အမိန့်ပြား၏ပိုင်ရှင်အမှန်
Vol. 3 Ch. 8
တောလမ်းတစ်လျှောက် လေတချွန်ချွန်ဖြင့် အေးဆေးစွာလျှောက်သွားနေသည့်လူငယ်တစ်ယောက်ရှိသည်။
ထိုလူငယ်ကား ပန်းတစ်ရာတောင်ကုန်းမှထွက်လာသည့်ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ဘဲ ဆန်းကြယ်သည့်ဝေါယာဉ်နှင့်တွေ့ဆုံပြီးသုံးရက်မြောက်နေ့ဖြစ်သည်။။
ဟွာရှန်းတောင်ယှဉ်ပြိုင်ပွဲက ယမန်နေ့ကပြီးဆုံးသွားသည်ဟုသိရပြီး လက်ကိုးချောင်းဘုရင်ခေါ် လက်ကိုးချောင်းရသေ့က ပထမနေရာတွင်ရှိနေဆဲဖြစ်သည်။
ဒုတိယနေရာမှာပြောင်းလဲသွားပြီး ယခင်သိုင်းဝိဇ္ဇာခုနစ်ယောက်၏ဒုတိယနေရာရှိလေဘုရင်ခေါ် အရိပ်တစ္ဆေဝူယွမ်ကို စန်းဟုန်းလျန်ကအနိုင်ယူခဲ့ပြီး လေဘုရင်က တတိယနေရာသို့ရောက်ရှိသွားခဲ့သည်။
ကျန်နေရာများမှာ များစွာပြောငိးလဲခြင်းမရှိဘဲ ထိုအကြောင်းအရာနှင့်ပတ်သတ်သည့် သတင်းများကို သိုင်းလောကထဲတွင်အချိန်အတော်ကြာပြောဆိုနေကြဦးမည်ဖြစ်သည်။
လက်ရှိတွင် ရှောင်ယောင်ရောက်ရှိနေသည့်နေရာက အန်းဟွေးနယ်အနောက်ဖျားဖြစ်ကာ ဟိုနန်နယ်နှင့် များစွာဝေးကွာခြင်းမရှိသည့်အစွန်အဖျားကျသည့်နေရာလည်းဖြစ်သည်။
ရှောင်ယောင်တစ်ယောက် ဤဒေသို့ရောက်ရှိလာခြင်းက သူ၏အဖိုးလေး ဆရာတော်ရွှမ်းနန်တာဝန်ပေးလိုက်သည့်အတိုင်း တံဆိပ်ပြားနှစ်ခုကို မူလပိုင်ရှင်များဆီသို့ပြန်လည်အပ်နှံရန်ရောက်ရှိလာခြင်းဖြစ်သည်။
ဟိုနန်နယ်အစွန်တွင် ချင်းယန်ဓားဂိုဏ်းဟုခေါ်သည့် ဂိုဏ်းတစ်ခုတည်ရှိသည်ဟုသိရပြီး ထိုဂိုဏ်း၏ဂိုဏ်းချုပ်က ရှောင်လင်အဝေးရောက်သိုင်းသမားတစ်ဦးဖြစ်သည့်ဟူချင်းဆိုသူဖြစ်သည်။
လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ဝန်းကျင်က ခရမ်းရောင်သွေးလဂိုဏ်းကြီးစိုးချိန်တွင် ချင်းယန်ဓားဂိုဏ်းမှာ ခရမ်းရောင်သွေးလဂိုဏ်းမှအဆင့်လွန်ထိပ်သီးများကိုရင်ဆိုင်ခဲ့ရပြီး ထိုနေရာသို့တိုက်ဆိုင်စွာရောက်ရှိနေသည့် ဆရာတော်ရွှမ်းနန်၏ကူညီမှုကြောင့်သာ ဂိုဏိးပျက်သုဉ်းမည့်အန္တရာယ်မှကာကွယ်နိုင်ခြင်းဖြစ်သည်။
ထို့နောက်တွင် ဟူချင်း၏စုံစမ်းမှုအရ ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ သူတို့ချင်းယန်ဓားဂိုဏ်း၏ဂိုဏ်းအမိန့်ပြားကိုအလိုရှိနေခြင်းဖြစ်ကြောင်းသိရပြီး သူတို့နှင့်လွန်စွာရင်းနှီးသည့်ဆက်ဆံရေးရှိသည့်ချင်းခွန်ဂိုဏ်းပင် သူတို့ဂိုဏ်းအမိန့်ပြားကြောင့်ဖျက်ဆီးခံလိုက်ရခြင်းဖြစ်စည်။
ထို့ကြောင့်ဟူချင်းမှာ သူတို့ဂိုဏ်း၏ရှေ့ရေးကိုမျှော်တွေး၍ ချင်းယန်အမိန့်ပြားနှင့်ချင်းခွန်အမိန့်ပြားကို ဆရာတော်ရွှမ်းနန်၏လက်သို့အပ်နှံခဲ့ပြီး အေးအေးချမ်းချမ်းရှိမှ ရှောင်လင်ကျောင်းတော်သို့လာရောက်ယူဆောင်မည်ဟုပြောခဲ့ပေသည်။
ထို့နောက်ကျုံဟွာတောင်တိုက်ပွဲအပြီးတွင် ခရမ်းရောင်သွေးလဂိုဏ်းပျက်သုဉ်းသွားခဲ့ပြီးသိုင်းလောကတစ်ခုလုံးအေးချမ်းသွားသော်လည်း ဟူခွန်းရော သူ၏ဂိုဏ်းမှလူများပါပေါ်မလာခဲ့ပေ။
ဆရာတော်ရွှမ်းနန်သည်လည်းသိုင်းလောကအတွင်းပြန်ဆင်းရန်စိတ်ကူးမရှိ၍ ယခု ရှောင်ယောင်သိုင်းလောကအတွင်းဆင်းသည့်အခါ ထိုတံဆိပ်ပြားနှစ်ခုကိုပေးအပ်လိုက်ခြင်းဖြစ်သည် ။
တံဆိပ်ပြားနှစ်ခုနှင့်ပတ်သတ်သည်များကိုဆရာတော်ရွှမ်းနန်သိရှိသည်က ထိုမျှသာဖြစ်ပြီးမည်သည့်အတွက် ခရမ်းရောင်သွေးလဂိုဏ်းမှထိပ်သီးများက တံဆိပ်ပြားနှစ်ခုကိုအသဲအသန်လိုအပ်နေသည်မသိပေ။
သို့သော် တံဆိပ်ပြားနှစ်ခုကိုပြုလုပ်ထားသည့်အရာက လွန်စွာရှားပါးလှသည့်ဧကရာဇ်ကျောက်စိမ်းဖြစ်သည်ဆိုသည့်အချက်တစ်ခုထဲဖြင့်ပင် ထိုတံဆိပ်ပြားနှစ်ခု၏သမိုင်းကြောင်းက မရိုးရှင်းသည်ကိုသိရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ ရှောင်ယောင့်အနေဖြင့် ထိုကိစ္စများကိုစိတ်မဝင်စားဘဲ တံဆိပ်ပြားနှစ်ခုကိုပြန်လည်ပေးအပ်ပြီးပါက သိုင်းပြိုင်ပွဲကျင်းပမည့် စွန်းအိမ်တော်သို့သွားရောက်ရန်ဆုံးဖြတ်ထားပေသည်။
ချင်းယန်ဓားဂိုဏ်းတည်ရှိသည့်နေရာက ချင်းယန်ဆိုသည့်မြို့ငယ်လေးတွင်ဖြစ်ပြီး ရှောင်ယောင်လက်ရှိဦးတည်သွားနေသည့်နေရာဖြစ်သည်။
ဤဒေသမှာ နယ်နှစ်ခု၏အစွန်အဖျားကျသော်လည်း အေးချမ်းသာယာပြီးသူခိုးဓားပြများပင်ရှိဟန်မတူပေ။
ခရီးသွးများ၊ ကုန်သည်လှည်းတန်းများကို ခရီးတစ်လျှောက်တွင်ဆုံတွေ့ခဲ့ရပြီး ရှောင်ယောင်လည်း ဟိုဟိုသည်သည်မေးမြန်းပြီးနောက် သူသွားလိုသည့်ချင်းယန်မြို့ကများစွာဝေးကွာခြင်းမရှိတော့မှန်းရိပ်စားမိသည်။
ထို့ကြောင့် လူသွားလူလာများသည့်နေရာတွင်ပုံမှန်အတိုင်းသွားလာကာ လူပြက်သည့်နေရာ၌ ကိုယ်ဖော့ပညာသုံးခရီးဆက်ပြီး နားနားနေနေဖြင့်အေးဆေးသက်သာစွာခရီးဆက်လာခြင်းဖြစ်၏ ။
အမှန်တွင် ယခုလိုခရီးလမ်းကောင်းမွန်သည့်နေရာများတွင် မြင်းစီး၍သွားလာပါက ပို၍ခရီးတွင်နိုင်သော်လည်း ရှောင်ယောင်နှင့်မြင်းစီးခြင်းဆိုသည့်အရာက မအပ်စပ်သည်ဟုပင်ဆိုနိုင်သည် ။
ပထမတစ်ကြိမ် လျှိုစမ်းမှထွက်လာစဉ်က မြင်းကောင်းနှစ်စီးကို ဈေးကြီးပေးဝယ်စီးခဲ့ကြသော်လည်း ဟန်ကျန်းသို့်မရောက်မီထူးဆန်းသည့်အဖြစ်အပျက်များကြုံတွေ့ခဲ့သည့်ညကပျောက်ဆူံးသွားခဲ့သည်။
တဖန် ဟန်ကျန်းမှထွက်လာစဉ်က စီးတုယွမ်ချင်းနှင့်အတူ မြင်းတစ်ယောက်တစ်စီးစီသုံးကာ ခရီးထွက်လာကြသော်လည်း စီးတုယွမ်ချင်းကပို၍ခရီးတွင်အောင် တောနက်ကိုဖြတ်သန်း၍သွားမည်ဟုဆိုခဲ့ပြီး မြင်းများကို သိုင်းမဟာမိတ်ဌာနခွဲတစ်ခုတွင်ထားရစ်ခဲ့ပေသည်။
ထို့ကြောင့် ပန်းတစ်ရာတောင်ကုန်းမှထွက်လာစဉ်က သူနှင့်ရင်းနှီးပြီးဖြစ်သည့် တောင်ကုန်းသခင်လီချန်းစိန်နှင့် ပန်းနတ်သမီးလီချင်းချင်းတို့က လိုအပ်သည်များကိုထည့်ပေးလိုက်ကြရင် သူ့စိတ်ကြိုက်မြင်းကောင်းတစ်စီးရွေးချယ်သွားရန် ရက်ရောစွာအကြံပြုခဲ့သော်လည်း ရှောင်ယောင်က လက်မခံဘဲခြေလျှင်သာထွက်လာခြင်းဖြစ်၏ ။
တောင်အီအီ မြောက်အီအီတွေးတောရင်း တောအုပ်ငယ်လေးကိုလွန်သည့်အခါ ခပ်ဝေးဝေးဤ လူနေအိမ်ခြေများကိုမြင်ရပြီး ဤသည်က သူသွားလိုသည့်ဟန်ကျန်းဖြစ်သည်ကိုရိပ်စားမိ၍ ရှောင်ယောင်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားပေသည်။
“ ကဲ....အေးအေးဆေးဆေးဖြစ်ရင်တော့ စွန်းအိမ်တော်ကိုမြန်မြန်သွားမှပဲ ဦးလေးစန်းကိုလည်းဟိုကိုလာဖို့ပြောခဲ့တယ်။ ဟောင်ရန်ဆိုတဲ့ငတုံးနဲ့လည်း အဲဒီမှာတွေ့ဖို့ချိန်းထားတယ်။။
အခုလောက်ဆို ဒီကောင်လေး ချောင်ရှန်းရှန်းနဲ့အဆင်ပြေနေပြီလားမသိဘူး....”
ရှောင်ယောင်လည်း ဖြူစင်ရိုးသားပြီး ကြင်နာတတ်သည့်ထိုလူငယ်လေးအကြောင်းကိုပြန်တွေးမိရင်း သူ၏မျက်နှာထက်၌ အပြုံးတစ်ခုထွက်ပေါ်လာတော့သည်။
&&&
“ ဟူး....ချောင်ရှန်းရှန်းဆိုတဲ့ မိန်းကလေးကတော့ တကယ့်ကိုမလွယ်ကြောပဲ....”
လူသူကင်းမဲ့သည့်လမ်းမထက်တွင် လေးတိလေးရန်ဖြင့်လမ်းလျှောက်နေသည့်လူငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့်ရေရွတ်လိုက်သည်။
လူငယ်၏အသက်အရွယ်က ဆယ့်ရှစ်နှစ်ဝန်းကျင်သာရှိသေးကာ အသားအရေလွန်စွာကောင်းမွန်ပြီးချောမောကြည့်ကောင်းသည့်မျက်နှာရှိသည်။
လူငယ်၏ခန္တာကိုယ်က အနည်းငယ်သွယ်လျ၍ မိန်းမချောချောသည်ဟုဆိုနိုင်သော်လည်း သူ၏နောက်ကျောတွင်ချိတ်ဆွဲထားသည့်ဓားတစ်လက်ကြောင့် သိုင်းလောကသားတစ်ယောက်ဖြစ်မှန်းသိရှိနိုင်ပေသည် ။
အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားပြီး လူရှင်းသည့်လမ်းမထက်တွင် တစ်ကိုယ်တည်းခရီးဆက်နေသည့်ထိုလူငယ်က ချောင်ထျန်းဟုခေါ်သည့် ချောင်မျိုးနွယ်ဝင်များနေထိုင်ရာအရပ်မှထွက်ခွာလာသည့် ဟောင်ရန်ပင်ဖြစ်ပေသည်။
ဟောင်ရန်မှာ ချောင်မျိုးနွယ်တွင် ရက်အနည်းငယ်သာနေခဲ့ပြီး သိုင်းလောကတွင် ပျံ့နှံ့လာသည့်ဝတ်စုံဖြူကျောင်းတော်သား၏အကြောင်းအရာများကြောင့် ယခုလိုအလောတကြီးထွက်လာခြင်းဖြစ်ပေသည်။
ရှောင်ယောင်တစ်ယောက် သူနှင့်လမ်းခွဲသွားသည်မှာ ရက်များစွာမကြာသေးမီယခုလို သေလုမျောပါးဖြစ်လိမ့်မည်ဟုလူံးဝထင်မထားပေ။
ဓားကျိုးဘုရင်ဆိုသည့်စန်းဟုန်းလျန်က ရှောင်ယောင်၏ဦးလေးဖြစ်ကြောင်းကိုသူသိရှိထားပြီးဖြစ်သည့်တိုင် ရှောင်ယောင့်ကိုစိုးရိမ်ပူပန်နေဆဲဖြစ်သည်။
ထို့ကြောင့် ထိုသတင်းကိုသိသိချင်းနောက်တစ်ရက်တွင် ချောင်မျိုးနွယ်မှထွက်ခွာလာခြင်းဖြစ်ပြီး ထိုစဉ်က သူနှင့်အတူ ချောင်ရှန်းရှန်းဆိုသည့်မိန်းမလှလေးပါ ပါဝင်ခဲ့ပေသည်။
သူ၏ဆရာကိုမျိုးနွယ်သို့ပြန်ခေါ်လိုဟန်တူသည့်ချောင်မျိုးနွယ်ဝင်များက သူ့ကိုလိုလေသေးမရှိအောင်ဂရုတစိုက်ဧည့်ခံခဲ့ပြီး ထိုလူများ၏ဧည့်ဝတ်ကျေပွန်မှုကို သူပင်အားနာရသေးသည်။
ချောင်မျိုးနွယ်သို့သွားစဉ်က အတူပါလာခဲ့သည့်ချောင်ဖေးဟုန်နှင့်သိုင်းမဟာမိတ်မှလူများက မျိုးနွယ်သို့ရောက်ပြီးသုံးရက်အကြာတွင်ပြန်ထွက်သွားခဲ့ရ၍ ယခုအခါ သူနှင့်မိန်းမလှလေးချောင်ရှန်းရှန်းတို့သာအတူထွက်လာရခြင်းဖြစ်သည်။
အနည်းငယ်ရယ်စရာကောင်းသည့်အချက်တစ်ခုက ချောင်မျိုးနွယ်မှလူများမှာ သူနှင့်ချောင်ရှန်းရှန်းကို သဘောတူနေကြခြင်းဖြစ်ပြီး သူ၏ပါရမီနှင့်အရည်အချင်းကိုများစွာသဘောကျနေ၍ဖြစ်သည် ။
မူလကပင် သူ့ကိုအမြင်ကပ်နေသညိ့ ချောင်ရှန်းရှန်းကား ထိုဖြစ်ရပ်များကြောင့် အနည်းငယ်မုန်းတီးသွားသည်ဟုပင်ဆိုရမည်ဖြစ်ပြီး ချောင်မျိုးနွယ်မှထွက်ခွာလာပြီး နောက်တစ်ညတွင် ထိုမိန်းကလေး၏ပညာပြခြင်းကိုခံခဲ့ရသည်။
ထိုညက သူတို့နှစ်ယောက်စားသောက်ဆိုင်တစ်ခုတွင်အနားယူရင်ညအိပ်ခဲ့ကြပြီး နောက်တစ်ရက်၌ ထိုမိန်းကလေးကိုမတွေ့ရတော့ရုံသာမက သူတို့စားသောက်ထားသည်များကိုပါ ဟောင်ရန့်အနေဖြင့်ရှင်းခဲ့ရသေးသည်။
အဆိုးဆုံးအချက်ကား ချောင်မျိုးနွယ်မှလူများပေးလိုက်သည့် ဟောင်ရန်၏မြင်းနက်ကြီးကိုပင် ထိုမိန်းကလေးက ယူဆောင်သွားခြင်းဖြစ်ပြီး ဟောင်ရန်တစ်ယောက် ယခုလိုခြေလျှင်လျှောက်လာရခြင်းဖြစ်တော့၏။
ထို့နောက် အဝေးတွင် အဆောက်အဦးနှင့်ဆင်တူသည့်အရာများကို မှုန်ပြပြမြင်လိုက်ရ၍ မြို့ရွာတစ်ခုခုရောက်ရှိပြီဖြစ်မှန်းသိလိုက်၍ ဟောင်ရန်၏မျက်နှာက ဝင်းပသွားလေသည်။
“ ရှေ့ကိုရောက်မှ နားစရာနေရာရှာပြီး ခရီးဆက်ဖို့မြင်းတစ်ကောင်လောက်ရှာရင်ကောငါးမယါ ။ ဟူး.... အစ်ကိုရှောင်ယောင်နဲ့အတူသွားရင်ပျော်စရာကြီး။ အကုန်သူပဲစီစဉ်သွားတ။ ....”
ဟောင်ရန်၏မျက်နှာထက်၌ တောက်ပသည့်အပြုံးတစ်ခုပေါ်လာပြီးတစ်ကိုယ်တည်းရေရွတ်လိုက်ရင်းမှ ကိုယ်ဖော့ပညာသုံးကာ လျှင်မြန်စွာပြေးထွက်သွားလိုက်သည်။
&&&&
“ မိတ်ဆွေ ဒီမြို့က ချင်းယန်ဓားဂိုဏ်းက ဘယ်နားမှာလဲမသိဘူး....”
ရှောင်ယောင်က မြို့တွင်းသို့ရောက်ရောက်ချင်း အနားတွင်တွေ့သည့်လူတစ်ယောက်ကိုမေးမြန်းလိုက်သည် ။
ခြင်းတောင်းကြီးနှစ်လုံးကိုရှေ့နောက်လျှို၍ ထမ်းပိုးဖြင့်ထမ်းလာသည့်ထိုလူက ဈေးရောင်းဈေးဝယ်ဖြစ်ဟန်တူကာ ရှေ့ခြင်းထဲတွင် ဆေးမြစ်များနှင့် သစ်ဥသစ်ဖုအတော်များများပါဝင်သည်ကိုလည်းမြင်လိုက်ရသည် ။
ရှောင်ယောင်၏မေးခွန်းကြောင့် ထိုလူကသူ၏ပခုံးထက်မှအထမ်းကိုဘေးတွင်ချရင်း အနည်းငယ်စဉ်းစားကာပြန်ဖြေလိုက်သည်။
“ ခင်ဗျပြောတဲ့ဟာကို ကျုပ်ငယ်ငယ်ကကြားဖူးသလိုပဲ ။ ဒါပေမယ့် ကျုပ်ဒီကို မကြာခဏရောက်ဖြစ်ပေမယ့် အဲဒီဂိုဏ်းနာမည်ကိုတော့မကြားဖူးဘူး.....။ ဒီဂိုဏ်းမှမဟုတ်ပါဘူး ဒီမြို့မှာ ဘယ်လိုမျိုးသိုင်းဂိုဏ်းမှမရှိဘူး....”
သိုင်းလောကသားတစ်ယောက်ထက် ချမ်းသာကြွယ်ဝသည့်မိသားစုတစ်ခုမှသခင်လေးတစ်ယောက်နှင့်ပို၍တူနေသည့်ရှောင်ယောင်၏ပုံစံကို ထိုလူကလည်း စိတ်ဝင်တစားအကဲခပ်နေသည်။
ထိုလူ၏အဖြေကိုအကဲခပ်ရခြင်းဖြင့် ချင်းယန်ဓားဂိုဏ်းအကြောင်း ကောင်းစွာမသိမှန်းရိပ်စားမိ၍ ရှောင်ယောင်လည်း ထိုလူ့ကိုနှုတ်ဆက်ကာ ရှေ့သို့ဆက်သွားလိုက်သည်။
ထို့နောက် လမ်းမဘေးတွင်တွေ့ခဲ့သည့်လူအနည်းငယ်ကိုထပ်မံ၍မေးမြန်းသော်လည်းမည်သူမှချင်းယန်ဓားဂိုဏ်းအကြောင်းကိုမကြားဖူးကြ၍ ရှောင်ယောင်လည်း ဇဝေဇဝါပင်ဖြစ်လာခဲ့ရသည် ။
“ ငါလာတာ မြို့များမှားလာတာလား....”
ရှောင်ယောင်လည်း လမ်းမဘေးတွင်ရပ်ကာ လမ်းသွားလမ်းလာများကိုငေးကြည့်ရင်း တစ်ကိုယ်တည်းတွေးလိုက်မိ၏။
ထိုစဉ် သူ၏အနီးသို့ပထမဆုံးမေးခဲ့သည့်လူနှင့် အသက်ငါးဆယ်အရွယ်ရှိသည့်သက်လက်ပိုင်းလူကြီးတစ်ဦးချဉ်းကပ်လာပြီး ထိုလူကြီးက ရှောင်ယောင့်ကိုမေးလိုက်သည်။
“ မောင်ရင်က ချင်းယန်ဓားဂိုဏ်းအကြောင်းကိုစုံစမ်းနေတဲ့လူလား ...”
ထိုလူက သပ်ရပ်သည့်အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လူလက်တန်းစားတစ်ဦးနှင့်ဆင်တူသည်။
သူ၏ကိုယ်ပေါ်မှ ပရဆေးအနံ့အနည်းငယ်ထွက်နေ၍ ဆေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်မည်ဟုခန့်မှန်းရရှိကာ ရှောင်ယောင်လည်း ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ဟုတ်ပါတယ် ကျုပ်အဖိုးလေးက ချင်းယန်ဓားဂိုဏ်းချုပ် ဟူခွန်းနဲ့မိတ်ဆွေတွေပါ....သူက ဂိုဏ်းချုပ်ဟူနဲ့မဆုံဖြစ်တာကြာလို့ ကျုပ်ကို ဒီမြို့ကိုစေလွှတ်ရင်း သာကြောင်းမာကြောင်းအမေးခိုင်းလိုတာပါ....”
&&&&