← Chapters

ရေတံခွန်နောက်လျှို့ဝှက်နေရာ

Vol. 3 Ch. 12

ရေတံခွန်နောက်လျှို့ဝှက်နေရာ

Vol. 3 Ch. 12

ရေဖြူတံခွန်ဟုအမည်ရသည့် ရေတံခွန်ကြီးက အမြင့်ပိုင်းမှနေ၍ ပြင်းထန်စွာစီးကျနေပြီး အောက်ဘက်ရှိကျောက်တုံးကြီးငယ်များအပေါ်သို့ တဝုန်းဝုန်းမည်သံပေးကာ ရေလုံးကြီးများက အမှုန်အမွှားများအဖြစ်ကူးပြောင်း၍ ချောင်းငယ်လေးထဲသို့စီးဝင်သွားလေသည်။

အထက်သို့တက်နေသည့် ရေခိုးရေငွေ့များနှငိ့ အဆက်မပြက်ထွက်ပေါ်နေသည့် ရေမှုန်ရေမွှားများကြောင့် ရေတံခွန်၏ထိပ်ပိုင်းကိုကောင်းစွာမမြင်ရဘဲ အောက်ဘက်ရှိချောင်းရေသည်လည်းကြည်လင်အေးမြလျက်ရှိပေသည်။

ထိုအခိုက် ‌ကြည်လင်နေသည့်ချောင်းရေအောက်မှ လှိူင်းဂယက်များထလာပြီး ရေအောက်မှတစ်စုံတစ်ရာကရုတ်တရက်ပေါ်ထွက်လာသည်။

“ ဖူး....”

ပါးစပ်အတွင်းဝင်ရောက်နေသည့်ရေများကိုမှုတ်ထုတ်လိုက်ပြီးနောက် ရှောင်ယောင်လည်း လေကိုအမောတကောရှူရှိုက်လိုက်သည်။

အဝေးတွင် ခပ်ရေးရေးမြင်နေရသည့်ရေတံခွန်ထိပ်သို့မော့ကြည့်ရင်း ရှောင်ယောင်၏မျက်နှာ၌ မချိပြုံးတစ်ခုထွက်ပေါ်လာသည်။

“ သီသီလေးပဲ....”

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်မှလွတ်မြောက်ရန်အခြေအနေမရှိတော့သည်နှင့်ရှောင်ယောင်၏စိတ်ထဲတွင် လျှပ်တပြတ်ပေါ်ထွက်လာသည်က အစောပိုင်းက သူအကဲခပ်နေသည့်ရေတံခွန်‌ချောက်ထဲသို့ခုန်ချရန်ဖြစ်ပေသည်။

ရေတံခွန်စီးကျရာအောက်တည့်တည့်၍ ကျောက်တုံးကြီးများရှိသော်လည်းထို‌ကျောက်တုံးများကိုလွန်အောင်ခုန်ချနိုင်ပါက ချောင်းရေထဲသို့ကျမည်ဖြစ်ပြီး ကြီးကြီးမားမားထိခိုက်မည်မဟုတ်ပေ။

ထိုသို့တွေးမိပြီး ရှောင်ယောင်လည်း ချက်ခြင်းလိုလိုလှုပ်ရှားခဲ့ခြင်းဖြစ်ကာ ကံကောင်းထောက်မစွာဖြင့် ရေတံခွန်အောက်တည့်တည့်ရှိကျောက်တုံးကြီးများနှင့်ရိုက်မိ၍ အရိုးတခြားအသားတခြားမဖြစ်ခဲ့သလို ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်မှလည်းလွတ်မြောက်ခဲ့ပေသည်။

သို့သော် ထိုအခြေအနေက ယာယီဖြစ်မည်ကိုသူ‌ကောင်းစွာသိပြီး သိပ်မကြာမီအချိန်တွင် ဖျင်ကြမ်းဝတ်စုံဝတ်လူဤနေရာသို့ရောက်ရှိလာမည်ကိုကောင်းစွာသိရှိပေသည်။

အကြောင်းကား မက်စောက်၍ ချောမွေ့နေသည့်ကျောက်သားများကြောင့် ရေတံခွန်၏ဘေးဘက်နားမှအောက်ဆင်းရန်မဖြစ်နိုင်ဘဲ အဝေးဆီမှပတ်မလာလိုလျှင် အောက်သို့အမြန်ဆုံးရောက်ရှိရန်က ရှောင်ယောင့်လိုခုန်ချရန်တစ်နည်းသာရှိပေသည်။

ဖျင်ကြမ်းဝတ်စုံဝတ်လူက ဒဏ်ရာတစ်ခုတစ်လေမှပင်ရရှိခြင်းမရှိသော်လည်းရှောင်ယောင့်လိုစွန့်စားရန်ကမဖြစ်နိုင်ပေ။

သို့‌သော် သူ၏ကိုယ်ဖော့ပညာဖြင့် အောက်ဘက်သို့ရောက်ရှိရန်ကများစွာအချိန်ပေးရမည်မဟုတ်ဘဲ ထိုအချိန်သို့ရောက်ရှိပါကရှောင်ယောင်၏အခြေအနေက အစောပိုင်းကနှင့်ထူးမခြားနားဖြစ်သွားပေမည်။

ထို့ကြောင့် သူ့အတွင်အကောင်းဆုံးအခြေအနေက အနည်းငယ်အနားယူအားဖြည့်ပြီသည်နှင့် ဤနေရာမှအမြန်ဆုံးထွက်ခွာသွားရန်သာဖြစ်ပေသည်။

“ ဘာကြောင့်ဒီလူက တံဆိပ်ပြားတွေကို အတင်းလိုချင်နေရတာလဲ ....”

ရှောင်ယောင်၏စိတ်ထဲတွင် ထိုအကြောင်းက ဖြေရှင်းမရသည့်ပဟေဠိတစ်ခုလိုဖြစ်နေပြီး စဉ်းစားလေ ရှုပ်ထွေးလေလေဖြစ်သည်။

တံဆိပ်ပြားနှစ်ခုကို သူထုတ်ယူသည်က နှစ်ကြိမ်သာရှိသေးပြီးပထမတစ်ကြိမ်ကလျှိူစမ်းမြို့တွင်ဖြစ်ကာ ဒုတိယအကြိမ်က ယခုဖြစ်သည်။

ဖျင်ကြမ်းဝတ်စုံဝတ်လူမှာ တံဆိပ်ပြားနှစ်ခုကိုမမြင်မြင်ချင်းလိုချင်တပ်မက်၍ တိုက်ခိုက်လုယူသည်တော့မဖြစ်‌နိုင်ပေ။

ထိုသို့ဆိုလျှင် တံဆိပ်ပြားကိုပြုလုပ်ထားသည့် ဧကရာဇ်ကျောက်စိမ်းအကြောင်းကို သိရှိ၍လော....။။

ထိုအချက်ကလည်း များစွာဖြစ်နိုင်ခြင်းမရှိဟုခံစားမိနေသည်။

အကြောင်းကား ဧကရာဇ်ကျောက်စိမ်းအကြောင်းကို သာမန်သိုင်းလောကသားတို့သိရှိရန်မဖြစ်နိုင်ဘဲ တော်ရုံတန်ရုံကြွယ်ဝသူများပင်ဧကရာဇ်ကျောက်စိမ်းအကြောင်းကိုမသိနိုင်၍ဖြစ်သည် ။

သူကိုယ်တိုင်ပင် အဖိုးစုနှင့် ဆရာတော်ရွှမ်းနန်တို့၏စကားဝိုင်းကိုနားထောင်ခြင်းကြောင့် တံဆိပ်ပြားနှစ်ခုကိုပြုလုပ်ထားသည်ဧကရာဇ်ကျောက်စိမ်းဖြစ်ကြောင်းသိခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းငွေတိုက်မှ လူဝကြီးဖန်းချီနှင့် တာဝန်ခံမိုဖန်းတို့လိုဗဟုသာတကြွယ်ဝသူများကတော့ သိကောင်းသိရှိနိုင်သညိ။

မိုဖန်းတို့နှစ်ယောက်ကချူးကုနန်သေဆုံးပြီးသည်နှင့် ထွက်ပြေးသွားကြပြီးဖြစ်ကာ ထိုနှစ်ယောက်က သူ့ထံတွင် တံဆိပ်ပြားနှစ်ခုရှိနေကြောင်းသိထားသည့်လူများဖြစ်ကြသည်။

သို့‌သော် မိုဖန်းတို့က ဖျင်ကြမ်းဝတ်စုံဝတ်လူလိုသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကိုခိုင်းစေရန် အာဏာရှိမည်မဟုတ်ဘဲ ထိုနှစ်ယောက်၏လက်ချက်လည်းမဖြစ်နိုင်ပေ ။

ရှောင်ယောင်လည်း တွေးတောရင်စိတ်ရှုပ်ထွေးလာပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည် ။

“ ဟူး.....တော်တော်ဆိုးဆိုးပဲ....”

ရှောင်ယောင်က ချောင်းနံဘေးကမ်းပေါ်တွင်ထိုင်ကာ သူ၏အခြေအနေကိုပြန်၍စစ်ဆေးလိုက်ပြီး မျက်နှာရှုံ့မဲ့သွားသည်။

အကြောင်းကား ဖျင်ကြမ်းဝတ်စုံဝတ်လူနှင့်တိုက်ပွဲတွင် အတွင်းဒဏ်ရာအပြင်းထန်ရရှိသွားပြီး အနည်းဆုံးနေ့တစ်ဝက်ခန့်မကုစားဘဲ မပျောက်ကင်းနိုင်၍ဖြစ်သည် ။

ထို့အပြင် ထိုလူ၏လက်ချက်ကြောင့်ရရှိခဲ့သည့်ဒဏ်ရာများနှင့် ရေတံခွန်တွင်းသို့ခုန်ချစဉ်က ရေပြင်နှင့်ရိုက်ခတ်မိသည့်ဒဏ်ရာများက အပြင်ပိုင်းဒဏ်ရာမရသော်လည်း အတွင်းကြေ ကြေနေသည့်နေရာများရှိနေ၍ဖြစ်သည်။

ထိုအခြေအနေဖြင့် သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင်ရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲ ဖျင်ကြမ်းဝတ်စုံဝတ်လူလို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ဦးနှင့်ထပ်မံရင်ဆိုင်ရပါက လည်စင်းပေးရမည့်အဖြစ်သို့ရောက်ရှိသွားပေမည်။

ထို့ကြောင့် ရှောင်ယောာင်လည်း ခြေပစ်လက်ပစ်ထိုင်ချရငမး အချိန်အနည်းငယ်အနားယူပြီးနောက် အတွင်းဒဏ်ရာကိုပြန်လည်ကုသနိုင်ခြင်းပင်မရှိတော့ဘဲ ဤနေရာမှထွက်ခွာသွားရန်ပြင်လိုက်သည်။

သို့‌သော် သူ၏အကြည့်များက တစ်နေရာကို ကျရောက်သွားပြီး မျက်လုံးများပြူးကျယ်သွားလေသည်။

သူထိုင်နေသည့်နေကာနှင့်ဆယ်ပေကျော်အကွာတွင် ကျောက်နံရံကြီးတစ်ခုရှိနေပြီး ထိုနံဘေးတွင် ရေလုံးကြီးများပြင်းထန်စွာကျဆင်းနေသည့် ရေတံခွန်လည်းရှိနေ‌သည်။

ယခု ရှောင်ယောင့်ကို တအံ့တဩဖြစ်သွားစေသည်က ထိုကျောက်နံရံကြီးတွင် ထွင်းထုထားသည့်အရာတစ်ခုကြောင့်ဖြစ်ပြီး ဘေးထောင့်သဏ္ဍာန်နေရာထဲတွင်ချိုင့်ခွက်နှစ်ခုရှိနေသည် ။

ထိုချို့ခွက်နှစ်ခု၏ပုံသဏ္ဍန်ကိုရှောင်ယောင်ရင်းနှီးစွာသိရှိပြီး ထိုနှစ်ခုကသူ့ထံတွင်ရှိနေသည့်တံဆိပ်ပြားနှစ်ခု၏ပုံစံနှင့်အတိအကျတူညီလျက်ရှိသည် ။

“ မဖြစ်နိုင်တာ....”

ရှောင်ယောင်လည်း ခပ်တိုးတိုးရေရွတ်ရင်းမှကျောက်နံရံ၏အနီးသို့သွားကာ စူးစမ်းကြည့်လိုက်သည်။

နံရံရှိလေးထောင့်ကွက်သဏ္ဍာန်မှာ တိကျညီညာချက်ရှိပြီး သဘာဝအတိုင်းဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်ကအသေအချာထွင်းထုထားခြင်းပင်ဖြစ်၏။

ထိုနည်းတူ လေးထောင့်ကွက်အတွင်းရှိ တံဆိပ်ပြားနှင့်ပုံသဏ္ဍာန်တူသည့်ချိုင့်ခွက်နှစ်ခုကလည်း ထူးဆန်းစွာရှိနေကာ ရှောင်ယောင်လည်း သူ၏ရင်ဘက်ထဲတွင်သိမ်းဆည်းထားသည့် တံဆိပ်ပြားနှစ်ခုကိုထုတ်ယူကြည့်ရှု‌လိုက်သည် ။

ချင်းယန်ဟုရေးထားသည့်တံဆိပ်ပြားနှင့် ချင်းခွန်ဟုရေးထိုးထားသည့်တံဆိပ်ပြားတို့က တူညီသညိ့အလေးချိနိအရွယ်အစားရှိကြသညိ့အပြင် နံရံရှိလေးထောင့်ကွက်ထဲမှ ချိုင့်ခွက်များနှငိ့လည်းထပ်တူညီလျက်ရှိသည်။

ချင်းယန်ဓားဂိုဏ်း၊ ချင်းခွန်ဂိုဏ်း၊ ဘိုးဘေးပူဇော်ရာနေရာအနီးမှထူးဆန်းသည့်ကျောက်နံရံ ၊ ဂိုဏ်းနှစ်ခုလုံးအကြောင်းမဲ့ပျက်စီးသွားခြင်းနှင့် တံဆိပ်ပြားနှစ်ခုကိုရယူလိုသည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမား....။

ရှောင်ယောင်၏စိတ်ထဲတွင် ထိုအကြောင်းအရာများက တစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီး လျှို့ဝှက်ချက်တစ်ခုကို ခပ်ရေးရေးသိမြင်လာသည်ဟုခံစားမိသည့်တိုင်ဖမ်း‌ဆုပ်၍မရသေးပေ။

ထိုအကြောင်းအရာများနှင့်ပတ်သတ်၍ တိကျသည့်အဖြေတစ်ခုကိုသိရှိရန်က နံရံပေါ်ရှိ တံဆိပ်ပြားစဏ္ဍာန်ချိုင့်ခွက်များနှင့်ဆက်စပ်နေပြီး ရှောင်ယောင်လည်း စိတ်ကတွေးနေသည့်အတိုင်းအလိုလိုလိုက်လုပ်မိတော့၏ ။

သူ၏လက်ထဲတွင်ကိုင်ထားသည့်တံဆိပ်ပြားနှစ်ခုကို နံရံအတွင်းမှချိုင့်ခွက်နှစ်ခုတွင်းသို့ထည့်ကာစောင့်ကြည့်နေလိုက်သည်။

ထိုအခိုက် တံဆိပ်ပြားနှစ်ခုက ကျောက်နံရံအတွင်းဖြေးညင်းစွာနစ်ဝင်သွား၍ ရှောင်ယောင်၏မျက်နှာက ကွက်ခနဲပျက်ယွင်းသွားပြီး တံဆိပ်ပြားနှစ်ခုကိုအလျှင်အမြန်ထုတ်ယူရန်ပြင်ဆင်လိုက်သည်။

သို့သော် ချိုင့်ခွက်နှစ်ခုက တံဆိပ်ပြားများနှင့် အကြားအလပ်မရှိထပ်တူကျနေကာ တံဆိပ်ပြားနှစ်ခုကလည်းနံရံအတွင်းဝင်ရောက်သွားပြီဖြစ်၍ ရှောင်ယောင်လည်းမည်သိူ့မှပြန်လည်ထုတ်ယူ၍မရတော့ဘဲ စိတ်ပျက်စွာဖြင့်ခေါင်းကုတ်လိုက်မိတော့သည်။

“ အဖိုးလေးတော့ ငါ့ကိုသတ်တော့မှာပဲ....”

ရှောင်ယောင်လည်း သူအသက်စွန့်ကာကွယ်ခဲ့ရသည့်တံဆိပ်ပြားနှစ်ခုက ယခုလိုရယ်စရာကောင်းသည့်အခြေအနေတွင်ပျောက်ဆုံးသွား၍ စူးစမ်းလိုသည့်သူ၏စိတ်ကိုသာအပြစ်တင်စရာရှိတော့သည်။

ထိုအခိုက် တဝုန်းဝုန်းမည်သံကြီးနှင့်အတူ သူရပ်နေသည့်မြေပြင်တစ်ခုလုံးတုန်ယင်သွားပြီး ရေတံခွန်မှရေစီးကြောင်းပင်အနည်းငယ်လှုပ်ခတ်သွားပေသည်။

ငလျင်လှုပ်သလို ပြင်းထန်လှသည့် ထိုလှုပ်ခတ်မှုက တခဏသာကြာမြင့်ပြီးချက်ခြင်းပုံမှန်ပြန်ဖြစ်သွားလေသည်။

ထူးဆန်းလှသည့်အချင်းအရာကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားပြီး အစောပိုင်းက အားနည်းသွားသည့်ရေတံခွန်မှရေလုံးကြီးများကြောင့် ခပ်ရေးရေးမြင်နေရသည့်နေရာတစ်ခုကိုသတိပြုမိလိုက်သည်။

ထိုနေရာကို အသက်ရှူချိနိအနည်းငယ်သာမြင်လိုက်ရခြင်းဖြစ်ပြီး အချိန်တိုအတွင်းရေလုံးကြီးများအောက်၍ ပြန်၍ပျောက်ကွယ်သွားပြီဖြစ်သည် ။

သို့‌သော် အစောပိုင်းက ရေစီးအားလျော့နည်းသွားစဉ်က မသဲမကွဲမြင်လိုက်ရသည့်နေရာကို သူ၏စိတ်ထဲတွင်အမှတ်ထင်ထင်စွဲမြဲနေဆဲပင်ဖြစ်၏ ။

“ လျှို့ဝှက်နေရာတစ်ခုလား....”

ရှောင်ယောင်လည်းခပ်တိုးတိုးရေရွတ်လိုက်မိပြီး သူ၏ခါးနောက်တွင်ထိုးထားသည့်သံမဏိတုတ်ချောင်းကိုဖြုတ်ယူလိုက်သည်။

လောဘနတ်ဆိုးအန်းဒူဆီမှရရှိခဲ့သည့် အဆစ်ကိုးဆစ်ပါသံမဏိတုတ်ချောင်းကို သူယူဆောင်လာခြင်းဖြစ်ပြီး လှံသွားမှအဆိပ်များကိုတော့ ဆေးကြောပစ်ခဲ့ပြီးဖြစ်သည်။

ထိုသံမဏိတုတ်ချောင်းက အစောပိုင်းက ရေထဲသို့ခုန်ချစဉ်ကလည်းကျကျန်မနေဘဲ ရှောင်ယောင်လည်း အဆစ်အနည်းငယ်ကိုလှည့်လိုက်ရာ သံမဏိတုတ်ချောင်း၏အရှည်က နှစ်ဆဖြစ်သွားလေသည်။

ထိုလက်နက်ကိုသူအကြိမ်များစွာစမ်းသပ်ပြီးဖြစ်သော်လည်း ပြောင်းလဲမှုများကိုလုပ်ဆောင်မိတိုင်း စိတ်ထဲတွင် အံ့ဩချီးကျူးမိသေးသည်။

သို့သော် ထိုအကြောင်းကို‌များစွာတွေးတောရန်အချိန်မရဘဲ လက်ထဲရှိသံမဏိတုတ်ချောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ကာ အဆက်မပြက်စီးကျနေသည့်ရေတံခွန်မှရေလုံးကြီးများ‌ထဲသို့ အရှိန်ပြငိးစွာပစ်လွှတ်လိုက်သည်။

သံမဏိတုတ်ချောင်းက အဆက်မပြက်စီးကျနေသည့်ရေလုံးကြီးများနောက်မှ ကျောက်တုံးများနှင့်ထိကာ ပြန်ကန်ထွက်ရမည့်အစားလေဟာနယ်ထဲသို့ဝင်ရောက်သွားသလိုပျောက်ကွယ်သွားလေသည်။

ထို့ကြောင့် ရေတံခွန်မှစီးကျ‌နေသည့် အဆက်မပြက်ရေလုံးကြီးများအောက်တွင်ဖူံးကွယ်နေသည့်လျှို့ဝှက်နေရာတစ်ခုရှိကြောင်းသိသာနေကာ ရှောင်ယောင်လည်း အရဲစွန့်ကာ ထိုနေရာကိုဝင်ရောက်ရန်ဆုံးဖြတ်လိုက်တော့သည်။

အကြောင်းကား ဤနေရာတွင်သူအချိန်ဖြူန်းခဲ့သည်က အချိန်အနည်းငယ်ကြာသွားခဲ့ပြီဖြစ်၍ ဖျင်ကြမ်းဝတ်စုံဝတ်လူကအချိန်မရွေးရောက်ရှိလာနိုင်၍ဖြစ်သည်။

သူ၏လက်ရှိအခြေအနေက များစွာဆိုးရွားနေပြီးခုခံတိုက်ခိုက်ရန်မဖြစ်နိုင်သလို ယခုချက်ခြင်းထွက်ပြေးလျှင်ပင် ထိုလူ၏လက်မှလွတ်မြောက်ရန်မသေချာပေ ။

ထိုအခြေအနေတွင် ရုတ်တရက်လျှို့ဝှက်နေရာတစ်ခုကိုမျှော်လင့်မထားဘဲတွေ့ခဲ့ရပြီး ထိုနေရာက တံဆိပိပြားနှစ်ခုနှင့်လည်းပတ်သတ်နေနိုင်ပေသည်။

ရှောင်ယောင်လည်း လက်ရှိအခြေအနေတွင်အသင့်လျော်ဆုံး ဆုံးဖြစ်ချက်ဖြစ်သည့် ထိုလျှို့ဝှက်နေရာအတွင်းဝင်ရောက်ရန်ဆုံးဖြတ်လိုက်ကာ သူ၏ခန္တာကိုယ်က ရေတံခွန်မှ ရေလုံးကြီးများအတွင်းသို့ လှစ်ခနဲခုန်ဝင်သွားလိုက်တော့သည်။

သူ၏ဆုံးဖြတ်ချက်က ကံကောင်းသည်လော ကံဆိုးသည်လောကိုတော့ ရှောင်ယောင်တစ်ယောက် ကြိုတင်မသိမြင်နိုင်ခဲ့ပေ ......

&&&&&

All Chapters