← Chapters

တစ်ယောက်ထဲအဖော်မဲ့

Vol. 3 Ch. 14

တစ်ယောက်ထဲအဖော်မဲ့

Vol. 3 Ch. 14

အချိန်မည်မျှကြာသွားသည်မသိဘဲရှောင်ယောင်၏မျက်လုံးများပြန်ဖွင့်လိုက်သည့်အချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။

ဖျင်ကြမ်းဝတ်စုံဝတ်လူနှင့်တိုက်ခိုက်စဉ်က နံနက်ပိုင်းဖြစ်ပြီး သူပြန်လည်ကုသနေသည်က နေ့တစ်ဝက်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်းကိုသိရှိလိုက်သည်။

ယခု သူ၏အခြေအနေကလူကောင်းပကတိ မဟုတ်သေးသော်လည်း အတွင်းဒဏ်ရာကအတော်များများသက်သာနေပြီဖြစ်သလို ခန္တာကိုယ်ပေါ်ရှိနာကျင်မှုများကလည်းပျောက်ကွယ်သွားပြီဖြစ်သည်။

ရွှေဝတ်ရုံလွှာကျင့်စဉ်အတိုင်းအတွင်းအားသုံး၍ခန္တာကိုယ်သန့်စင်ခြင်းက ပြောမပြနိုင်လောက်သည့်နာကျင်မှုကိုခံစားရပြီး ထိုကဲ့သို့နာကျင်မှုကို ရှောင်ယောင်ဆယ်နှစ်အရွယ်ကပင် တစ်ရက်မပျက်ခံစားခဲ့ရခြင်းဖြစ်၏။

သူ၏သူမတူသည့်စိတ်ခွန်အားနှင့်ဇွဲ့လုံ့လတို့ကြောင့်သာ အပြင်အားလမ်းစဉ်ကို လျှောက်နိုင်ခြင်းဖြစ်ပြီ လေ့ကျင့်မှုကိုတစ်ရက်မပျက်ခဲ့သော်လညိး တိုးတက်မှုမရှိသည်မှာ နှစ်နှင့်ချီ၍ကြာမြင့်နေပြီဖြစ်ပေသည်။

လက်ရှိ ရှောင်ယောင်၏အဆင့်ကအကြောသန်စွမ်းခြင်းကိုပြီးမြောက်ကာ ကြွက်သားထိမ်းချုပ်ခြင်းအဆင့်တွင်ဖြစ်ပြီး အတွင်းအားလမ်းစဉ်တွင် လေ့ကျင့်သလောက်တိုးတက်လာသော်လည်း အပြင်အားလမ်းစဉ်က ရပ်တန့်နေခဲ့သည်။

ဤသည်က ရှောင်ယောင်၏ညံ့ဖျင်းမှုမဟုတ်ဘဲ လေ့ကျင့်သလောက်သာတိုးတက်မှုရှိပါက သိုင်းလောကတွင်အပြင်အားပညာရှင်များ ကောင်းကင်မှတိမ်များလိုပေါများနေပေမည်။

လေ့ကျင့်ရန် ကြမ်းတမ်းပင်ပန်းမှု၊ ရှေ့ဆက်တိုးတက်ရန်ခက်ခဲမှုတို့ကြောင့် အပြင်အားလမ်းစဉ်က တိမ်မြုပ်သွားခြင်းသာဖြစ်ပြီး နှစ်တစ်ရာအတွင်းအပြင်အားလမ်းစဉ်တွင် ပေါက်ပေါက်မြောက်မြောက်ရှိသူဟူ၍ ခရမ်းရောင်သွေးလဂိုဏ်းမှသံမဏိဘုရင်တစ်ယောက်သာရှိသည်ဟုရှောင်ယောင်ကြားဖူးသည်။။

သိုင်းလောကထဲတွင် အပြင်အား‌လေ့ကျင့်သူများရှိနေသေးသည်ဟုဆိုနိုင်သော်လည်း ထိုလူများက သာမန်လူများဖက် ခွန်အားကြီးသည့် အနုတ်စုတ်ဂုတ်စုတ်အပြင်အားသိုင်းသမားများဖြစ်ကြသည်။

သိုင်းပညာပါရမီများစွာမပါသည့် ထိုလူများက သူတို့၏အပြင်အားကိုသာအဓိကထားလေ့ကျင့်ကြပြီး သာမန်လူများကိုအနိုင်ကျင့်ရာတွင်အသုံးဝင်သော်လည်း အဆင့်မြင့်သိုင်းသမားတစ်ယောက်နှင့်တွေ့လျှင် မရှုမလှခံရမည့်လူစားများဖြစ်ကြသည်။

အစွမ်းထက်အပြင်အားပညာရှင်များက သူတို့၏ခန္တာကိုယ်ကို လက်နက်တစ်ခုလိုမာကျောစေရန် အကြိမ်ကြိမ်သန့်စင်ပြီးနောက် လွန်စွာကြောက်မက်ဖွယ်ခန္တာကိုယ်တစ်ခုရရှိလာပေသည်။

ထိုကဲ့သို့လူမျိုးကိုကျွမ်းကျင်အဆင့်အပြင်အားပညာရှင်များဟုခေါ်ပြီး သူတို့၏ခန္တာကိုယ်များက

ဓားလှံမတိုးဘဲ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို လက်နက်သဖွယ်အသုံးပြုနိုင်ကာ အဆင့်လွန်ထိပ်သီးများကိုပင်ယှဉ်နိုင်စွမ်းရှိကြသည်။

ထို့ထက်ပို၍အဆင့်မြင့်သည်က ထိပ်တန်းအဆင့်အပြင်အားပညာရှင်များဖြစ်ကြပြီး ထိုလူများကသိုင်းဝိဇ္ဇာများနှင့်ပင်နှိုင်းယှဉ်နိုင်ကာ အနီးကပ်တိုက်ပွဲများတွင် သူတို့ကပင်ပို၍ကြောက်မက်ဖွယိကောင်းသေးသည်။

ရှောင်ယောင်သာရွှေဝတ်ရုံလွှာကျင့်စဉ်၏အဆင့်ငါးဆင့်လုံးကိုအောင်မြင်သွားပါက ထိုအဆင့်သို့ရောက်ရှိမည်ဖြစ်ပြီး အတွင်းအားလမ်းစဉ်တွင် ထိပ်တန်းသိုင်းအဆင့်သာရှိနေသေးလျှင်ပင် သိုင်းဝိဇ္ဇာများကိုတိုက်ခိုက်နိုင်ပေမည်။

လက်ရှိရှောင်ယောင်၏အဆင့်က များစွာဝေးကွာနေသေးပြီး လမ်းစဉ်နှစ်ခုလုံးကိုလေ့ကျင့်၍လည်း သူ၏အမြန်နှုန်းက သာမန်လူများထက်တစ်ဝက်ခန့်နိမ့်ကျပေသည် ။

သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ထားခြင်းမရှိပါက ရှောင်ယောင်ကိုယ်တိုင်ပင်လမ်းစဉ်နှစ်ခုလုံးကိုလျှောက်လှမ်းရန်စဉ်းစားဝံ့မည်မဟုတ်ဘဲ ယခုပင် သူ၏အတွင်းအားလမ်းစဉ်က သိုင်းလောကထဲမှပါရမီရှင်များထက်နိမ့်ကျနေသေးသည်။

သို့‌သော် တိုက်ပွဲစွမ်းအားအရဆိုလျှင် ရှောင်ယောင်က ထိုပါရမီရှင်များထက်နိမ့်ကျခြင်းမရှိဘဲ စီးတုယွမ်ချင်းတို့လို လူငယ်မျိုးဆက်၏ထိပ်တန်း၌ရှိသူများထက်သာအနည်းငယ်နိမ့်ကျပေမည်။

ရှောင်ယောင်အတွက်အားသာချက်တစ်ခုက သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ထားသည့်သူ၏လေ့ကျင့်မှုအမြန်နှုန်းဖြစ်ပြီး အချိန်တစ်ခုကြာမြင့်လျှင် သူ့မျိုးဆက်မှလူတိုင်းထက်ကျော်လွန်သွားမည်ဖြစ်ကြောင်းသံသယဖြစ်ဖွယ်မရှိပေ။

ယခုအချိန်တွင်တော့ စမှတ်နောက်ကျခဲ့သည့်အပြင် လမ်းစဉ်နှစ်ခုလုံးကိုပါလေ့ကျင့်သူဖြစ်၍ အများအမြင်တွင် ရှောင်ယောင်က သူလိုကိုယ်လိုသာမန်သိုင်းသမားလေးတစ်‌ယောက်သာဖြစ်နေပေဦးမည်။

ထို့ကြောင့်ပင် သူ၏သိုင်းအဆင့်နှင့် သူလုပ်ဆောင်ခဲ့သည့်တုန်လှုပ်ဖွယ်ကိစ္စကြီးများက ပို၍ကြီးကျယ်နေခြင်းဖြစ်ပြီး သိုင်းလောကအတွင်းဝင်ရောက်သည်မှာ တစ်လမပြည့်မီ သူ၏အမည်ကို လူတိုင်းလိုလိုကြားဖူးနေရခြင်းဖြစ်၏။

ရှောင်ယောင်လည်း စိတ်ထဲမှအတွေးစများအားဖြတ်တောက်ရင် ခန္တာကိုယ်ရှိအကြောများကိုဆန့်ထုတ်လိုက်သည်။

ဖျိုးဖျိုးဖျစ်ဖျစ်မည်သံများက သူ၏အရိုးများဆီမှထွက်ပေါ်လာပြီး ထင်းခြောက်တစ်စည်းကိုချိုးလိုက်သည့်အလား အရိုးအဆစ်များက မည်သံများထွက်ပေါ်လျက်ရှိသည်။

ရွှေဝတ်ရုံလွှာကျင့်စဉ်၏အရိုးခိုင်မာခြင်းအဆင့်ကိုပြီးမြောက်ပြီးနောက် သံမဏိလိုမာကျောနေသည့်သူ၏အရိုးများကို ဓားဖြင့်အားကုန်ခုတ်လျှင်ပင် ဖြတ်တောက်နိုင်မည်မဟုတ်သလို အကြောသန်စွမ်းခြင်းအဆင့်ကလည်း သူ၏ခန္တာကိုယ်ရှိအရွတ်ကြောများကို ထူးထူးခြားခြားကြံ့ခိုင်သန်စွမ်းစေကာ မည်သည့်သိုင်းပညာရပ်ကိုပင်ထုတ်သုံးသည်ဖြစ်စေ ရာနှုန်းပြည့်ဖော်ဆောင်နိုင်ရန်ကူညီပေးသည်။

ပုံမှန်ဆိုလျှင် သိုင်းဝိဇ္ဇာအဆင့်အောက်သိုင်းသမားတိုင်းက မည်မျှအစွမ်းထက်သည့်သိုင်းပညာရပ်ကိုအသုံးပြုသည်ဖြစ်စေ ရာနှုန်းပြည့်အသုံးချနိုင်စွမ်းမရှိကြပေ။

သိုင်းဝိဇ္ဇာများသာ ထိုကန့်သက်ချက်ကိုဖောက်ထွက်ပြီး မည်သည့်သိုင်းကွက်ကိုဖြစ်စေအဆုံးစွန်အထိထုတ်ဖော်နိုင်ခြင်းဖြစ်၏။

ထို့ကြောင့်သိုင်းဝိဇ္ဇာများတိုက်ခိုက်သည့်အခါသာမန်တိုက်ကွက်ကလေးတစ်ခုပင် သူတို့၏လက်ထဲ၌ ကြောက်စရာကောင်းသည့်သိုင်းကွက်တစ်ခုအဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပြီး သိုင်းကွက်၏လားရာကိုအလိုရှိသလိုပြောင်းလဲနိုင်သည့် သိုင်းကွက်အသေ‌အရှင်သဘောတရားကလည်း အရေးပါသည့်နေရာမှပါဝင်သည်။

ယခု ရှောင်ယောင်က သိုင်းဝိဇ္ဇာအဆင့်အတွင်းအားလိုအပ်ချက်ပြည့်မှီခြင်းမရှိသေး‌သလို သိုင်းကွက်အသေအရှင်သဘောတရားကိုနားလည်ရန်လွန်စွာဝေးကွာနေသေးသော်လည်း သူ၏အပြင်အားလမ်းစဉ်ကြောင့်မည်သည့်တိုက်ကွက်ကိုဖြစ်စေရာနှုန်းပြည့်အသုံးပြုနိုင်ပေသည်။

ထို့ကြောင့် လမ်းစဉ်နှစ်ခုလုံးကိုလျှောက်လှမ်းသည့်ရှောင်ယောင်ကတိုက်ပွဲစွမ်းအားတွင် အဆင့်တူများထက်များစွာသာလွန်ပြီး တစ်ခုတည်းသောအားနည်းချက်က လေ့ကျင့်ရာတွင်သူများထက်နှစ်ဆခန့်ပို၍ခက်ခဲခြင်းဖြစ်ပေသည်။

ရှောင်ယောင်လည်း စိတ်ထဲသို့လျှပ်တပြတ်တိုးဝင်လာသည့်အတွေးစများအားဖြတ်တောက်ကာ အသက်ကိုဝဝရှုသွင်း၍ သူ၏စိတ်ကိုရှင်းထုတ်လိုက်သည်။

ထို့နောက် သူ၏အတွင်းဒဏ်ရာကိုကုသပြီးစီးပါက ဖျင်ကြမ်းဝတ်စုံဝတ်လူ၏အန္တရာယ်ကိုမည်သို့ရှောင်တိမ်းရမည်ကိုတွေးတောလိုက်၏။

မနိုင်မှန်းသိရက်နှင့်ရင်ဆိုင်သည့်အလုပ်က လူမိုက်များ၏အကျင့်ဟု ရှောင်ယောင်ကတော့ခံယူထားပြီး တစ်ဖက်လူကိုအနိုင်မယူနိုင်မှန်းသိသိနှင့်ရင်ဆိုင်မည်မဟုတ်ပေ။

ထို့ကြောင့်သူ၏အစီအစဉ်က အတွင်းဒဏ်ရာပျောက်ကင်းသည်အထိဤလျှို့ဝှက်နေရာလေးတွင် နေထိုင်ပြီး နောက်မှစွန်းအိမ်တော်သို့အလျှင်အမြန်သွားရောက်ရန်ကြံစည်ထားသည် ။

ထိုအကြံအစည်က လက်တလောအခြေအနေနှင့်အသင့်လျော်ဆုံး ဆုံးဖြတ်ချက်လည်းဖြစ်ပြီး သိုင်းလောကသူရဲကောင်းများနှင့်သိုင်းဝိဇ္ဇာအဆင့်များပင်ရောက်ရှိလာမည့်စွန်းအိမ်တော်၌ ထိုလူသူ့ကိုသတ်ဖြတ်ဝံ့မည်မဟုတ်ပေ။

“ ဟူး .... အလိုလိုနေရင်းနဲ့တံဆိပ်ပြားကပျောက်သွားပြန်ပြီ....စိတ်ညစ်တယ် ...”

ရှောင်ယောင်လည်း ခြေညောင်းလက်ဆန့်အနေဖြင့် လျှို့ဝှက်နေရာလေးတွင်လှည့်ပတ်ကြည့်ရင်း ညဉ်းတွားမိလိုက်၏။

ဤနေရာလေးသို့ရောက်ရှိလာစဉ်က ကျောက်နံရံအတွင်းတိုးဝင်ပျောက်ကွယ်သွားသည့်တံဆိပ်ပြားနှစ်ခုကိုတွေ့လိုတွေ့ငြားမျှော်လင့်ချက်ကလေးရှိခဲ့သော်လည်း ယခုအခါ နှစ်ကြိမ်တိုင်စေ့စေ့စပ်စပ်ရှာဖွေပြီးသည့်တိုင် ဤအခန်းငယ်လေးထဲတွင်ပစ္စည်းပစ္စယတစ်စုံတစ်ရာရှာမတွေ့။

တစ်နေကုန်ပူပြင်းခဲ့သည့် နေမင်းကြီးက အားမာန်လျော့နည်းကာ အနောက်အရပ်သို့တိုးဝင်နေပြီဖြစ်၍ ညနေဆည်းဆာအလင်းရောင်များက လွန်စွာလှပလျက်ရှိပေသည် ။

ထိုအခိုက် ရေလုံးကြီးများကိုဖြတ်ကာ လျှို့ဝှက်နေရာအတွင်းတိုးဝင်လာသည့် နေရောင်ခြည်အလင်းတန်းများကြောင့် ရှောင်ယောင်လည်း မူလက သူသတိမပြုမိလိုက်သည့်အရာတစ်ခုကိုသတိပြုမိလိုက်သည်။

ဤသည်က အစောပိုင်းကသူကျောပေးထိုင်ခဲ့သည့်နေရာတွင်ရှိနေသည့် စက်ဝိုင်းပုံဖြစ်ပြီး မှိန်ဖျော့နေသည့် ထိုအရာကြောင့် နေအလင်းတန်းများကြောင့်သာ ရှောင်ယောင်သတိပြုမိခဲ့ခြင်းဖြစ်၏။

ရှောင်ယောင်၏စိတ်ထဲတွင် အတွေးများစွာဖြတ်ပြေးသွားပြီး သူဖတ်ရှုထားသည့် စာအုပ်များစွာထဲမှအသိပညာအရ ထိုစက်ဝိုင်းပုံလေးမှာ ခလုပ်တစ်ခုခုဖြစ်နိုင်ကြောင်းရိပ်စားမိလိုက်၏။

စက်ဝိုင်းပုံအတွင်း၌ လက်ရာမြောက်သည့်နဂါးရုပ်ကလေးရှိနေကာ သေးငယ်သော်လည်း ထိပ်တန်းပန်းချီဆရာတစ်ယောက်ဆွဲထားသည့်အလားလွန်စွာအသက်ဝင်လှသည်။

ထို့ကြောင့် သူ၏လက်ကိုဆန့်တန်းကာ စက်ဝိုင်းပုံအတွင်းရှိ နဂါးရုပ်လေးကို အသာပွတ်သတ်ကြည့်လိုက်ပြီး ထူးခြားမှုတစ်စုံတစ်ရာမတွေ့သည်နှင့်အနည်းငယ်အားစိုက်ကာ ရှေ့သို့တွန်းလိုက်သည်။

“ ဂျုန်း....”

တော်‌လဲသံလို ကျယ်လောက်သည့်မည်ဟည်းသံနှင့်အတူရှောင်ယောင်၏နောက်ဘက်မှထွက်ပေါက်မှာ ထူထဲသည့်ကျောက်တံခါးကြီးတစ်ခုကျဆင်းလာလေသည်။

အပေါ်ဘက်မှကျဆင်းလာသည့်ထိုတံခါးကြီးက အပြင်ဘက်မှလျှို့ဝှက်နေရာအတွင်းဝင်ရောက်သည့်ရေတံခွန်အနားတွင်ပေါ်လာခြင်းဖြစ်ပြီး ရှောင်‌ယောင်ပင် ရုတ်တရက်ဖြစ်ပျက်သွားသည်အဖြစ်ကြောင့် အချိန်မီတုန့်ပြန်နိုင်ခြင်းမရှိပေ။

သူလျှို့ဝှက်ခလုပ်တစ်ခုခုဟုတွေးခဲ့မိသည့်အရာက လျှိူ့ဝှက်နေရာကိုပိတ်ဆို့သည့်တံခါးဖြစ်ဟန်တူပြီး အပြင်ဘက်မှအလင်းရောင်ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ ကိုယ့်လက်ကိုပင်မမြင်ရလောက်အောင်မည်းမှောင်သွားတော့သည်။

“ သေစမ်း....”

ကြောင်အမ်းအမ်းဖြစ်နေရာမှသတိဝင်လာသည့်ရှောင်ယောင်က ထူထဲမာကျောလှသည့်ကျောက်တံခါးကြီးကိုလက်ဖြင့်စမ်းသပ်လိုက်ရင်း မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိ၏။

မူလက လျှို့ဝှက်နေရာတွင်ပုန်းအောင်းကာ အတွင်းဒဏ်ရာကုသပြီးနောက်အပြင်ပြန်ထွက်နိုင်သေးသော်လည်း ယခုမူ သူ၏ထွက်လမ်းကိုကျောက်တံခါးကြီးကပိတ်ဆို့သွားပြန်သည်။

ရှောင်ယောင်၏စိတ်ထဲ၌ အလိုလိုနေရင်း ကံဆိူးမှုများတစ်ခုပြီးတစ်ခုကြုံတွေ့နေရသည့် သူ့အဖြစ်သူမချိတင်ကဲ့ဖြစ်သွားပြ အတွင်းအားအပြင်အားကိုအစွမ်းကုန်သုံးကာ ကျောက်တံခါးကြီးကိုထိုးနှက်လိုက်သည် ။

“ ဝုန်း.....”

ကျယ်လောင်သည့်အသံနှင့်အတူ ရှောင်ယောင်၏လက်တစ်ခုလုံးကျိုးကြေလုမတတ်နာကျင်သွားသော်လည်း ကျောက်တံခါးကြီးကား တုတ်တုတ်မှုမလှုပ်ပေ။

နာကျင်မှုကြောင့် ‌ရှောင်ယောင်၏မျက်နှာပင်ရှုံ့တွသွားကာ ပေါက်ပြဲသွားသည့်သူ၏လက်ခုံကိုပွတ်သပ်လိုက်ရင်း ထိုသို့မိုက်မဲသည့်လုပ်ရပ်ကို‌‌နောက်တစ်ကြိမ်ပြန်လည်ပြုလုပ်ရန်စိတ်မကူးတော့ပေ။

‌ပိန်းပိတ်အောင်မှောင်မိုက်နေသည့်အမှောင်ထုထဲ၌ ရှောင်ယောင်တစ်ကိုယ်တည်း အထီးကျန်စွာရှိနေပြီး သူ၏စိတ်ထဲတွင်အထီးကျန်အားငယ်သည့်စိတ်များပင်ပေါ်ထွက်လာတော့သည်။

ရှောင်ယောင်က သူမတူသည့်ဉာဏ်ရည်ဉာဏ်သွေးနှင့် သူမိခင်၏တင်းကြပ်သည့်လေ့ကျင့်ပေးမှုများကြောင့် အခြားကလေးများနှင့်ကွဲပြားစွာ စောစောစီးစီးရင့်ကျက်လာပြီး ကြီးပျင်းလာသည့်အချိန်တွင်လည်း အခြားလူများထက်ပို၍တည်ငြိမ်အေးဆေးလာခဲ့သည်။

နောက်ဆုံးအနေဖြင့်အသက်အန္တရာယ်နှင့်နီးကပ်စွာကြုံတွေ့ခဲ့ရချိန်များတွင်ပင်တည်ငြိမ်နေဆဲဖြစ်ပြီး အန်းဒူ၏အဆိပ်ဒဏ်ကြောင့် သူသေဆုံးရတော့မည်ဟုထင်မှတ်ခဲ့ချိန်တွင်လည်း များစွာတုန်လှုပ်မနေခဲ့ပေ။

သို့‌သော် အသွေးအသားဖြင့်ဖွဲ့စည်းထားပြီး လူထဲမှလူတစ်ဦးဖြစ်သည့်ရှောင်‌ယောင့်အတွက်လည်း အားငယ်စိတ်၊ ဝမ်းနည်းစိတ်၊ အထီးကျန်စိတ်စသည့်စိတ်ခံစားမှုများတည်ရှိနေဆဲဖြစ်ပြီး ယခုလို‌မည်းမှောင်နေသည့်အမှောင်ထုထဲ၌ လမ်းပျောက်ကာ လွတ်လမ်းရှာမရချိန်၌ သာမန်လူများလို စိတ်အားငယ်လာခြင်းဖြစ်သည်။

သို့‌သော် ထိုသို့သောအခြေအနေတွင် ရှောင်ယောင်၏အာရုံငါးပါးက သာမန်အချိန်များထက်ပို၍ထက်မြက်လာခဲ့ပြီး ချက်ခြင်းပင်ခေါင်းယမ်းကာ စိတ်ထဲရှိဝမ်းနည်းအားငယ်မှုများကိုရှင်းထုတ်လိုက်သည်။

“ ဘာလို့အခုလိုခံစားနေရမှာလဲ မွေးတုန်းကလည်းတစ်ယောက်ထဲပဲ ။ သေတော့လည်းတစ်ယောက်ထဲသေရမှာပဲ။

အခုလိုအ‌ကျိုးမရှိဘဲသေဆုံးရမှာကတော့ နည်းနည်းစိတ်ပျက်စရာပေါ့ ။ ဒါပေမယ့်ငါတတ်နိုင်သလောက် လွတ်လမ်းရှာဖွေရဦးမယ် ။ ကြိုးစားရင်းနဲ့သေဆုံးသွားရင်တောင် ‌ပျော်ပျော်ကြီးသေရကျိုးနပ်သေးတယ်....”

ရှောင်ယောင်၏စိတ်ထဲ၌ ထိုအတွေးများထွက်ပေါ်လာချိန်တွင် ကျဆင်းနေသည့်စိတ်ဓာတ်တို့က တမဟုတ်ချင်းပြန်လည်တက်ကြွလာပြီး သူ၏စိတ်ခွန်အားက ယခင်ကထက်ပင်ပို၍တိုးပွားလာသေးသည်ဟုခံစားမိလိုက်သည်။

&&&-

All Chapters