← Chapters

ပိုက်ဆံအိတ်ပျောက်ဆုံးခြင်း

Vol. 3 Ch. 9

ပိုက်ဆံအိတ်ပျောက်ဆုံးခြင်း

Vol. 3 Ch. 9

ရှောင်ယောင်၏အဖြေကြောင့် ထိုလူကြီး၏မျက်နှာထက်၌ ထူးခြားသည့်အမူအယာတစ်ခုပေါ်လာပြီး ဖြေးညင်းစွာပြောလိုက်သည် ။

“ အင်း.. မောင်ရင်က တကယ်ပဲ ဂိုဏ်းချုပ်ဟူကိုသိတာကိုး....ပြောရမှာတော့စိတ်မကောင်းဘူး ဒါပေမယ့် ချင်းယန်ဓားဂိုဏ်းဒီမှာမရှိတော့တာ ဆယ့်ခုနစ်နှစ်လောက်ရှိပြီ.....”

ထိုလူကြီး၏စကားအဆုံး၌ ရှောင်ယောင်လည်း အံ့အားသင့်သွားပြီး နားမလည်ဟန်ဖြင့်ပြန်မေးလိုက်သည်။

“ ဘာကြောင့် သူတို့ကဒီမှာမရှိတော့တာလဲ....တစ်နေရာရာကိုရွေ့ပြောင်းသွားတာလား ...”

ရှောင်ယောင်၏မေးခွန်းကို ထိုလူကြီးက ခေါင်းယမ်းပြရင်းစိတ်မကောင်းဖြစ်ဟန်ဖြင့်ပြောလိုက်သည်။

“ ချင်းယန်ဓားဂိုဏ်းဆိုတာ နှစ်ရာနဲ့ချီပြီးတည်ရှိလာခဲ့တဲ့အပြင် ကျုပ်တို့ ချင်းယန်မြို့လေးနဲ့အနီးတစ်ဝိုက်မှာ အကြီးဆုံးသိုင်းဂိုဏ်းတစ်ခုပေါ့ ။

ဒီမြို့ရဲ့နာမည်ကတောင် ချင်းယန်ဓားဂိုဏ်းရဲ့အမည်ကိုစွဲပြီးဖြစ်လာခဲ့တာပဲ။ သူတို့က ဖြောင့်မက်ပြီးအများအကျိုးသယ်ပိုးတဲ့လူတွေဖြစ်ပြီး သူတို့ပျက်စီးသွားတာ ကျုပ်တို့မြို့လေးအတွက်တော့ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးလို့ပဲပြောရမယ်.....”

ထိုလူကြီး၏စကားကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် မကောင်းသည့်ခံစားချက်များရရှိလိုက်ပြီး ဘေးဘက်ရှိလူကလည်း ဝင်ပြောလိုက်သည်။

“ ကျုပ်မှတ်မိပြီ ....ကျုပ်ငယ်ငယ်က ဖေဖေနဲ့မြို့တက်လာရင် ချင်းယန်ဓားဂိုဏ်းက သိုင်းသမားတွေကိုတွေ့ဖူးတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ကိုလုံးဝမတွေ့ရတော့ဘူး....”

ထိုလူ၏စကားကိုခေါင်းညိမ့်ပြလိုက်ပြီး လူကြီးကဆက်ပြောလိုက်သည်။

“ အမှန်ပဲ....ချင်းယန်ဓားဂိုဏ်းကဆိုတာနဲ့မြို့ထဲမှာ ဘယ်နေရာသွားသွား လူလေးစားခံရခဲ့တာပေါ့ ။

ပြီးတော့ သူတို့ရဲ့ဆောင်ရွက်မှုတွေကြောင့်ပဲ ဒီနယ်တစ်ဝိုက်မှာ သူခိူးဓားပြဆိုတာ အခုချိန်ထိအောင်ကင်းစင်နေခဲ့တာ ။

မိုးကောင်းကင်က လူကောင်းတွေကိူမမျှတခဲ့ဘူး ။

ဒီအဖြစ်ဆိုးတွေက လွန်ခဲ့တဲ့ဆယ့်ခုနစ်နှစ်ကဖြစ်သွားတာပဲ။

အဲဒီမတိုင်ခင် နှစ်နှစ်သုံးနှစ်လောက်မှ ကျုပ်တို့မြို့ကို သိုင်းသမား‌အချို့ရောက်လာသေးတယ် ။

ချင်းယန်ဓားဂိုဏ်းကလူတွေစကားအရဆိုရင်သူတို့က ကျုပ်တို့နဲ့ဝေးကွာတဲ့ဒေသက ချင်းခွန်ဂိုဏ်းလို့ခေါ်တဲ့ဂိုဏိးကလူတွေပဲ။

သူတို့ရဲ့ချင်းခွန်ဂိုဏ်းကရန်သူတွေလက်ချက်ကြောင့်ပျက်စီးခဲ့ပြ ဂိုဏ်းချုပ်ဟူရဲ့အကူအညီနဲ့ ချင်းယန်ဓားဂိုဏ်းရဲ့ဘေးမှာ သူတို့ရဲ့ဂိုဏ်းကိုအသစ်ပြန်ပြီးတည်ထောင်ခဲ့တယ်။

ဂိုဏ်းထက်သင်တန်းကျောင်းနဲ့ပိုပြီးဆင်တူတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အင်အားက နည်းပါးပြီးနောက်ပိုင်းမှာ ဂိုဏ်းတစ်ခုအဖြစ်ပီပီပြင်ပြင်ဖြစ်မလာလို့ပဲ ။

ပြီးတော့ မြို့ထဲကလူငယ်လူရွယ်တွေကိုပါသိုင်းပညာသင်ကြားပေးတော့ ကျုပ်တို့က ချင်းခွန်သင်တန်းကျောင်းလို့ပဲခေါ်လိုက်ကြတာ.။

မြို့ရဲ့ ကာကွယ်သူလို့ပြောလို့ရတဲ့ ချင်းယန်ဓားဂိုဏ်းအပြင် ချင်းခွန်သင်တန်းကျောင်းကလည်း မြို့အတွက် အများကြီးအကူအညီရစေခဲ့တာပေါ့....”

လူကြီး၏မျက်နှာထက်၌ အတိတ်ကိုပြန်လည်အောင့်မေ့သည့်အရိပ်အယောင်များထွက်ပေါ်လာပြီး လေးပင်သည့်သက်ပြင်းတစ်ချက်ချရင်းဆက်ပြောလိုက်သည်။

“ ဒီလိုနဲ့သုံးနှစ်လောက်ကြာပြီးတဲ့နောက်မှာ ကြောက်စရာ‌ကောင်းတဲ့အဖြစ်အပျက်တွေစတင်ဖြစ်ပျက်လာခဲ့တယ်။

အဲဒါက ချင်းယန်ဓားဂိုဏ်းရဲ့ဂိုဏ်းချုပ်ဟူနဲ့ ချင်းခွန်သင်တန်းကျောင်းရဲ့ခေါင်းဆောင်တို့ တစ်ညအတွင်းမှာ အကြောင်းမဲ့သေဆုံးသွားခဲ့ကြပြီး နောက်ရက်တွေမှာ အဲဒီအဖွဲ့အစည်းနှစ်ခုကလူတွေ တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ဆိုသလိုသေဆုံးမှုတွေဖြစ်လာခဲ့တာပဲ။

ဒီကိစ္စကို မြို့စားတောင်မှစူံစမ်းခဲ့ပေမယ့် သေဆုံးသွားတဲ့လူတွေက အကြောင်းပြချက်မရှိဘဲသေဆုံးခဲ့တာဖြစ်ပြီး တစ်ညကိုနှစ်ယောက်သုံးယောက်လောက်ကနေစပြီး နောက်ညတွေမှာ သေဆုံးသူက ပိုပြီးတိုးပွားလာခဲ့တယ် ။

ဒါကြောင့်လည်း ချင်းယန်ဓားဂိုဏ်းနဲ့ချင်းခွန်သင်တန်းကျောင်းကသိုင်းသမားတွေက အချိန်ကြာလာတာနဲ့ တုန်လှုပ်ချောက်ခြားလာကြပြီး သူတို့ရဲ့ဂိုဏ်း‌အဖွဲ့တွေကိုစွန့်ခွာပြီးထွက်ပြေးကုန်ကြတော့တာပဲ ။

ဒီလိုနဲ့ လနည်းနည်းကြာပြီးတဲ့နောက်မှာ ဂိုဏ်းအဖွဲ့နှစ်ခုလုံးအဖွဲ့ဝင်မရှိတောဘဲ အဲဒီအင်အားစုနှစ်ခုလည်း အလိုလိုပျက်စီးသွားတော့တာပဲ....”

လူကြီးက သူ၏စကားကိုအဆုံးသတ်လိုက်သည်။

ထိုဖြစ်ရပ်က လွန်ခဲ့သည့်နှစ်များစွာကဖြစ်ပျက်ခဲ့ခြင်းဖြစ်သော်လည်း စဉ်းစားမိတိုင်းတုန်လှုပ်‌မှုကိူခံစားနေရဆဲပင်။

သို့သော်လည်း အချိန်ကာလ၏တိုက်စားမှုနှငိ့ နေ့စဥ်နှင့်အမျှဖြစ်ပျက်နေသည့်အကြောင်းကိစ္စများစွာကြောင့် ချင်းယန်ဓားဂိုဏ်းနှင့်ချင်းခွန်သင်တန်းကျောင်းတို့၏ဖြစ်ရပ်မှာ မေ့ပျောက်ခံခဲ့ရပြီး ယခုဆိုလျှင် သက်လက်ပိုင်းအရွယ်ထက်ပို၍ကြီးရင့်သူများသာထိုအကြောင်းနှင့်ပတ်သတ်၍ ကောင်းစွာသိရှိကြတော့ခြင်းဖြစ်၏။

ထူးခြားဆန်းကြယ်သည့်ချင်းယန်ဓားဂိုဏ်း၏အဖြစ်ကြောင့် ရှောင်ယောင်လည်း မျက်မှောင်ကြုတ်ကာ အချိန်နည်းငယ်တွေးတောလိုက်ပြီး မေးမြန်းလိုက်သညိ။

“ ကျုပ်ကို ချင်းယန်ဓားဂိုဏ်းနဲ့ ချင်းခွန်သင်တန်းကျောင်းတို့ရှိခဲ့တဲ့နေရာကို ညွန်ပြပေးလို့ရမလား....”

&&&&

ချင်းယန်ဓားဂိုဏ်း၏တည်နေရာမှာ မြို့မြောက်ပိုင်း ဆိတ်ငြိမ်ရပ်ကွက်တွင်ရှိသည့် ခြံဝန်းကျယ်တစ်ခုဖြစ်ပြီး သူနှင့်မျက်နှာချင်းဆိုင်မှာ ချင်းခွန်သင်တန်းကျောင်းဟုလူအများခေါ်ကြသည့်ချင်းခွန်ဂိုဏ်း၏နေရာဖြစ်သည်။

ယခုအခါ လူသူမနေထိုင်တော့သည်က ဆယ်ခုနစ်နှစ်နီးပါးရှိပြီဖြစ်၍ ပြုပြင်ထိမ်းသိမ်းသူကင်းမဲ့ကာ ဂိုဏ်းနှစ်ခုလုံး၏အဆောက်အဦးများမှာ အိုမင်းဟောင်းနွမ်းနေကြပြီး ဖုန်အလိမ်းလိမ်းကပ်ညိနေတော့သည်။

ပင့်ကူအိမ်များက ကျိုးပဲ့နေသည့်တံခါးများ ၊ ပြတင်းပေါက်များထိပ်တွင် အုံဖွဲ့နေကြသလို နံရံများကြမ်းပြင်များတွင်လည်း ခြေချစရာပင်မကောင်းလောက်အောင်ဖုန်မှုန့်များထူထပ်နေသည် ။

ရှောင်ယောင်လည်း ချင်းယန်ဓားဂိုဏ်းသာမက ချင်းခွန်ဂိုဏ်း၏နေရာကိုပါ အသေအချာလိုက်လံရှာဖွေခဲ့သော်လည်း စွန့်ပစ်ထားသည့်ပစ္စည်းများ အဆောက်အဦးဟောင်းများမှလွဲ၍ အခြားသဲလွန်စတစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိခြင်းမရှိပေ။

ရုတ်တရက် အမည်မသိအရာတစ်ခုကြောင့် အလိုလိုပျက်စီးသွားရသည့် ဂိုဏ်းနှစ်ခု၏အဖြစ်က များစွာထူးဆန်းပြီး ထိုနောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခုရှိကြောင်းကျိန်းသေပေါက်ရျပ်စားမိသည့်တိုင် မည်သည့်အရာမှရှာဖွေတွေ့ရှိခြင်းမရှိပေ။

ဂိုဏ်းနှစ်ခု၏လက်ကျန်အဖွဲ့ဝင်များကလည်းကြောက်စရာကောင်းသည့်ဖြစ်ရပ်များကြောင့် ဂိုဏ်းကိုစွန့်ခွာထွက်ပြေးကြသည်မှာနှစ်များစွာကြာပြီဖြစ်၍ သူတို့ကိူလိုက်လံရှာဖွေရန်ပင်လွယ်ကူခြင်းမရှိတော့ပေ။

ထို့ကြောင့် ရှောင်ယောင်လည်း ပရဆေးဆိုင်ပိုင်ရှင်ဆိုသည့် သက်လက်ပိုင်းလူကြီးထံမှ နောက်ဆုံးသိခဲ့ရသည့်သတင်းအချက်အလက်အတိုင်း တည်နေရာတစ်ခုသို့သွားရောက်ရန်ဆုံးဖြတ်၍ ချင်းယန်မြို့မှထွက်ခွာလာတော့သည်။

ရှောင်ယောင်ထွက်ခွာလာပြီး အချိန်များစွာမကြာမီ မြို့၏အနောက်ဘက်မှ အသက်လေးဆယ်အရွယ်ဖျင်ကြမ်းဝတ်စုံဝတ်လူတစ်ဦးဝင်ရောက်လာပြီး ချင်းယန်ဓားဂိုဏ်း၏တည်နေရာနှင့် အဖြူရောင်သိုင်းဝတ်စုံဝတ်လူရွယ်တစ်ယောက်၏အကြောင်းတို့ကို မေးမြန်းစုံစမ်းနေပေတော့သည် ။

&&&&

“ ငွေရှင်းမယ်ဟေ့....”

ရွာငယ်လေးအတွင်းမှ လမ်းဘေးစားသောက်ဆိုင်ထဲတွင် ဟောင်ရန်က စားသောက်ပြီးစီး၍ ဆိုင်လုလင်လေးကိုအော်ခေါ်လိုက်သည်။

မြေစိုက်တဲကလေးကို စားသောက်ဆိုင်ဖြင့်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး များစွာခမ်းနားခြင်းမရှိသော်လည်း ရိုးရှင်းကာ သူ့အရပ်နှင့်သူဇာတ်ကိုက်ညီလျက်ရှိသည်။

နံနက်ပိုင်းဖြစ်၍ ဆိုင်ထဲတွင် လူရှင်းနေပြီးသူ့လိုခရီးသွားနှစ်ယောက်သုံးယောက်သာ ခရီးတစ်ထောက်နားရင်း စားသောက်နေခြင်းဖြစ်၏။

ဟောင်ရန်လည်း အများနည်းတူဟင်းရွက်ကြော်တစ်ပွဲနှင့်ထမင်းလွတ်တစ်ပန်းကန်သာမှာစားခဲ့ပြီး သူ့အနေဖြင့် များစွာစားသောက်လိုလျှင်ပင် ငွေများစွာမကျန်တော့ပေ။

ထို့ကြောင့် စွန်းအိမ်တော်ရောက်သည်အထိ ငွေကြေးကိုချွေတာသူံးစွဲရန်ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ယခုလိုကြပ်ကြပ်တည်းတည်းအချိန်အခါရောက်လျှင် နှမျောတွန့်တိုခြင်းကင်းမဲ့ပြီးအသုံးအစွဲရက်ရောသည့်ရှောင်ယောင့်ကိုသတိရလာမိပြန်သည်။

“ ငွေသုံးစနဲ့တစ်ဝက်ကျပါတယ်အစ်ပိုလေး.....”

အဝတ်စုတ်တစ်ထည်ကိုပခုံးပေါ်တင်ထားသည့်ဆိုင်လုလင်လေးက အနီးသို့ရောက်လာပြီးဟောင်ရန်၏ဝိုင်းမှပန်းကန်လွတ်များကိုသိမ်းဆည်းရင်းတွက်ချကပေးလိုက်သည်။

ချွေတာစားရ‌သောက်ရခြင်းနှင့်လိုက်ဖက်သည့် ကျသင့်ငွေကြောင့် ဟောင်ရန်လည်းကျေနပ်သွားကာ ငွေရှင်းရန် သူ၏ခါးမှ ပိုက်ဆံထည့်ထားသည့်အိတ်ကိုစမ်းသပ်လိုကိသည်။

ပုံမှန်ဆိုလျှင် မြို့အရပ်စားသောက်ဆိုင်များ၌ တစ်နပ်စာကို အနည်းဆုံး ငွေတစ်တုံးအထိကျသင့်မည်ဖြစ်ပြီး ယခုကျသင့်ငွေ၏သုံးဆခန့်အထိပေးရပေမည်။

သို့သော် ဟောင်ရန်၏စိတ်ထဲရှိကျေနပ်မှုက ကြာကြာမခံဘဲ မျက်နှာကွက်ခနဲပျက်သွားကာ ခါးပတ်ပတ်လည်ကိုအသေအချာရှာဖွေလိုက်သည်။

“ ဟိုက်....ပိုက်ဆံအိတ်ဘယ်ရောက်သွားတာလဲ.....”

ဟောင်ရန်လည်း သူ၏တစ်ကိုယ်လုံးအနှံ့စမ်းသပ်ပြီးသည့်တိုင် ပိုက်ဆံအိတ်ကိုရှာမတွေ့၍ အံ့အားသင့်နေသည်။

ဆိုင်လုလင်‌လေးက လက်ထဲမှပန်းကန်အလွတ်များကိုအသာချကာ ဘေးမှမျက်စေ့တောက်ထောက်ကြည့်နေပြီး ဟောင်ရန်သာ ငွေမရှင်းဘဲထွက်ပြေးမည်ပြင်ပါက ဖမ်းဆီးရန်အင်္ကျီလက်စနှစ်ဖက်ကိုပင် မသိမသာပင့်တင်ထားလေသည်။

သူ၏အပြုအမူကိုရိပ်စာမိ၍ ဟောင်ရန်မှာပို၍ပင်အံ့ဩရှက်ရွံ့လာရပြီး သူ၏နောက်ကျောမှအဝတ်အိတ်ကိုပင်ဖြေချကာ ပိုက်ဆံအိတ်အထားမှားသည်လားဆိုသည်ကိုရှာဖွေနေရသည် ။

ထိုအခိုက် ဆိုင်ထောင့်တွင်စားသောက်နေသူက ငွေရှင်းပြီး၍ထရပ်လိုက်ကာ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

“ အော် အခုခေတ်လူငယ်တွေများ ရုပ်ကလေးသနားကမားနဲ့မထင်ရဘူး....ငွေမပါရင်လည်း အစထဲက မစားဘဲနေတာမဟုတ်ဘူး....”

ထိုလူက အသက်ငါးဆယ်ကျော်အရွယ်ရှိကာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သန့်ပြန့်ရည်မွန်၍ အထက်တန်းကျသည့်သွင်ပြင်ရှိပေသည်။

သူ၏စကားသံကများစွာကျယ်လောင်ခြင်းမရှိသည့်တိုင် ဆိုင်ထဲရှိလူများကောင်းစွာကြားနိုင်ရန်လုံလောက်ကာ စားသောက်နေသည့်လူနှစ်ယောက်သုံးယောက်က ဟောင်ရန့်ကိုဝိုင်းကြည့်လာသည် ။

ထိုလူများ၏ထူးဆန်းသည့်အကြည့်များကြောင့် ဟောင်ရန်၏မျက်နှာက ရှက်စိတ်ဖြင့်နီရဲလာပြီး တွင်းတစ်တွင်းတူးကာ ဝင်ပုန်းလိုစိတ်များပင်ဖြစ်ပေါ်လာမိသည်။။

ဆိုင်လုလင်လေးကား အဖြူရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် ပို၍ပင်သတိထားလာဟန်တူပြီး ဟောင်ရန့်ကိုတည့်တည့်ပင်စိုက်ကြည့်‌နေသည်။ ။

အဝတ်အိတ်ကိုစားပွဲပေါ်တွင်တင်၍ နီရဲနေသည့်မျက်နှာကြီးဖြင့် ခေါင်းငုံ့ကာ ပိုက်ဆံအိတ်သဲကြီးမဲကြီးရှာဖွေနေသည့်ဟောင်ရန်ကား အခြားလူများ၏အကြည့်ကြောင့်ခေါင်းပင်မမော့ဝံ့တော့ပေ။

မည်မျှရှာဖွေပါစေ ပိုက်ဆံအိတ်ကိုလည်းရှာမတွေ့ဘဲ သူ၏စိတ်ထဲတွင်ရှက်ရွံ့စိတ်ကြောင့် ထူပူနေပြီဖြစ်သည်။။

တစ်လမ်းလုံးသူ၏ငွေအိတ်ကိုခါးတွင်ပင်အလွယ်ချိတ်လာခဲ့ကာ ဆိုင်ထဲတွင်ထိုင်စဉ်ကပင်ငွေရေတွက်ကြည့်ခဲ့‌ပြီး ငွေတုံးအနည်းငယ်နှင့် ငွေစသုံးလေးစာကျန်ရှိတော့ခြင်းကြောင့် ချွေတာသုံးစွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏ ။

&&&&

All Chapters