← Chapters

ကိုယ့်လမ်းကိုယ်ဆက်သွားခြင်း

Vol. 3 Ch. 6

ကိုယ့်လမ်းကိုယ်ဆက်သွားခြင်း

Vol. 3 Ch. 6

ပီသ ကြည်လင်ခြင်း၊ ချိုသာအေးမြခြင်းနှင့်အတူ တစ်ဖက်လူကို ငြင်းဆန်နိုင်စွမ်းမရှိစေနိုင်သော ဩဇာအာဏာရိပ်တို့ပါဝင်နေသည့်ထိူစကားသံလေးမှာ အကြိမ်မည်မျှနားထောင်ရပါစေ တငါးတိမ်မသွားဘဲ ထိုအသံပိုင်ရှင်လေးသာ တစ်နေ့လုံးထိုင်၍စကားပြောဆိုနေပါက မစားမသောက်ဘဲနားထောင်နေနိုင်မည်ဟုပင်ထင်ရသည်။

သို့သော် ရှောင်ယောင်မှာ ပထမတစ်ကြိမ်ကလို သတိလက်လွတ်ဖြစ်မသွားဘဲ ‌‌ဒေါသအိုးမလေး၏တိုက်ကွက်များရပ်သွားသည်နှင့်ချက်ခြင်းလိုလိုလွတ်ရာသို့ခုန်ဆုတ်လိုက်သည်။

မည်သည့်အတွက် ဝေါယာဉ်တွင်းမှသခင်မလေးဆိုသူက မိန်းမငယ်လေးကိုရပ်တန့်ရန်ခိုင်းစေခြင်းမရှိသော်လည်း ထိုမိန်းကလေးကား များစွာကျေနပ်ဟန်မတူပါချေ။

“ သခင်မလေး ဘာကြောင့်လဲ.။ ကျမ ဒီလူ့ကိုအနိုင်ယူနိုင်တော့မှ ...”

မိန်းမငယ်လေးက တိုက်ကွက်အတော်များများတိုက်ခိုက်ခဲ့သည့်တိုင် ရှောင်ယောင်၏အင်္ကျီစလေးကိုပင်ထိအောင်မတိုက်နိုင်၍ မကျေမချမ်းဖြစ်သွားဟန်တူပြီး သူမ၏ဝေါယာဉ်တွင်းရှိသခင်မလေးကို စောဒကတတ်လိုက်သည်။

သို့သော် ဝေါယာဉ်အတွင်းမှအသံပိုင်ရှင်က တစ်စုံတစ်ရာထပ်မံပြောဆိုခြင်းမရှိတော့၍ မိန်းမငယ်လေးမှာ စူပုတ်ပုတ်မျက်နှာလေးဖြင့် ဝေါယာဉ်ဘေးသို့ရိပ်ခနဲရောက်ရှိသွားတော့သည်။

ခပ်လှမ်းလှမ်းမှနေ၍ ရှောင်ယောင့်ကိုမျက်လုံးပြူးကြည့်နေသည့်မိန်းမငယ်လေး၏ပုံစံက လွန်စွာချစ်စရာကောင်းနေပြီး ဆက်လက်စနောက်လိုစိတ်များဖြစ်ပေါ်မိသော်လည်း တစ်ခါခံရပြီးဖြစ်၍ ရှောင်ယောင်လည်းဆန်းကြယ်ပြီးအစွမ်းထက်သည့်ထိုလူများနှင့်ရန်သူမဖြစ်စေလိုပေ။

“ ဒီက မိတ်ဆွေတို့ကို ကျုပ်တောင်ပန်ပါတယ်....စောစောကပြောလိုက်တာလဲ ဒီအတိူင်းစနောက်လိုက်တာပါ....”

ရှောင်‌ယောင်ကလက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ ယဉ်ကျေးစွာတောင်းပန်လိုက်သော်လည်း ဝေါယာဉ်ထဲမှ မည်သည့်စကားပြန်မှမလာသလို ဝေါယာဉ်ဘေးရှိလူများကလည်း မျက်နှာသေဖြင့်ရှိနေကြသည်။

တစ်ဖက်လူများ၏ဖော်ရွေမှုကင်းမဲ့သည့်ဟန်ကြောင့် ရှောင်ယောင်ပင်ကြောင်အမ်းအမ်းဖြစ်သွားပြီး ချောင်းတစ်ချက်ဟန့်၍ဆက်ပြောလိုက်သည်။

“ ဒါဆိုရင် ကျုပ်ကိုသွားခွင့်ပြပါဦး....”

ရှောင်ယောင်၏နှုတ်ဆက်စကားကိုမည်သူမှမတုန့်ပြန်ကြဘဲ အထမ်းသမားလေးယောက်က ဝေါယာဉ်ကိုပြန်ထမ်းလိုက်ကြသည်။။

ချစ်စရာကောင်းသည့်မိန်းမငယ်လေးသည်လည်းရှောင်ယောင့်ကိုမကျေမနပ်ဖြင့်အသံတိတ်ကျိန်ဆဲလိုက်ကာ ဝေါယာဉ်ရှေ့သို့လျှောက်သွားတော့သည် ။

သူတို့၏အပြုအမူများကိုကြည့်၍ထွက်ခွာသွားတော့မည်ဖြစ်မှန်းရိပ်စားမိလိုက်ကာ ရှောင်ယောငါလည်းစိတ်သက်သာရာရသွားကာ ကိုယ့်လမ်းကိုဆက်သွားရန်ပြင်လိုက်သည်။

ထိုအခိုက် သူ၏နားအနီးသို့ကပ်၍ပြောလိုက်သည့်အလား ရှင်းလင်းပြက်သားပြီး အိုမင်းသည့်အသံတစ်ခုကိုကြားလိုက်ရသည် ။

“ တေလေဂိုဏ်းချုပ်စုတိချုံးနဲ့တွေ့ရင်ပြောလိုက်ပါ.. အထွတ်အမြတ်နတ်နန်းတော်က သူ့ကိုဖိတ်ခေါ်ပါတယ်လို့.....”

အသံပိုင်ရှင်က တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ခါးကုန်းကုန်းအဖိုးအိုဖြစ်မှန်းရိပ်စားမိ၍ ရှောင်ယောင်လည်း အံ့ဩတုန်လှူပ်သွားပြီးတစ်စုံတစ်ခုပြောမည်ပြုလိုက်စဉ် ဝေါယာဉ်က ခပ်ဝေးဝေးသို့ရောက်ရှိသွားသည်ကိုမြင်လိုက်ရသည်။

အနည်းငယ်အလှမ်းဝေးသည့်နေရာမှလူတစ်ယောက်ကို ယခုလိုမျိုးအသံပို့လွှတ်၍ ပြောဆိုနိုင်သည်က သာမန်သိုင်းဝိဇ္ဇာများပင်တတ်နိုင်သည့်အရာမဟုတ်ဘဲ ခန့်မှန်းမရသည့်ထိုအဖိုးအိုမှာ အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်းသိသာလှသည်။

ထို့အပြင် တစ်ဖက်လူများ၏စကားအသွားအလာကိုကြည့်ခြင်းဖြင့် အဖိုးစုကိုသိရှိဟန်တူပြီး ရှောင်ယောင်၏ရင်ထဲတွင်မေးခွန်းများစွာထွက်ပေါ်လာသော်လည်း အဖြူရောင်ဝေါယာဉ်က အချိန်တခဏအတွင်း မြင်ကွင်းအတွင်းမှပျောက်ကွယ်သွားပြီဖြစ်ပေသည်။

ထို့ကြောင့် ရှောင်ယောင်လည်းသက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏မူလဦးတည်ရာသို့ဆက်လက်ထွက်ခွာသွားလိုက်တော့သည်။

ထိုအချိန်တွင် မနည်းငယ်ဝေးလံသည့်နေရာတစ်ခုသို့ရောက်ရှိနေပြီဖြစ်သည့်ဝေါယာဉ်က ရုတ်တရက်ရပ်သွားပြီး ဝေါယာဉ်တွင်းမှအသံကထွက်ပေါ်လာပြန်သည်။

“ စောစောကလူရဲ့ နောက်ကနေတိတ်တဆိတ်လိုက်နေတဲ့ ပိုးကောင်နှစ်ကောင်ကိုဆုံးမလိုက်ပါ....ဘာပဲဖြစ်ဖြစ် သူ့ကိုမျက်နှာသာပေးတာလို့သက်မှတ်လိုက်တာပေါ့....”

ပြိုင်ဘက်ကင်းသည့်အသံကလေးအဆုံး၌ ဝေါယာဉ်ဘေးနှစ်ဖက်မှ လူနှစ်ယောက်က ရိပ်ခနဲပျောက်ကွယ်သွားကြသည် ။

&&&&

ညအချိန်

စီရန်မြို့လေး၏ညကောင်းကင်က ငွေစန္ဒာလမင်းကြီး၏အလင်းရောင်အောက်တွင် အေးချမ်းသာယာလျက်ရှိနေပြီး မြို့လယ်လမ်းမတွင်သွားလာလှုပ်ရှားနေသည့်လူများစွာကိုတွေ့ရပေမည်။

လမ်းဘေးတစ်ဘက်တစ်ချက်ခင်းကျင်းထားသည့် ညဈေးတန်းများနှင့်အတူ စားသောက်ဆိူင်များ၊ တည်းခိုခန်းများသည်လည်း မီးရောင်စုံထွန်းလင်းကာ သက်ဝင်လှုပ်ရှားသည့်မြင်ကွင်းတစ်ခုကိုပေစစွမ်းလျက်ရှိသည်။

ညအချိန်ဖြစ်သော်လည်းစည်ကားသည့်ညဈေးတန်းနှင့်သွားလာလှုပ်ရှားနေကြသူများကြောင့် ပျော်ပွဲရွှင်ပွဲရှိသည့်အလားအထူးပင် စိတ်ရွှင်မြူးစရာကောင်းနေသည်။

ညဈေးတန်းထဲတွင် အဖြူရောင်သိုင်းဝတ်စုံကိုဆင်တူဝတ်ဆင်ထားကြသည့်လူငယ်နှစ်ယောက်က ဟိုကြည့်ဒီကြည့်လျှောက်လာကြပြီး ပျော်ရွှင်တက်ကြွစရာညဈေးတန်းလေးကြောင့် သူတို့၏စိတ်များပင်ပေါ့ပါးလန်းဆန်းလာမိသည်။

လူငယ်နှစ်ယောက်အနက် ခန္တာကိုယ်ထွားကြိုင်းပြီးဝဝဖိုင့်ဖိုင့်လူငယ်က ဘေးဘက်ရှိလူငယ်၏နံဘေးကိုတံတောင်ဖြင့်တွက်ရင်းခပ်တိုးတိုးပြောလိုက်သည်။

“ ကြွယ်စင်း ငါတို့ ဟိုနေရာကိုသွားလည်ရင်မကောင်းဘူးလား....”

ကြွယ်ယန်ညွန်ပြနေသည့်နေရာက မီးအိမ်နီနီထွန်းညိထားသည့်ပျော်ပွဲစားရုံဖြစ်ပြီး ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့်အမျိူးသားများ မကြာခဏဝင်ရောက်သွားတတ်သည်ကို‌လည်းတွေးရပေသည်။

ပျော်ပွဲစားရုံထဲတွင် အရက်နှင့်အစားအသောက်ကိုလိုသလောက်ရရှိပြီး မိန်းမချောမိန်းမလှများ၏အကအဆိုများကိုရှုစားနိုင်သဖြင့် ယောင်္ကျားသားတို့စိတ်အပန်းဖြေရာနေရာတစ်ခုလည်းဖြစ်သည်။

အပျော်အိမ်များနှင့်ခြားနားစွာထိုသို့သောပျော်ပွဲစားရုံများက ညစ်ပတ်သည့်ကိစ္စများကိုဆောင်ရွက်၍မရဘဲ အတီအမှုတ်၊ အကအခုန်များဖြင့်သာဖျော်ဖြေခြင်းဖြစ်ပြီး မိန်းကလေးများပင် ဝင်ရောက်နိုင်ပေသည်။

သို့သော်ထိုသို့သောပျော်ပွဲစားရုံများကိုလာရောက်ကြသူအများစုက ယောင်္ကျားသားများသာဖြစ်ကြသည်။

“ ဘာလုပ်မှာလဲ ...ကိုယ့်ကိစ္စကိုယ်ပဲအာရုံစိုက်စမ်းပါ....ဟိုနှစ်ယောက်အကူအညီတောင်းထားတဲ့ကိစ္စကိုသွားပြောရဦးမယ် ပြီးရင် ငါတို့တည်းခိုဖို့နေရာတစ်ခုခုရှာရအောင်....”

ကြွယ်စင်းကပြောပြောဆိုဆိုဖြင့် ပျော်ပွဲစားရုံကိုမျက်တောင်မခတ်တမ်းကြည့်နေသည့်ကြွယ်စင်းကို တရွတ်တိုက်ဆွဲခေါ်သွားလိုက်သည်

“ ဟေ့ နေပါဦးကြွယ်စင်းရ ငါတိ့ကဘုန်းကြီးတွေမဟုတ်တော့ပါဘူး မင်းလည်းအတွေ့အကြုံမရှိလို့ ငါကစေတနာနဲ့လိုက်ပို့မလို့ကို....”

ကြွယ်ယန်မည်မျှပင်ပြောဆိုပါစေ ကြွယ်စင်းက ဂရုမစိုက်ဘဲ ညဈေးတန်းကိုလွန်အောင် ခွန်အားသုံးကာဆွဲခေါ်သွားလေသည်။

သူတို့နှစ်ယောက်က တောအုပ်အတွင်းမှထွက်ခွာလာပြီးနောက် ကိုယ်ဖော့ပညာသုံးကာ ခရီးဆက်ခဲ့ကြပြီး ညဉ့်မနက်မီ စီရန်ဆိူသည့်မြို့ငယ်လေးသို့ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် သူတို့နှင့်တွေ့ခဲ့သည့်မောင်နှမနှစ်ယောက်၏အကူအညီတောင်းမှုကိုဆောင်ရွက်ရန် စီရန်မြို့မှ သူဌေးချင်ဆိုသူ၏စံအိမ်ကိုဦးတည်လာခြင်းဖြစ်ပြီး အနည်းငယ်မေးမြန်းပြီးသည်နှင့် မြို့အရှေ့ပိုင်းမှသူဌေးချင်၏စံအိမ်ရှိရာသို့ရောက်ရှိလာကြသည်။

သူဌေးချင်း၏စံအိမ်မှာ ကျယ်ဝန်းသည့်ခြံဝန်းကျယ်ကြီးတစ်ခုထဲတွင်တည်ရှိခြင်းဖြစ်ပြီး ဝင်းတံခါးမှကြီးကိုပိတ်ထားကာ တံခါးဝတွင်မီးအိမ်နှစ်လုံးချိတ်ဆွဲထားသည်။

ထို့နောက် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း ဟိုဟိုသည်သည်ကြည့်ကာ လူသူအရိပ်အယောင်မတွေ့၍ တံခါးဝကြီးကြေးကွင်းကြီးနှစ်ခုကို အသံမည်အောင်ဆောင့်ရင်းအော်ဟစ်လိုက်ကြသည်။

“ သူဌေးချင်....”

“ ဗျို့ သူဌေးချင်....”

တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်၌ ကျယ်လောင်စွာထွက်ပေါ်လာသည့်ကြွယ်ယန်၏အသံပြဲကြီးကြောင့် ကြွယ်စင်းပင်ခေါ်စရာမလိုလိုက်ဘဲ တံခါးမကြီးမှာ ဖြေးညင်းစွာပွင့်သွားတော့သည်။

ထို့နောက် လက်နက်ကိုယ်စီကိုင်ဆောင်ထားကြသည့်သိုင်းသမားသုံးယောက်ထွက်ပေါ်လာပြီး တံခါးမကြီးရှေ့တွင်တကျော်ကျော်အော်ဟစ်နေသည့် ကြွယ်ယန်တို့နှစ်ယောက်ကိုမျက်နှာထားတင်းတင်းဖြင့်မေးလိုက်ကြသည်။

“ ဘာကိစ္စရှိလို့လဲ....”

ထိုလူ၏အသံက ခတ်ထန်ပြီးမလိုလာသည့်ပုံစံပေါက်နေရာ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

သိုင်းသမားသုံးယောက်လုံးက အဆင့်မြင့်သိုင်းအဆင့်သာရှိကြသော်လည်း သူတို့ကိုယ်သူတို့အဆင့်လွန်ထိပ်သီးများအလား မောက်မာဝံ့ကြွားကြပေသည်။။

“ ယီးတီးယားတားတော့လာမလုပ်နဲ့နော်...ဘာကိစ္စလဲမြန်မြန်ပြောစမ်း....”

နောက်ထပ်တစ်ယောက်၏လေသံက ပို၍ပင်ဆိုးရွားနေသေးသည်။

ထိုစဉ် ကြွယ်စင်းက တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း ထိုလူများ၏ဆက်ဆံပုံကိုမနှစ်မြို့သည့် ကြွယ်ယန်က ရှေ့ထွက်ကာ အင်္ကျီလက်နှစ်ဖက်ကိုဟန်ပါပါပင့်ရင်းပြောလိုက်သည်။

“ ကြွယ်စင်းရေ ....ဒီမြို့မှာရှောင်လင်အဝေးရောက်သိုင်းသမားတွေဘာတွေရှိလား ငါတို့သူ့အိမ်မှာသွားပြီးတည်းရအောင်....”

ကြွယ်ယန်၏စကားနှင့်သူ၏လက်ဖျံနှစ်ဖက်မှ ကျားရုပ်နှင့်နဂါးရုပ်တို့ကြောင့်သိုင်းသမားသူံး‌ယောက်လည်းမျက်လုံးပြူးသွားကြပြီး တစ်ယောက် အံ့ဩတုန်လှူပ်စွာဖြင့်အလျှင်အမြန်မေးလိုက်သည်။

“ သခင်လေးတို့က ရှောင်လင်ကျောင်းတော်ကအဝေးရောက်သိုင်းသမားတွေလား....”

ရှောင်လင်၏တံခါးနီဆောင်ကိုဖြတ်ကျော်၍ကျားနဂါးဘွဲ့ရရှိသူများမှာ အဆင့်လွန်ထိပ်သီးများသာဖြစ်ပြီး လူဝတ်လဲ၍ သိုင်းလောကအတွင်းကျင်လည်သည့်အဝေးရောက်သိုင်းသမားများသည်လည်း နာမည်ကြီးသိုင်းသမားများသာဖြစ်သည်။

ထို့ကြောင့် ‌ကြွယ်ယန်တို့၏ငယ်ရွယ်သည့်အသက်အရွယ်ကြောင့်မလေးမစားလုပ်နေကြသူများမှာ သူတို့၏အဆင့်အတန်းကိုသိလိုက်ရ၍ တုန်လှုပ်သွားခြင်းဖြစ်ကြပြီး ကြွယ်စင်းက နေရာတကာကြွား‌ဝါနေသည့်ကြွယ်ယန့်ကို နောက်သို့ဆွဲလိုက်သည်။

ထို့‌နောက် ကြွယ်စင်းက ထိုလူများကိုလာရင်းကိစ္စပြောပြသည့်အခါ ထိုသုံးယောက်၏ဆက်ဆံပုံက ခေါင်းနှင့်ပန်းလိုပြောင်းလဲသွားပြီး သူတို့နှစ်ယောက်ကိုခြံဝန်းတွင်းသို့ ရိုရိုသေသေခေါ်ဆောင်သွားကြသည်။

စံအိမ်၏ခြံဝန်းထဲတွင် မီးရောင်များထိန်လင်းနေသောိလည်း တိတ်ဆိတ်ခြောက်သွေ့ကာ လူသူကင်းမဲ့နေသည်ဟုပင်ထင်ရသည်။

‌ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကို သိုင်းသမားသုံးယောက်က ခြံဝန်းအလယ်ရှိစံအိမ်၏ရှေ့သို့ဦးတည်၍ခေါ်ဆောင်သွားပြီး ထိုရှေ့တွင် စောင့်ကြပ်နေသည့် သိုင်းသမားနှစ်ယောက်လည်းရှိနေသညိ။

“ ဟေ့...ပေါက်ခေါ သူတို့ကဘယ်သူတွေလဲ....”

သိုင်းသမားနှစ်ယောက်အနက်တစ်ယောက်က ကြွယ်ယန်တို့ကိုအကဲခပ်‌၍မေးလိုက်သည်။

&&&&

All Chapters