← Chapters

အပြက်အသက်အရေးနိမ့်

Vol. 3 Ch. 49

အပြက်အသက်အရေးနိမ့်

Vol. 3 Ch. 49

အနီရောင်ဝတ်ရုံရှင်နှစ်ယောက် ‌အံ့အားသင့်နေစဉ်မှာပင် မိန်းမပျိုလေး၏အေးစက်စက်စကားသံကထွက်ပေါ်လာလေသည်။

“ ရှင်တို့ ကျမနောက်ကိုဘာဖြစ်လို့လိုက်နေကြတာလဲ....”

မိန်းမပျိုလေး၏စကားကြောင့် အနီရောင်ဝတ်စုံဝတ်လူတစ်ယောက်က ရယ်မော၍ပြောလိုက်သည်။

“ ကျုပ်တို့က ဘာကြောင့်မင်းနောက်ကိုလိုက်ရမှာလဲ....”

ထိုလူ၏အသံကတည်ငြိမ်နေပြီး အမှန်အတိုင်းပြောဆိုခြင်းဟုထင်ရသော်လည်း မိန်းမလှလေး၏အမူအယာကပြောင်းလဲခြင်းမရှိဘဲ အနိမ့်အမြင့်မရှိသည့်အေးစက်စက်အသံဖြင့်ထပ်ပြောလိုက်သည် ။

“ ရှင်တို့နှစ်ယောက်လုံးက ချင်းယန်မြို့ကိုမရောက်ခင်ထဲက ကျမနောက်ကတိတ်တဆိတ်လိုက်နေကြတယ် ။

ပြီးတော့ ချင်းယန်မြို့ကို‌ရောက်တော့ ရှင်တို့ထဲကတစ်ယောက်ပဲလိုက်လာပြီး ကျန်တဲ့တစ်ယောက်က ခဏကြာမှလိုက်လာတာ

ဒါကြောင့် ရှင်တို့ကိုမေးလို့ရအောင် ဒီနေရာကိုခေါ်လာခဲ့တာပဲ ....”

မိန်းမပျိုလေး၏အသံက များစွာကျယ်လောင်ခြင်းမရှိသော်ငြား အနီရောင်ဝတ်စုံဝတ်လူများမှာ မျက်နှာပျက်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

သူတို့၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်ရှိသည့်အပြင် ပုန်းကွယ်သည့်ပညာရပ်တစ်မျိုးကိုပိုင်ဆိုင်ထားရာ သာမန်သိုင်းဝိဇ္ဇာများပင်သူတို့ရှိနေသည်ကိုသိရှိကြမည်မဟုတ်ပေ။

ယခု မိန်းကလေးက သူတို့နှစ်ယောက်ရှိနေသည်ကို အစအဆုံးသိရှိနေသည့်အပြင် သူတို့ကိုတမင်ဤနေရာသို့မျှားခေါ်လာဟန်တူ၏။

“ ရှင်တို့ ကျမမေးတာကိုမှန်မှန်မဖြေရင် ရှင်တို့ကိုတိုက်ခိုက်ရလိမ့်မယ်.....”

မိန်းမပျိုလေး၏မောက်မာဟန်တူသည့်စကားကြောင့် အနီရောင်ဝတ်စုံဝတ်လူများမှာ အနည်းငယ်‌ဒေါသထွက်သွားကြပြီး တစ်ယောက်က ပြောလိုက်သည်။

“ ငါတို့က ငါတို့ဘာပဲဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လဲ ....”

ထိုမိန်းကလေးကို လိုက်လံစောင့်ကြည့်၍ အဆက်မပြက်သတင်းပို့ရန်အမိန့်ရထားသော်လည်း မတိုက်ခိုက်ရဟုတားမြစ်မထား၍ အနီရောင်ဝတ်စုံဝတ်လူများမှာ များစွာဂရုမစိုက်ကြပေ။

သူတို့နှစ်ယောက်ပေါင်းတိုက်ပါက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုပင်အနိုင်ယူနိုင်ပြီး အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်မိန်းကလေးက သူတို့ကိုယှဉ်နိုင်မည်မဟုမထင်ပေ။

ထိုမိန်းကလေး၏ရုပ်ရည်ကလွန်စွာလှပသည်မှန်သော်လည်း ရက်စက်ကြမ်းကြုတ်သည့်လူများပီပီ တိုက်ပွဲဖြစ်ပါက မိန်းကလေးဟူ၍ညှာတာနေမည်မဟုတ်ကြ။

ထိုလူများ၏တင်းမာသည့်စကားကိုကြားသော်လည်း မိန်းမပျိုလေးက ဒေါသထွက်ဟန်မတူဘဲ သူမ၏ပင်ကိုယ်အေးစက်စက်အသံဖြင့်တုန့်ပြန်လိုက်သည်။

“ ကောင်းပြီ ဒါဆိုရင် ရှင်တို့ကိုအနိုင်ယူပြီးမှစစ်မေးတော့မယ်....”

မိန်းမပျိုလေး၏စကားအဆုံး၌ သူမ၏နေရာမှဖျက်ခနဲပျောက်သွားကာ ရှေ့သို့ရိပ်ခနဲရွေ့လျားလာသည့်အစိမ်းရောင်အရိပ်တစ်ခုကိုသာမြင်လိုက်ရသည်။

ထိုအဖြစ်ကြောင့် အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားကြပြီး ဓားကိုယ်စီဆွဲထုတ်ကာ တစ်ယောက်ကိုတစ်ယောက်အော်ဟစ်သတိပေးလိုက်ကြ၏ ။

“ သတိထား....”

သူတို့၏အော်ဟစ်သံမဆုံးမီ မိန်းမပျိုလေး၏ခန္တာကိုယ်က သူတို့၏ရှေ့သို့ရောက်ရှိလာပြီး ဖြူဖွေးနူးညံ့သည့်လက်ဖဝါးလေးများက သူတို့၏ရင်ဘက်ဆီသို့တိုးဝင်လာကြသည်။

အသေအချာကြည့်ရှုမည်ဆိုပါက မိန်းမလှလေး၏လက်ဝါးနှစ်ဖက်ကသန့်စင်သည့်ကျောက်စိမ်းလိုစိမ်းဖျော့ဖျော့အရောင်ယှက်သမ်းနေသည်ကိုတွေရမည်ဖြစ်ပြီး အနီရောင်ဝတ်စုံဝတ်လူများမှာ ဓားများကိုပင်ဆွဲထုတ်နိုင်စွမ်းမရှိကြတော့ဘဲ အသဲအသန်ရှောင်တိမ်းလိုက်ကြရ၏ ။

သို့သော် မိန်းမလှလေး၏လက်ဝါးအစုံက လမ်းကြောင်းပြောင်းသွားကာ ထိုနှစ်ယောက်ရှောင်တိမ်းရာဘက်သို့လွင့်စင်သွားကြပြီး နှစ်ဦးစလုံး သိုင်းတစ်ကွက်ထဲဖြင့်လွင့်စင်သွားကြသည်။

“ ဝုန်း.. ဝုန်း..”

“ ဝေါ့.... ဝေါ့.....”

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်က မြေကြီးပေါ်သို့ရှေ့ဆင့်နောက်ဆင့်ပြုတ်ကျသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် သွေးအန်လိုက်ကြရသည် ။

မိန်းမပျိုလေး၏လက်ဝါးက သူတို့၏ခန္တာကိုယ်က ညင်သာစွာထိတွေ့သွားခြင်းဖြစ်သော်လည်း နောက်ဆက်တွဲကပ်ပါလာသည့်အားလှိုင်းက လွန်စွာကြီးမားသိပ်သည်းလှပြီး သိုင်းဝိဇ္ဇာတစ်ယောက်၏အတွင်းအားဖြင့်ပင်ယှဉ်နိုင်စွမ်းရှိပေမည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်က သူတို့နှစ်ယောက်လူခွဲရှောင်တိမ်းသည့်တိုင်မလွတ်မြောက်သည့်တိုက်ခိုက်မှုဖြစ်ပြီး ထိုတိုက်ကွက်က သိုင်းဝိဇ္ဇာတစ်ယောက်သာတတ်နိုင်သည့် သိုင်းကွက်အသေအရှင်သဘောတရားဖြစ်သည်ကို သူတို့နှစ်ယောက်လုံး ကောင်းစွာရိပ်စားမိလိုက်ကြသည်။

ထို့ကြောင့် အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ နာကျင်မှုဒဏ်ကိုမခံစားနိုင်အားဘဲ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ရေရွတ်လိုက်မိကြ၏

“ သိုင်း....သိုင်းဝိဇ္ဇာအဆင့်လား ...”

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်က တုန်လှုပ်နေသည့်အသံဖြင့်ရေရွတ်လိုက်မိကြစဉ် တစ်စုံတစ်ခုကိုသတိထားလိုက်မိ၍ သူတို့၏မျက်နှာများကွက်ခနဲပျက်သွားကြသည် ။

ထို့နောက် သူတို့၏အင်္ကျီစများကိုအလျှင်အမြန်ဖြဲ၍ရင်ဝသို့ပြန်ကြည့်လိုက်ရာ မိန်းမလှလေး၏တိုက်ကွက်ထိမှန်ခဲ့သည့်နေရာတစ်ဝိုက်၌ အစိမ်းရောင်သမ်းနေသည့်လက်ဝါးရာကြီးကိုထင်ထင်ရှားရှားတွေ့မြင်နေရပြီး ဒဏ်ရာတစ်ဝိုက်မှသွေးကြောများက ပြတ်တောက်လျက်ရှိသည်ကိုမြင်လိုက်ရသည်။

အစောပိုင်းကလက်ဝါးချက်က သူတို့ကိုအတွင်းဒဏ်ရာရစေရုံသာမက သူမ၏လက်ဝါးချက်က သူတို့၏သွေးကြောများကိုပြတ်တောက်စေပေသည်။

အတွေ့အကြုံရင့်သိုင်းထိပ်သီးများပီပီအနီရောင်ဝတ်စုံဝတ်လူများမှာ ချက်ခြင်းလိုလိုခြေချိတ်ထိုင်၍အတွင်းအားလေ့ကျင့်လိုက်ကြသည်။

သို့သော် သူတို့နှစ်ယောက်လုံးက မိန်းမလှလေး၏တိုက်ကွက်ကြောင့်ပြင်းထန်လှသည့်အတွင်းဒဏ်ရာများရရှိထားကြရာ အတွင်းအားကိုပင်ကောင်းစွာလှည့်ပတ်နိုင်ခြင်းမရှိကြဘဲ ‌အတွင်းအားကိုလှည့်ပတ်သည်နှင့် ရင်ဝရှိဒဏ်ရာက ချက်ခြင်းအောင့်တက်လာပြီး ဖြူဖျော့နေသည့်မျက်နှာများဖြင့်သွေးတစ်ပွတ်စီအန်ထုတ်လိုက်ရပြန်သည် ။

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်အခြေအနေဆိုးရွားနေစဉ် မိန်းမလှလေးက သူမ၏နေရာတွင်ရပ်နေဆဲဖြစ်သည်။

သူမ၏ပုံစံက အစောပိုင်းက ထိုနှစ်ယောက်ကိုတိုက်ခိုက်ခြင်းလုံးဝမရှိဟန်ဖြင့် တင့်တယ်စွာရှိနေဆဲဖြစ်ပြီး အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကို အေးစက်သည့်မျက်ဝန်းများဖြင့်ကြည့်ရင်းမေးလိုက်သည်။

“ အမွှေးတိုင် တစ်တိုင်စာအတွင်း အဲဒီဒဏ်ရာကိုမကုသနိုင်ရင် သွေးကြောတွေအပိုင်းပိုင်းပြတ်ပြီး ဒုက္ခိတ တစ်ယောက်ဖြစ်သွားလိမ့်မယ် ....”

မိန်းမပျိုလေး၏အသံကြောင့် အနီရောင်ဝတ်စုံဝတ်လူများမှာ ပို၍ပင်ကြောက်လန့်သွားကြသည်။

အကယ်၍ လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကဆိုပါက သူမအနေဖြင့် သူစိမ်းတစ်ယောက်ကို ယခုလောက်ရက်ရက်စက်စက်လုပ်ဆောင်မည်မဟုတ်သော်လည်း လူအများ၏ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တွေ့ဖြတ်သန်းပြီးဖြစ်၍ သူမ၏စိတ်က ထူထဲသည့်ရေခဲပြင်တစ်ခုလိုအေးစက်နေပေသည်။

ထို့အပြင် တစ်ဖက်လူနှစ်ယောက်က သူမ၏နောက်သို့လျှို့ဝှက်စွာလိုက်ပါနေသည်ဖြစ်၍ ကောင်းသည့်ရည်ရွယ်ချက်ရှိဟန်မတူပေ။

“ အခု ကျမမေးတာကို အမှန်အတိုင်းပြန်ဖြေကြမှာလား ....”

အနိမ့်အမြင့်မရှိဘဲအေးစက်နေသော်လည်း ချိုလွင်ကြည်သာသည့်အသံလေးက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။

ယခုတစ်ကြိမ်၌ အတွင်းဒဏ်ရာအပြင်းအထန်ဖြင့် ဒုက္ခိတတစ်ပိုင်းလူနှစ်ယောက်မှာ အလျှင်အမြန်ပြန်ဖြေလိုက်ကြသည်။

“ ကျုပ်တို့က ကြက်တူရွေးအဖွဲ့ကလူတွေပါ ....”

“ ဟုတ်ပါတယ် မိန်းကလေးရဲ့နောက်ကိုတိတ်တဆိတ်လိုက်နေရတယ်ဆိုတာကလည်း ကျုပ်တို့ခေါင်းဆောင်ရဲ့စေခိုင်းမှုကြောင့်ပါ.....”

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ တစ်ချိန်က သိုင်းလောကတွင်နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့်အဆင့်လွန်ထိပ်သီးများဖြစ်သော်လည်း ယခုအခါ မိန်းမပျိုလေး၏ရှေ့မှောက်၌ အိမ်မွေးခွေးလေးများပမာ လွန်စွာရိုကျိုးနေကြသည်။

ယခုလိုအလျော့မပေးလျှင်လည်း သူတို့အတွက်၏စောင့်ကြိုနေသည်က သေလမ်းတစ်သာရှိ၏။

သိုင်းဝိဇ္ဇာတစ်ယောက်က သူတို့ကိုသိုင်းသုံးကွက်အတွင်း လွယ်ကူစွာသတ်ဖြတ်သွားနိုင်သည်မဟုတ်ပါလား......။

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏အဖြေကြောင့် မိန်းမပျိုလေးကစိတ်ရှုပ်ထွေးသွားဟန်တူပြီး အေးစက်စက်လေသံဖြင့်ထပ်မေးလိုက်သည်။

“ ကြက်တူရွေးအဖွဲ့ဆိုတာဘာလဲ ....ပြီးတော့ ရှင်တို့ခေါင်းဆောင်ကဘယ်သူလဲ....ဘာကြောင့် ကျမနောက်ကိုလိုက်ခိုင်းရတာလဲ.....”

မိန်းမပျိုလေး၏မေးခွန်းများကဆက်တိုက်ဖြစ်ပြီး သူမ၏ပုံစံက ကလေးငယ်တစ်‌ယောက်လိုဖြူစင်နေသည်။

ကြက်တူရွေးအဖွဲ့ဆိုသည်က သိုင်းလောကထဲတွင် ကျော်ကြားနေသည့်သတင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ စွန်းအိမ်တော်နှင့်ပင်ရင်ဘောင်တန်းနေနိုင်ပြီ။

အဖွဲ့အစည်းရှိအဖွဲ့ဝင်တိုင်းက လွန်စွာနှုတ်လုံကြသလို အသွင်အမျိုးမျိူးဖြင့်လှုပ်ရှား၍အလွှာပေါင်းစုံမှသတင်းများကိုအရယူလေ့ရှိသည်။

သူတို့၏သိုင်းပညာက ထိုမျှမဟုတ်သော်လည်း ကိုယ်ဖော့ပညာလွန်စွာကောင်းမွန်ကြပြီး ပုန်းကွယ်သည့်ပညာရပ်များကိုလည်းတတ်မြောက်ထားသေးတာ တော်ရုံတန်ရုံသိုင်းသမားများပင် သူတို့ကိုဖမ်းဆီးနိုင်ခြင်းမရှိကြပေ။

သာမန်သိုင်းသမားတစ်ယောက်ပင်သိရှိထားသည့်ကြက်တူရွေးအဖွဲ့အကြောင်းကိုမိန်းမပျိုလေးမသိသည်က အနည်းငယ်ထူးဆန်းသည်ဟုခံစားမိလိုက်ကြ၏။

သို့သော် အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ မိန်းမပျိုလေး၏ရှေ့မှောက်၌ တုတ်တုတ်မှမလှုပ်ဝံ့ဘဲ လေသံကို အတည်ငြိမ်ဆုံးထား၍ပြန်ဖြေလိုက်သည်။

“ ကျုပ်တို့ ကြက်တူရွေးအဖွဲ့က သတင်းအဖွဲ့အစည်းတစ်ခုပါ။ ကျုပ်တို့က သိုင်းလောကထဲမှာဖြစ်နေတဲ့သတင်းအချက်အလက်တွေအတော်များများသိထားတဲ့အပြင် သတင်းအရောင်းအဝယ်ပါလုပ်သေးတယ်.....”

အနီရောင်ဝတ်စုံဝတ်လူ၏အဖြေကြောင့် မိန်းမပျိုလေးက ခေါင်းတညိမ့်ညိမ့်ဖြစ်သွားပြီး သူမ၏ကြည်လင်သည့်မျက်ဝန်းကလေးများက တဖျက်ဖျက်တောက်ပနေသည်။

ကျန်တစ်ယောက်က ခေါင်းညိမ့်ပြ၍ ဝင်ပြောလိုက်သည်။

“ ကျုပ်တို့ရဲ့ခေါင်းဆောင်က သွေးကြက်တူရွေးပါ။ ကျူပ်တို့ကတော့ သူ့ရဲ့ကိုယ်ရံတော်နှစ်ယောက်ပေါ့။

အခုတစ်ခေါက်က ခေါင်းဆောင်ကတာဝန်ပေးလို့ မိန်းကလေးကိုစုံစမ်းဖို့တောအုပ်ထဲမှာပုန်းအောင်းပြီးစောင့်ကြည့်နေတာပါ။

ဒါတွေအားလုံးက ခေါင်းဆောင်က ခိုင်းစေလို့ လုပ်ဆောင်ရတာပါ ကျုပ်တို့နဲ့ဘာမှမပတ်သတ်ပါဘူး ....”

သူတို့၏စကားများကြောင့် မိန်းမပျိုလေး၏မျက်နှာထက်၌ ‌စဉ်းစားတွေးတောသည့်အရိပ်အယောင်များထွက်ပေါ်လာသည်။

ထို့နောက် သူတို့နှစ်ယောက်ကို ထပ်မေးလိုက်သည် ။

“ ကျမ ဒီတောအုပ်ထဲရှိနေတယ်ဆိုတာ သူကဘယ်လိုသိတာလဲ.....”

&&&

All Chapters