ပြဿနာတတ်ခြင်း
Vol. 3 Ch. 5
“ မကြည့်ပါဘူး ငါ့လမ်းငါသွားနေတာပါ....”
ရှောင်ယောင်က ထိုမိန်းကလေးနှင့်ပြဿနာမဖြစ်လို၍ ကောင်းမွန်စွာဖြေကြားလိုက်ခြင်းဖြစ်သော်လည်း ဆက်ဆက်ကြဲမလေးကား သူ့ကိုအလွတ်ပေးမည့်ပုံမရပေ။
“ ရှင်မလိမ်နဲ့ ...စောစောကပဲ သခင်မလေးရဲ့ဝေါယာဉ်ကို စပ်စပ်စုစုလိုက်ကြည့်နေတာလေ....”
မိန်းမငယ်လေး၏စကားကြောင့် ရှောင်ယောင်လည်း အံ့အားသင့်သွားပြီးခပ်လှမ်းလှမ်းတွင်ရပ်ထားသည့်ဝေါယာဉ်ဆီသို့အကြည့်ရောက်သွားလေသည်။
ထိုမိန်းကလေး၏စကားအရဆိုပါက ဝေါယာဉ်ထဲမှလူက သူမ၏သခင်မလေးဆိုသူဖြစ်နိုင်ပြီး ထိုအချက်က ရှောင်ယောင့်ကိုများစွာအံ့ဩသွားစေသည်။
အကြောင်းကား အစွမ်းထက်သိုင်းသမားများစွာနှင့် သူ၏ရှေ့ရှိမိန်းမငယ်လေးလို ပါရမီရှင်တစ်ယောက်ကို အခြံအရံအဖြစ်ခေါ်ဆောင်လာနိုင်ခြင်းက ဝေါယာဉ်ထဲရှိလူ၏အဆင့်အတန်းကိုပြသနေပြီး သိုင်းလောကတွင်ထိုသို့သောလူမျိုးရှိသည်ကိုမကြားဖူး၍ဖြစ်သည်။
ရှောင်ယောင်က သူမ၏မေးခွန်းကိုမဖြေလဲ ဝေါယာဉ်ကိုအကဲခပ်နေသည်ကိုမြင်ရသည့်အခါ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေး၏မျက်နှာကအေးစက်သွားပြီး တင်းမာသည့်လေသံဖြင့်မေးလိုက်သည်။
“ ပြောရင်းဆိုရင်း ကြည့်နေပြန်ပြီ... ရှင့်ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ပစ်လိုက်ရမလား.....”
မိန်းမငယ်လေး၏ချိန်းခြောက်မှုကြောင့် ရှောင်ယောင်လည်းမည်သို့ပြန်ဖြေရမှန်းပင်မသိတော့ပေ။
တစ်စုံတစ်ယောက်ကို ထိုသို့စိုက်ကြည့်မိရုံမျှဖြင့်မျက်လုံးဖောက်ထုတ်မည်ဆိုလျှင် လမ်းတစ်လျှောက်ရှိလူတိုင်းမှာ မျက်ကန်းများဖြစ်သွားနိုင်သည် ။
အံ့ဩဖွယ်ကောင်းသည့်အချက်က ထိုမိန်းကလေးဤမျှမောင်မာရမ်းကားနေသော်လည်း ဝေါယာဉ်ဘေးနှစ်ဖက်ရှိလူများက ဟန့်တားခြင်းမရှိဘဲ မျက်နှာသေဖြင့်ကြည့်နေကြကာ အဖိူးအိုဆိုလျှင် မျက်လုံးပင်ဖွင့်ကြည့်ဟန်မတူပေ။
ထူးခြားဆန်းကြယ်ပြီးအစွမ်းထက်လှသည့်ထိူလူစုကြောင့်ရှောင်ယောင်လည်း ပြဿနာမတတ်သင့်သည်ကိုသိရှိသော်ငြား ကြောင်ပေါက်လေးတစ်ကောင်လိုမာန်ဖီနေသည့်မိန်းမငယ်လေးကိုစနောက်လို၍ ခေါင်းယမ်းကာပြောလိုက်သည်။
“ အမှန်အတိုင်းပြောရရင် ငါမင်းရဲ့သခင်မလေးကိုစိတ်ဝင်စားနေတာပါ....သူ့ရဲ့နာမည်ကဘယ်လိုခေါ်တာလဲ....”
ရှောင်ယောင်၏စကားအဆုံး၌ ပတ်ဝန်းကျင်တစ်ခုလုံးက ကြောက်စရာကောင်းလောက်အောင်ငြိမ်သက်သွားတော့သည်။
ဝေါယာဉ်၏ဘေးဘက်မှလူနှစ်ယောက်သာမက အထမ်းသမားလေးယောက်ပင် ရှောင်ယောင့်ကို သတ်ဖြတ်လိုသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေကြပြီး သူတို့ကြားတွင်အနည်းငယ်ကွာဝေးသည့်တိုင် ထိုလူများ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အရှိန်အဝါများကိုရှောင်ယောင်ကောင်းစွာခံစားမိနေသည်။
“ သာမန်အဆင့်လွန်ထိပ်သီးလေးယောက်နဲ့ သိုင်းဝိဇ္ဇာတစ်ဝက်နှစ်ယောက်.....”
ရှောင်ယောင်၏စိတ်ထဲပ အချက်ပေးခေါင်းလောင်းများမြည်ဟည်းလာပြီး သူ၏အမူအယာကပြောင်းလဲသွားတော့သည်။
သာမန်ဟုသာထင်ရသည့်အထမ်းသမားလေးယောက်က သိုင်းထိပ်သီးများဖြစ်နေကာ အဆင့်လွန်ထိပ်သီးများကိုပင်ဝေါယာဉ်ထမ်းသမားအဖြစ်ခိုင်းစေနိုင်ခြင်းက လုံးဝထိတ်လန့်စရာကောင်းနေသည် ။
ထို့အပြင်ဝေါယာဉ်၏ဘယ်ညာမှသိုင်းသမားနှစ်ယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်ဟန်တူပြီး သူတို့၏သိုင်းပညာက သူတွေ့ဖူးသည့် ကန္တာကသေမင်းနှစ်ဖော်၊ ချောင်ဖေးဟုန်တို့လိုအဆင့်မျိုးဖြစ်သည် ။
ထိုသို့သောလူများကိုလက်အောက်ငယ်သားအဖြစ်ခိုင်းစေနိုင်သည်က ဝေါယာဉ်တွင်းရှိသခင်မလေးဆိုသူက မယုံကြည်နိုင်စရာအဆင့်အတန်းကိုပြသနေပြီး အရေးအကြီးဆုံးအချက်ကား သူက စကားကျွံလိုက်မိခြင်းဖြစ်၏။
ကြမ်းကျွံလျှင်နုတ်ရသော်လည်း စကားကျွံလျှင်နုတ်မရဆိုသည့် ဆိုရိူးအတိုင်း ယခုအခါ ရှောင်ယောင်၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်နေရပြီး ချက်ခြင်းဆုတ်ခွာထွက်ပြေးရန်တွေးတောလိုက်သော်လည်း သူ၏မာနကခွင့်ပြုမနေပေ။
လက်ရှိအချိန်၌ သူ၏အကြောင်းများကသိုင်းလောကထဲတွင်ပျံ့နှံ့ပြီးဖြစ်သည်ကိုကောင်းစွာရိပ်စားမိလေရာ သူသာ တစ်ဖက်လူများကိုရင်မဆိုင်ဝံ့ဘဲတိမ်းရှောင်ထွက်ပြေးပါက သူတစ်ဦးထဲတင်မဟုတ်ဘဲ စန်းဟုန်းလျန်ပါ ဂုဏ်သိက္ခာကျဆင်းသွားပေမည်။
ထိုအချိန်၌ ရှောင်ယောင်၏ရှေ့ရှိမိန်းမငယ်လေးကား ရှောင်ယောင့်ထံမှ ယခုလိုစကားကိုမျှော်လင့်မထား၍ အံ့ဩသည့်မျက်နှာဖြင့်ကြည့်နေမိပြီးနောက် လွန်စွာဒေါသထွက်လာဟန်တူသည်။
ထိုမိန်းကလေး၏နူးညံ့သည့်မျက်နှာလေးကဒေါသကြောင့်နီရဲလာပြီး သူမ၏လက်သီးဆုပ်သေးသေးလေးများကိုမြောက်လိုက်စဉ် ဝေါယာဉ်အတွင်းမှ ထူးခြားသည့်အသံတစ်ခုထွက်ပေါ်လာသည် ။
“ သူ့ရဲ့ပါးရိုးတွေကိုချိုးပစ်လိုက်....”
ရုတ်တရက်ထွက်ပေါ်လာသည့်ထိုအသံက လောကတစ်ခုလုံးရှိသာယာပါသည်ဆိုသည့်အသံပေါင်းစုံထက်ပင်ပို၍ ကြည်လင်ချိုသာနေပြီး လူတစ်ယောက်ကို ကျောက်ဆစ်ရုပ်ထုလိုတောင့်တင်းသွားစေနိုင်သည်။
ထိုအသံကိုနားဖြင့်ဆက်ဆက်ကြားရသည့်မည်သူမဆို ကျောက်ရုပ်တစ်ရုပ်လိုဦးစွာငေးငိုင်သွားနိုင်ပြီး ထို့နောက် အသံပိုင်ရှင်၏ရုပ်ရည်ကို တွေ့လိုစိတ်လွန်စွာပြင်းပြလာပေသည်။
ရုပ်မမြင်ရသေးသည့်တိုင်ရှိရှိသမျှ ယောင်္ကျားတိုင်းကိုတန်းတန်းစွဲစေနိုင်သည့်ထိုအသံမျိုးက သက်ရှိလူသားတစ်ဦးထံတွင်ရှိသင့်ရှိထိုက်သည့်အသံမျိုးမဟုတ်ဘဲ လူလောနတ်မိမယ်လောကို ခွဲခြားရန် အသံပိုင်ရှင်ကိုတွေ့မြင်မှဖြစ်မည်ဆိုသည့်စိတ်ဆန္ဒလည်းဖြစ်ပေါ်လာခြင်းဖြစ်၏ ။
ယခု ရှောင်ယောင်လည်း မကြားစဖူး ချိုအေးကြည်သာလှသည့်အသံကြောင့် ငေးငိုင်သွားမိစဉ် သူ၏ရှေ့သို့ဖျက်ခနဲရောက်ရှိလာသည့်လူရိပ်တစ်ရိပ်နှင့် လေ၏အဟုန်ထက်ပင်မြန်ဆန်နေသေးသည့်လက်ဝါးတစ်ဖက်တို့ကြောင့် ချက်ခြင်းလိုလို သူ၏ခန္တာကိုယ်ကိုနောက်သို့လှန်ချ၍ရှောင်တိမ်းလိုက်ရသည်။
“ ဝှီး....”
လွန်စွာလျှင်မြန်သည့်အရှိန်အဟုန်ဖြင့်တိုးဝင်လာသည့်ဖြူနုနုလက်ဝါးတစ်ဖက်က ရှောင်ယောင်၏မျက်နှ အနီးမှပွတ်ကာသီကာဖြတ်ကျော်သွားကာ ပြင်းထန်သည့်အားအင်ကြောင့် သူ၏ပါးပြင်တစ်ဖက်ပင်စပ်ဖျင်းဖျင်းဖြစ်သွားသေးသည်။
ရုတ်တရက်တိုက်ခိုက်လာခြင်းဖြစ်သည့်အပြင် လွန်စွာလျှင်မြန်လှသည့်တိုက်ကွက်ကိုရှောင်ယောင်ကရှောင်တိမ်းနိုင်လိုက်၍ တစ်ဖက်လူကအနည်းငယ်အံ့အားသင့်သွားဟန်တူသော်လည်း ရပ်တန့်မနေဘဲ ကိုယ်တစ်ပိုင်းနောက်လန်ကာ အနည်းငယ်ကြည်ရဆိုးနေသည့်ရှောင်ယောင်၏ခန္တာကိုယ်ကို ဆက်၍တိုက်ခိုက်လိုက်သည်။
ပထမတိုက်ကွက်ကိုလက်မတင်ကလေးရှောင်တိမ်းနိုင်လိုက်၍ စိတ်သက်သာရာရသွားသော်လည်း တစ်ဖက်လူ၏နောက်ဆက်တွဲတိုက်ကွက်များက မိုးသီးမိုးပေါက်များလိုများပြားစွာဝင်ရောက်လာရာ ရှောင်ယောက်လည်းမဟန်နိုင်ဘဲ မြေပြင်ပေါ်သို့လူးလိမ့်ကာရှောင်တိမ်းလိုက်ပြန်သည်။
အရက်သမားမြေလူး ဆိုသည့်တိုက်ကွက်က အရှက်မဲ့သည်ဟုထင်ရပြီး ကြည့်ရဆိုးသော်လည်း လွန်စွာအစွမ်းထက်သည့်ရှောင်တိမ်းကွက်တစ်ခုဖြစ်ပေသည်။
ပြိုင်ဘက်၏မြင်ကွင်းမှရုတ်တရက်ပျောက်ကွယ်သွားနိုင်ပြီးတစ်ဖက်လူကိုကြောင်အမ်းအမ်းဖြစ်စေသည့်ထိုသိုင်းကွက်က ရှောင်လင်ရဟန်းငါးပါးသိုင်းမှ လဲလျောင်းသည့်ပုံစံနှင့်သဘောတရားဆင်တူပြီး မသေမျိုးနတ်သား၏အရက်မူးရှစ်ကွက်မှ ရှောင်တိမ်းကွက်တစ်ခုဖြစ်သည် ။
ယခုလည်း ထိုသိုင်းကွက်ကြောင့် တစ်ဖက်လူ၏လွန်စွာလျှင်မြန်လှသည့်လက်ဝါးချက်များကြားမှလွတ်မြောက်သွားပြီး ရှောင်ယောင်၏ခန္တာကိုယ်က နောက်ဘက်သို့လိမ့်ကာရောက်ရှိသွားတော့သည်။
ထို့နောက် ကမန်းကတန်းခုန်ထလိုက်ပြီး ရှောင်ယောင်လည်း သူ့ကို ဒေါသထွက်နေသည့်ကြားမှ အံ့သြဟန်ဖြင့်ကြည့်နေသည့်မိန်းမငယ်လေးကိုအလျှင်အမြန်ပြောလိုက်သည်။
“ ဟေ့ ခဏလေး....”
ရှောင်ယောင်က အေးအေးချမ်းချမ်းဖြေရှင်းလို၍ အလျှင်အမြန်ဟန့်တားလိုက်သော်လည်း မိန်းမငယ်လေးကား နားဝင်ဟန်မတူ ။
ရှောင်ယောင်ကသူမ၏တိုက်ကွက်များကြားမှ အံ့အားသင့်စရာကောင်းလောက်အောင်ရှောင်တိမ်းနိုင်ခဲ့၍ အံ့အားသင့်သွားသော်လည်း မိန်းမငယ်လေးကား ယခင်ကထက်ပို၍ပြင်းထန်သည့်သိုင်းကွက်များဖြင့်တိုက်ခိုက်လာသည်။
သူမ၏အတွင်းအားနှင့်သိုင်းပညာကိုကြည့်၍ အစွမ်းထိပ်ထိပ်သီးတစ်ဦးဖြစ်ကြောင်းသိနိုင်ပြီး ငယ်ရွယ်သည့်အသက်အရွယ်ကိုထောက်ချင့်ပါက လွန်စွာပါရမီကောင်းလှသည်ဟုဆိုရပေမည်။
သူမ၏ပါရမီနှင့်အရည်အချင်းတို့က သိုင်းလောကအတွင်းမှကျော်ကြားသည့်လူငယ်မျိုးဆက်များကိုပင် အရှက်ရစေနိုင်သော်လည်းတစ်စုံတစ်ယောက်၏အစေခံဖြစ်နေခြင်းက အံ့ဩဖွယ်ဖြစ်သည်။
“ ဝှစ်....”
“ ဟူး....”
မိန်းမငယ်လေး၏လက်ဝါးတိုက်ကွက်များက အားအင်ပြင်းထန်သည်သာမကဘဲ အမြန်နှုန်းက လွန်စွာမှကြောက်စရာကောင်းလှသည်။
လက်ဝါးချက်များက ရှုပ်ထွေးခြင်းမရှိသော်လည်း ထင်မှတ်မထားသည့်ရှုထောင့်များမှတိုးဝင်လာတတ်ပြီး ရှောင်ယောင်တွေ့ဖူးသမျှလက်နက်မဲ့သိုင်းပညာထဲတွင် ထိုမိန်းကလေး၏လက်ဝါးသိုင်းကအမြန်ဆုံးဟုဆိုနိုင်သည်။
ထို့ကြောင့် ရှောင်ယောင်လည်း အရက်မူးခြေလှမ်းကွက်များကိုသုံးကာ မြန်ဆန်သွက်လက်လှသည့်တိုက်ကွက်များကြားမှ ပွတ်ကာသီကာရှောင်တိမ်းနေရပြီး တန်ပြန်တိုက်ခိုက်ရမဆိုထားနှင့် ခုခံရန်ပင်အချိန်မရပေ။
ရှောင်ယောင်၏သိုင်းပညာက ထိပ်တန်းအဆင့်သာရှိသေးကြောင်းရှင်းလင်းနေသည့်တိုင် အစွမ်းထက်ထိပ်သီးတစ်ဦး၏ကြောက်စရာကောင်းသည့်တိုက်ကွက်များကိုမထိဘဲရှောင်တိမ်းနိုင်ခြင်းက အံ့ဩဖွယ်ဖြစ်သည်။
ထိုမြင်ကွင်းကြောင့်ဝေါယာဉ်ဘေးမှလူနှစ်ယောက်ပင် အမူအယာလေးနက်သွားကြပြီး ဝေါယာဉ်အတွင်းရှိလး၏အမိန့်ကိုစောင့်ဆိုင်းသညိ့အလားကြည့်လိုက်ကြသည် ။
သို့သော် ဝေါယာဉ်ထဲမှ အမိန့်တစ်စုံတစ်ရာထွက်ပေါ်မလာ၍ ထိုလူနှစ်ယောက်လည်း နေရာတွင်ပင်တုတ်တုတ်မှမလှုပ်ဘဲရှိနေကြသည် ။
ဝေါယာဉ်၏နောက်ဘက်ရှိခါးကုန်းအဖိုးအိုက ရှောင်ယောင်၏အရက်မူးခြေလှမ်းကွက်များကိုမြင်သည်နှင့် ပျင်းရိဟန်ဖြင့်မှေးစင်းနေသည့်မျက်ဝန်းများက ပြူးကျယ်သွားလေသည်။
သူ၏ကျဉ်းမြောင်းသည့် မျက်ဝန်းများက အလင်းတစ်ချက်ဖျက်ခနဲတောက်ပသွားပြီး ဝေါယာဉ်၏အနီးသို့ကပ်ကာ တစ်စုံတစ်ခုကိုတီးတိုးပြောဆိုလိုက်သည် ။
ထိုအချိန်တွင် ကျစ်ဆံမြီးနှစ်ခွနှင့်ချစ်စဖွယ်မိန်းကလေးက ရှောင်ယောင့်ကိုဒေါသတကြီးလိုက်လံတိုက်ခိုက်နေပြီး သူမ၏ချောမောသည့်မျက်နှာနုနုလေးက ဒေါသကြောင့်အေးစက်တင်းမာနေသည် ။
ငယ်စဉ်ပင် အခြားလူများထက်သာလွန်သည့်ပါရမီစွမ်းရည်ကိုပြသနိုင်ခဲ့ပြီး အသက်ဆယ့်ငါးနှစ်မပြည့်မီအဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ရှိခဲ့ခြင်းကြောင့် သူမ၏သခင်မလေး၏လက်စွဲတော်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် သူမ၏နေရာတွင်ပင် ထိုမိန်းကလေး၏အဆင့်အတန်းကမြင့်မားသည့်နေရာတွင်ရှိပြီး သခင်မလေးတစ်ဦးမှလွဲ၍ ကျန်လူများကိုဂရုမစိုက်စရာမလိုပေ။
ထိုသို့သောအကြောင်းအရာများကြောင့်လည်း မိန်းမငယ်လေး၏စိတ်က အလိုလိုမောက်မာဝံ့ကြွားလာခြင်းဖြစ်ကာ သိုင်းလောကထဲရောက်ရှိသည်ကမကြာသေးသော်လည်း သူမ၏လက်ချက်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူက လူနှစ်ဆယ်ထက်မနည်းရှိခဲ့ပြီဖြစ်သည်။
သူမလေ့ကျင့်ထားသည့် သိုင်းပညာက လျှင်မြန်မှုကိုအခြေခံထားပြီး တစ်ဖက်လူကိုရှောင်တိမ်းခုခံရန်အချိန်မရမီအနိူင်ယူနိုင်ပြီးဖြစ်ရာ ယနေ့အချိန်အထိ တစ်ပွဲမှရှုံးနိမ့်ခြင်းမရှိဟုလည်းဆိုရမည်။
ယခု သူမနှင့်ရင်ဆိုင်နေရသည့်လူက သိုင်းပညာထိပ်တန်းအဆင့်သာရှိသေးသော်လည်း ဖမ်းရခက်သည့်ငါးရှဉ့်တစ်ကောင်လို သူမ၏တိုက်ကွက်များကြားမှ အမြဲလိုလိုလွတ်ထွက်သွားသည်သာဖြစ်သည်။
တစ်ဖက်လူ၏ခြေလှမ်းကွက်များက အစီအစဉ်မကျဘဲ ပေါက်ကရဖြစ်ကာ ရှေ့နောက်ဝဲယာယိမ်းထိုးနေသည့် လှုပ်ရှားမှုများက ရယ်စရာကောင်းသော်လည်း မိန်းမငယ်လေး၏တိုက်ခိုက်မှုများမှာ တစ်ခုကလေးမှပင်ထိခိုက်ခြင်းမရှိသေးပေ။
ထို့ကြောင့် သူမ၏စိတ်ထဲ၌ ယခင်ကထက်ပင် ပို၍ဒေါသထွက်လာပြီး အစွမ်းကုန်တိုက်ခိုက်နေခြင်းဖြစ်သည်။
သို့သော် ရုတ်တရက်ထွက်ပေါ်လာသည့်အသံတစ်ခုကြောင့် မိန်းမငယ်လေး၏တိုက်ကွက်များက ရပ်တန့်သွားတော့သည်။
“ ရပ်လိုက်တော့....”
စိတ်နှလုံးယစ်မူးဖွယ်ချိုသာကြည်လင်သည့်အသံကလေးကို နောက်တစ်ကြိမ်ပြန်ကြားလိုက်ရ၍ ရှောင်ယောင်၏အမူအယာလည်းအနည်းငယ်ပြောင်းလဲသွားသည်။
&&&