ဟဲလောင်ဖုန်း
Vol. 3 Ch. 25
သစ်လုံးအိမ်လေး၏အပြင်ဘက်၌ သိုင်းသမားတစ်စုရောက်ရှိနေပြီး မြိူ့စောင့်တပ်မှဖြစ်ဟန်တူသည့်တပ်သားများကလည်း ခြံဝန်းလေးကိုဝိုင်းထားကြပြီးဖြစ်သည် ။
အရောင်အသွေးစုံလင်သည့်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကြသည့်သိုင်းသမားများက လက်နက်မျိုးစုံကိုင်ဆောင်ထားကြပြီး စုစုပေါင်းဆယ့်နှစ်ယောက်ခန့်ရှိသည်။
ကြောက်မက်ဖွယ်ကောင်းသည့်အချက်က သူတို့ထဲတွင်အနိမ့်ဆုံးလူကပင်သိုင်းပညာထိပ်တန်းအဆင့်ရှိနေပြီး အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ဦးနှင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်ဓားသမားတစ်ယောက်တို့ဆိုလျှင် အဆင့်လွန်ထိပ်သီးများဖြစ်ကြသည် ။
ဤသည်မှာလည်းများစွာထူးဆန်းခြင်းမရှိပေ။ ။မြို့စားမင်းကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူနှစ်ယောက်က အဆင့်လွန်ထိပ်သီးများဖြစ်ဟန်တူ၍ သိုင်းပညာနိမ့်ကျသူက သူတို့ကိုအမဲမလိုက်ဝံ့ပေ ။
ယခုရှိနေကြသည့်ထိပ်တန်းအဆင့်သိုင်းသမားဆယ်ယောက်ကလည်း အုပ်စုနှစ်ခုဖြစ်ပြီး အဆင့်လွန်ထိပ်သီးများကိုယှဥ်နိုင်သည့်ယုံကြည်ချက်ရှိ၍ လာရောက်ခြင်းဖြစ်ပေသည် ။
သစ်လုံးအိမ်လေးထဲမှထွက်လာသည့်ကြွယ်စင်းနှင့် သူ၏နောက်မှလိုက်ပါလာသည့်ကြွယ်ယန်တို့ကိုမြင်လိုက်ရ၍အံ့အားသင့်သွားကြသည်။
အကြောင်းကားမြို့စားကိုပြန်ပေးဆွဲသွားသည့်လူနှစ်ယောက်က မျက်နှာဖုံးများတပ်ဆင်ထားကြ၍ မည်သူမည်ဝါဖြစ်သည်ကိုမသိရဘဲ ယခုလူငယ်နှစ်ယောက်ဖြစ်မှန်းသိရှိ၍ အံ့အားသင့်သွားကြခြင်းဖြစ်သည်။
အသက်နှစ်ဆယ်ဝန်းကျင်ဖြင့်သိုင်းထိပ်သီးအဆင့်သို့ရောက်ရှိနေခြင်းက လူငယ်မျိုးဆက်တွင်ပင် ထိပ်တန်းနေရာ၌ရှိပြီး ထိပ်တန်းအင်အားစုများမှပါရမီရှင်များသာ ထိုအဆင့်သို့ရောက်နိုင်ကြ၍ဖြစ်သည်။
ထို့ကြောင့် သူတို့ဝိုင်း၍အမဲဖျက်ရန်ကြံစည်နေသည့်မျောက်မိစ္ဆာနှင့်ဝက်မိစ္ဆာက လူငယ်လေးများဖြစ်နေ၍ သိုင်းသမားများမှာ တုန့်ဆိုင်းသွားကြပြီး ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကပြောလိုက်သည်။။
“ ဟေ့ မင်းတို့နှစ်ယောက်က မြို့စားကိုပြန်ပေးဆွဲသွားတဲ့ မျောက်မိစ္ဆာနဲ့ဝက်မိစ္ဆာလား....”
ထိုလူက အသက်သုံးဆယ်ဝန်းကျင်ရှိပြီး အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။။။
ထိုနည်းတူ သူ၏နောက်မှလူသုံးယောက်ကလည်း သိုင်းလောကတွင်အတော်အသင့်ကျော်ကြားမှုရှိသည့်သိုင်းသမားများဖြစ်ပြီး မြို့စားနှင့်ရင်းနှီးကြသူများဖြစ်သညိ။
ကျန်ရှိနေသည့်ထိပ်တန်းအဆင့်သိုင်းသမားခြောက်ယောက်က ကြေးစားများဖြစ်ကာ ကြွယ်ယန်တို့ကိုဖမ်းဆီးသတ်ဖြတ်ရန်စုဖွဲ့ထားခြင်းဖြစ်ပြီး ယာယီဖွဲ့စည်းထားခြင်းဖြစ်၍ အစိမ်းရောင်ဝတ်စုံဝတ်လူလေးယောက်လောက်စည်းလုံးညီညွတ်မှုမရှိပေ။
အစိမ်းရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် ကြွယ်ယန်၏မျက်နှာက ကွက်ခနဲပျက်သွားပြီးအလျှင်အမြန်ဖြေရှင်းလိုက်သည်။
“ မဟုတ်ဘူး ကျူပ်တို့က မတရားဖိနှိပ်ခံရတဲ့ပြည်သူတွေကိုယ်စား စီရန်မြို့စားကိုအပြစ်ပေးဖို့လုပ်ဆောင်နေတာပဲ....”
အသံပြောင်းပညာကိုပင်ထုတ်ဖော်ကာ ဟိတ်ဟန်တ်လိုက်သည့်ကြွယ်ယန်၏ပုံစံက အထင်ကြီးဖွယ်ကောင်းသော်လည်း အစိမ်းရောင်ဝတ်စုံဝတ်လူ၏မျက်နှာက တင်းမာသွားပြီးအေးစက်စက်အသံဖြင့်တုန့်ပြန်လိုက်သည်။
“ ကောင်လေး အပိုတွေပြောမနေနဲ့ မင်းတို့နှစ်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့မြို့စားယန်ကိုပြန်ပေးဆွဲသွားတယ်ဆိုတာ လူအားလုံးသိပြီးသွားပြီ။။
မြို့စားကိုအခုထုတ်ပေးစမ်း မဟုတ်ရင် ငါတို့ကြယ်ပျံညီနောင်တွေအကြောင်းသိစေရမယ်...”
အစိမ်းရောင်ဝတ်စုံဝတ်လူက သူတို့၏အမည်ကိုပင်ထုတ်ဖော်ကာကြုံးဝါးလိုက်သည်။
ကြယ်ပျံညီနောင်ဆိုသည့်နာမည်က အဖြူရောင်သိုင်းလောကတွင်အတော်အသင့်ကျော်ကြားသော်လည်း ကံမကောင်းစွာဖြင့် ယခုမှသိုင်းလောကထဲဝင်ရောက်သည့်ကြွယ်ယန်တို့ကကြားဖူးခြင်းမရှိပေ။
တစ်ဖက်လူများ၏တုန့်ပြန်မှုကြောင့် ဒေါသထွက်သွားသူက ကြွယ်ယန်ပင်ဖြစ်ပေသည်။
“ ကြယ်ပျံလည်းမကြားဖူးဘူး...ကြယ်တံခွန်လည်းမကြားဖူးဘူး....ငါတို့ကိုလာရှုပ်ရင်တော့ အဲဒီကြယ်တွေကိုကြွေသွားအောင်လုပ်ပစ်မယ်....”
အင်္ကျီလက်စကိုပင့်တင့်၍ကျိန်းမောင်းလိုက်သည့်ကြွယ်ယန်၏စကားကြောင့် အစိမ်းရောင်ဝတ်စုံဝတ်လူများ၏မျက်နှာကမည်းမှောင်သွားသော်လည်း သူ၏လက်ဖျံနှစ်ဖက်ကိုမြင်လိုက်ရချိန်၌ တင်းမာခတ်ထန်နေသည့်အမူအယာများက အံ့ဩတုန်လှုပ်သည့်ပုံစံသို့ပြောင်းလဲသွားကြသည်။
“ ရှောင်လင်အဝေးရောက်သိုင်းသမားလား....”
ကြွယ်ယန်၏လက်ဖျံနှစ်ဖက်၌ ဝင့်ကြွားစွာတည်ရှိနေသည့်ကျားရုပ်နှင့်နဂါးရုပ်က ကြယ်ပျံညီနောင်တို့ကိုသာမက ကြေးစားသိုင်းသမားများကိုလည်းတုန်လှုပ်သွားစေသည်။
သို့သော် အဖြူရောင်ဝတ်စုံဝတ်လူငယ်ဓားသမားနှင့် အနက်ရောင်ဝတ်စုံဝတ်လူတို့၏အမူအယာကကျန်လူများနည်းတူတုန်လှုပ်သွားခြင်းမရှိဘဲ အနက်ရောင်ဝတ်စုံဝတ်လူက မောက်မာသည့်ပုံစံဖြင့်ပြောလိုက်သည်။။
“ ဟမ့်....ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ခေါင်းဆောင်ဆိုတဲ့ရှောင်လင်ကျောင်းက အဝေးရောက်ဂိုဏ်းသားတွေက ဒီလိုမျိုးမကောင်းတဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်းလုပ်ဝံ့မယ်လို့ထင်မထားဘူး...”
ထိုလူ၏ရုပ်ရည်က သာမန်သာရှိသော်လည်း တလက်လက်တောက်ပနေသည့်မျက်လုံးများကြောင့်အတွင်းအားကောင်းသူတစ်ယောက်ဖြစ်မှန်းသိနိုင်ကာ သူနှင့်လူငယ်တို့ကအဆင့်လွန်ထိပ်သီးများဖြစ်သည်ကိုကောင်းစွာရိပ်စားမိခဲ့ပြီးဖြစ်သည်။
သို့သော် ထိုလူ၏ဝေဖန်ရှုံ့ချသည့်စကားက ကြွယ်စင်းလိုလူတစ်ယောက်ကိုပင် အမူအယာအေးစက်သွားစေပြီး ကြွယ်ယန်က ဒေါသတကြီးပြောလိုက်သည်။
“ ခင်ဗျားက ရှောင်လင်ကျောင်းတော်ကိုဝေဖန်ရအောင်ဘာမလို့လဲ....”
ကြွယ်ယန်၏မေးခွန်းကြောင့်အနက်ရောင်ဝတ်စုံဝတ်လူက မာနကြီးသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ငါက သိုင်းမဟာမိတ်....”
သူ၏စကားမဆုံးမီ ကြွယ်ယန်ကလှစ်ခနဲတိုးဝင်သွားပြီး အနက်ရောင်ဝတ်စုံဝတ်လူ၏ရင်ဘက်ကို မိုးပြိုသံမဏိလက်သီးဖြင့်ထိုးနှက်လိုက်၏။
တစ်ဖက်လူက သာမန်သိုင်းထိပ်သီးတစ်ဦးမဟုတ်ဘဲ အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်ပေရာ ကြွယ်ယန်လည်း ဒေါသထွက်ဟန်ပြု၍လက်ဦးမှုရယူကာတိုက်ခိုက်ခြင်းဖြစ်၏။
လွန်ခဲ့သည့်အချိန််အနည်းငယ်ကပင် သူဌေးချင်ပြောခဲ့သည့်သတင်းများအရ မြို့ထဲ၌ သိုင်းမဟာမိတ်မှလူများရောက်ရှိနေသည်ကိုသိရှိပြီးဖြစ်၍ ထိုလူ၏မည့်သူ့ကိုမှဂရုမစိုက်သညိ့ဝံ့ကြွားဟန်ကြောင့် သိုင်းမဟာမိတ်မှလူတစ်ဦးဖြစ်မည်ဟုခန့်မှန်းခဲ့ပြီးဖြစ်သည်။
သိုင်းမဟာမိတ်ကလက်ရှိသိုင်းလောကထဲတွင်လွှမ်းမိုးနိုင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ကြွယ်ယန်ကများစွာဂရုမစိုက်ပေ။
ထို့အပြင် ထိုလူက သူတို့နှစ်ယောက်ကိုအပြစ်တင်ရုံတင်မဟုတ်ဘဲ ရှောင်လင်ကျောင်းတော်ကိုပါအပြစ်တင်ပုတ်ခတ်လာရာ ကြွယ်ယန်လည်းထိုလူ့ကိုသင်ခန်းစာကောင်းကောင်းပေးရန်ဆုံးဖြတ်ပြီးဖြစ်သည်။
ကြွယ်ယန်၏ရုတ်တရက်ဝင်တိုက်မှုကြောင့် သိုင်းမဟာမိတ်မှလူ၏မျက်နှာကပျက်ယွင်းသွားပြီး နောက်သို့အလျှင်အမြန်ရှောင်တိမ်းရင်းအော်ဟစ်လိုက်သည်။
“ အရှက်မဲ့လိုက်တာ.....”
ထိုစဉ်ကြွယ်ယန်၏လက်သီးချက်များက သူ၏ခန္တာကိုယ်အနီးမှပွတ်ကာသီကာဖြတ်သန်းသွားပြီး လက်သီးချက်၏ပြင်းထန်သည့်အရှိန်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူမှာ ထိတ်လန့်မှုကိုခံစားလိုက်ရ၏ ။
တစ်ဖက်လူကိုစကားပြောဆိုရင်းအလစ်ဝင်တိုက်ခြင်းက အရှက်မဲ့သည့်လုပ်ရပ်ဖြစ်သော်လည်း ပင်ကိုယ်အရှက်မရှိသည့်ကြွယ်ယန်ကားများစွာဂရုစိုက်မနေပေ။
သူ့အတွက်အရေးကြီးသည်က တိုက်ပွဲတွင်အသာစီးရနိုင်ရန်လက်ဦးမှုရယူတိုက်ခိုက်ခြင်းဖြစ်ပြီး သူ၏သိုင်းပညာဖြင့်အစွမ်းထက်ထိပ်သီးတစ်ဦးကိုကောင်းစွာယှဉ်နိုင်ပေသည် ။
“ ကြွယ်စင်းရေ ကျန်တဲ့ကောင်တွေကိုဂရဂစိုက်လိုက် ငါဒီကြွက်စုတ်ကိုမြန်မြန်ရိုက်သတ်လိုက်မယ်....”
ကြွယ်ယန်၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာက မဲပုတ်လာပြီး ကြွယ်ယန့်၏လက်သီးကို လက်ဗလာဖြင့်ပင်ပြန်၍ထိုးနှက်လိုက်သည်။
“ ဝုန်း....”
ကျယ်လောင်သည့်အသံနှင့်အတူ သူတို့နှစ်ဦးစလုံးခြေသုံးလှမ်းစီနောက်ဆုတ်လိုက်ရပြီး အနက်ရောင်ဝတ်စုံဝတ်လူက ဒေါသထွက်ဟန်ဖြင့်ကြုံးဝါးလိုက်သည်။
“ အဖြူရောင်သိုင်းသမားတွေကိုသိက္ခာကျစေတဲ့မင်းတို့ကို ရှောင်လင်ရဲ့ကိုယ်စား ငါ ဟဲလောင်ဖုန်းကဆုံးမပေးမယ်ကွ....”
သူ၏မျိုးရိုးနာမည်ကိုကြည့်၍ နာမည်ကျော်ဟဲလောင်မိသားစုဝင်တစ်ဦးဖြစ်မှန်းသိရှိနိုင်သော်လည်း ကြွယ်ယန်က သူ၏ဝသီအတိုင်းလှောင်ပြောင်လိုက်သည်။
“ ဘာတဲ့ ဟဲလောင်မိသားစုရဲ့ အစုတ်ပလုတ်မိုးကြိုးပစ်လက်သီးဆိုလားဘာလား.....မင်းကိုအစစ်အမှန်မိုးကြိုးလက်သီးအစွမ်းပြပေးမယ်ကွ....”
ကြွယ်ယန်က ဟဲလောင်ဖုန်းကိုလှောင်ပြောင်ရင်း နဂါးဖမ်းခြေလှမ်းဖြင့်လှစ်ခနဲတိုးဝင်ကာ မိုးကြိုးလက်သီးသိုင်းဖြင့်ထိုးနှက်လိုက်၏။
တစ်ဖက်လူငယ်က သူ့ကိုတစ်ခုပြီးတစ်ခုစော်ကားပြောဆိုနေသည့်အတွက် ဟဲလောင်ဖုန်း၏မျက်နှာကြီးကလည်း လငပုတ်ဖမ်းသည့်ပမုမဲမှောင်နေပြီး စကားတစ်ခွန်းမှမဆိုတော့ဘဲ ကြောက်မက်ဖွယ်ကောင်းလှသည့်လက်သီးချက်များဖြင့်သာတုန့်ပြန်လိုက်တော့သည်။
“ ဝုန်း....”
“ အုန်း...”
ကျယ်လောင်သည့်အသံများနှင့်အတူ ကြောက်စရာကောင်းသည့်တိုက်ကွက်များက အဆက်မပြက်ထွက်ပေါ်လျက်ရှိသည်။
နှစ်ဦးစလုံးက တိုက်စစ်အခြေပြုသိုင်းသမားများဖြစ်ပြီး တူညီသည့်တိုက်ခိုက်ဟန်ကိုပင်အသုံးပြုနေကြသည်။
ဟဲလောင်မိသားစု၏နေမိုးကြိုးလက်သီးသိုင်းကကြွယ်ယန်ပြောသလိုမဟုတ်ဘဲ ပြင်းထန်ကြမ်းတမ်းကာလွန်စွာကြောက်မက်ဖွယ်ကောင်းသည့်သိုင်းပညာတစ်ခုသာဖြစ်သည်။။
သို့သော် တံခါးနီဆောင်ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပြီး ယခုမျိုးဆက်၏ပါရမီရှင်တစ်ယောက်ဖြစ်သည့်ကြွယ်ယန်ကလည်းအားမနည်းဘဲ မိုးကြိုးလက်သီးနှင့်နဂါးဖမ်းခြေလှမ်းကိုသုံးစွဲကာ ဟဲလောင်ဖုန်းကိုရင်ဆိုင်လျက်ရှိသည် ။
အတွင်းအားအရာတွင် သိုင်းထိပ်သီးအဆင့်ကိုတက်ရောက်သည်မှာမကြာသေးသည့်ကြွယ်ယန်က ဟဲလောင်ဖုန်းထက်နိမ့်ကျသော်လည်း သူ၏မိုးကြိုးလက်သီးသိုင်းက ပြင်းထန်အားကောင်းသည့်အပြင် ပေါက်ကွဲအားပါဝင်နေ၍ အတွင်းအားနိမ့်ကျသည့်တိုင်ဟဲလောင်ဖုန်းကိုယှဉ်နိုင်သေးသည်။
ထို့အပြင် တိုက်ခိုက်ရာတွင်အသုံးဝင်လှသည့် နဂါးဖမ်းခြေလှမ်းနှင့် အစောပိုင်းက လက်ဦးမှုရယူတိုက်ခိုက်ခဲ့ခြင်းက ကြွယ်ယန့်ကိုအသာစီးရစေပြီး ယခုအခါ အပေါ်စီးမှတိုက်ခိုက်နေခြင်းဖြစ်၏
ရုတ်တရက်ဆိုသလိုပြင်းထန်လှသည့်တိုက်ပွဲကြီးတစ်ခုဖြစ်လာပြီး သာမန်အနက်ရောင်သိုင်းသမားနှစ်ယောက်ဟုထင်ခဲ့သည့်ကြွယ်ယန်တို့က ရှောင်လင်၏အဝေးရောက်သိုင်းသမားများဖြစ်ကြောင်းသိလိုက်၍ ကြေးစားများနှင့်ကြယ်ပျံညီနောင်မှာ ဘာဆက်လုပ်ရမှန်းပင်မသိကြပေ။
မူလက ဤနေရာသို့လာဝံ့ခြင်းက လူအင်အားအသာစီးရနေသည့်အပြင် ဟဲလောင်ဖုန်းနှင့်ကျန်တစ်ယောက်၏အားကိုးကြောင့်ဖြစ်၏။
ထိုနှစ်ယောက်က ဆုကြေးကိုလည်းများစွာဂရုစိုက်သူများမဟုတ်ရာ ထိုလူများနှင့်အတူလိုက်လာရင်း မျောက်မိစ္ဆာနှင့်ဝက်မိစ္ဆာကိုသူကိုနှိမ်နင်း၍ လျှံငွေငါးသောင်းကိုခွဲဝေယူဆောင်မည်ဟုပင်စိတ်ကူးယဉ်လာကြသေးသည်။
သို့သော်လည်းမှန်းချက်နှင့်နှမ်းထွက်မကိုက်ဘဲ သူတို့အားကိုးအားထားပြုသည့်ဟဲလောင်ဖုန်းက တစ်ဖက်လူငယ်၏ဖိနှိပ်မှုကိုခံနေရသည့်အတွက် သူတို့လိုထိပ်တန်းအဆင့်သိုင်းသမားများအနေဖြင့် တုန်လှုပ်မိကြခြင်းပင်ဖြစ်၏ ။
&&&