မောက်မာသည့်လူရွယ်
Vol. 3 Ch. 27
လပြည့်ဝန်းစားသောက်ဆိုင်
ထျန်ရှန်မြို့၏နာမည်ကျော်စားသောက်ဆိုင်ကား ကြီးမားကျယ်ပြန်သည့်လပြည့်ဝန်းရေကန်နံဘေးတွင်တည်ရှိပေသည်။
စင်စစ် ထိုဆိုင်၏အမည်သည်ပင် လပြည့်ဝန်းကန်ကိုအစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး ဝိုင်းစက်ကျယ်ပြန့်ကာ သာယာလှပသည့်လပြည့်ဝန်း ရေကန်က အနီးအနားဒေသများတွင်ပါကျော်ကြားသည့်နေရာတစ်ခုဖြစ်သညိ။။
မှောင်ရီပျိုးစအချိန်ဖြစ်သော်လည်း ထျန်ရှန်မြို့၏လမ်းမများထက်၌ လူသူကျဲပါးခြင်းမရှိဘဲ ညအချိန်၌ဖွင့်လှစ်သည့်ညဈေးတန်းများ၊ စားသောက်ဆိုင်၊ တည်းခိုခန်းများမှ မီးအလင်းရောင်များက လမ်းမများထက်တွင်ပါလင်းထိန်နေစေသည် ။
လပြည့်ဝန်းကန်ထဲတွင်လည်း မီးရောင်စုံများထွန်းညိထားသည့်အပျော်စီးလှေငယ်များရှိနေကာ ရေကန်အတွင်းလည်ပတ်လိုသူများကို အခကြေးငွေဖြင့်လိုက်လံပြသပေးနေပေသည်။
လပြည့်ဝန်းကန်၏အကျယ်အဝန်းက အတော်ပင်ကျယ်ပြန့်လှသော်လည်း ကန်၏ဟိုဘက်သည်ဘက်ကိုတံခါးခုံးလေးများဖြင့်အုပ်မိုးထားပြီး ခြေလျှင်ခရီးသွားများလည်း ရေကန်၏အလှအပများကိုခံစားရစေရန်လုပ်ဆောင်ပေးထားသည်။
တစ်ဖန် ဈေးသည်များကိုလည်း ထိုတံတားများထက်တွင်ရောင်းချစေခြင်းမရှိဘဲ ကန်ဘေးတစ်ဖက်တစ်ချက်တွင်သာ စနစ်တကျရောင်းချစေ၍ အလည်အပတ်ရောက်လာသူများအနေဖြင်ြစိတ်ညစ်ညူးစရာမရှိဘဲ သဘာဝ၏အလှအပများကိုအေးဆေးစွာကြည့်ရှုခံစားနိုင်သည်။
ထို့ကြောင့် လပြည့်ဝန်းရေကန်က ခရီးသွားများကိုများစွာဆွဲဆောင်ထားနိုင်ရုံသာမက အလည်အပတ်ရောက်ရှိလာသူများပြား၍ မြို့၏ခရီးသွားလုပ်ငန်းကိုလည်းစည်ပင်တိုးပွားလာစေသည်။
“ ဝုန်း....”
ကျယ်လောင်သည့်အသံနှင့်အတူ ခန္တာကိုယ်ကြီးတစ်ခုကလွင့်ပျံ့လာ၍ ကျောက်တံတားလေးထက်ရှိလူများမှာ အလန်တကြားရှောင်တိမ်းလိုက်ကြသည်။
လပြည့်ဝန်းကန်ပေါ်ကိုသွယ်တန်းထားသည့်တံတားလေးစင်းအနက်အစွန်ဘက်မှတစ်ခုတွင်ရုတ်ရုတ်သဲသဲဖြစ်ရပ်များဖြစ်ပေါ်နေခြင်းဖြစ်ကာ သိုင်းသမားတစ်စုနှင့် ထွားကြိုင်းသန်မာသည့်လူရွယ်တစ်ယောက်တို့တိုက်ခိုက်နေကြခြင်းဖြစ်၏။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြပြီး တုတ်ရှည်ကိုယ်စီကိုင်ဆောင်ထားသည့်သိုင်းသမားများမှာ မြို့၏နာမည်ကျော် ကောင်းကင်ထောက်တိုင်ဆိုသည့်သိုင်းသင်တန်းကျောင်းမှလူများဖြစ်သည် ။
အဆင့်လွန်ထိပ်သီးတစ်ယောက်ကတည်ထောင်ထားပြီးအစွမ်းထက်သိုင်းသမားများစွာရှိသည့်ထိုသင်တန်းကျောင်းမှာ ထျန်းရှီနှင့်အနီးတစ်ဝိုက်၌နံပါတ်တစ်သိုင်းသင်တန်းကျောင်းဖြစ်ပြီး အန်တုသူမရှိဟုဆိုရပေမည်။
ယခုတော့ အမည်မသိလူရွယ်တစ်ဦးက သင်တန်းကျောင်းမှသိုင်းသမားတစ်စုကိုတိုက်ခိုက်နေပြီး သင်တန်းကျောင်းမှလူငါးယောက်လုံးက အဆင့်မြင့်သိုင်းအဆင့်ရှိကြသော်လည်း လူရွယ်၏သိုင်းတစ်ကွက်နှစ်ကွက်ကိုမခံနိုင်ကြဘဲ ဖွဲအိတ်များပမာလွင့်စင်လာကြသည်။
ထိုလူရွယ်က အသက်အရွယ်များစွာကြီးရင့်ခြင်းမရှိသေးဘဲ အနက်ရောင်သိုင်းဝတ်စုံကိုပင်ဝတ်ဆင်ထားသည်။။
မြင့်မားသည့်အရပ်အမောင်းကြံ့ခိုင်သည့်ခန္တာကိုယ်ရှိသည့်လူရွယ်၏ကိုယ်ခန္တာက အထင်ကြီးဖွယ်ကောင်းပြီး သူ၏ရုပ်ရည်ကများစွာချောမောခြင်းမရှိသော်လည်း ယောင်္ကျားပီသပေသည်။
သူ၏နောက်ကျော၌ ဓားရှည်တစ်လက်ကိုသိုင်းလွယ်ထားသော်လည်းလူရွယ်က သင်တန်းကျောင်းမှလူများကိုလက်ဗလာဖြင့်ရင်ဆိုင်နေခြင်းဖြစ်ပြီး သူ၏သိုင်းပညာက ထိုလူများထက်များစွာသာလွန်ကြောင်းတစ်ချက်ကြည့်ရုံနှင့်သိရှိနိုင်သည်။
ထိုအဖြစ်ကြောင့် ဒေသခံများနှင့်ခရီးသွားများက အသက်သုံးဆယ်ဝန်းကျင်သာရှိမည်ဖြစ်သော်လည်းအစွမ်းထက်လှသည့်ထိုလူငယ်ကို အံ့ဩဘနန်းဖြင့်ခပ်လှမ်းလှမ်းမှအားပေးလျက်ရှိသည်။
သာမန်ပြည်သူများအတွက် သိုင်းလောကသားများ၏တိုက်ပွဲဆိုသည်ကအန္တရာယ်များလှသော်လည်း ယခုလိုလူစည်ကားရာနေရာမျိူး၌ သေခြင်းရှင်ခြင်းတိုက်ပွဲများကိုတိုက်ခိုက်လေ့မရှိ၍ များစွာစိုးရိမ်စရာတော့မလိုကြပေ။
ထို့ကြောင့် များပြားလှသည့်လူများစွာက တိုက်ပွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေခြင်းဖြစ်ပြီး ရှစ်ပေခန့်ကျယ်ဝန်းသည့် တံတား၏တစ်ဖက်တစ်ချက်တွင် လူများတိုးမပေါက်အောင်ဖြစ်နေသည်။
သို့သော်လည်း တိုက်ပွဲက အသက်ရှူချိန်များစွာကြာမြင့်ခြင်းမရှိဘဲ သင်တန်းကျောင်းမှလူများတစ်ဖက်သက်နှိမ်နင်းခံလိုက်ရသည့်အတွက် လူအများမှာ မချင့်မရဲဖြစ်သွားကြလေသည်။
လူရွယ်ကလညမး သင်တန်းကျောင်းမှလူများကိုချွေးတစ်စက်ပင်မထွက်ဘဲအသာအယာအနိုင်ယူပြီးနောက် ကျေနပ်ဟန်မတူသေးပေ။
သူ၏မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့်တလက်တောက်ပနေပြီး တံတားဘောင်ပေါ်သို့ခြေတစ်ဖက်တင်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“ ကျုပ်နဲ့ရင်ဆိုင်ဝံ့တဲ့လူရှိသေးလား....”
လူရွယ်၏ရှင်းလင်းပီသသည့်အသံကို ကန်ဘေးနှစ်ဖက်မှလူများပင်ကောင်းစွာကြားလိုက်နိုင်သည်။
သူ၏စိန်ခေါ်စကားကြောင့် လူအများလည်း အံ့ဩတုန်လှူပ်မှုနှင့်အတူ စိတ်အားတက်ကြွမှုကိုပါခံစားလိုက်ကြရသည်။
ထိုအချိန်တွင် လူအုပ်ထဲရှိသိုင်းလောကသားများမှာ သူတို့အားလုံးကိုမထီမဲ့မြင်နှင့်သိမ်းကျုံးစိန်ခေါ်သည့် လူရွယ့်ကို ခံပြင်းဒေါသထွက်နေကြသည်။
သို့သော် မည်သူမှရှေ့မထွက်ဝံ့ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံကြိတ်ထားမိကြ၏ ။။
“ ဟမ့်....အသက်ကငယ်ငယ်လေးပဲရှိသေးတယ် အခုလိုလေကြီးနေတာ ။သူ့ကိုယ်သူနှင်းငွေ့မိစ္ဆာသခင်များမှတ်နေလားမသိဘူး....”
“ သခင်ကြီးကျန်းသာရောက်လာရင် ဒီကောင်လေး အခုလိုမောက်မာနိုင်မှာမဟုတ်ဘူး.....”
သိုင်းသမားများက အချင်းချင်းတီးတိုးပြောဆိုနေကြသည့်တိုင်မည်သူမှရှေ့မထွက်ကြ။
အကြောင်းကား အဆင့်မြင့်သိုင်းသမားငါးယောက်ကိုပင် တစ်ကွက်စီဖြင့်အနိုင်ယူထားသည့် လူရွယ်၏သိုင်းပညာက သူတို့ထက်ပို၍သာလွန်နေပြီး သိုင်းထိပ်သီးအဆင့်သို့ရောက်ရှိနေဟန်တူ၍ဖြစ်သည်။
အဆင့်လွန်ထိပ်သီးဆိုသည့်အဆင့်က သိုင်းလောကထဲတွင်ပင်လက်မထောင်နိုင်သည့်အဆင့်ဖြစ်ပြီး သာမန်သိုင်းသမားတို့အတွက်ထိပ်သီးအဆင့်သို့ရောက်ရှိရန်အပြင်းအထန်ကြိုးစားရပေသည်။
ယခု လူရွယ်က အသက်သုံးဆယ်မပြည့်မီထိပ်သီးအဆင့်အား ရောက်ရှိနေခြင်းကိုကြည့်၍ ထိပ်တန်းအင်အားစုတစ်ခုခုမှဖြစ်နိုင်ကာ သူ၏သိုင်းပညာဖြင့်လူငယ်မျိုးဆက်တွင်ပင်ထိပ်တန်းနေရာ၌ရှိနိုင်သည် ။
ထို့ကြောင့် လူရွယ်၏ပြောင်ပြောင်တင်းတင်းစိန်ခေါ်မှုကိုမည်သူမှမတုန့်ပြန်ကြခြင်းဖြစ်ပြီး ထိုအဖြစ်ကြောင့် လူရွယ်ကအနည်းငယ်စိတ်ပျက်သွားဟန်တူသည်။
ထိုအခိုက်လူအုပ်ကြားထဲမှ အသက်လေးဆယ်အရွယ်ရှိသိုင်းသမားတစ်ဦးထွက်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ့်ကိုပြောလိုက်သည်။
“ ကောင်လေး မင်းကအရည်အချင်းရှိတဲ့လူငယ်သိုင်းသမားတစ်ယောက်ဆိုပေမယ့် တခြားလူတွေကိုဘယ်လိုလေးစားရမယ်ဆိုတာသိဟန်မတူဘူး....”
အစိမ်းရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားတစ်လက်ကိုခါးတွင်ချိတ်ဆွဲထားသည့်ထိုလူက ဝင့်ကြွားသည့်ပုံစံရှိပြီး သူ၏ဓားနှောင့်ကလည်း ရွှေဖြင့်ပြုလုပ်ထားသည့်ကျားခေါင်းပုံသဏ္ဍာန်ရှိပေသည်။
ထိုလူရှေ့ထွက်လာသည်နှင့် ကျန်ရှိနေကြသည့်သိုင်းလောကစားများကအံ့အားသင့်သွားကြပြီးမှ တက်ကြွသည့်ပုံစံဖြင့်အော်ဟစ်လိုက်ကြသည်။
“ ဒါက ဟိုနန်ရဲ့ရွှေကျားမင်း ရှာမန်မဟုတ်လား.....”
“ ဆရာကြီးရှာတောင်ထွက်လာပြီဆိုမှတော့ ဒီကောင်လေးကျောင်းမှန်းကန်းမှန်းသိလောက်ပါပြီ...”
အစိမ်းရောင်ဝတ်စုံဝတ်လူက အတော်ပင်ကျော်ကြးသည့်သိုင်းသမားတစ်ယောက်ဖြစ်ဟန်တူပြီး ဤနေရာရှိလူအတော်များများသိရှိကြသည် ။
အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကလည်း ရှေ့သို့ထွက်၍ သူ၏စိန်ခေါ်မှုကိုလက်ခံသည့်လူကိုစူးစိုက်ကြည့်ရင်းမေးလိုက်သည်။
“ ခင်ဗျားကဘယ်သူလဲ....”
“ ကျုပ်က ဟိုနန်နယ်က ရွှေကျားမင်းရှာမန်ပဲ....”
အစိမ်းရောင်ဝတ်စုံဝတ်လူက သူ၏ရင်ဘက်ကိုပုတ်ကာပြောလိုက်သည်။
ကျားရဲဓားကွက်သုံးဆယ့်ခြောက်ကွက်ဖြင့်ကျော်ကြားသည့်ရှာမန်က အမှန်လည်းအစွမ်းထက်သည့်သိုင်းထိပ်သီးတစ်ဦးဖြစ်ကာ သိုင်းမဟာမိတ်၏ထိပ်ပိုင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်၏ ။
သူ၏လက်ထဲ၌အသက်ပေးသွားကြသည့်မိစ္ဆာဝိညာဉ်မှသိုင်းထိပ်သီးများစွာရှိပြီး သိုင်းမဟာမိတ်၏သခင်ဆယ်ပါးနှင့်ပင်ရင်းနှီးမှုရှိပေသည်။
ယခု ပြဿနာအသေးအဖွဲ့မှစ၍ သိုင်းသင်တန်းကျောင်းမှလူများကိုတစ်ကိုယ်တော်အစွမ်းပြအနိုင်ကာ ဤနေရာရှိလူများကိုလည်းစိန်ခေါ်နေသည့်လူရွယ့်ကိုဆုံးမရန်ရည်ရွယ်ချက်ဖြင့်ရှေ့ထွက်လာခြင်းဖြစ်၏
ရှာမန်၏အမည်ကိုသိလိုက်ရ၍ လူရွယ်၏မျက်ခုံးများအနည်းငယ်မြင့်တက်သွားပြီးခေါင်းညိမ့်ကာပြောလိုက်သည်။
“ ခင်ဗျားက ကျားခေါင်းရွှေဓားဆိုတဲ့ ရွှေကျားမင်းကိုး... ဒါပေမယ့် ကျုပ်ရှုံးနိမ့်မှာမဟုတ်ဘူး....”
လူရွယ်၏စကားက ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ဝကြောင်းသိသာစေပြီး တစ်ဖက်လူ၏အကြောင်းကိုသိရှိပြီးသည့်တိုင် တစ်စက်ကလေးမှတုန်လှုပ်ဟန်မပြပေ။
သူ၏တည်ငြိမ်ပြီး အကြောက်အရွံ့ကင်းသည့်ပုံစံကြောင့် ရှာမန်ပင်စိတ်ထဲ၌ချီးကျူးလိုက်မိပြီး သူ၏နာမည်ကျော်ကျားခေါင်းရွှေဓားကို ရွှမ်းခနဲဆွဲထုတ်ကာပြောလိုက်သည်။
“ ကောင်လေး ငါစတိုက်ပြီ သတိထားပါ....”
ရှာမန်က အဖြူရောင်သိုင်းထိပ်သီးတစ်ဦးပီပီ သတိပေးစကားဆိုပြီးမှ အနက်ရောင်ဝတ်စုံဝတ်လူရွယ့်ကိုဝင်ရောက်တိုက်ခိုက်လိုက်သည်။
“ ဝှစ်....ဝှစ်....”
လေခွင်းသံများဆူညံသွားပြီး မျက်စေ့တမှိတ်အတွင်း ရှာမန်၏ဓားရိပ်သူံးခုက အနက်ရောင်ဝတ်စုံဝတ်လူရွယ််ကိုပိုင်းဖြတ်ပြီးဖြစ်သည်။
တစ်ထက်လူရွယ်က လူငယ်မျိုးဆက်တစ်ဦးသာဖြစ်သော်လည်းရှာမန့်အနေဖြင့်အထင်မသေးဝံ့ပေ။
အကြောင်းကား လူရွယ့်ထံမှအန္တရာယ်အငွေ့အသက်ကိုခံစားမိနေ၍ဖြစ်ပြီး ဝါရင့်သိုင်းသမားတစ်ဦးပီပီ ထိုလူရွယ်ကိုအထင်သေးပါက သူကောင်းစွာခံသွားရနိုင်ကြောင်းရိပ်စားမိ၍ဖြစ်၏ ။
ထို့ကြောင့် တိုက်ပွဲစသည်နှင့်ထက်မြက်သည့်ဓားကွက်များကိုသုံးကာဝင်ရောက်တိုက်ခိုက်ခိုက်ခြင်းဖြစ်သည် ။
အံ့သြဖွယ်ကောင်းစွာဖြင့်လူရွယ်က သူ၏လက်နက်ကိုပင်ဆွဲထုတ်ခြင်းမပြုဘဲ ရှာမန်၏ဓားကွက်များကိုပွတ်ကာသီကာရှောင်တိမ်း၍ပြောလိုက်သည်။
“ ကောင်းလိုက်တဲ့ဓားကွက်တွေပဲ ခင်ဗျားက ကျော်ကြားမှုနဲ့ထိုက်တန်တယ်....”
လူရွယ်က သူ၏စိတ်ထဲရှိသည့်အရာကိုပြောလိုက်ခြင်းဖြစ်သော်လည်းရှာမန်၏မျက်နှာကအနည်းငယ်နီရဲသွားပြီး ဒေါသထွက်သွားသည်။
အကြောင်းကား လူငယ်မျိုးဆက်တစ်ဦးမှ သူ့ကိုအထင်အမြင်သေးနေသည်ဟုခံစားမိ၍ဖြစ်ပြီး ထိုလူရွယ်၏လုပ်ရပ်ကိုသူ့ကိုစော်ကားလိုက်သည်နှင့်မခြားပေ....။
ထို့ကြောင့်ရှာမန်လည်းအံကိုတင်းတင်းကြိတ်ရင်းအော်ဟစ်မာန်သွင်းကာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
“ ကျားရဲတောင်တက်....”
ရှာမန်၏ဓားက လူရွယ်၏ ခြေထောက်များကိသပစ်မှတ်ထားသော်လည်း မျက်စေ့တမှိတ်အတွင်းခန္တာကိုယ်အထက်ပိုင်းဆီသို့ပြောင်းလဲတိုးဝင်လာသည်။
&&&