ငါးစာ
Vol. 3 Ch. 26
“ ခင်ဗျားတို့ကရော ကျုပ်ကိုတိုက်ခိုက်ဦးမှာလား....”
ကြွယ်စင်းက ကြယ်ပျံညီနောင်လေးဖော်နှင့်ကြေးစားသိုင်းသမားများကိုခပ်အေးပုံစံဖြင့်မေးလိုက်သည် ။
သို့သော် သူ၏မျက်လုံးများက အဖြူရောင်ဝတ်စုံဝတ်လူငယ့်ထဲတွင်သာကျရောက်နေပြီး ထိုလူငယ့်ကိုများစွာသတိထားနေဟန်တူသည်။
ခြံဝန်းပတ်လည်တွင် မြို့စောင့်တပ်သားများက လေးမြားများချိန်ရွယ်၍ဝိုင်းထားကြသော်လည်း မည်သူမှတိုက်ခိုက်ခြင်းမရှိပေ။
အကြောင်းကား ထိုလူနှစ်ယောက်က အစွမ်းထက်သိုင်းသမားများဖြစ်ကြောင်းရိပ်စားမိသည့်အပြင် အခြားနေရာများသို့ရောက်ရှိနေသည့် နန်းမြို့တော်မှတပ်ဖွဲ့နှင့် မြို့စား၏ကိုယ်ရံတော်တပ်ဖွဲ့များကိုသတင်းပို့ထားပြီးဖြစ်၍ပင်။
မှန်ပေသည်။
မြို့စားမင်းကိုလိုက်လံရှာဖွေသည့်လူများက ဤလူများသာမဟုတ်ဘဲ နန်းမြို့တော်မှလာသည့် လက်ရွေးစင်တပ်ဖွဲ့နှင့် မြို့စား၏သိုင်းသမားအားလုံးနီးပါးဖြစ်သည်။
ထိုလူများက အခြားနေရာများကိုလူခွဲရှာဖွေနေ၍ ရောက်ရှိမလာသေးခြင်းဖြစ်ပြီး သူတို့အကြောင်းကြားထား၍မကြာမီရောက်ရှိလာတြောမည်ဖြစ်သည်။
ထိုအကြောင်းကိုသိရှိခြင်းမရှိသည့်ကြွယ်ယန်တို့နှစ်ဦး၏ကံကြမ္မာကား....
ကြွယ်စင်း၏တည်ငြိမ်အေးဆေးသည့်အမူအယာနှင့်ခန့်မှန်းမရသည့်ပုံစံတို့ကြောင့် ကျန်လူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထို့နောက် သိုင်းပညာထိပ်တန်းအဆင့်ရှိသည့်ကြေးစားသိုင်းသမားတစ်ယောက်ကပြောလိုက်သည်။
“ မိတ်ဆွေတို့ ဒီလူငယ်က ရှောင်လင်အဝေးရောက်သိုင်းသမားတစ်ယောက်ဖြစ်တာတေုင် အခုလိုမကောင်းမှုတွေကိုပြုလုပိနေတယ် ကျုပ်တို့ပူးပေါင်းပြီးသူ့ကိုတိုက်ခိုက်ရအောင်....”
ထိုလူက ကြွယ်စင်းကိုသူတို့ခြောက်ယောက်ထဲဖြင့်မယှဉ်ဝံ့၍ ကြယ်ပျံညီနောင်နှင့်ကျန်တစ်ယောက်ကိုပါအဖော်ညှိလိုက်ခြင်းဖြစ်၏။
ကြယ်ပျံညီနောင်က သိုင်းလောကတွင်နာမည်ရှိသည့်သိုင်းသမားများဖြစ်သလို အဖြူရောင်ဝတ်စုံဝတ်လူငယ်ကလည်း အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်သာရှိသေးသော်လည်းအဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် ကြွယ်စင်းကမည်မျှအစွမ်းထက်ပါစေသူတို့အားလုံးကိုရင်ဆိုင်နိုင်မည်မဟုတိဟုတွေးမိပြီး ယခုလိုကျန်လူများကိုပါစေ့ဆော်လိုက်ခြင်းဖြစ်၏။
ထိုသိုင်းသမား၏စကားကြောင့် ကြယ်ပျံညီနောင်လေးဖော်ကလည်း သဘောတူသည့်ပုံဖြစ်သွားကြသည်။
ဟဲလောင်ဖုန်းလိုအစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ကိုပင် ကြွယ်ယန်ကယှဉ်နိုငိ၍ ကြွယ်စင်း၏သိုင်းပညာကလည်းအစွမ်းထက်မည်ကိုသူတို့ရိပ်စားမိကြပေသည်။
ထို့ကြောင့်သိုင်းလောကစည်းမျဉ်းများကိုဂရုမစိုက်ဘဲဝိုင်းဝန်းတိုက်ခိုက်ရန်ပြင်ဆင်နေကြခြင်းဖြစ်၏။
ကြယ်ပျံညီနောင်ကပါးစပ်မှပြန်မဖြေသည့်တိုင် သူတို့၏မပြုအမူများကသိသာနေကြပြီဖြစ်သည်။။
ထိုလူများ၏အကြံကိုရိပ်စားမိသည့်တိုင်ကြွယ်စင်းက စကားတစ်ခွန်းမှမဆိုဘဲအေးဆေးစွာရှိနေသည်။
ထိပ်တန်းအဆင့်သိုင်းသမားဆယ်ယောက်က ကြွယ်စင်းကိုမသိမသာဝိုင်းရံလာကြပြီး အဖြူရောင်ဝတ်စုံဝတ်လူငယ်သာ နောက်ဘက်တွင်ကျန်ခဲ့သည်။
ထိုအခိုက် စကားတစ်ခွန်းမှမဆိုသေးသည့်အဖြူရောင်ဝတ်စုံဝတ်လူငယ်ကသူ၏နောက်ကျောမှဓားကိုဖြုတ်ကာ မြေပြင်တွင်ထောက်လိုက်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ ကိုင်း... ဒီနေ့တော့ တိုက်ပွဲကောင်းနှစ်ပွဲကိုကြည့်ရတော့မယ်ထင်တယ်....”
လူငယ်၏ချောမောသည့်မျက်နှာထက်၌ နူးညံ့သည့်အပြုံးတစ်ခုပေါ်လာပြီး နောက်သို့အနည်းငယ်ဆုတ်လိုက်သည်။။
သူ၏အသံက များစွာကျယ်လောင်ခြင်းမရှိသော်လည်းလူအားလုံး၏လှုပ်ရှားမှုများကရပ်တန့်သွားပြီး ကြေးစားသိုင်းသမားများနှင့်ကြယ်ပျံညီနောင်တို့ကမျက်နှာပျက်သွားကြသည်။
သူတို့၏အရေအတွက်များပြားပြီးအားလုံးက ထိပ်တန်းအဆင့်သိုင်းသမားများဖြစ်သည့်တိုင် အစွမ်းထက်ထိပ်သီးတစ်ယောက်ဖြစ်သည့်ကြွယ်စင်းကိုအနိုင်ယူနိုင်မည်ဟုအာမမခံဝံ့ပေ။
သူတို့ထက်ပို၍အဆင့်မြင့်သည့်အဖြူရောင်ဝတ်စုံဝတ်လူငယ်ကအရေးကြီးချိန်တွင်နောက်ဆုတ်သသွားရာ ကျန်လူများလည်းမည်သို့ဆက်လုပ်ရမှန်းမသိဖြစ်နေကြသည်။
ခန့်မှန်းမရသည့်ကြွယ်စင်း၏သိုင်းပညာကိုထိတ်လန့်နေကြသည့်အပြင် ရှောင်လင်ကျောင်းတော်၏အဝေးရောက်သိုင်းသမားဆိုသည့်ဂုဏ်ပုဒ်ကြောင့်မည်သူမှမလှုပ်ရှားဝံ့ဘဲရှိနေကြခြင်းဖြစ်၏ ။
ကြွယ်စင်း၏မျက်လုံးများကအနည်းငယ်ကျဉ်းမြောင်းသွားပြီးအဖြူရောင်ဝတ်စုံဝတ်လူငယ်ကိုစူးစိုက်ကြည့်လိုက်သည်။
သူ၏ပတ်လည်တွင်ထိပ်တန်းအဆင့်သိုင်းသမားဆယ်ယောက်ခန့်ဝိုင်းထားသော်လည်း ကြွယ်စင်း၏ပုံစံက အေးဆေးတည်ငြိမ်ဆဲဖြစ်ပြီးတုန်လှုပ်ခြင်းအလျှင်ကင်းမဲ့နေသည်။
သူသတိထားသည့်ကလည်း အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်သာဖြစ်ပြီး သူ၏စိတ်ထဲတွင်ထိုလူငယ်၏သိုင်းပညာကဟဲလောင်ဖုန်းထက်မနိမ့်ကျဟုခန့်မှန်းမိနေသည်။။
ကြွယ်ယန်နှင့်ဟဲလောင်ဖုန်းတို့၏တိုက်ပွဲက လွန်စွာပြင်းထန်လျက်ရှိပြီး တိုက်ခိုက်နေသည်မှာလည်းအချိန်အနည်းငယ်ကြာမြင့်သွားပြီဖြစ်သည်။
တိုက်ပွဲအစ၌ ကြွယ်ယန်ကအသာစီးယူနိုင်သော်လည်း သိုင်းကွက်တစ်ရာကျော်လာချိန်၌ လက်ရည်တူအနေအထားသို့ပြန်လည်ရောက်ရှိလာသည်။
ဟဲလောင်ဖုန်းက သိုင်းမဟာမိတ်၏အရေးပါသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်သည့်အပြင် နာမည်ကျော်နေမိုးကြိုးလက်သီးသိုင်းကိုပါအောင်မြင်ထားသေးသည်။
ထို့ကြောင့် သူ၏တိုက်ခိုက်မှုများကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီး တိုက်ပွဲကိုပြန်၍ထိမ်းချုပ်လိုက်ခြင်းဖြစ်သည်။
ဟဲလောင်ဖုန်းက အစွမ်းထက်ထိပ်သီးတစ်ယောက်ဖြစ်သည့်တိုင် ထိပ်တန်းအဆင့်သိုင်းပညာများစွာလေ့ကျင့်အောင်မြင်ထားသည့်ကြွယ်ယန်ကလည်း ပါတီပါချက်သိုင်းသမားလေးမဟုတ်ပေ။
ရှောင်လင်၏လက်ရှိမျိုးဆက်တွင် ရှောင်ယောင်နှင့်ဆရာတော်ရွှမ်းစီးမှလွဲ၍ သူတို့နှစ်ယောက်က အတောက်ပဆုံးကြယ်ပွင့်များဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံမရှိသည့်တိုင် ဟဲလောင်ဖုန်းကိုကောင်းစွာယှဉ်နိုင်သေးသည်။
ထို့ကြောင့် တိုက်ပွဲက သိုင်းကွက်သုံးရာနီးပါးရှိနေပြီဖြစ်သည့်တိုင် မည်သူမှအနိုင်ရမည့်ဟန်မရသေးဘဲ နှစ်ဦးစလုံးက ပြင်းထန်အားကောင်းသည့်သိုင်းပညာကိုယ်စီအသုံးပြုနေ၍ သူတို့၏ဝန်းကျင်တွင်အတွင်းအားလှိုင်းများပျံ့လွင့်နေကာ တဝုန်းဝုန်းမည်ဟည်းနေသည်။
ထိုစဉ် တိုက်ပွဲကိုအေးဆေးစွာစောင့်ကြည့်နေသည့် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကပြုံး၍ပြောလိုက်သည်။
“ ကျုပ်က အဆင့်တူချင်းတိုက်ခိုက်တဲ့နေရာမှာ ဘယ်သူ့အကူအညီမှယူမှာမဟုတ်ဘူး....”
လူငယ်၏စကားကြောင့် ကြယ်ပျံညီနောင်နှင့်ကျန်လူများက တစ်စုံတစ်ခုကိုနားလည်သွားကြပြီး ကြေးစားသိုင်းသမားတစ်ယောက်က မလိုလားသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ မိတ်ဆွေက အဆင့်လွန်ထိပ်သီးတစ်ယောက်ဆိုပေမယ့် ဒီကောင်လေးက တံခါးနီဆောင်ကိုဖြတ်ကျော်လာနိုင်တဲ့ ရှောင်လင်ရဲ့အဝေးရောက်သိုင်းသမားတစ်ဦးနော်... ။
ဆိုးသွမ်းရက်စက်တဲ့သိုင်းသမားတစ်ယောက်ကိုနှိမ်နင်းတဲ့နေရာမှာ သိုင်းလောကစည်းမျဉ်းတွေကိူဂရုစိုက်စရာမလိုပါဘူး... “
ထိုလူက ကြွယ်စင်း၏သိုင်းပညာကိုသတိပေးလိုက်ရင်းလူငယ့်ကိုသူတို့နှင့်ပူးပေါင်းရန်အကြံပြုလိုက်သည်။
အကြောင်းကား လူငယ်၏သဘောကကြွယ်စင်းကိုတိုက်ခိုက်ရာ၌ သူတို့၏အကူအညီကိုမယူလို၍ဖြစ်သည်။
အံ့ဩဖွယ်ကောင်းစွာဖြင့်ကြွယ်စင်းက ရန်သူများဆွေးနွေးနေသည်ကိုအေးအေးဆေးဆေးပင်ရပ်ကြည့်နေကာ သူ၏ပုံစံကအခြားအရာများကိုဂရုမစိုက်သည့်ကျောက်ရုပ်တစ်ခုအလားပင်။
ကြွယ်စင်းက သူ၏နေရာတွင်ရပ်ပြီး ကျန်လူများကိုသတိထားစောင့်ကြည့်နေသော်လည်းအသေအချာအကဲခပ်မည်ဆိုပါက သူ၏အာရုံများက ဤနေရာတွင်ရှိနေဟန်မတူပေ။
တစ်ဖက်တွင်ကြေးစားသိုင်းသမား၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်က ခေါင်းယမ်း၍သိမ်မွေ့စွာပြုံးလိုက်ပြီး မြေပြင်တွင်ထောက်ထားသည့်သူ၏ဓားကိုပြန်ဆွဲယူလိုက်သည်။
ထို့နောက် ကျန်လူများ၏အလယ်၌ မလှုပ်မယှက်ငြိမ်သက်နေသည့် ကြွယ်စင်းဆီသို့ဖြေးညင်းစွာလျှောက်လာရင်းပြောလိုက်သည်။
“ ကျုပ်နာမည်ကဝူချန်းပါ ။ ရှောင်လင်အဝေးရောက်သိုင်းသမားတစ်ယောက်ရဲ့ပညာကိုသိချင်ပါတယ်....”
လူငယ်၏စကားကပွင့်လင်းစွာစိန်ခေါ်လိုက်ခြင်းဖြစ်ပြီးကြွယ်စင်း၏မျက်နှာကအလေးအနက်ဖြစ်သွားသည်။
ထိုလူငယ်ချဉ်းကပ်လာစဉ် သူ၏ခန္တာကိုယ်မှထက်ရှသည့်ဓားတစ်ချောင်း၏အရှိန်အဝါကိုခံစားမိလိုက်ပြီး ထိုအရှိန်အဝါကတည်ငြိမ်သော်လည်းကြောက်စရာကောင်းပေသည်။
လူငယ်၏လမ်းကြောင်းတွင်ရှိနေသည့် သိုင်းသမားများက အလိုလိုဘေးဖယ်ပေးလိုက်မိကြကာ သူတို့၏အမူအယာများက လွန်စွာအံ့အားသင့်နေကြဟန်တူ၏။
ထိုလူများ၏အမူအယာကိုအကဲခပ်ရခြင်းဖြင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်က သာမန်မဟုတ်သည်ကိုအလွယ်တကူသိနိုင်ပြီး ကြွယ်စင်းလိုအေးဆေးတိတ်ဆိတ်သူတစ်ဦးပင် တိုက်ခိုက်လိုသည့်ဆန္ဒများထွက်ပေါ်လာသည်။
ထိုအခိုက် သစ်လုံးအိမ်လေးတွင်းမှစူးစူးဝါးဝါးအော်ဟစ်သံနှင့်အတူ သစ်လုံးအိမ်၏နံရံက ဝုန်းခနဲမည်ကာပေါက်ထွက်လာသည်။
အတွင်းဘက်မှထွက်ပေါ်လာသည်က အသားလုံးကြီးတစ်လုံးလို မြေပြင်တွင်လှိမ့်လာသည့်လူဝကြီးတစ်ဦးဖြစ်ပြီး သူ၏ခန္တာကိုယ်နှင့်တိုက်မိ၍ သစ်လုံးအိမ်လေး၏နံရံပင်ကျိုးထွက်လာခြင်းဖြစ်သည်။
အခန်းထဲတွင်လည်း အနက်ရောင်ဝတ်စုံကိုခြေဆုံးခေါင်းဆုံးဝတ်ဆင်ထားပြီးဓားတစ်ချောင်းကိုကိုင်ထားသည့်လူတစ်ယောက်ရပ်နေကာ ယခုအခါသူ၏အမူအယာက ကြောင်အမ်းအမ်းဖြစ်နေဟန်တူသည်။
ကြယ်ပျံညီနောင်၊ ကြေးစားသိုင်းသမားများနှင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်တို့ပင် ထိုအဖြစ်ကိုအံ့ဩသွားကြစဉ် မြေကြီးပေါ်တွင်ဖုန်များသဲများဖြင်ညစ်ပတ်နေသည့်ထိုလူကြီးက ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
“ လူသတ်သမား....”
လူဝကြီး၏စကားအဆုံး၌ဦးစွာလှုပ်ရှားလိုက်သူက မလှူပ်မယှက်ရပ်နေသည့် ကြွယ်စင်းပင်ဖြစ်ပြီး အရိပ်တစ်ခုလိုလှစ်ခနဲပြေးထွက်သွားသည့်သူ့ကို ဝိုင်းထားကြသည့်ထိပ်တန်းအဆင့်သိုင်းသမားများပင်ဟန့်တားနိုင်စွမ်းမရှိကြပေ။
သစ်လုံးအိမ်ထဲ၌ ကြောင်အနေသည့် ဝတ်စုံနက်ကအခြေအနေမဟန်သည်ကိုသိရှိသည်နှင့်ချက်ခြင်းပင်ထွက်ပြေးရန်ပြင်လိုက်သော်လည်း အစာသုတ်ချီတော့မည့် သိမ်းငှက်ကြီးတစ်ကောင်လိုပျံဝဲလာသည့်ကြွယ်စင်းက ထိုလူ့ကိုလွယ်ကူစွာအကြောပိတ်လိုက်သည်။
ထို့နောက် ဝတ်စုံနက်၏ခေါင်းစွပ်ကိုဆွဲဖြုတ်လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်သည့်အမူအယာဖြစ်နေသည့်သက်လက်ပိုင်းလူတစ်ဦးဖြစ်သည်ကိုတွေ့လိုက်ရပြီး ကြွယ်စင်းကားများစွာအံ့ဩခြင်းမရှိဘဲ ဖုန်များသဲများဖြင်ညစ်လူးနေသည့်လူဝကြီးကိုပြောလိုက်သည်။
“ မြို့စားကြီး ကျုပ်ရဲ့အစီအစဉ်အလုပ်ဖြစ်သွားတယ်နဲ့တူတယ်....”
ထိုအခါမှ ကြယ်ပျံညီနောင်တို့က ဝက်ကြီးတစ်ကောင်လိုထိတ်လန့်တကြီးဝပ်နေသည့်လူဝကြီးကိုအသေအချာကြည့်မိကာ မျက်လုံးပြူးသွားကြ၏။
“ မြို့စားကြီး....”
ကြွယ်စင်း၏စကားကို ကျန်လူများနားမလည်နိုင်ကြသော်လည်း သေဘေးနှင့်လွန်စွာနီးကပ်ခဲ့သည့်လူဝကြီးက အလျှင်အမြန်ကုန်းရုန်းထကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ ငါပြောသားပဲ ချင်ဖန်းဆိုတဲ့ကောင်ကမှလူဆိုးပါဆို....”
သူ၏စကားသံထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု ၊ စိတ်ကျေနပ်မှုနှင့် ဒေါသတို့ပါဝင်နေသည်။
သူတို့၏စကားအသွားအလာကြောင့် တိုက်ခိုက်တော့မည်ပြင်နေသည့်လူများသည်လည်းမည်သို့ဆက်လုပ်ရမှန်းမသိဖြစ်နေကြတော့သည်။
ကြွယ်ယန်နှင့်ဟဲလောင်ဖုန်းတို့ကား ထိုအဖြစ်ကိုသတိမထားမိဘဲပြင်းထန်စွာတိုက်ခိုက်နေကြဆဲပင်။
&&&