သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်
Vol. 3 Ch. 10
ထိုအခိုက် ဆိုင်ဝသို့ရောက်ရှိသွားသည့်အဖြူရောင်ဝတ်စုံဝတ်လူက သူ၏အဝတ်စုံအတွင်းမှ အနက်ရောင်ပိုက်ဆံအိတ်ကလေးကိုထုတ်၍ လက်ထဲတွင်လှည့်ပတ်ဆော့ကစားရင်းထွက်သွားသည်ကိုမြင်လိုက်ရသည် ။
ထိုမြင်ကွင်းကြောင့် ရှောင်ယောင်၏မျက်ဝန်းများက ပြူးကျယ်သွားပြီး ထိုလူ့ကိုလက်ညိုးထိုးကာ အံ့အားသင့်စွာဖြင့်အော်ဟစ်လိုက်မိသည်။။
“ ကျုပ် ကျုပ်ရဲ့ပိုက်ဆံအိတ်ပဲ....”
အဖြူရောင်ဝတ်စုံဝတ်လူကား ဟောင်ရန်၏စကားကိုမကြားဘဲ ဆိုင်အပြင်သို့ထွက်ခွာသွားပြီဖြစ်သည်။
ထို့ကြောင့် ဟောင်ရန်လည်း စားပွဲမှဝုန်းခနဲထရပ်လိုက်ပြီး ထိုလူ၏နောက်သို့လိုက်သွားမည်ပြုစဉ် သူ့ကိုမျက်ခြေမပျက်စောင့်ကြည့်နေသည့်ဆိုင်လုလင်လေးက ဟောင်ရန်၏ရှေ့တွင်ပိတ်ရပ်ကာ အနည်းငယ်တင်းမာသည့်အသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုလေး ငွေမရှင်းရသေးဘဲ ထွက်သွားလို့မရဘူးလေ....”
ဆိုင်လုလင်လေး၏စကားကြောင့် ဟောင်ရန်လည်း စိတ်ရှုပ်စွာဖြင့်ခေါင်းကုတ်လိုက်ရင်းအလျှင်အမြန်ပြောလိုက်သည် ။
“ ဟိုမှာ စောစောကလူရဲ့လက်ထဲက ကျုပ်ရဲ့ပိုက်ဆံအိတ်ဗျ....”
ဟောင်ရန်လည်း လွန်ခဲ့သည့်အချိနိအနည်းငယ်က အဖြူရောင်ဝတ်စုံဝတ်လူဆိုင်ထဲသို့ဝင်ရောက်စဉ် သူနှင့်တိုက်မိမလိုဖြစ်ခြင်းကိုပြန်တွေးမိလိုက်သည်။
ထိုစဉ်က သူ့အနေဖြင့်မည်သို့မှထူးထူးခြားခြားမခံစားရသော်လည်း ယခုပြန်တွေးကြည့်လိုက်မှ ထိုလူက သူ၏ဝိုင်းအနီးတမင်ရောက်လာခြင်းဖြစ်မည်ဟုသတိထားလိုက်မိ၏။
စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို ဟောင်ရန်လည်း ယခုမှ အဖြူရောင်ဝတ်စုံဝတ်လူ၏မသင်္ကာစရာကောင်းသည့်အပြုအမူများကိုပြန်တွေးမိလိုက်ခြင်းဖြစ်၏။။
စိတ်မကောင်းစရာကား ဆိုင်လုလင်လေးက ဟောင်ရန်၏ရှင်းပြမှုကိုယုံကြည်ဟန်မတူပါချေ။
“ အဲဒါက ကျုပ်တို့နဲ့မဆိုင်ပါဘူး.....ငွေမရှင်းဘဲနဲ့တော့ ဆိုင်အပြင်အထွက်မခံနိူင်ဘူး....”
ဆိုင်လုလင်လေး၏လေသံက သိသိသာသာပြောင်းလဲသွားပြီး ဆိုင်နောက်ဘက်မှလူများပင်ထွက်ကြည့်နေကြပြီဖြစ်သည်။
သူ့ကိုလူလိမ်တစ်ယောက်လိုကြည့်ရှုနေကြသည့်လူများ၏ကြားတွင် ဟောင်ရန်တစ်ယောက် ရှက်ရွံ့ဒေါသထွက်လာပြီး လက်ရှိအကြပ်အတည်းမှလွတ်မြောက်နိုင်မည့်နည်းကိုလျှပ်တပြတ်စဉ်းစားမိလိုက်သည်။
“ ကောင်းပြီ ကျုပ်စားသောက်ထားတာတွေအတွက် ပြန်ပြီးကျေစေရလိမ့်မယ်....”
&&&
ချင်းယန်မြို့နှင့် လီတစ်ရာနီးပါးဝေးကွာသည့်တောအုပ်တစ်ခုထဲတွင် .....
ရေစီးကျသံများက တဝုန်းဝုန်းဆူညံနေပြီး ပေပေါင်းများစွာ မြင့်မားသည့်ရေတံခွန်ကြီးမှ ရေလုံးကြီးများက အောက်ဘက်ရှိကျောက်တုံးများပေါ်သို့ ဆူညံစွာစီးကျနေသည်။
အူဇီမြစိဟု ခေါ်သံခေါ်များခေါ်ဆိုသည့်မြစ်၏ မြစ်လက်တက်တစ်ခုက တောအုပ်တွင်းသို့စီးဝင်နေခြင်းဖြစ်ကာ ချောက်သဖွယ်ဖြစ်ပေါ်နေသည့်နေရာ၌ ရေတံခွန်တစ်ခုဖြစ်ပေါ်နေခြင်းဖြစ်၏ ။
ထိုမှတစ်ဆင့် အောက်ဘက်ချောင်းငယ်ကလေးထဲသို့စီးဝင်နေပြီး ချောင်းငယ်၏အဆုံးသတ်က တောအုပ်၏အပြင်ဘက်နေရာများသို့ဖြစ်သည်။
ရေစီးသံတဝုန်းဝုန်းက အသဲသားဖွယ်ရာကောင်းသလို ချောက်အတွင်းမှပြန်တက်လာသည့်ရေခိုးရေငွေ့များနှင့်ရေမှုန်ရေမွှားများက မိုးစက်မိုးပေါက်များအလားတဖွားဖွားဖြာထွက်လျက်ရှိသည် ။
“ ဟူး.... တော်တော်လှတဲ့ရေတံခွန်ပါလား.....”
ရေတံခွန်း၏ထိပ်ဘက်တွင် အဖြူရောင်သိုင်းဝတ်စုံဝတ်လူငယ်တစ်ယောက်ရှိနေပြီး ပန်းချီကားတစ်ချပ်သဖွယိအေးချမ်းလှပသည့်မြင်ကွင်းကိုငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုလူငယ်ကား ချင်းယန်မြို့မှထွက်ခွာလာသည့်ရှောင်ယောင်ပင်ဖြစ်ပြီး ချင်းယန်ဓားဂိုဏ်းနှင့်ချင်းခွန်ဓားဂိုဏ်းတို့၏ ဘိုးဘေးပူဇော်ပွဲကျင်းပရာနေရာကိုလာရောက်ကြည့်ရှုခြင်းဖြစ်သည်။
ဂိုဏ်းနှစ်ခု၏တည်နေရာက အတော်ပင်ဝေးကွာသော်လည်း သူတို့၏အလယ်ရှိဤရေတံခွန်အနီးတွင် ဘိုးဘေးပူဇော်ရာနေရာရှိပြီးတစ်နှစ်တစ်ကြိမ်ပူဇော်ပွဲကျင်းပကြသည်ဟုသိရသည်။
ဤသည်က လွန်ခဲ့သည့်နှစ်များစွာကဖြစ်ကာ ယခုအခါ ရေတံခွန်ထိပ်နှင့်မလှမ်းမကမ်းတွင် ဟောင်းနွမ်းပျက်စီးနေပြီး ကျောက်တုံးအကျိုးအပဲ့များပြည့်နေသည့်နေရာတစ်ခုကိုသာရှာဖွေတွေ့ရှိခဲ့သည်။
ချင်ယန်ဓားဂိုဏ်းနှင့်ချင်းခွန်ဂိုဏ်းမှာ လုံးဝပျက်စီးသွားပြီဖြစ်၍ သူတို့၏ဘိုးဘေးပူဇော်ရာနေရာကိုဂရုမစိုက်နိုင်သည်က သဘာဝပင်ဖြစ်သည် ။
ထို့ကြောင့်ရှောင်ယောင်လည်း အကြံကုန်ဂဠုန်ဆားချက် ဆိုသည့်စကားပုံအတိုင်း ရေတံခွန်ကိုငေးမောရင်းမည်သို့ဆက်လက်လုပ်ဆောင်ရမည်ကိုတွေးတောနေခြင်းဖြစ်၏။
“ တံဆိပ်ပြားတွေရဲ့တန်ဖိုးက မသေးတော့ ငါနဲ့အတူတစ်ချိန်လုံးယူသွားဖို့လည်းမသင့်လျော်ဘူး.....ဒီပုံစံအတိုင်းဆိုရင် ကျောင်းတော်ကိုပြန်ပြီး အဖိုးလေးဆီပြန်အပ်ရမယ့်ပုံဖြစ်နေတယ် ။ ဟူး....သိုင်းပြိုင်ပွဲကိုသွားချင်ပါတယ်ဆိုမှ....”
ရှောင်ယောင်လည်း တစ်ကိုယ်တည်းတွေးတောရင်း လက်ထဲရှိအနက်ရောင်တံဆိပ်ပြားနှစ်ခုကို ရင်ဘက်အတွင်းသို့ပြန်သိမ်းလိုက်သည်။
ထိုအခိုက် နောက်ဘက်ဆီမှ တစ်စုံတစ်ယောက်ချဉ်းကပ်လာသည်ကိုအာရုံခံလိုက်မိကာ ရှောင်ယောင်၏အမူအယာကတည်ငြိမ်သွားပြီး ချက်ခြင်းနောက်လှည့်ကြည့်လိုက်သည်။
သူနှင့်ခြေလှမ်းအနည်းငယ်အကွာတွင် ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီး သက်လက်ပိုင်းအရွယ်ရှိသူတစ်ဦးကိုမြင်လိုက်ရသည်။
ထိုလူက သာမန်ရုပ်ရည်သာရှိပြီး ထူးခြားမှုမရှိသော်လည်း သူသတိမထားမိလိုက်ခင်မှာပင် အနီးသို့ချဉ်းကပ်လာနိုင်သူဖြစ်၍ ရှောင်ယောင်မှာ မပေါ့ဆဝံ့ဘဲ သတိကြီးစွာထားကာ မေးလိုက်သည်။
“ မိတ်ဆွေ ဘာကိစ္စရှိလို့ပါလဲ....”
ရှောင်ယောင်၏အပြုအမူကယဉ်ကျေးသော်လည်း ဖျင်ကြမ်းဝတ်စုံဝတ်လူက ဂရုစိုက်ဟန်မတူဘဲ ရှောင်ယောင့်ကို အရောင်တဖျက်ဖျက်လက်နေသည့်မျက်ဝန်းများဖြင့်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။
“ စောစောက မင်းကိုင်ထားတဲ့တံဆိပ်ပြားနှစ်ခုကို ငါ့ကိုပေးစမ်း....”
ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ ရှင်းလင်းသည့်စကားကြောင့် ရှောင်ယောင်၏စိတ်ထဲ၌ အချက်လေးခေါင်းလောင်းသံများမည်ဟည်းလာပြီး ထပ်၍မေးလိုက်သည်။
“ ခင်ဗျားက တံဆိပ်ပြားတွေကိုဘာဖြစ်လို့ လိုချင်နေရတာလဲ....”
ရှောင်ယောင်၏မေးခွန်းကြောင့် ထိုလူ၏ဟန်အမူအယာကင်းမဲ့သည့်မျက်နှာထက်၌ စိတ်မရှည်သည့်အရိပ်အယောင်တစ်ခုပေါ်လာပြီး ခေါင်းယမ်း၍ရေရွတ်လိုက်သည်။
“ အသာတကြည်မပေးရင်လည်း အားသုံးပြီးလုယူရတာပေါ့....ဒီတစ်ကြိမ်တော့ နှောင့်ယှက်မယ့်လူမရှိတော့ပါဘူး....”
ဖျင်ကြမ်းဝတ်စုံဝတ်လူ၏စကားများကို ရှောင်ယောင့်အနေဖြင့်သဘောမပေါက်သော်လည်း သူ၏မျက်စေ့ရှ့မှာပင် ထိုလူ၏ခန္တာကိုယ်က ဖျက်ခနဲရွေ့လျားလာပြီး သူ၏လက်အစုံက တံဆိပ်ပြားနှစ်ခုသိမ်းဆည်းထားသည့် ရှောင်ယောင်၏ရင်ဘက်ဆီသို့ဦးတည်လာပေသည်။
ထိုလူ၏ပုံစံကသာမန်သာဖြစ်သော်လည်း သူ၏လှုပ်ရှားမှုကလွန်စွာမြန်ဆန်လှပြီးရှောင်ယောင်မြင်ဖူးသမျှလူများထဲတွင် ကိုယ်ဖော့ပညာအကောင်းဆုံးဟုဆိုနိုင်သည်။
သို့သော် အစောပိုင်းကပင် ကြိုတင်သတိထားနေသည့်ရှောင်ယောင်ကား တစ်ဖက်လူလှုပ်ရှားလာသည်နှင့်ထိတ်ထိတ်ပြာပြာဖြစ်မသွားဘဲ အရက်မူးခြေလှမ်းကွက်ကိုသုံးကာ ပြိုင်ဘက်၏တိုက်ကွက်များကိုရှောင်တိမ်းလိုက်သည် ။။
သို့တိုင် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်အစုံက ရှောင်ယောင်ရှောင်တိမ်းသည့်ဘက်သို့လိုက်ပါလာပြီး ကုတ်ဆွဲလိုက်ရာ ရှောင်ယောင်လည်း ပွတ်ကာသီကာလေးရှောင်တိမ်းပြီးမှလွတ်မြောက်သွားလေသည်။
“ ကောင်းလိုက်တဲ့လှုပ်ရှားမှုသိုင်း....”
ဤသည်က သူတို့နှစ်ဦးစလုံး၏စိတ်ထဲတွင်တွေးလိုက်မိသည့်အတွေးဖြစ်၏။
သိုင်းလောကတွင် ကိုယ်ဖောညာကောင်းသူများပြားလှသော်လည်း လှူပ်ရှားမှုသိုင်းကိုပါလေ့ကျင့်ထားသူရှားပါးပြီး တိုက်ပွဲထဲတွင်အသုံးပြုနိုင်သည့်လူအရေအတွက်ကလက်ချိုးရေနိုင်လောက်အောင်နည်းပါးသည်။
ရှောင်ယောင်လေ့ကျင့်ထားသည့် အရက်မူးခြေလှမ်း သို့မဟုတ် မသေမျိူးနတ်သားအရက်မူးရှစ်ကွက်က တေလေဂိုဏ်း၏မူပိုင်သိုင်းပညာတစ်ခုဖြစ်ပြီးကိုယ်ဖော့ပညာနှင့်လှုပ်ရှားမှုသိုင်းတွဲလျက်ပါဝင်သည့်ပညာရပ်တစ်ခုဖြစ်၍ ရှောင်ယောင်၏ကိုယ်ဖော့ပညာကထိပ်တန်းအဆင့်ရှိရုံသာမက အရက်မူးသိုင်းဖြင့် အဆင့်တူများ၏တိုက်ခိုက်မှုကိုတစ်ချိန်လုံးရှောင်တိမ်းနိုင်သည်အထိအစွမ်းထက်ပေသည်။
ယခု ဖျင်ကြမ်းဝတ်စုံဝတ်လူကလည်း ကိုယ်ဖော့ပညာကြောက်မက်ဖွယ်ကောင်းရုံသာမက လှုပ်ရှားမှုသိုင်းကိုပါလေ့ကျင့်ထားပုံပေါ်ပြီး သူ၏တိုက်ကွက်နှစ်ခုလွဲချော်သွားသည်နှင့် ရှောင်ယောင့်ကိုနောက်ဆက်တွဲတိုက်ကွက်များဖြင့်ဆက်တိုက် တိုက်ခိုက်လာတော့သည်
ထိုလူ၏တိုက်ကွက်များက ရှောင်ယောင့်ကိုဦးတည်တိုက်ခိုက်ခြင်းမဟုတ်ဘဲ တံဆိပ်ပြားနှစ်ခုကိုအရယူရန်ရည်ရွယ်ချက်ဖြင့်ဦးတည်လာခြင်းဖြစ်ရာ ရှောင်ယောင်လည်းအရက်မူးခြေလှမ်းကွက်ကိုသုံး၍ တစ်ချိန်လုံးရှောင်တိမ်းနေရသည်။
“ ဟူး....”
“ ဝှစ်....ဝှစ်....”
တစ်ယောက်ကိုတစ်ယောက်ထိတွေ့ခြင်းမရှိသည့်တိုင် ပတ်ဝန်းကျင်တွင် လေတိုးသံများဆူညံနေပြီး သူတို့နှစ်ယောက်၏ခန္တာကိုယ်များကအရိပ်များအလားလျှင်မြန်စွာရွေ့လျားလျက်ရှိသည်။
လှုပ်ရှားမှုသီးသန့်ယှဉ်လျှင်ရှောင်ယောင်က ပြိုင်ဘက်အောက်မနိမ့်ကျသော်လည်း တစ်ဖက်လူ၏ကိုယ်ဖော့ပညာကသိသိသာသာ သာလွန်နေရာ ရှောင်ယောင်လည်း တဖြေးဖြေးနှင့်ကျဉ်းထဲကြပ်ထဲကျရောက်လာသည်။
တစ်ဖက်လူ၏သိုင်းပညာကိုအတိအကျမသိရသော်လည်း ကိုယ်ဖော့ပညာသီးသန့်ဆိုပါက သိုင်းဝိဇ္ဇာများထက်ပင်သာလွန်ဟန်တူကာ ထိုသို့သောလူတစ်ယောက်က မည်သည့်အတွက် သူ၏တံဆိပ်ပြားများကိုပစ်မှတ်ထားနေရသနည်းဟု တွေးတော၍မရနိုင်အောင်ဖြစ်နေမိသည်။
ရှောင်ယောင်၏စိတ်ထဲတွင်အတွေးများကလျှင်မြန်စွာဖြတ်ပြေးနေသော်လည်း တစ်ဖက်လူ၏လှုပ်ရှားမှုများက ပို၍မြန်ဆန်လာပြီး လက်ရိပ်များက ရာနှင့်ချီ၍ထွက်ပေါ်ကာ ထွက်ပေါက်မရှိအောင်ပိတ်ဆို့ထား၍ ရှောင်ယောင်လည်း ဆက်လက်ရှောင်တိမ်းမနေနိုင်တော့ဘဲ သူ၏လက်သီးကိုမြောက်ကာ လျှပ်တပြတ်တိုက်ခိုက်လိုက်ရသည်။
“ ဝုန်း....”
ရှောင်ယောာင်၏လက်သီးနှင့်တစ်ဖက်လူ၏လက်ဝါးတို့ထိတွေ့သွားပြီး သူတို့နှစ်ဦးစလုံးပြိုင်တူနောက်ဆုတ်ပေးလိုက်ရသည်။
ထိုအချင်းအရာကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် ပို၍ပင်စိုးထိတ်သွားပြီး သူ၏စိတ်ထဲ၌ အန္တရယ်အငွေ့အသက်တို့ကိုခံစားလိုက်မိကာ ဆက်လက်တိုက်ခိုက်ရန်စိတ်ကူးမရှိတော့ဘဲ နောက်ဆုတ်ထွက်ပြေးရန်သာကြိူးစားလိုက်ရသည်။
အကြောင်းကား ခွန်အားပြည့်တိုက်ခိုက်လိုက်သည့် သူ၏ရှောင်လင်သံမဏိလက်သီးချက်က သာမန်သိုင်းထိပ်သီးများကိုပင် သွေးပွတ်ပွတ်အန်သွားစေမည်ဖြစ်သော်လည်း ပြိုင်ဘက်ကိုယှဉ်နိုင်ရုံမျှသာရှိ၍ဖြစ်သည် ။
ထိုအချက်ကိုထောက်ရှုခြင်းဖြင့် ပြိုင်ဘက်၏အတွင်းအားက သူရင်ဆိုင်ခဲ့ဖူးသည့် ချူးကုနန်နှင့်အန်းဒူတို့ထက်ပင်များစွာသာလွန်နေပြီဖြစ်ကြောင်းသိနိုင်ကာ သိုင်းဝိဇ္ဇာအဆင့်ကိုပင်ရောက်ရှိနေပြီဖြစ်မည်။
သိူ့သော် ထိုလူကအစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်တော့ဟုတ်ဟန်မတူသေးပေ။
အကြောင်းကား ထိုလူသာအစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဆိုပါက သူ့ကိုသိုင်းသုံးကွက်အတွင်းလွယ်လွယ်ကူအနိုင်ယူနိုင်၍ဖြစ်ပြီး ယခုလိုအချိန်အနည်းငယ်ကြာအောင်ဖမ်းဆီးနေရမည်မဟုတ်ပေ။
အတွင်းအားက သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးနားလည်သဘောပေါက်မှုလိုအပ်နေသူများကို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဟုခေါ်သည်။
သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကအစစ်အမှန်သိုင်းဝိဇ္ဇာများထက်သိသိသာသာနိမ့်ကျသော်လည်း လက်ရှိရှောင်ယောင်၏အဆငိ့ဖြင့်ရင်ဆိုင်နိုင်သည်မဟုတ်ပေ။
ထို့ကြောင့် လက်ရှိအချိန်တွင် ရှောင်ယောင်တစ်ယောက် အမှန်ပင် ဒုက္ခရောက်ပြီဖြစ်သည် ။
&&&&&