စွဲလမ်းစိတ်
Vol. 3 Ch. 23
ခေါင်းတလားက ခြောက်ပေခန့်ရှည်ပြီး တောက်ပနေသည့်ကျောက်စိမ်းရောင်ရှိကာ ကျောက်စိမ်းခေါင်းတလားဟုထင်ရသည်။
ထို့အပြင် ခေါင်းတလားနှင့်ခြေလှမ်းအနည်းငယ်အတွင်းသို့ချဉ်းကပ်မိစဉ် အရိုးကွဲလုမတတ်အေးစိမ့်သည့်အအေးဓာတ်ကိုခံစားမိလိုက်၍ ရှောင်ယောင်လည်း ထိုခေါင်းတလားက လွန်စွာထူးခြားသည့်ပစ္စည်းတစ်ခုဖြစ်မှန်းရိပ်စားမိလိုက်သည်။
အအေးဓာတ်က လွန်ကဲလှ၍သာမန်လူများအဖို့ ခေါင်းတလားအနီးသို့ပင်ချဉ်းကပ်နိုင်မည်မဟုတ်သော်လည်း ထိပ်တန်းလွန်အတွင်းအားရှိသည့်အပြင် အပြင်အားလမ်းစဉ်လျှောက်သည့်ရှောင်ယောင့်အတွက် ထိုအအေးဓာတ်ကို ခုခံနိုင်စွမ်းရှိပေသည်။
သို့သော် ခေါင်းတလား၏အပေါ်လက်၌ အအေးငွေ့များပင်ထွက်ပေါ်နေသည်ကိုမြင်တွေ့လိုက်ရပြီး ထိုကျောက်စိမ်းခေါင်းတလား၏အအေးဓာတ်က သူထင်ထားသည်ထက်များစွာပြင်းထန်ဟန်တူသည်။
ရှောင်ယောင်၏စိတ်ထဲတွင် စူးစမ်းလိုသည့်စိတ်က ပို၍ပြင်းပြလာပြီး ဤမျှထူးခြားသည့်ကျောက်စိမ်းခေါင်းတလားအတွင်း၌မည်သို့သောလူမျိုးသေဆုံးခဲ့သနည်းဟုသိလိုနေခြင်းဖြစ်သည် ။
ခေါင်းတလားအနီးသို့ရောက်ရှိလာပြီး အတွင်းကြည့်လိုက်မိသည့်အခါ သူ၏အမူအယာက အေးခဲသွားပြီးမျက်ဝန်းများကပြူးကျယ်နေကာ ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်ဖြစ်သွားမိ၏။
ခေါင်းတလား၏အဖုံးက မှန်သားလိုကြည်လင်သည့်သလင်းကျောက်တစ်မျိုးဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ အတွင်းဘက်ရှိအရာကို ရှင်းလင်းစွာမြင်နေရသည်။
ထို့ကြောင့်ပင်ရှောင်ယောင်တစ်ယောက်ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းသွားခြင်းဖြစ်ပြီး သူ၏ပြူးကျယ်ဝိုင်းစက်နေသည့်မျက်လုံးများက ခေါင်းတလားအတွင်းရှိလူကိုမျက်တောင်မခတ်တမ်းငေးမောနေမိ၏။
အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး မိုးမခပင်လိုသွယ်လျသည့်ခါးသွယ်သွယ်လေးကို ကျောက်စိမ်းရောင်ခါးစည်းကြိူးဖြင့်စည်းနှောင်ထားသည်။
သူမ၏ခန္တာကိုယ်၌ အခြားအဆင်တန်ဆာမရှိဘဲ အဖြူရောင်ပိတ်ဖိနပ်ပါးတစ်ရံကိုသာစီးထားကာ ပိတုန်းရောင်ကေသာများကို ခပ်မြင့်မြင့်စည်းနှောင်ထားသည်။
အိပ်စက်သည့်အနေအထားဖြင့်လဲလျောင်းနေခြင်းဖြစ်သော်လည်းခန္တာကိုယ်အချိုးအဆစ်က မို့မောက် ၊ဟိုက်ကျင် ၊ သွယ်စင်းကာ သူ့နေရာနှင့်သူအချို့ကျစွာတည်ရှိနေသည်။
ဇင်ယော်တောင်မျက်ခုံးဟုညွှန်းဆိုရမည်ထက်ပို၍တင့်တယ်သည့်မျက်ခုံးသွယ်သွယ်လေးထက်၌ မည်းနက်ကော့ညွှတ်သည့်မျက်တောင်များကိုတင်းတင်းစေ့ပိတ်ထားသည်။
ထိုအောက်တွင် နှာတံစင်းစင်းနှာဖျားလူံးလုံးကလေးက နိုင်ငံ၏နံပါတ်တစ်ပန်းပုဆရာပင်ထုဆစ်နိုင်မည်မဟုတ်သည့်အလှမျိုးဖြစ်ပြီး လေးကိုင်းသဏ္ဍာန်နီရဲရဲနှုတ်ခမ်းနှုတ်လွှာကြောင့် ပို၍ပင်လှပနေသေးသည်။
ခြုံ၍ဆိုရလျှင် ထိုမိန်းကလေး၏မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက အပြစ်ဆိုဖွယ်မရှိဘဲ မြင်တွေ့သူတိုင်းကို စိတ်ဝိညာဉ်ကင်းလွတ်သွားသည့်ပမာငေးမောသွားစေနိုင်ပြီး ဒဏ္ဍာရီထဲတွင်သာတွေ့ရမည့် ပြည်ထောင်များတွင်ပင်ပြိုလဲနိုင်သည့်အလှတရားပင်ဖြစ်၏။
ကိလေသာကုန်ခမ်းခြင်းမရှိသည့် သာမန်လူသားတစ်ဦးဖြစ်သူရှောင်ယောင်လည်း လူထဲကလူတစ်ဦးပင်ဖြစ်၍ ထိုမိန်းမလှလေးကိုမြင်တွေ့ရာတွင် နေရာတွင်ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းနေမိပြီး တွေတွေကြီးငေးမောနေမိသည်။
သူ၏စိတ်ထဲရှိပထမဆုံးအတွေးက လောကတွင်ဤမျှလှပသည့်မိန်းကလေးတစ်ယောက်ရှိနေသေးသလောဆိုသည့်အကြောင်းပင်ဖြစ်ပြီး မြင့်မြတ်သည့်နတ်ဘုရားမတစ်ဦးအိပ်ပျော်နေသည့်သဖွယ်ထိုမိန်းကလေး၏ပုံစံကို ကြည့်နေရင်း မကောင်းသည့်စိတ်များပင်မတွေးဝံ့အောင်ရှိနေသည်။
ရှောင်ယောင်၏ဘဝတွင် မိန်းကလေးများစွာနှင့်ရင်းရင်းနှီးနှီးမရှိဖူးသော်လည်း သူတွေ့ဆုံရင်းနှီးသူများက တစ်ထောင်တွင်တစ်ယောက်မရှိမည့်အလှလေးများပင်ဖြစ်သည်။
သူ့ကိုများစွာသဘောမကျသည့် တက်ကြွနုပျိုသည့်အလှပိုင်ရှင်ချောင်ရှန်းရှန်းပင်ဖြစ်စေ၊ ပေတစ်ရာတိုက်ပွဲကွင်းပြင်၌ အကြောက်အရွံ့ကင်းစွာယှဉ်ပြိုင်တိုက်ခိုက်ကြသည့် ညှို့အားပြင်းကဝေပျိုနှစ်ဦးပင်ဖြစ်စေ ၊ လွန်စွာကြင်နာတတ်ပြီးစိတ်ထားနူးညံ့လှသည့် အပြစ်ကင်းစင်သည့် ပန်းနတ်သမီးလီချင်းချင်းပင်ဖြစ်စေ သိုင်းလောကတစ်ခုလုံးကပင် ထိပ်တန်းမိန်းမလှများဟုသက်မှတ်ထားခံရသူများဖြစ်သည်။
ထိုနည်းတူသူနှင့်လွန်စွာရင်းနှီးခင်မင်လှပြီး သာမန်သူငယ်ချင်းများထက်ပိုသည့်ဆက်ဆံရေးရှိသည့်စီးတုယွမ်ချင်းဆိုလျှင် အေးစက်စက်မျက်နှာဖြင့်အနေများသော်လည်း သူမပြုံးလိုက်ပါက အထက်မှမိန်းမလှများပင်သာလွန်သည်ဟုရှောင်ယောင်ထင်မိသည်။
သို့သော်လည်း သူ၏ရှေ့တွင်ရှိနေသည့်မိန်းမလှ၏အလှတရားက မတူညီသည့်အဆင့်တစ်ခုတွင်ရှိကာ ထိုမျှ လှပတင့်တယ်ပြီးမြင့်မြတ်သည့်အလှအပမျိုးကလောကတွင်ရှိရှိသမျှ ယောင်္ကျားသားတို့ကို သူမ၏ခြေရင်း၌ဒူးထောက်ဝပ်တွားနိုင်စေရန်လုံလောက်ပေသည်။
မိန်းမလှလေးကို ငေးမောနေမိသည့် ရှောင်ယောင်ကား အချိန်အနည်းငယ်ကြာပြီးမှ သတိဝင်လာပြီး စည်ကြီးတစ်လုံးကိုတီးခတ်သည့်နှယ်တဒိန်းဒိန်းမည်ဟည်းနေသည့်သူ၏ရင်ဘက်ကိုပြန်၍အုပ်ကိုင်မိလိုက်၏ ။
မြင်မြင်ချင်းအချစ်ကိုသူ့အနေဖြင့် ယုံကြည်မထားသော်လည်း သူ၏စိတ်ထဲတွင် ထိုမိန်းမလှလေးကိုမြင်မြင်ချင်းချစ်မိပြီဖြစ်ကာ ဤသည်က ထိုမိန်းကလေးသေသည်ဖြစ်စေအသက်ရှင်သည်ဖြစ်စေ ကွာခြားမှုရှိမည်မဟုတ်ပေ။
အကြောင်းကား ကျောက်စိမ်းခေါင်းတလားအတွင်းရှိမိန်းမလှလေးက အသက်ရှူမှုစိုးစဉ်မှမရှိသည့်လူသေအလောင်းတစ်ခုဖြစ်နေ၍ဖြစ်ပြီး ထိုမိန်းကလေးကိုယခုအချိန်အထိ မပုတ်မသိုးရန်စီမံထားနိုင်ခြင်းက ကျောက်စိမ်းခေါင်းတလား၏အစွမ်းဖြစ်ကြောင်းရိပ်စားမိလိုက်၍ဖြစ်သည် ။
ရုတ်တရက် ရှောင်ယောင်၏စိတ်ထဲတွင် မချိတင့်ကဲနှင့်ဝမ်းနည်းစိတ်များလှိုက်တတ်လာပြီး ဝမ်းပန်းတနည်းအော်ဟစ်ငိုကြွေးလိုစိတ်များဖြစ်ပေါ်လာမိ၏ ။
ရှောင်ယောင်၏ဘဝတွင်သူ၏မိခင်သေဆုံးချိန်မှစ၍ မျက်ရည်မကျဖူး၍ယခုက အလိုလိုနေရင်း ဆို့နစ်ကြေကွဲမှုကြောင့် မျက်ရည်ကျတော့မည်ကဲ့သို့ဖြစ်လာမိ၍ဖြစ်သည်။
ထိုမျက်ရည်ကား မိန်းမလှလေးက အသက်ဝိညာဉ်ကင်းမဲ့နေသည့်လူသေအလောင်းတစ်ခုဖြစ်၍လော၊ ထိုမိန်းကလေးနှင့်ပေါင်းဖတ်နိုင်ရန်အခွင့်အရေးသေးသေးကလေးပင်မရှိ၍လော သို့မဟုတ် ထိုမိန်းကလေးနှင့်အချိန်လွဲမှား၍တွေ့မိခြင်းကြောင့်လော....
သို့လော သို့လောဆိုသည့် ဒွိဟများစွာဖြင့်ဝမ်းနည်းစိတ်ကပွင့်အန်လာပြီးအမျိူးအမည်ခွဲခြားမရနိုင်သည့်မျက်ရည်များကျဆင်းလာတော့မည့်တိုင် အချိန်မီထိမ်းသိမ်းထားနိုင်ခဲ့ပေသည် ။
အကြောင်းကား ယခုက သူနှင့်ထိူမိန်းကလေးတို့စတင်တွေ့ဆုံသည့်အချိန်ဖြစ်၍ သူမက သူ့အပေါ်အထင်ကောင်းအမြင်ကောင်းကိုလိုချင်၍ဖြစ်သည်။
“ တွေ့ရတာ ဝမ်းသာပါတယ်နတ်မိမယ်လေး....ကျုပ်နာမည်က ရှောင်ယောင်ပါ မျိူးရိုးအမည်ကတုန်းဖန်း....”
ရှောင်ယောင်ကသူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်စေရန်ပြုပြင်လိုက်ပြီး ကျောက်စိမ်းခေါင်းတလားအတွင်းရှိမိန်းမလှလေး၏အလောင်းကိုအရိုအသေပေး၍ပြောလိုက်သည်။
သူ၏ပုံစံက ယဉ်ကျေးသိမ်မွေ့၍အထက်တန်းကျကာ မည်သည့်လူမျိုးနှင့် တွေ့ဆုံသည်ဖြစ်စေအထင်အမြင်ကောင်းမျကိုချန်ထားနိုင်မည်ဖြစ်သော်လည်းသူတွေ့ဆုံနေသည်က စကားမပြောနိုင်သည့်လူသေအလောင်းတစ်ခုသာဖြစ်သည် ။
သို့သော် ရှောင်ယောင်က သူ၏လုပ်ရပ်ကိုမထူးဆန်းသည့်အလားပြုံး၍မေးလိုက်သည်။
“ ဒီက နတ်မိမယ်လေးရဲ့အမည်ကိုရော သိခွင့်ရမလား .....”
အချိန်အနည်းငယ်ကြာသည်အထိတစ်ဦးထဲရပ်နေပြီးမှ ရှောင်ယောင်က ခေါင်းတညိမ့်ညိမ့်ဖြင့်တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
“ အင်းပေါ့....နတ်မိမယ်လေးက ကျုပ်ကိုဘယ်ပြောချင်ပါ့မလဲ .. ဒါကြောင့် ကျုပ် မင်းကိုနတ်မိမယ်လေးလို့ပဲခေါ်မယ်နော်...ဖြစ်တယ်မလား....”
တစ်ယောက်ထဲမေးလိုက်ဖြေလိုက်ဖြင့် အလုပ်ရှုပ်နေသည့်ရှောင်ယောင်ကား သူ့အရပ်နှင့်သူ့ဇာတ်ကိုက်ညီနေသည်။
ဤသည်က ရှောင်ယောင်တစ်ယောက်လူသူကင်းမဲ့သည့်နေရာတစ်ခုတွင်တစ်ဦးထဲပိတ်ပိနေ၍ စိတ်ဓာတ်များဖောက်ပြားကာ ရူးသွပ်သွားခြင်းကြောင့်လော...မဟုတ်ပေ။
ရှောင်ယောင်၏စိတ်အခြေအနေက ပုံမှန်အတိုင်းသာဖြစ်ပြီး သူ၏ဦးနှောက်က ကြည်လင်ရှင်းလင်းစွာတွေးတောနိုင်ဆဲပင်။
ထိုသို့ဆိုလျှင် မည်သည့်အတွက် ယခုလို အသက်မရှိသည့်အလောင်းတစ်ခုနှင့် တစ်ကိုယ်ထဲစကားပြောဆိုနေရသနည်း ...။
ထိုမေးခွန်းကိုပြန်ဖြေရလျှင်ကား သူ့ထံတွင်အဖြေမရှိဟုပြောရပေမည်။
ကျောက်စိမ်းခေါင်းတလားထဲရှိမိန်းမပျိုလေးက လွန်စွာလှပနေခြင်းကြောင့်လော...သူက ထိုမိန်းကလေးကို မြင်မြင်ချင်းချစ်မြတ်နိုးမိ၍လော...သို့မဟုတ် ထိုမိန်းကလေးကို သူ၏စိတ်ထဲတွင် အသက်ဝိညာဥ်မရှိသည့်အလောင်းတစ်လောင်းဟုသဘောမထားဘဲ သက်ရှိလူသားတစ်ဦးဟုသက်မှတ်ထားခြင်းကြောင့်လော....။
အပေါ်မှမေးခွန်းများအတွက်လည်း ရှောင်ယောင့်ထံတွင်အဖြေရှိမနေပေ။
အသေအချာပြောနိုင်သည့်အရာတစ်ခုက ကျောက်စိမ်းခေါင်းတလားအတွင်းရှိမိန်းမပျိုလေးကို ရှောင်ယောင့်အနေဖြင့် နက်ရှိူင်းစွာ စွဲလမ်းနှစ်သက်နေပြီး မည်သည့်အခါမှ ပြောင်းလဲမှုမရှိမည့် ချစ်ခြင်းဖြင့် ချစ်မိသွားခြင်းပင်ဖြစ်သည်။
ယခုအချိန်တွင်တော့ ရှောင်ယောင်က ကျောက်စိမ်းခေါင်းတလားကိုတင်ထားသည့် ကျောက်ကုတင်ကိုမှီ၍ထိုင်နေရင်းမှ စကားများကိုတစ်ကိုယ်တည်းပြောဆိုလျှင်ရှိပေသည်။
“ နတ်မိမယ်လေး မင်းသိရဲ့လား ..ကျုပ်က ငယ်ငယ်ထဲက တစ်ယောက်ထဲကြီးပျင်းခဲ့ရတာ....ကျုပ်မှာ ရွယ်တူအပေါင်းအသင်းမရှိသလို ခြံဝန်းထဲကအပြင်ကိုတောင်မထွက်ရဘူး ။
ဒါပေမယ့် ကျုပ်ရဲ့အမေက နူးညံ့ကြင်နာပြီး ဘက်ပေါင်းစုံမှာထူးချွန်သေးတယ် ။ လောကကြီးမှာ အထူးချွန်ဆုံးအမျိူးသမီးပေါ့။
အဲ....ကျုပ်အပေါ်မှာကောင်းတဲ့ဦးလေးစန်းနဲ့ အဖိုးစုတို့လည်းရှိသေးတယ် သူတို့က ကျုပ်အတွက်မိသားစုဝင်တွေလိုပဲ...ကျုပ်ရဲ့ငယ်ဘဝကို စူးဟိုင်ဆိုတဲ့မြို့လေးမှာ ဖြတ်သန်းခဲ့ရတာပေါ့....ပြီးတော့.....”
တိတ်ဆိတ်မှောင်မိုက်နေသည့်အခန်းလေးထဲတွင် ကျောက်စိမ်းရောင်ခေါင်းတလား၏ဘေး၌ လူငယ်တစ်ယောက်က တစ်ကိုယ်တည်းစကားများအဆက်မပြက်ပြောဆိုနေပေသည်။
တိတ်ဆိတ်ငြိမ်သက်နေပြီးလျှို့ဝှက်ဆန်းကြယ်သည့်ထိုနေရာကြီးထဲတွင် သူ၏စကားကိုထောက်ခံမည့်လူသို့မဟုတ် အပြန်အလှန်ပြောဆိုမည့်လူမရှိသော်လည်း လူငယ်ကားတစ်ကိုယ်တည်းပြောဆိုနေဆဲပင်။
အကြောင်းကား သူ၏ရင်ဘက်အတွင်းရှိ နက်ရှိုင်းသည့်နေရာမှလာသည့် ထိုစကားများကို တစ်စုံတစ်ယောက်အားပထမဆုံးအကြိမ်အဖြစ်ရင်ဖွင့်နေခြင်းကြောင့်ဖြစ်သည်။
သူရင်ဖွင့်နေသူမှာလည်း အသက်ဝိညာဉ်ကင်းမဲ့နေသည့်အလောင်းတစ်လောင်းသာဖြစ်သည် ။
သို့သော် ထိုအလောင်းကို သက်ရှိလူသားတစ်ဦးလိုသဘောထားသည့်လူငယ်လေးကား တစ်ကိုယ်တည်းအဆက်မပြက်ပြောဆိုနေဆဲဖြစ်ပြီး ထိုအချိန်ခဏလေးတွင် သူ၏စိတ်ကငြိမ်းချမ်းမှုများပြည့်နှက်နေပေသည် ။
&&&
တောအုပ်အတွင်းရှိ သစ်လုံးအိမ်လေးထဲရှိအခန်းတစ်ခုထဲတွင် လူသုံးယောက်မှာ ဖိုခနောက်ဆိုင်အနေအထားဖြင့်ထိုင်နေကြသညိ။
အခန်းထဲတွင် ပရိဘောဂဟူ၍ကြီးကြီးမားမားမရှိဘဲ ကြမ်းပြင်ပေါ်တွင်ထိုင်နေခြင်းဖြစ်ပြီး ညစ်ပေနေသည့် ငွေရောင်ပိုးဖဲဝတ်စုံဝတ်လူဝကြီးက သက်ပြင်းတစ်ချက်ချ၍လူငယ်နှစ်ယောက်ကိုမေးလိုက်သည်။
“ ကောင်လေးတွေ မင်းတို့ငါ့ကိုဘယ်တော့လွှတ်ပေးမှာလဲ...”
သူ၏စကားကြောင့်လက်နှစ်သစ်ခန့်ရှည်ထွက်နေပြီး ထိုးထိုးထောင်ထောင်ဖြစ်နေသည့်ဆံပင်များကို တဗျင်းဗျက်းကုတ်လိုက်ရင်း ဝဖိုင်သည့်လူငယ်လေးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“ ကျုပ်တော့ ရူးချင်တာပဲ....ခင်ဗျားက ကိုယ့်အပြစ်ကိုဝန်ခံလေ ....ဒါဆိုရင် ခင်ဗျားလည်း ထိုက်သင့်သလောက်အပြစ်ပေးခံရမယ် ... ကျုပ်တို့ကလည်း သူရဲကောင်းတွေအဖြစ် နာမည်ကျော်သွားမယ် ရှင်းရှင်းလေးပဲ....”
ဝဖိုင့်သည့်လူငယ်၏စကားကြောင့် လူဝကြီးကစိတ်ဆင်းရဲသည့်အမူအယာဖြင့်ပြောလိုက်သည်။
“ ငါမင်းတို့ကိုပြောခဲ့တာအကြိမ်တစ်ထောင်လောက်ရှိနေပြီလေ....စီရန်မြို့ကိုငါတာဝန်ယူအုပ်ချုက်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မကောင်းမှုဆိုလို့ စိတ်နဲ့တောင်မလုပ်ခဲ့ပါဘူးလို့....။
ပြီးတော့ မင်းတို့ကိုကူညီပေးနေတဲ့ချင်ဖန်းဆိုတဲ့ကောင်ကမှ တကယ့်ရာဇဝတ်သားကြီးကွ ...သူက ဒီနယ်တစ်ဝိုက်မှာရှိတဲ့ သူခိုးဓားပြတွေကို ကြိုးကိုင်နေပြီး လက်သည်ရှာမရတဲ့ပြစ်မှုတွေက သူ့လက်ချက်ပဲ....”
လူဝကြီး၏စကားကြောင့် ဝဖိုင့်သည့်လူငယ်က စိတ်တိုသွားပြီး ဒေါသထွက်ဟန်ဖြင့်အော်ဟစ်လိုက်သည်။
“ တိတ်စမ်း....”
&&::