သူ၏စကားကိုရပ်၍ကြွယ်စင်းကိုတစ်ချက်ကြည့်လိုပ်သည်။

နှစ်များစွာအတူရှိခဲ့သူများပီပီ ကြွယ်ယန်၏စကားက တစ်စုံတစ်ခုကိုရည်ရွယ်နေမှန်းသိ၍ ကြွယ်စင်းက အလိုက်တသိမေးမြန်းလိုက်သည်။

“ မင်းက ဘယ်လိုဆက်လုပ်ချင်လို့လဲ....”

ကြွယ်စင်း၏မေးခွန်းကြောင့် ကြွယ်ယန်ကဆက်ပြောလိုက်သည်။

“ မင်းမဆိုးဘူး တိုးတက်လာပြီ အရိပ်ပြရင်လည်းအကောင်မြင်တတ်တယ်။

ဒီလိုကွ...ငါတို့ အဲဒီစီရန်မြို့စားကိုဆုံးမရင်ကောင်းမလားလို့....အစ်ကိုရှောင်ယောင်လုပ်ခဲ့သလိုပေါ့။

သူက သူဌေးယောင်ဆောင်ထားတဲ့ လက်ရှစ်ဖက်လှံနတ်ဆိုးကိုဆုံးမလိုက်တယ်။ ငါတို့က မကောင်းတဲ့မြို့စားတစ်ယောက်ကိုဆုံးမပြီး စီရန်မြို့ကိုအေးချမ်းစေမယ်...ဘယ်လိုလဲ...”

ကြွယ်ယန်၏ဟန်ပါပါအပြောကြောင့် ကြွယ်စင်းပင်အနည်းငယ်တွေဝေသွားပြီး ခေါင်းညိမ့်ကာပြောလိုက်သည်။

“ ကောင်းပြီလေ... တစ်ချက်လောက်သွားကြည့်တာပေါ့....”

ကြွယ်စင်း၏သဘောတူညီမှုကြောင့် ကြွယ်ယန်ဟအမူအယာက ဝမ်းသာအားရဖြစ်သွားဟန်တူသည်။

ထို့နောက် ကြွယ်စင်း၏မျက်နှာကိုအကဲခပ်လိုက်ပြီး တက်ကြွသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ ဘယ်လိုလဲကြွယ်စင်း....ငါပြောလိုကတဲ့နာမည်ကိုကြိုက်လား ...အစ်ကိုရှောင်ယောင်က ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့နာမည်နဲ့ နာမည်ကြီးလာတယ်။ ငါတို့က အဖြူရောင်သစ္စာညီနောင်ဆိုတော့ သူ့ထက်မိုက်တယ်မဟုတ်လား ...”

အစောပိုင်းက ကြွယ်ယန်တစ်ယောက် တစ်ချိန်လုံးငြိမ်သက်နေခြင်းမှာ ထိုပေါက်ကရများကိုတွေးတောနေခြင်းဖြစ်မှန်းသိလိုက်၍ ကြွယ်စင်းလည်း မျက်နှာမဲ့ပြလိုက်ပြီး ‌နားဒုက္ခမခံတော့ဘဲ ရှေ့သို့ပြေးထွက်သွားလိုက်တော့သည်။

“ နေစောင်းနေပြီ မြန်မြန်သွားရအောင် မိုးစုန်းစုန်းမချုပ်ခင်မှာ အဲဒီမြို့ကိုအရောက်သွားတာပေါ့....”

စကားစဖြတ်၍ ကိုယ်ဖော့ပညာသုံးကာ ရိပ်ခနဲရွေ့လျားသွားသည့်ကြွယ်စင်းကြောင့် ကြွယ်ယန်လည်းမျက်လုံးပြူးသွားပြီး ကြွယ်စင်း၏နောက်သို့လိုက်သွားပြီး အော်ဟစ်လိုက်သည်။

“ ဟေ့...နေဦးကွ ငါပြောတာမပြီးသေးဘူး....”

ကြွယ်ယန်မှာ မချင့်မရဲဖြစ်နေသော်လည်း ကြွယ်စင်း၏ကိုယ်ဖော့ပညာက သူ့ထက်သာလွန်၍ မချင့်မရဲဖြင့်အမှီလိုက်နေရသည် ။

ဤသို့ဖြင့် ညနေဆည်းဆာ၏‌နေရောင်အောက်၌ အိုဟောင်းနေသည့်လမ်းမထက်တွင်လျှင်မြန်စွာရွေ့လျားနေသည့်လူငယ်နှစ်ယောက်၏ပုံရိပ်ကိုတွေ့နိုင်ပေမည်။

&&&&

နံနက်ခင်းအချိန်

အရှေ့အရပ်မှ နေမင်းကြီးက စူးရှသည့်အရောင်အဝါများဖြာထွက်ရင်း ကမ္ဘာမြေပေါ်ရှိလူသားများကိုအလင်းရောင်နှင့်အနွေးဓာတ်ပေးစွမ်းလျက်ရှိသည်။

သေးငယ်ကျဉ်းမြောင်းသည့်လမ်းမထက်၌ လူငယ်တစ်ယောက်က ဖြေးဖြေးမှန်မှန်လျှောက်လာပြီး ပန်းတစ်ရာတောင်ကုန်းတည်ရှိရာနေရာကို လှည်ပြန်တစ်ချက်ကြည့်လိုက်သည်။

လူငယ်၏အသက်အသက်အရွယ်က နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်ကာအဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီးခန့်ညားချောမောသည့်ရုပ်သွင်ရှိသည် ။

သူ၏မျက်နှာထက်တွင်တည်ငြိမ်အေးဆေးသည့်အမူအယာတစ်ခုရှိနေပြီး ခပ်ဝေးဝေးတွင်ကျန်ခဲ့သည့်ပန်းတစ်ရုတောင်ကုန်းကို‌ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“ ဦးလေးချန်းစိန် ၊ အစ်မချင်းချင်း ကျုပ် ခင်ဗျားတို့ကျေးဇူးကိုအမြဲတမ်းသတိရနေမှုပါ....”

လူငယ်၏လေသံက လေးနက်တည်ကြည်နေပြီး ထိုလူငယ်ကား ခြေသုံးလှမ်းမရဏအဆိပ်ကြောင့်သေဆုံးရမည့်အန္တရာယ်မှကံကောင်းစွာလွတ်မြောက်လာခဲ့သည့်ရှောင်ယောင်ပင်ဖြစ်ပေသည်။

ပန်းတစ်ရာတောင်ကုန်းတွင်စုစုပေါင်းတစ်ပတ်ခန့်အထိနေခဲ့ပြီး တောင်ကုန်းသခင်လီချန်းစိန်၏ကုသပေးမှုကြောင့် သူ၏ခန္တာကိူယ်တွင်းရှိအဆိပ်က လုံးဝပျောက်ကင်းသွားခဲ့သည်။

ပန်းတစ်ရာတောင်ကုန်းသို့လာစဉ်က စန်းဟုန်းလျန်နှင့်အခြားလူများပါဝင်ခဲ့သော်လည်းယခုအခါ ရှောင်ယောင်တစ်ဦးထဲသာကျန်တော့သည် ။

အကြောင်းကား သူ၏အခြေအနေစိုးရိမ်စရာမလိုတော့သည်ကိုသိရှိသည်နှင့် စန်းဟုန်းလျန်နှင့်ကျန်သိုင်းထိပ်သီးသုံးယောက်က ယှဉ်ပြိုင်ပွဲအတွက် ဟွာရှန်းတောင်ကိုပြန်သွား၍ဖြစ်သည်။

စန်းဟုန်းလျန်က ရှောင်ယောင့်ကိုပါ တစ်ပါထဲစောင့်ဆိုင်းသော်လည်း သူ့အတွက်နှင့်ယှဉ်ပြိုင်ပွဲကိုပင်နောက်ဆုတ်ထားရခြင်းကို အားနာသည့်ရှောင်ယောင်က စန်းဟုန်းလျန်ကိုကျန်လူများနှင့်အတူလိုက်သွားရန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်က နောက်တစ်လကျော်တွင်ကျရောက်မည့် စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင်ပြန်လည်ဆုံတွေ့ရန်ချိန်းဆိုထားကြလေသည်။

ထို့နောက် ရှောင်ယောင်နှင့်အတူ စီးတုယွမ်ချင်းရှိနေသေးသော်လည်း ယမန်နေ့ကပင် အော့မေ့ဂိုဏ်းမှ ဂိုဏ်းသူအချို့ရောက်ရှိလာပြီး ဂိုဏ်းချုပ်၏အမိန့်ဖြင့် စီးတုယွမ်ချင်းကိုလာရောက်ခေါ်ဆောင်ခဲ့ကြသည်။

အေးတိအေးစက်ဟုထင်ရသော်လည်း စိတ်နှလုံးနွေးထွေးသည့်ထိုမိန်းက‌လေးက သူ့ကိုစိုးရိမ်ပူပန်နေသေးသော်လည်း သူ့ဆရာမ၏အမိန့်ကိုမလွန်ဆန်နိုင်ဘဲ ပြန်လည်လိုက်ပါသွားရသည်။

ထို့ကြောင့် ရှောင်ယောင်လည်းလာစဉ်က အပေါင်းအဖော်များနှင့်ဖြစ်သော်ငြား ပြန်လည်ထွက်ခွာလာချိန်၌ တစ်ကိုယ်တည်းဖြစ်နေခြင်းဖြစ်သည်။

ထိုအခိုက် ခပ်ဝေးဝေးဆီမှ တရိပ်ရိပ်ရွေ့လျားလာသည့်လူတစ်စုကို မြင်တွေ့လိုက်၍ရှောင်ယောင်လည်းအံ့သြသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။

“ ဟိုလူတွေရဲ့ကိုယ်ဖော့ပညာက ကောင်းလှချေလား....”

ရှောင်ယောင်ပြောလည်းပြောချင်စရာပင် အဖြူရောင်ဝေါယာဉ်တစ်ခုကိုသယ်ဆောင်လာသည့် ကြံ့ခိုင်တောင့်တင်းသည့်လူလေးယောက်၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်နီးနီးရှိနေပြီး ဝေါယာဉ်မပါဘဲ သီးသန့်ဆိုပါကမည်မျှမြန်ဆန်မည်မသိပေ။

အဝေးမှလျှင်မြန်စွာရွေ့လျားလာသည့်ထိုဝေါယာဉ်ကိုမြင်တွေ့ရသည်က လေထဲတွင်မျောလွင့်လာသလိုပေါ့ပါးလျှင်မြန်လှပြီး အချိန်အနည်းငယ်အတွင်း ရှောင်ယောင်နှင့်မနီးမဝေးသို့ပင်ရောက်ရှိလာပြီဖြစ်သည်။

ဝေါယာဉ်၏ဘေးနှစ်ဖက်နှင့် ရှေ့နောက်တွင်လည်းလူများလိုက်ပါလာသည်ကိုမြင်လိုက်ရပြီး ထိုဝေါယာဉ်၏ဦးတည်ရာက ပန်းတစ်ရာတောင်ကုန်းဆီသို့ဖြစ်ဟန်တူ၍ ရှောင်ယောင်လည်း လမ်းဘေးသို့အသာကပ်ကာရှောင်တိမ်းပေးလိုက်သည်။

ရှေ့ဘက်တွင် အသက်ဆယ့်ငါးဆယ့်ခြောက်နှစ်ခန့်ရှိမည့်မိန်းမချောလေးတစ်ဦးရှိကာ ဝေါယာဉ်၏ဘေးနှစ်ဖက်တွင် အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်စီရှိပေသည်။

ဝေါယာဉ်၏နောက်ဆုံး၍ ခါးကုန်းကုန်းအဖိုးအိုတစ်ယောက်ရှိပြီး မျက်လွှာချထားသည့်ထိုအဖိုးအို၏ပုံစံက ငိုက်မြည်းနေသည့်အလားပင်။

သို့သော် ထိုလူအားလုံး၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်ရှိကြပြီး ရှေ့ဆုံးမှမိန်းမငယ်လေးပင်သိုင်းထိပ်သီးတစ်ယောက်ဖြစ်နေရာ ရှောင်ယောင်လည်း ထူးဆန်းသည့်ထိုလူစုကိုမကြည့်ဘဲမနေနိုင်ခဲ့ပေ။

ဝေါယာဉ်က သူ၏ဘေးမှလျှင်မြန်စွာဖြတ်ကျော်သွား‌သော်လည်း အစိမ်းနုရောင်ဝတ်စုံဝတ်‌မိန်းမချောလေးက နောက်တွင်ကျန်ခဲ့ပြီးသူ့ကိုစူးရဲစွာစိုက်ကြည့်လာသည်။

“ ရှင်ကဘာလို့ ကျမတို့ကိုစိုက်ကြည့်နေတာလဲ.....”

ချိုသာကြည်လင်သော်လည်း ခပ်စွာစွာဖြစ်သည့်ထိုမိန်းမငယ်လေး၏စကားကြောင့် ရှောင်ယောင်လည်း ရယ်ရမလိုငိုရမလိုပင်ခံစားမိလိုက်၏။

မူလက မိန်းကလေးနောက်တွင်ကျန်ရစ်ခဲ့သည်က သူ့ကိုတစ်စူံတစ်ခုမေးမြန်းရန်ဖြစ်သည်ဟုတွေးခဲ့မိသော်လည်း ထိုမိန်းကလေးကားသူ့ကိုတမင်ပြဿနာရှာလိုသည့်ပုံစံရှိပေသည် ။

သူမ၏ပုံစံက မောက်မာဝင့်ကြွားပြီးမာနကြီးဟန်တူသော်လည်း ကျစ်ဆံမြီးနှစ်ခွကလေးကျစ်ထားပြီး ချောမောလှပသည့်ရုပ်သွင်ကြောင့် များစွာချစ်စရာကောင်းနေပြန်သည်။

ရှောင်ယောင်လည်း ထိုမိန်းကလေးကိုကြည့်ရင်း ပြဿနာအိုးဖြစ်သည့် ချောင်‌ရှန်းရှန်းကိုပင်သတိရသွားကာ ပြုံး၍‌ပြောလိုက်သည်။

“ မကြည့်ပါဘူး ငါ့လမ်းငါသွားနေတာပါ....”

&&&&

All Chapters