← Chapters

ပိုက်ဆံအိတ်သူခိုး

Vol. 3 Ch. 13

ပိုက်ဆံအိတ်သူခိုး

Vol. 3 Ch. 13

“ ဟူး....ဒီလူတွေကတော့ လွန်လွန်းတယ်.....”

လမ်းမပေါ်တွင် လေးတိလေးကန်ခြေလှမ်းများဖြင့်သွားလာနေသည့်လူငယ်လေးထံမှ ညဉ်းတွားသံထွက်ပေါ်လာသည်။

မှုန်သိုးနေသည့်မျက်နှာဖြင့် ရွာငယ်လေးကို နောက်ဘက်တွင်ချန်ခဲ့သည့်လူငယ်လေးကား အသက်ဆယ့်ရှစ်နှစ်ခန့်သာရှိဦးမည်ဖြစ်သညိ။

အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားပြီး ခါးတွင်ဓားတစ်လက်ချိတ်ဆွဲထားသည့်လူငယ်၏ပုံစံက သန့်ပြန့်ချော‌မောလျက်ရှိသော်လည်း သူ၏အမူအယာက များစွာကောင်းမွန်ခြင်းမရှိပေ။

ထိုလူငယ်ကား စားသောက်ဆိုင်မှနေ၍ ညနေစောင်းမှထွက်လာရသည့်ဟောင်ရန်ပင်ဖြစ်ပြီး နံနက်စာစားပြီးငွေမရှင်းနိုင်၍ တစ်နေ့လုံးဆိုင်အလုပ်များကိုကူညီလုပ်ကိုင်ပေးနေရခြင်းဖြစ်သည်။

ပန်းကန်ဆေးသည့်အလုပ်မှစ၍ ဆိုင်ရှေ့စားပွဲထိုးသည့်အလုပ်မှအဆုံးကူညီလုပ်ကိုင်ခဲ့ရပြီး ပုံမှန်ဆိုလျှင် တစ်နေ့လုံး‌နေမှ လူအနည်းငယ်သာရောက်ရှိလာတတ်သည့်ဆိုင်လေးက ယ‌နေ့တွင် ဧည့်သည်အတော်များများရောက်ရှိလာပေသည်။

ထို့ကြောင့် ဆိုင်၏ယာယီအလုပ်သမားတစ်ဦးဖြစ်သွားသည့်ဟောင်ရန့်အနေဖြင့် ဆိုင်အလုပ်များကိုသိမ်းကြုံးလုပ်ကိုင်ခဲ့ရပြီး ငွေမရှင်းနိုင်သည့်အတွက် ဆိုင်လုလင်လေးများ၏စောင်းမြောင်းပြောဆိုခြင်းကိုခံခဲ့ရသေးသည်။

ဟောင်ရန်၏နေရာတွင် သာမန်သိုင်းသမားတစ်ယောက်ဆိုပါက ထိုသို့သောသာမန်ဆိုင်ငယ်လေးကို မြေလှန်ပစ်နိုင်သော်လည်း စိတ်မြန်လက်မြန်ရှိသည့်အကျင့်မှလွဲ၍ ရိုးသားဖြောင့်မက်ပြီး ကြင်နာတတ်သည့်ဟောင်ရန်ကား ဆိုင်လုလင်လေူများ၏အော်ငေါက်မှုကိုပင် ကြိတ်မှိတ်ခံကာ တစ်နေကုန်အလုပ်လုပ်ပေးခဲ့သည်။

သူ၏အလုပ်ကြိုးစားမှုကို ဆိုင်ရှင်ကပင်သဘောတကျဖြစ်ပြီး နောက်ရက်များတွင်ဆိုင်၌အလုပ်လုပ်နိုင်သည်ဟုပြောဆိုစည်းရုံးနေသော်လည်း ထိုနေရာကိုအတော်လေးကြောက်ရွံ့နေမိသည့်ဟောင်ရန်ကား ‌ဆိုင်ပိတ်သည်နှင့်ချက်ခြင်းထွက်လာခဲ့ခြင်းဖြစ်ပေသည်။

ထိုအခိုက် ဟောင်ရန်၏နှာဝသို့မွှေးပျံ့သည့်ရနံ့တစ်ခုက ပွတ်သတ်ကျီစယ်လာပြီး နောက်ဘက်မှ ရွှင်မြူးသည့်အသံတစ်ခုကိုကြားလိုက်ရသည်။

“ အား....ကြက်ကင်လေးက မွှေး နေတာပဲ ဟေ့ကောင်လေး စားဦးမလား.။ မင်းကြည့်ရတာ ဗိုက်ဆာနေသလိုပဲ ....”

သူ့ကိုရည်ရွယ်၍ပြောလိုက်ဟန်တူသည့်အသံပိုင်ရှင်ကြောင့် ဟောင်ရန်လည်း စိတ်မပါလက်မပါဖြင့်ခေါင်းယမ်းပြရင်း နောက်လှည့်ကြည့်လိုက်သည်။

သူ၏နောက်ဘက်တွင် ကြက်ကောင်လုံးကင်ကိုအားရပါးရကိုက်ဆွဲ‌နေသည့်လူကိုမြင်သည်နှင့် ဟောင်ရန်၏မျက်ဝန်းများက ပြူးကျယ်သွားတော့သည်။

အဖြူရောင်ဝတ်ရုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီးသက်လက်ပိုင်းအရွယ်ရှိသည့်ထိုလူ၏ပုံစံက သန့်ပြန့်ရည်မွန်ပြီးအထက်တန်းကျသည့်ရုပ်သွင်ရှိသည်။

သို့သော် အဖြူရောင်ဝတ်စုံဝတ်လူကိုမြင်သည်နှင့် ဟောင်ရန်၏အမူအယာက အံ့အားသင့်သွားဟန်တူပြီး ခြေလှမ်းအနည်းငယ်အကွာတွင်ရှိနေသည့်ထိုလူ့ကိုလက်ညိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။

“ ခင်ဗျား....ကျုပ်ဆီက ပိုက်ဆံအိတ်ကိုခိုးသွားတဲ့လူပဲ.....”

ဟောင်ရန်က အတော်လေး‌ဒေါသတကြီးဖြစ်နေသော်လည်း အဖြူရောင်ဝတ်စုံဝတ်လူ၏အမူအယာက အေးအေးလူလူရှိလှပြီး ဟောင်ရန်၏ပခုံးကိုပုတ်၍ အေးဆေးသည့်လေသံဖြင့်ပြောလိုက်သည်။

“ အခုမှတွေ့တဲ့ လူတစ်ယောက်ကိုရမ်းသမ်းပြီးမစွပ်စွဲရဘူးကောင်လေး.....။

မင်းအလုပ်လုပ်တဲ့ဆိုင်နဲ့မျက်စောင်းထိုးက ဆိုင်မှာ ငါတစ်နေ့ခင်းလုံး ကျားထိုးနေတာ။။

မင်းတစ်နေကုန်အလုပ်တွေလုပ်နေရတာကို ငါကသနားလို့မင်းကိုစားဦးမလားအေးတာကွ ..စေတနာကိုအသိအမှတ်မပြုရင်တောင်မစော်ကားသင့်ဘူး....”

ကျိုးကြောင်းသင့်လျော်ပြီးဖြောင့်မက်ဟန်တူသည့်ထိုလူ၏ပုံစံက လေးစားဖွယ်ကောင်းသော်လည်း ဟောင်ရန်၏အမူအယာက တင်းမာသွားပြီး ထိုလူ၏ခါးတွင်ချိတ်ဆွဲထားသည့် အနက်ရောင်ပိုက်ဆံအိတ်ကိုညွန်ပြကာပြောလိုက်သည်။

“ ဟိုမှာ ခင်ဗျားဆီက ကျုပ်ရဲ့ပိုက်ဆံအိတ်ပဲ အိတ်အတွင်းဘက်မှာ ချောင်ဆိုတဲ့ စာလုံးကို ငွေချည်နဲ့ထိုးထားတယ်....”

ဟောင်ရန်၏ တင်းမာသည့်စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက သူ၏ခါးရှိပိုက်ဆံအိတ်ကိုဖြုတ်ကာ သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

“ ကဲ မင်းမယုံရင် ငါမင်းရှေ့မှာ စစ်ဆေးပြပေးမယ် ...”

သူ၏တည်ငြိမ်သည့်ပုံစံကြောင့် ‌ ဒေါသထွက်နေသည့်ဟောင်ရန်ပင်ဇဝေဇဝါဖြစ်သွားမိသည်။

အေးဆေးတည်ငြိမ်လှသည့်ထိုလူ၏အမူအယာကြောင့် လူကောင်းတစ်ယောက်ကိုမှားယွင်းစွပ်စွဲမိပြီလောဟုတွေးမိရင်းဟောင်ရန်၏စိတ်ထဲတွင် အားတုံ့အားနာဖြစ်မှုကိုခံစားလိုက်မိ၏။

သို့သော် အနက်ရောင်ကတ္တီပါအိတ်၏အတွင်းဘက်၌ ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည့် ငွေရောင်ချည်ဖြင့်‌ရေးထိုးထားသည့် စာလုံးကြောင့် ဟောင်ရန်မှာ ကြက်သေသေသွားမိ၏။

“ ဟီးဟီး....တကယ်ပဲ မင်းရဲ့ပိုက်ဆံအိတ်က အမှတ်အသားရှိနေတာကိုး....နောက်တစ်ခါပိုပြီးဂရုစိုက်ရမယ်....”

အဖြူရောင်ဝတ်စုံဝတ်လူက ဟောင်ရန့်ကိုပြောသလိုလို တစ်ကိုယ်တည်းရေရွတ်သလိုလိုဖြင့် ပြောလိုက်ရင်း ကြက်ကောင်လုံးကင်ကိုတစ်ဖက်မှကိုင်ကာ ဟောင်ရန့်ကိုမသိမသာကျော်တတ်၍ ခပ်သွက်သွက်လျှောက်သွားလိုက်သည် ။

ထိုလူ၏အပြုအမူကိုမြင်မှ အံ့ဩနေရာမှသတိဝင်လာသည့်ဟောင်ရန်က အဖြူရောင်ဝတ်စုံဝတ်လူ၏အင်္ကျီစကိုဆွဲရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ သူခိုး .....ကျုပ်ရဲ့ပိုက်ဆံအိတ်ကိုပြန်ပေး...”

ဟောင်ရန်၏လှုပ်ရှားမှုက လျှင်မြန်သွက်လက်လှသော်လည်း အဖြူရောင်ဝတ်စုံဝတ်လူ၏ခန္တာကိုယ်က ပို၍ပင်လျှင်မြန်နေသေးသည်။

ဟောင်ရန်က သူ၏အင်္ကျီစကိုဖမ်းကိုင်လိုက်သည်နှင့် ထိုလူ၏ခန္တာကိုယ်က ငါးရှဉ့်တစ်ကောင်လို လှစ်ခနဲရှောင်တိမ်းလိုက်ပြီး ရှေ့သို့လျှင်မြန်စွာပြေးထွက်သွားလေသည်။

အချိန်အနည်းငယ်အတွင်း အဝေးသို့ရောက်ရှိသွားသည့်အဖြူရောင်အရိပ်တစ်ခုကိုသာမြင်တွေ့လိုက်ရပြီး ဟောင်ရန်လည်း အော်ဟစ်ရင်းထိုလူ၏နောက်မှ ပြေးလိုက်သွားရသည် ။

“ ဟေ့လူ... သူခိုး....ရပ်စမ်း....”

ဟောင်ရန်၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏ခန္တာကိုယ်က ဆက်ခနဲဖြစ်သွားပြီး လမ်းလျှောက်ရင်း ချီးပုံနင်းမိသလို သူ၏မျက်နှာက ရှုံ့တွသွားသည်။

“ ငါ့ကိုဘယ်လိုတောင်ခေါ်လိုက်တာလဲ ။ ငါက အောက်တန်းစားသူခိုးမဟုတ်ဘူးကွ. အရှေ့အရပ်ကလေကိုစီးနင်းပြီး ကောင်းကင်ဘုံအထိပျံသန်းမယ့်.....”

အဖြူရောင်ဝတ်စုံဝတ်လူ၏စကားမဆူံးမီ ဟောင်ရန်က ‌ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ သူခိုးကသူခိုးပေါ့ ကြီးကြီးကျယ်ကျယ်နဲ့ ရပ်စမ်း....”

သူတို့နှစ်ဦးက စကားအ‌ဆက်မပြက်ပြောဆိုနေကြသော်လည်း ပြေးလွှားနေသည့်သူတို့၏အရှိန်များက လျော့နည်းသွားခြင်းမရှိကြပေ။

အဖြူရောင်ဝတ်စုံဝတ်လူက ရှေ့မှလျှင်မြန်စွာပြေးလွှားနေသလို ဟောင်ရန်ကလည်းတကျော်ကျော်အော်ဟစ်၍ နောက်မှပြေးလိုက်နေဆဲဖြစ်သည်။

ဟောင်ရန်၏ကိုယ်ဖော့ပညာကထိပ်တန်းအဆင့်ရှိပြီး အဆင့်လွန်ထိပ်သီးအများစုထက်ပင်သာလွန်သော်လည်းအဖြူရောင်ဝတ်စုံဝတ်လူကိုမှီအောင်မလိုက်နိုင်ဘဲ သူမည်မျှကြိုးစားပါ‌စေ နှစ်ယောက်၏ကြားတွင် ဝါးတစ်ရိုက်အကွာအဝေးအမြဲရှိနေသည်။

ထိုအဖြစ်ကြောင့် ဟောင်ရန်၏စိတ်ထဲတွင် မခံချင်မှုများ၊ ဒေါသများပို၍ကြီးထွားလာပြီး ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုကာ ထိုလူ့ကိုလိုက်လံဖမ်းဆီးနေပေသည်။

ဤသို့ဖြင့် လူရှင်းသည့်လမ်းမထက်၌ မီးခိုးတန်းလိုလျှင်မြန်စွာရွေ့လျားနေသည့်အရိပ်နှစ်ခုကိုတွေ့မြင်နိုင်မည်ဖြစ်ပြီး သာမန်လူများသာတွေ့မြင်ပါက သရဲတစ္ဆေများဟုပင်ထင်မှတ်နိုင်ပေသည်။

&&&&

တဝုန်းဝုန်းအသံမြည်၍ အဆက်မပြက်ကျဆင်းနေသည့်ရေလုံးကြီးများကရေစီးအားသန်လှပြီး ရှောင်‌ယောင်မှာ ကြံ့ခိုင်သည့်ခန္တာကိုယ်နှင့် အပြင်အားကြောင့်သာ ရေစီးအားကိုကျော်လွန်၍ ရေတံခွန်နောက်မှ လျှို့ဝှက်နေရာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သူဝင်လာခဲ့သည့်နေရာကိုနောက်ပြန်ကြည့်လိုက်သည့်အခါ အဆက်မပြက်ကျဆင်း‌နေသည့် ရေလုံးများနောက်တွင် အပြင်မှအလင်းရောင်တိုးဝင်နေသည်ကို‌မြင်တွေ့လိုက်ရပြီး တခါတစ်ရံလွင့်ပျံ့လာသည့် ရေမှုန်ရေမွားများက သူ၏မျက်နှာကိုပင်လာစင်နေသေးသည်။

ထိုမြင်ကွင်းက လွန်စွာထူးဆန်းလှပနေ၍ ရှောင်ယောင်လည်းအချိန်အနည်းငယ်ကြာအောင် ငေးခနဲဖြစ်နေပြီး ရေစီးကြောင်းတွင်းသို့ သူ၏လက်ကိုဆန့်တန်းကာတို့ထိကြည့်လိုက်သည်။

ထိုအခိုက် အပြင်ဘက်မှရိပ်ခနဲရောက်ရှိလာသည့်လူရိပ်တစ်ခုကိုမသဲမကွဲမြင်လိုက်ရ၍ ရှောင်ယောင်၏စိတ်ထဲတွင်ထိတ်ခနဲဖြစ်သွားပြီး နောက်သိုအလျှင်အမြန်ဆုတ်လိုက်သည်။

ထိုလူရိပ်က သူ့ကိုလိုက်လံရှာဖွေနေသည့်ဖျင်ကြမ်းဝတ်စုံဝတ်လူမှလွဲ၍အခြားမဟုတ်ဘဲ ရေတံခွန်အောက်သို့ရောက်ရှိလာခြင်းဖြစ်ပေမည်။

ထိုလူရိပ်က အပြင်ဘက်တွင်အချိန်အနည်းငယ်ကြာအောင်ရှာဖွေနေသလို ရှောင်ယောင်ကလည်း အသံတစ်စက်မှမထွက်ဝံ့ဘဲ လျှို့ဝှက်နေရာလေးတွင်ငြိမ်ကုတ်စွာရှိနေသည်။

အမှန်က ရှောင်‌‌ယောင့်အနေဖြင့်အစိုးရိမ်လွန်နေခြင်းဖြစ်ကာ အတွင်းဘက်မှသူအသံကုန်အော်ဟစ်လျှင်ပင် အဆက်မပြက်စီးကျနေသညိ့ရေလုံးများက ကျယ်လောင်သည့်အသံများကြောင့် သူ၏အော်သံက တိုးဝင်ပျောက်ကွယ်သွားရပေမည်။

ထို့အပြင် အတွင်းဘက်မှနေ၍အပြင်ကိုအနည်းငယ်မြင်နိုင်သော်လည်းအပြင်ဘက်မှနေ၍ လျှို့ဝှက်နေရာကိုမြငိတွေ့ရန်မဖြစ်နိုင်ပါချေ။

ဖျင်ကြမ်းဝတ် စုံဝတ်လူမှာ ရှောင်ယောင်၏ခြေရာလက်ရာများကိုရှာ‌တွေ့သော်လည်း သူ့ကိုမမြင်တွေ့တော့၍ ထွက်ခွာသွားပြီဟုတွေးမိခြင်းဖြစ်ပေမည်။

အချိန်အတော်ကြာအောင်ရှာဖွေပြီးနောက် ‌ရှောင်ယောင့်ကိုမတွေ့ရမှဖျင်ကြမ်းဝတ်စုံဝတ်လူက ထွက်ခွာသွားပြီး ထိုအခါမှရှောင်ယောင်လည်း အသက်ဝဝရှူလိုက်ရတော့သည် ။

ထို့နောက် ရှောင်ယောင်လည်း သူရောက်ရှိနေသည့်နေရာကိုစူးစမ်းကြည့်လိုကိသည့်အခါ ပေအနည်းငယ်ကျယ်ဝန်းသည့်နေရာလေးတစ်ခုကိုတွေ့လိုက်ရပြီး ကျောက်တောင်ကိုထွင်းထုထားပြီးမြေသားဖြင့်ပြုလုပ်ထားသည့်အခန်းတစ်ကဲ့သို့ဖြစ်သည်။

အစောပိုင်းက ရှောင်ယောင်ပစ်လွှတ်ခဲ့သည့်သံမဏိတုတ်ရှည်က အခန်းနံရံကိုထိမှန်ကာအောက်သို့ကျနေပြီး ရှောင်ယောက်လည်း သူနှင့်ရေစက်မကုန်သေးသည့်ထိုတုတ်ရှည်ကိုပြန်သိမ်းထားလိုက်သည်။

အခန်းတစ်ခုလုံးကိုလှည့်ပတ်ကြည့်ရှုသည့်တိုင် ကျောက်နံရံအတွင်းနစ်မြုပ်သွားသည့်တံဆိပ်ပြားနှစ်ခုကိုရှာမတွေ့ဘဲ ရှောင်ယောင်လည်း ထိုတံဆိပ်ပြားနှစ်ခုကိုပြန်မရနိုင်တော့မှန်းရိပ်စားလိုက်မိ၍သက်ပြင်းတစ်ချက်ချကာ အခန်းနံရံကိုမှီ၍ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

ထိုအခိုက် အပြင်ဘက်မှရိပ်ခနဲရောက်ရှိလာသည့်လူရိပ်တစ်ရိပ်ကိုမြင်လိုက်ရ၍ ရှောင်ယောင်၏နှလုံးက ပါးစပ်အတွင်းမှခုန်ထွက်တော့မည်ကဲ့သို့ဖြစ်သွားမိ၏။

အပြင်ဘက်မှ လူရိပ်က ဖျင်ကြမ်းဝတ်စုံဝတ်လူမှလွဲ၍အခြားမဟုတ်ဘဲ ရှောင်ယောင်အနီးအနားတွင်ပုန်းအောင်းနေမည်လောဟုသံသယရှိ၍ နောက်တစ်ကြိမ်ပြန်ရောက်လာခြင်းဖြစ်သည်။

ထိုလူ၏ပါးနပ်သတိကြီးမှု ရှောင်‌ယောင့်ကိုပင်အထင်ကြီးစေပြီး ယခုတစ်ခေါက်တွင်လည်း ရှောင်ယောင့်ကိုရှာမတွေ့မှ ထိုလူကအမှန်တကယ်ထွက်ခွာသွားခြင်းဖြစ်သည် ။

ထို့နောက် ရှောင်ယောင်လည်း ထိုင်ရာမှမထတော့ဘဲ ခြေချိတ်ထိုင်ကာအတွင်းဒဏ်ရာကိုကုသလိုက်သည်။

ဤလျှို့ဝှက်နေရာလေးတွင် သူတစ်ချိန်လုံးနေနိုငိမည်မဟုတ်ဘဲ အပြင်သို့ထွက်သည်နှင့်ဖျင်ကြမ်းဝတ်စုံဝတ်လူ၏အန္တရာယ်ကိုထပ်မံရင်ဆိုင်ရပေမည်။

ယခုတစ်ကြိမ်က စွန့်စားလွတ်မြောက်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်တွင် ထိုလူနှင့်ထပ်မံတွေ့ဆုံပါက ကျိန်းသေပေါက်လွတ်မြောက်မည်မဟုတ်တော့။

ထို့ကြောင့် ရှောင်ယောင်လည်းသူ၏အကောင်းဆုံးအခြေအနေသို့ပြန်လည်ရောက်ရှိစေရန်ကြိုးစားကုသနေခြင်းဖြစ်ပေသည် ။

&&&

All Chapters