အမှောင်ထဲမှာအဖြေရှာ
Vol. 3 Ch. 15
သူ၏စိတ်တွင်းရှိ စိတ်ဓာတ်ကျမှုများကို ပယ်ဖျက်ပြီးနောက် ရှောင်ယောင်၏စိတ်အစဉ်က မူလထက်ပင် ပို၍ကြည်လင်လာပြီး ခေါင်းအေးအေးထားကာ ဤနေရာမှလွတ်မြောက်နိုင်မည့်နည်းလမ်းများကိုစတင်၍စဉ်းစားတွေးတောလိုက်သည်။
ဤသည်က များစွာထူးဆန်းခြင်းမရှိဘဲ ကျဉ်းထဲကြပ်ထဲသို့ရောက်ရှိသည့်လူတိုင်း ရှိရှိသမျှစွမ်းအားများကိုဖော်ထုတ်အသုံးပြုတတ်ကြပြီး ယခင်ကတစ်ခါမှမလုပ်ဆောင်နိုင်သည့်ကိစ္စများကိုပင်လုပ်ဆောင်နိုင်ကြခြင်းဖြစ်သည်။
ထို့ကြောင့်ပင် သိုင်းလောကထဲတွင်ကျင်လည်နေသည့်လူများထဲ၌ သေခြင်းရှငိခြင်းတိုက်ပွဲများကိုဖြတ်သန်းဖူးသည့်အတွေ့အကြုံရင့်သိုင်းသမားများကသာ ပို၍မြင့်မားသည့်သိုင်းအဆင့်သို့တက်လှမ်းနိုင်ခြင်းဖြစ်ပြီး ပါရမီမည်မျှကောင်းမွန်ပါစေ တစ်ချိန်လုံးလေ့ကျင့်နေရုံဖြင့်ထိပ်ဆုံးထိရောက်ရှိမည်မဟုတ်ပေ။
ထို့ကြောင့်သာ ထိပ်တန်းအင်အားစုများမှ သူတို့၏ပါရမီရှင်လူငယ်မျိုးဆက်များကိုသိုင်းလောကအတွင်းသို့အတွေ့အကြုံရရန်စေလွှတ်ခြင်းဖြစ်ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲများကိုဖြတ်ကျော်ကာ လူတို့၏ အမျိုးစုံသည့်စိတ်သဘောကိုသဘောပေါက်နားလည်မှု ပီဘိသိုင်းသမားရင့်မာတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။
ယခု ရှောင်ယောင်၏အဖြစ်က ထိုသဘောတရားနှင့်ထပ်တူမကျသော်လည်း အနည်းငယ်ဆင်တူပြီး စိတ်အားငယ်မှုများအောက်မှလျှင်မြန်စွာရုန်းထွက်နိူင်ပြီးနောက် သူ၏စိတ်ဓာတ်က ပို၍ပင်ကြံ့ခိုင်သွားခြင်းဖြစ်သည်။
ရုတ်တရက် ရှောင်ယောင်လည်း သူမတွေးလိုက်မိသည့်ကိစ္စတစ်ခုကိုဖျက်ခနဲစဉ်းစားလိုက်မိပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကြည့်လိုက်သည်။
ထိုအခါ သူ၏ရှေ့တွင် ပိတ်ဆို့နေသည့် လျှို့ဝှက်အခန်းနံရံကိုတိုက်မိရမည့်အစားလွတ်လပ်စွာဆက်သွားနိုင်ပြီး အတားအဆီးတစ်ခုကိုမှတွေ့ရခြင်းမရှိပေ။
ထိုအခါမှ ရှောင်ယောင်၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုကြောင့် ပင်ကိုယ်ထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးများပင် ခေတ္တပျောက်ရှသွားသည့်သူ့အဖြစ်သူရယ်မောလိုက်မိ၏။
စင်စစ် အခန်းနံရံမှ လျှို့ဝှက်ခလုပ်ကိုဖိလိုက်ပြီး အပြင်ဘက်သို့ထွက်သည့်ထွက်ပေါက်ပိတ်သွားသလို နောက်ထပ်ရှေ့ဆက်နိုင်မည့်နေရာတစ်ခုလည်းပွင့်လာခြင်းဖြစ်ပေသည်။
အစောပိုင်းက ကျောက်တံခါးကြီးပိတ်ကျပြီးအလင်းရောင်ပျောက်ဆုံးသွားချိန်တွင် ရှောင်ယောင်မှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ထိုအချက်ကိုသတိမပြုမိခြင်းဖြစ်၏။
လျှို့ဝှက်နေရာကား တစ်ခုထဲရှိသည်မဟုတ်ဘဲ နှစ်ဆင့်တည်ရှိနေခြင်းဖြစ်ပြီး တံဆိပ်ပြားနှစ်ခုကို ရေတံခွန်အပြင်ဘက်ကျောက်နံရံအတွင်းထည့်သွင်းခြင်းကြောင့် ပထမလျှို့ဝှက်နေရာပွင့်သွားကာ ရှောင်ယောင်အထဲသို့ရောက်ရှိသွားခြင်းဖြစ်၏။
ထို့နောက် နေအလင်းတန်းများကြောင့် စက်ဝိူင်းပုံနှင့်အထဲရှိနဂါးရုပ်သဏ္ဍာန်ခလုပ်ကလေးကိုတွေ့မြင်သွားကာ ဖိနှိပ်လိုက်၍ ပထမနေရာပြန်ပိတ်သွားပြီး ဒုတိယနေရာပွင့်လာခြင်းဖြစ်ပေမည်။
ယခုအချိန်၌ အပြင်ဘက်မှနေ၍ ရေတံခွန်ကိုထိုးဖောက်၍အထဲသို့ဝင်လာရန်မဖြစ်နိုင်တော့ သာမန်ရေတံခွန်များအတိုင်း ကျောက်နံရံကြီးကိုသာတိုက်မိမည်ဖြစ်သည်။
ရှောင်ယောင်လည်း ထိုမျှစစ်စစ်ပေါက်ပေါက်နိုင်အောင် လျှို့ဝှက်လှသည့်နေရာအကြောင်းကိုစိတ်ထဲတွင် တွေးတောနေပြီး သတိကြီးကြီးထားကာ ရှေ့သို့တစ်လှမ်းချင်းလျှောက်လာခဲ့လေသည်။
လက်ရှိသူ၏အတွင်းအားက ထိပ်တန်းသိုင်းအဆင့်ရှိကာ အားနည်းသည့်အလင်းရောင်ကလေးရှိလျှင်ပင် ကောင်းစွာမြင်ရနိုင်သော်လည်း လက်ရှိအနေအထားက ကိုယ့်လက်ကိုပင်မမြင်ရလောက်အောင်မည်းမှောင်နေ၍ ရှေ့တွင်မည်သည့်အရာများရှိနေသည်ကိုမမြင်ရပေ။
သို့သော် ရှောင်ယောင်စူးစမ်းကြည့်ရသလောက် လျှို့ဝှက်ခန်း၏အခြားတစ်ဖက်က ငါးပေခန့်ကျယ်ဝန်းသည့်လျှောက်လမ်းတစ်ခုဖြစ်ပြီး ဥမင်တစ်ခုသဖွယ်အခြားတစ်နေရာကိုသွယ်တန်းထားခြင်းဖြစ်သည်။
အလင်းရောင်စိုးစဉ်မျှမရှိဘဲ မှောင်မိုက်နေသည့်ယခုလိုနေရာမျိုးတွင် ထောင်ချောက်များသာရှိနေပါက ရှောင်ယောင်ရင်ဆိုင်ရန်ယုံကြည်ချက်မရှိဘဲ သူ၏လက်တစ်ဖက်၌ ခြောက်ပေခန့်ရှည်သည့်သံမဏိတုတ်ချောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
ယခင်က လောဘနတ်ဆိုးအန်းဒူ၏လက်နက်ဖြစ်ခဲ့သည့်ထိုသံမဏိတုတ်ချောင်းမှာ ရှောင်ယောင်ါအတွက်လည်း အတော်ပင်အထောက်အကူဖြစ်နေပြီး လက်တစ်ဖက်ကသံမဏိတုတ်ချောင်းကိုကိုင်ကာကျန်တစ်ဖက်က နံရံကိုစမ်းသပ်ရင်းဖြေးညင်းစွာဆက်သွားလျက်ရှိသည်။
ဥမင်လမ်းက အတော်ပင်လျားပြီး ခြေလှမ်းတစ်ရာနီးပါးလျှောက်လာသည့်တိုင် လမ်းဆုံးရောက်မည့်ဟန်မပြသေးပေ။
အမှောင်ထဲတွင်လျှောက်လာရခြင်းဖြစ်၍ ပို၍ရှည်ကြာနေဟန်တူပြီး ရှောင်ယောင်၏စိတ်ထဲ၌ ထိုမျှလျှို့ဝှက်ဆန်းကြယ်လှသည့်နေရာတစ်ခုအတွင်းတစ်ကိုယ်တည်းစူးစမ်းရသည်ကို အံ့အားသင့်မှုနှင့်အတူ စိတ်လှုပ်ရှားမှုတို့လည်းရှိနေသည်။
သူ့ကိုယ်သူ ငယ်စဉ်ကဖတ်ရှုခဲ့ရသည့်စာပေများထဲမှ လူစွန့်စားတစ်ဦးနှင့်ပင်ဆင်တူနေသည်ဟုတွေးမိကာ သဘောကျစွာပြုံးလိုက်မိစဉ် ရှေ့နားဆီမှ အလင်းရောင်တစ်ခုကိုမြင်လိုက်ရ၍ရှောင်ယောင်၏အမူအယာကပြောင်းလဲသွားခဲ့သည်။
ထိုအလင်းရောင်မှာ အားနည်းသော်လည်း ထိုနေရာတစ်ဝိုက်ကိုရှင်းလင်းစွာမြင်နေရသည်။
အကြောင်းကား ထိုနေရာ၌လမ်းဆုံးသွားသည်ကိုရှောင်ယောင်မြင်တွေ့လိုက်၍ဖြစ်ပြီး ရှေ့ဆက်လျှောက်ရမည့်အစားအပေါ်သို့တက်ရမည့်လှေကားထစ်များကိုမြင်လိုက်ရသည်။
မူလကထိုအလင်းရောင်မှာ ထောင်ချောက်တစ်ခုခုဖြစ်မည်ကိုစိုးရိမ်နေသေး၍ သတိကြီးစွာချဉ်းကပ်လာသော်လည်း ထိုနေရာသို့ရောက်သည်အထိ မအန္ဆရာယ်တစ်စူံတစ်ရာမတွေ့ခဲ့ရပေ။
လှေကားထစ်များက ကျောက်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သော်လည်း အနုစိတ်ကျပြီး ဖုန်မှုန့်များဖြင့်ထူထပ်၍နေသည်။
သေသပ်လှပသည့် ထိုကျောက်လှေကားက သဘာဝအတိုင်းဖြစ်ပေါ်နေခြင်းမဟုတ်ဘဲလူတို့ဖန်တီးထားခြင်းဖြစ်ကြောင်းသေချာသလောက်ရှိနေပြီး ရှောင်ယောင်၏စိတ်ထဲတွင်ဤနေရာကြီးကိုပို၍စိတ်ဝင်စားမှုအားကောင်းလာခဲ့သည်။
ခြောက်ပေခန့်ကျယ်ဝန်းကာ ဆယ်ထစ်ကျော်သည့် ကျောက်လှေကားက အပေါ်ရှိအခန်းတစ်ခုပုံသဏ္ဍာန်ရှိသည့်နေရာနှင့်ဆက်သွယ်ထားကာ အနီးသို့ရောက်ရှိမှ ထိုနေရာမှအလင်း ရောင်များက သူထင်ထားသည်ထက် ပို၍လင်းထိန်နေကြောင်းသိရှိလိုက်ရသည်။
ထို့နောက် ရှောင်ယောင်လည်း အသက်ကိုဝဝရှူကာ လက်တစ်ဖက်မှ သံမဏိတုတ်ရှည်ကိုအသင့်အနေအထားဖြင့်ဆုပ်ကိုင်ရင်း ကျောက်လှေကားပေါ်သို့တစ်လှမ်းချင်းတတ်လာခဲ့တော့သည်။
လှေကား၏ထိပ်သို့ရောက်သည်အထိ အနှောင့်အယှက်တစ်စုံတစ်ရာကိုမတွေ့ရဘဲ အခန်းကျယ်ကြီးဟုထင်ရသည့်နေရာတစ်ခုသို့ရောက်ရှိသွားခြင်းဖြစ်သည်။
အန်းကျယ်ကြီးထဲတွင် နေ့အလင်းရောင်အလား ဖြူဖွေးတော်ပသည့်အလင်းရောင်များကြောင့် အမှောင်ထဲတွင်အချိန်အနည်းငယ်ကြာအောင်ရှိနေခဲ့သည့်ရှောင်ယောင်မှာ ကျိန်းစက်သွားသည့် မျက်လုံးများကိုလက်ဖြင့်ကာလိုက်ရသည်။
ထို့နောက် မြင်လိုက်ရသည့်မြင်ကွင်းက ရှောင်ယောင်၏မျက်ဝန်းများကို ပြူးကျယ်ဝိုင်းစက်သွားစေခဲ့သည်။
&&&
“ ဟေ့ ကြွယ်ယန် မင်းဟာက ဟုတ်ပါ့မလား.....”
တိုးတိုးကြိတ်ကြိတ်မေးလိုက်သည့်စကားသံတစ်ခုက ညအမှောင်ထဲမှထွက်ပေါ်လာပြီး အတိအကျညွှန်းဆိုရလျှင် ကျယ်ဝန်းသည့်ခြံဝန်းကျယ်ကြီးတစ်ခုအတွင်းရှိအဆောက်အဦးငယ်၏အမိုးထပ်မှဖြစ်သည်။
ခြံဝန်းကြီး၏အကျယ်အဝန်းကများစွာကျယ်ပြန့်လှပြီး ခြံဝန်းထဲတွင်ဆောက်လုပ်ထားသည့်အဆောက်အဦးများပင် ဆယ်ခုထက်မနည်းရှိသည်။
မြင်းဇောင်းများ၊ ဥယျာဉ်များ၊ ရေကန်များ၊ လူလုပ်တောင်တူများနှင့် လွန်စွာသာယာလှပကာပြီးပြည့်စုံသည့်ထိုခြံဝန်းကြီးမှာ တော်ရုံတန်ရုံချမ်းသာသူတို့နေထိူင်နိုင်မည်မဟုတ်သည့်အဆင့်အတန်းဖြစ်ပြီး ဤနယ်တစ်ဝိုက်တွင်အကျော်ကြားဆုံးနေရာတစ်ခုလည်းဖြစ်သည်။
မှန်ပေသည်။
စီရန်မြို့စားမင်း၏ခြံဝန်းဆိုသည်နှင့် ဤနယ်တစ်ဝိုက်၌ ကလေးကအစ ခွေးအဆုံးသိရှိကြပြီး အချို့လူများဆိုလျှင် ထိုခြံဝန်းထဲသို့တစ်ကြိမ်ရောက်ဖူးသည်ကိုတစ်သက်လုံးကြွားဝါ၍ပင်မပြီးနိုင်ကြတော့။
ထိုသို့သောခြံဝန်းကြီးမှာ ကြီးကျယ်ခမ်းနားသည့်အလျှောက် အစောင့်အကြပ်များကလည်းလွန်စွာထူထပ်ပြီး အချိန်ပြည့်ကင်းလှည့်နေသညိ့တပ်သားများ ၊ ခြံဝန်းလုံခြုံရေးသိုင်းသမားများအပြင် မြို့စား၏သီးသန့်ကိုယ်ရံတော်တပ်ဖွဲ့ကလည်းရှိသေးသည်။
ပုံမှန်ဆိုလျှင်အစွမ်းထက်သိုင်းသမားအများအပြာကို မြို့စားတစ်ဦး၏အဆင့်အတန်းဖြင့်ငှားရန်းရန်မလွယ်ကူသော်လည်း စီရန်မြို့စား၏ကြွယ်ဝမှုက ကျိကျိတက်သဖြင့် သူ၏လက်အောက်တွင်သိုင်းသမားငါးဆယ်နီးပါးရှိကာ အဆင့်မြင့်သိုင်းသမားများ ၊ ထိပ်တန်းအဆင့်သိုင်းသမားများအပြင် သူတို့၏ခေါင်းဆောင်က အဆင့်လွန်ထိပ်သီးတစ်ဦးပင်ဖြစ်၏ ။
ထို့ကြောင့် ပိုင်ရှင်၏ခွင့်ပြုချက်မရဘဲ ခြံဝန်းအတွင်းသို့ ခွေးတစ်ကောင်ကြောင်တစ်မှီးမပြောနှင့် ငှက်တစ်ကောင်ပင်ပျံသန်းဝင်ရောက်နိုင်မည်မဟုတ်ပေ။
သို့သော် ယခုအခါ သက်ရှိလူသားနှစ်ဦးက စီရန်မြို့စားမင်း၏ခြံဝန်းထဲတွင်မှောင်ရိပ်ခို၍ရှိနေကြပြီး တစ်စုံတစ်ခုကိုတိုင်ပင်ဆွေးနွေးလျက်ရှိပေသည်။
တစ်စုံတစ်ရောက်၏ပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲတိတ်တဆိတ်ဝင်ရောက်ကာ လျှို့ဝှက်ကိစ္စများကိုတိုင်ပင်နေသည့်ထိုနှစ်ယောက်၏ရည်ရွယ်ချက်က ကောင်းသည့်အရာမဟုတ်သည်ကို ဦးနှောက်ပါသူတိုင်းစဉ်းစားမိကြပေမည်။
ညလူနှစ်ယောက်ကလည ကြောင်နှစ်ကောင်၏ပေါ့ပါးဖျက်လက်ခြင်းမျိုးဖြင့်ခြံဝန်းအတွင်းခိုးဝင်လာခြင်းဖြစ်ပြီး တပ်သားများမဆိုထားနှင့်သိုင်းပညာတတ်ကျွမ်းသည့်ခြံဝန်းအစောင့်သိုင်းသမားများပင် ထိုနှစ်ယောက်ဝင်ရောက်လာသည်ကို မသိလိုက်ကြပေ။
အနည်းငယ်ထူးဆန်းသည့်အချက်ကား ထိုနှစ်ယောက်လုံးက အဖြူရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြ၍ ညအမှောင်တွင် ထီးထီးတည်ရှိနေကြကာ သူတို့ပုန်းအောင်းနေသည့်နေရာက အလင်းရောင်အားနည်းသည့်တိုင် သူတို့ကိုကောင်းစွာမြင်တွေ့နိုင်ပေသည် ။
ခေါင်းတုံးဆံပင်ပေါက်ပုံစံနှင့် အဖြူရောင်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကြသည့်ညလူနှစ်ယောက်က ဘုရားစူးကျိန်တွယ်ပြောဆိုမှ သူခိုးဓားပြများဟုထင်ရမည့်ဥပတိရုပ်များရှိကြသည်။
သို့သော် ထိုနှစ်ယောက်လုံးက မြို့စားမင်၏ခြံဝန်းကို မကောင်းသည့်ရည်ရွယ်ချက်များဖြင့်ရောက်လာကြခြင်းဖြစ်ပေသည် ။
ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်ဖြင့် ပြုံးရွှင်သည့်လူငယ်နှင့် ခန္တာကိုယ်ကြံ့ခိုင်ကာ ယောင်္ကျားပီသကြည့်ကောင်းသည့်လူငယ်လေးတို့က တည်ကြည်ဖြောင့်မက်သည့်ရုပ်သွင်ရှိပြီး အသက်နှစ်ဆယ်ဝန်းကျင်များသာရှိကြသေးသည်။
နုနယ်ငယ်ရွယ်သည့်မျက်နှာနှင့် အနည်းငယ်အူကြောင်ကြောင်နိုင်သည့်ပုံစံများက အတွေ့အကြုံမရှိမှန်းသိသာစေပြီး မကောင်းမှုတွင် ဝါသနာထုံသည့် ရက်စက်ကြမ်းကြုတ်သူများနှင့် လားလားမှတူညီခြင်းမရှိပေ။
ထိုနှစ်ယောက်ကား စီရန်မြို့စားမင်း၏အိမ်တော်ဝင်းသို့ခိုးဝင်လာကြသည့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပင်ဖြစ်ပြီး သူတို့နှစ်ဦးထံ၌ မဟာအကြံအစည်ကြီးတစ်ခုရှိနေပေသည်။
“ ဖြစ်ပါတယ်ဆိုမှ မင်းကလည်း ....”
ကြွယ်ယန်ကမျက်မှောင်ကြီးတွန့်ချိုးကာ အနည်းငယ်စိုးထိတ်ပူပန်နေဟန်ရသည့်ကြွယ်စင်းကိုကြည့်ရင်း သူ၏ရင်ဘက်ကိုပုတ်ကာပြောလိုက်သည်။
“ စိတ်မပူနဲ့ ငါတို့အောင်မြင်စေရမယ်လို့ အာမခံတယ် ။ မင်းကဒီလိုမျိုးတွေလုပ်ဖူးမှာမဟုတ်ပေမယ့် ငါကတော့ ငယ်ငယ်က အခုလိုလုပ်ရပ်မျိုးတွေကိုလုပ်ဖူးတာပေါ့ ။
အဲဒီအချိန်က ငါလက်ချက်ကြောင့် ရဲတိုက်တစ်ခုလုံးကသိုင်းသမားတွေအိပ်ကောင်းခြင်းမအိပ်ရဘဲ ညဘက်ဆိုစိုးတထိတ်ထိတ်နေရတဲ့အချိန်ပေါ့....”
အတိတ်မှရွှေရောင်နေ့ရက်များကိုပြန်လည်တမ်းတနေသည့် ကြွယ်ယန်၏အမူအယာက လွမ်းဆွေးနေဟန်တူသည် ။
သို့သော် သူတို့အတူရှိခဲ့သည့်ဆယ့်နှစ်နှစ်ကျော်အတွင်း ကြွယ်ယန်အကြိမ်ပေါင်းများစွာပြောခဲ့ဖူး၍ ထိုကောငိငယ်စဉ်ကမည်မျှဗရုတ်ကျခဲ့သည်ကို ကြွယ်စင်းတစ်ယောက်သိရှိထားပြီးဖြစ်သည်။
ထို့ကြောင့်လည်း ကြွယ်ယန်၏ဖခင်က သူ့ကိုငယ်စဉ်ကပင်ရှောင်လင်ကျောင်းတော်သို့ပို့ထားခြင်းဖြစ်ပြီး အတော်ကြီးပျင်းသည်အထိ အခြားလူများကို လွန်ကဲစွာစနောက်တတ်သည့်အကျင့်ကရှိနေဆဲဖြစ်သည်။
အရွယ်ရောက်ပြီးသည့်နောက်ပိုင်းတွင် ကြွယ်ယန်၏အကျင့်က ယခင်ကလောက်မဆိူးတော့သော်လည်း ပျော်ပျော်နေတတ်ပြီး စနောက်တတ်သည့်ဉာဉ်ကလေးကရှိနေဆဲဖြစ်သည်။
ထိူ့အပြင် အကြွားထူကာ နှာဘူးကျပြီး စပ်စပ်စုစုနိုင်သည့်အကျင့်ကလည်းရှိနေသေးကာ ကြွယ်ယန်၏မကောင်းကြောင်းများကိုထိုင်ပြောနေလျှင် တစ်ညလုံးကုန်မည်မဟုတ်ဘဲ ကြွယ်စင်းလည်း သက်ပြင်းတစ်ချကာပြန်မေးလိုက်သည် ။
“ မင်းပြောတဲ့အတိုင်း မြိူ့စားကိုပြန်ပေးဆွဲတာကဟုတ်ပါပြီ ။ပြီးရင်ဘာဆက်လုပ်ကြမှာလဲ....။ သူက သိုင်းလောကသားတစ်ယောက်မဟုတ်ဘဲ အရာရှိတစ်ယောက်နော်။
ငါတို့ရဲ့လုပ်ရပ်သာသတင်းပျံ့သွားရင် နန်းမြို့တော်ကဘုရင့်သိုင်းသမားတွေလက်ချက်ကြောင့် ဆရာကတောင် အကာအကွယ်ပေးနိုင်မှာမဟုတ်ဘူး ။
ပြီးတော့ ငါတို့အခုလိုလုပ်မယ်ဆိုတာသိရင် ဆရာက အရင်ဆုံးလာပြီးဆော်မှာအသေအချာပဲ....”
&&&&