တိုက်ပွဲတစ်ခု
Vol. 3 Ch. 39
ရှောင်ယောင်တစ်ယောက် ယခုလိုညဉ်းတွားမိသည်ကလည်း သူ့အမှားတော့မဟုတ်ပေ။
ရှောင်လင်ကျောင်းတော်မှထွက်ခွာ၍သိုင်းလောကအတွင်းဆင်းသည့်အချိန်ကသုံးလပင်မပြည့်သေးသော်လည်းအထိုအတောအတွင်းကြုံကြိုက်ခဲ့ရသည့်ဖြစ်ရပ်များက သာမန်သိုင်းသမားတစ်ယောက်၏တစ်ဘဝစာအတွေ့အကြုံနှင့်ညီမျှနိုင်သည်။
ဟောင်ရန်နှင့်ပေါင်း၍ချူးကုနန်ကိုရင်ဆိုင်ခြင်း၊ ယန်စီနဂါးအဖွဲ့ကိုဖျက်ဆီးခြင်း၊ ဟန်ကျန်းတွင် သွေးနီတံခါးမှလူသတ်သမားကိုဖမ်းဆီးခြင်းနှင့် အန်းဒူနှင့်တိုက်ခိုက်ကာအဆိပ်မိခြင်း စသည်တို့က သိုင်းလောကတစ်ခုလုံးကိုပင်တုန်လှုပ်စေသည့်ဖြစ်ရပ်များဖြစ်၏ ။
လူမသိသူမသိဖြစ်ရပ်များဖြစ်သည့် အမည်မသိသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ဦးနှင့်တိုက်ခိုက်ခြင်း ၊ ထူးခြားဆန်းကြယ်လှသည့်လျှို့ဝှက်နေရာတွင်ပိတ်ပိခြင်းတို့လည်းရှိနေသေးသည်။
ထို့အတောအတွင်း သေဘေးနှင့်နီးကပ်သည်ကတစ်ကြိမ်နှစ်ကြိမ်မကတော့ဘဲ လျှို့ဝှက်နေရာတွင်ပိတ်မိစဉ်ကလည်း ကံခါးပါတ်ပိုးစာပင်သာမရှိပါက အစာရေစာပြက်လက်၍သေဆုံးသွားနိုင်သည်။
ထိုဖြစ်ရပ်များကလည်း သူ့အလိုလိုကြုံဆုံလာခြင်းဖြစ်ပြီးရှောင်ယောင်မှာ သူ့ဘဝသူပြန်၍မေးခွန်းထုတ်မိသည်။
စိတ်လှုပ်ရှားစရာကောင်းသည့်အတွေ့အကြုံများစွာဖြင့် လွတ်လပ်သည့်သိုင်းလောကသားတစ်ယောက်အဖြစ်ဖြတ်သန်းလို၍ ယခုလိုဖြစ်ရပ်များစွာကြုံကြိုက်ရသည်လားဟုတစ်ခါတစ်ရံမေးခွန်းထုတ်မိသည်။
ရှောင်ယောင်လည်း တောင်အီအီမြောက်အီအီတွေးတောမိနေရင်း တိုက်ခိုက်သံများရပ်တန့်သွားသည်ကိုသတိပြုမိ၍ သက်ပြင်းတစ်ချက်ချကာထိုနေရာသို့ဦးတည်၍ လျှင်မြန်စွာပြေးလွှားသွားလိုက်သည်။
တောအုပ်အတွင်းပိုင်းတစ်နေရာတွင် မည်သို့မှကြည့်မလှသည့်ဖြစ်ရပ်တစ်ခုဖြစ်ပျက်လျက်ရှိသည်။
အစိမ်းရောင်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားသည့်မိန်းကလေးတစ်စုကို အနက်ရောင်သိုင်းဝတ်စုံဝတ်လူများစွာက ဝိုင်းရံထားခြင်းဖြစ်ပြီး မိန်းကလေးများ၏ခန္တာကိုယ်ထက်တွင်လည်း ဒဏ်ရာများစွာရှိနေကြသည်။
သူတို့၏လူအင်အားက တစ်ဆနှင့်သုံးဆခန့်ကွာဟနေသည့်အပြင် ဒဏ်ရာကိုယ်စီရရှိထားသည့်မိန်းကလေးများက တစ်ဖက်လူများကိုအံတုနိုင်ခြင်းမရှိသည်က များစွာထူးဆန်းခြင်းတော့မရှိပေ။
အယောက်နှစ်ဆယ်နီးပါးရှိသည့်အနက်ရောင်ဝတ်စုံဝတ်လူများက ဓားကိုယ်စီကိုင်ဆောင်ထားကြပြီး သူတို့၏အလယ်ရှိမိန်းကလေးများမှာ ကျားအုပ်အတွင်းရောက်ရှိနေသည့်သိုးငယ်ကလေးများပမာ တုန်လှူပ်ထိတ်လန့်နေကြသည်။
သို့သော် သူတို့၏မျက်နှာထက်၌ ဒေါသတရားကိုလည်းတွေ့မြင်နိုင်ပြီး တစ်ဖက်လူများ၏အပြုအမူကို မကျေမနပ်ဖြင့်ခံပြင်းစိတ်ဝင်နေသည်ကိုအထင်းသားသိရှိနိုင်သည်။
အံ့ဩဖွယ်ကောင်းသည့်အချက်က ထိုမိန်းကလေးခုနစ်ယောက်လုံးက ငယ်ရွယ်ပြီးလှပချောမောသည့်မိန်းကလေးများဖြစ်နေကြခြင်းဖြစ်ပြီး သူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသူက အသက်ဆယ့်ရှစ်နှစ်ခန့်သာရှိသေးသည့်မိန်းမလှလေးတစ်ဦးဖြစ်ပေသည်။
မိန်းမလှလေးကဖြူစင်ရိုးသားသည့်ရုပ်သွင်ရှိပြီး တောက်ပသည့်မျက်ဝန်းနက်နက်များက လူတစ်ဖက်သား၏သနားကြင်နာစိတ်ကိုဖြစ်ပေါ်စေနိုင်သည်။
ခန္တာကိုယ်ပေါ်တွင် ပြက်ရှရာအနည်းငယ်ရှိနေပြီး ပင်ပန်းနွမ်းနယ်နေသည့်မိန်းမလှလေး၏သွင်ပြင်က ခိုကိုးရာမဲ့နေဟန်တူပြီး ကရုဏာသက်ဖွယ်ကောင်းလှသည် ။
သို့သော်လည်း ကြည်လင်တောက်ပသည့်မျက်ဝန်းနက်နက်ကလေးများထဲ၌ အလျော့မပေးလိုသည့်စိတ်ဆန္ဒကိုကောင်းစွာမြင်တွေ့နိုင်ပြီး အင်အားချင်းကွာခြားနေလျှင်ပင် အရှူံးမပေးဘဲတိုက်ခိုက်ရင်းအသေခံသွားမည့်ဟန်တူသည်။
အနက်ရောင်ဝတ်စုံဝတ်လူများထဲမှ ချောမောသည့်လူငယ်တစ်ယောက်ကရှေ့ထွက်လာပြီး ရယ်မော၍ပြောလိုက်သည်။
“ ချင်းအာ ဘာလို့ခေါင်းမာနေတာလဲ မင်းသာငါ့ရဲ့အလိုကိုလိုက်လျောမယ်ဆိုရင် မင်းရော မင်းဂိုဏ်းကမိန်းကလေးတွေပါ အေးအေးဆေးဆေးထွက်သွားခွင့်ရမယ် ဟုတ်တယ်မလား.....”
ထိုလူငယ်၏အသက်က နှစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးပြီး ချောမောခန့်ညားသည့်သခင်လေးတစ်ယောက်၏သွင်ပြင်ရသည် ။
သို့သော် ပါးလွှာသည့်နှုတ်ခမ်းများနှင့် မြေခွေးတစ်ကောင်လိုအပေါ်ထောင့်ကပ်နေသည့်မျက်လုံးများက ကောက်ကျစ်၍ရက်စက်မည့်ပုံပေါ်နေကာ သူ၏ပုံစံက အပန်းဖြေခရီးထွက်လာသည့်အလား လက်နက်တစ်စူံတစ်ရာပင်ပါရှိခြင်းမရှိပေ။
မှန်ပေသည်။
ထိုလူငယ်က သူ၏လူများဖြင့် မိန်းကလေးများကိုဝိုင်းရံတိုက်ခိုက်ရန်ခိုင်းစေထားသော်လည်း သူကိုယ်တိုင်က လက်ချောင်းကလေးတစ်ချောင်းပင်မမြောက်ခဲ့ပေ။
မိန်းမချောလေးများ၏သိုင်းပညာက မနိမ့်ကျသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူများကအစွမ်းထက်လှပြီး အဆင့်လွန်ထိပ်သီးသုံးယောက်အထိပါဝင်ရာ မိန်းကလေးများရှုံးနိမ့်ရသည်က အထူးအဆန်းတော့မဟုတ်ပေ။
ယခု မိန်းမလှလေးများက ဒဏ်ရာကိုယ်စီရရှိထားကြပြီး ပင်ပန်းနွမ်းနယ်ကာ အတွင်းအားများလည်းလျော့နည်းနေကြ၍ ထိုလူစုကိုမည်သည့်နည်းနှင့်မှမယှဉ်နိုင်တော့ကြောင်းထင်ရှားလှသည်။
“ လူယုတ်မာအိပ်မက်မက်မနေနဲ့ ငါသေမှပဲ နင်ငါ့ကိုရလိမ့်မယ် ....”
မိန်းမလှလေးက ကြည်လင်သည့်အသံကလေးဖြင့်ရန်တွေ့လိုက်ခြင်းဖြစ်ပြီး ဒေါသထွက်နေသည့်တိုင် သူမ၏အသံကလေးက နားထောင်ကောင်းနေသေးသည်။
သို့သော် အနက်ရောင်ဝတ်စုံဝတ်လူငယ်က သူမ၏စကားများကိုပန်းနှင့်ပေါက်နေသည့်အလား အပြုံးမပျက်ခံယူကာ ဆိုးညစ်ဟန်ဖြင့်ရယ်မော၍ပြောလိုက်သည်။
“ ဟီး ဟီး....ကိစ္စမရှိပါဘူး မင်းသေရင်တောင် မင်းအလောင်းကိုငါခဏတော့အသုံးပြုလို့ရဦးမှာပါ....”
လူငယ်၏စကားက အဆုံးစွန်အထိ မိုက်ရိုင်းစော်ကားခြင်းဖြစ်၍ သစ်ပင်ကြီးတစ်ပင်ထက်မှတိတ်တဆိတ်ကြည့်ရှုနေသည့်ရှောင်ယောင်ပင် မျက်မုန်းကျိုးသွားမိသည်။
ကာယကံရှင်ဖြစ်သည့်မိန်းမလှလေး၏မျက်နှာက ဖြူဖျော့သွားပြီး ဒေါသအပြင်းအထန်ထွက်ကာ အော်ဟစ်မာန်သွင်း၍ ထိုလူငယ်ရှိရာသို့လျှပ်တပြတ်တိုးဝင်သွားလိုက်သည်။
“ သေစမ်း.....”
မိန်းမလှလေး၏ကိုယ်ဖော့ပညာကများစွာကောင်းမွန်ပြီး လူငယ်၏ရှေ့သို့ရိပ်ခနဲရောက်ရှိသွားလေသည်။
သူမ၏သိုင်းအဆင့်ကလည်း အဆင့်လွန်ထိပ်သီးအဆင့်ရှိပြီး ထိုအသက်အရွယ်ဖြင့်ဤမျှထူးချွန်နနေခြင်းက အံ့ဩဖွယ်ဖြစ်သည် ။
သို့သော် မိန်းမလှလေးမှာ လူငယ့်ဆီသို့မရောက်မီ အဆင့်လွန်ထိပ်သီးနှစ်ယောက်က ဆီးကြိုတိုက်ခိုက်လိုက်၍ နှစ်ယောက်တစ်ယောက်ရင်ဆိုင်လိုက်ရသည်။
ထိုအဖြစ်ကြောင့်ကျန်ရှိနေသည့်မိန်းကလေးများကလည်း စိုးရိမ်စွာအော်ဟစ်၍ ပြေးဝင်လာကြသည်။
“ ဂိုဏ်းချူပ်....”
သူတို့၏စကားအသွားအလာကိုကြည့်ခြင်းဖြင့် အသက်ဆယ့်ရှစ်နှစ်သာရှိဦးမည့်ထိုမိန်းကလေးက သူတို့၏ဂိုဏ်းချုပ်ဖြစ်ကြောင်းသိနိုင်ကာ ထိုအချက်က ရှောင်ယောင့်ကိုပင်အံ့အားသင့်သွားစေသည်။
သို့သော် ကျန်မိန်းကလေးများမှာသူတို့၏ဂိုဏ်းချုပ်ဆီသို့မရောက်နိုင်ကြဘဲ အနက်ရောင်ဝတ်စုံဝတ်လူများ၏ဝိုင်းဝန်းတိုက်ခိုက်မှုများကိုသာရင်ဆိုင်လိုက်ရသည် ။
“ ထန်း ...”
“ ချွမ်း ....”
“ ယား....”
ဓားချင်းထိခတ်သံများ၊ အော်ဟစ်မာန်သွင်းသံများက တခဏအတွင်းဆူညံသွားကာ ပြင်းထန်သည့်တိုက်ပွဲတစ်ခုပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
ကျန်မိန်းကလေးများ၏သိုင်းပညာကလည်းမနိမ့်ကျဘဲ အဆင့်မြင့်သိုင်းသမားငါးယောက်နှင့်ထိပ်တန်းအဆင့်တစ်ယောက်တို့ဖြစ်သည်။
သို့သော် အဆင့်လွန်ထိပ်သီးများကိုဘေးဖယ်ထားလျှင်ပင် ရန်သူများ၏ဘက်တွင် ထိပ်တန်းအဆင့်သိုင်းသမားလေးယောက်နှင့် အဆင့်မြင့်သိုင်းသမားဆယ်ယောက်ကျော်ရှိနေသေးရာ အင်အားကွာခြားချက်က ကြီးမားလွန်းလှသည် ။
အစောပိုင်းကတိုက်ပွဲတွင်လည်း ဒဏ်ရာကိုယ်စီရရှိထားကြပြီး ခြေကုန်လက်ပမ်းကျနေသည့်မိန်းကလေးများမှာ တစ်ဖက်လူများ၏ပြင်းထန်ကြမ်းတမ်းသည့်တိုက်ခိုက်မှုများကိုရင်ဆိုင်ရာတွင် အချိန်အနည်းငယ်အတွင်း အရေးနိမ့်လာကြသည်။
“ အား....”
“ ချန်းရီ....”
မိန်းမချောလေးတစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်လူများ၏ဓားချက်ကြောင့် ခွေခနဲလဲကျသွားလေသည်။
ထိုအဖြစ်ကြောင့် ကျန်ရှိနေသည့်မိန်းကလေးများက ဝမ်းနည်းစွာအော်ဟစ်လိုက်ကြသလို ဂိုဏ်းချုပ်မိန်းမလှလေးလည်း ထိုဘက်သို့သတိလက်လွတ်ကြည့်လိုက်မိသည်။
ထိုအခါ သူနှင့်တိုက်ခိုက်နေသည့်လူနှစ်ယောက်က အခွင့်ကောင်ယူ၍ဖိတိုက်လိုက်ကြပြီးမိန်းမလှလေး၏ပခုံးထက်၌ သွေးစွန်းနေသည့်ဒဏ်ရာကြီးတစ်ခုပေါ်လာသည်။
“ ဂိုဏ်းချုပ် သတိထား....”
ကျန်မိန်းကလေးများ သူတို့၏ဂိုဏ်းချုပ်ကိုသတိပေးစကားဆိုလိုက်သော်လည်း အဆင့်လွန်ထိပ်သီးနှစ်ဦး၏ဖိအားပေးမှုကိုခံနေရသည့်မိန်းမလှလေးကား အောက်စည်းသို့လုံးဝကျရောက်နေသည် ။
သူမ၏သိုင်းပညာက ထိုနှစ်ယောက်ထက်အဆင့်မြင့်သော်လည်း ဒဏ်ရာများရရှိထားခြင်းနှင့်အတွင်းအားကုန်လုနီးပါးဖြစ်နေခြင်းက သူမကိုအရေးနိမ့်စေခြင်းဖြစ်သည်။
သို့တိုင် မိန်းမလှလေးက အံကိုတင်းတင်းကြိတ်၍ခေါင်းမာစွာဖြင့်ရင်ဆိုင်တိုက်ခိုက်နေပြီး သူ၏လူများကိုအော်ဟစ်ပြောဆိုလိုက်သည်။
“ နင်တို့ အမြန်ဆုံးထွက်ပြေးကြတော့ ငါထိမ်းထားလိုက်မယ် ....”
မိန်းမလှလေးက ထိုသို့ပြောလိုက်သော်လည်း ကျန်မိန်းကလေးများမှာ မည်သူမှထွက်ခွာမသွားကြဘဲ အင်အားများပြားသည့်ရန်သူများကို တရကြမ်းတိုက်ခိုက်လိုက်ကြသည်။
“ ကျမတို့ တိုက်ခိုက်ရင်းအတူသေဆုံးကြတာပေါ့.....”
မိန်းကလေးတစ်ယောက်က ဝမ်းနည်းစွာရေရွတ်လိုက်စဉ် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏အမြင်ကပ်ဖွယ်ရယ်သံကြီးထွက်ပေါ်လာလေသည်။
“ ဟီး ဟီး မင်းတို့ဘယ်သူမှမသေရပါဘူး....ဟေ့ကောင်တွေ တစ်ယောက်မှထပ်ပြီးမသတ်မိစေနဲ့တော့ သူတို့က ငါ့ရဲ့ချင်းအာလောက်မလှပေမယ့်ငါ့ကိုပြုစုဖို့တော့လုံလောက်သေးတယ်.....”
တိုက်ပွဲတွင်းသို့ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှအာချောင်နေသည့်လူငယ်၏အပြုအမူက လွန်စွာဒေါသထွက်ဖွယ်ကောင်းသလို သူ၏ရိုင်းစိုင်းသည့်စကားများကြောင့် မိန်းကလေးများမှာ သတ်ဖြတ်လိုစိတ်များတဖွားဖွားထွက်ပေါ်နေကြသည်။
သို့တိုင် ရန်သူများ၏အင်အားကများပြားပြီးအစွမ်းထက်လှ၍ ဆုတ်ခွာထွက်ပြေးရန်ပင်မလုပ်နိုင်ကြတော့ဘဲ သူတို့အားလုံးကရှုံးနိမ့်လုဆဲဆဲအခြေအနေသို့ကျရောက်လာလေသည်။
ထိုအဖြစ်ကြောင့် ဂိုဏ်းချုပ်မိန်းမလှလေး၏ဖြူဝင်းသည့်ပါးပြင်နုနုထက်သို့မျက်ရည်စများကျဆင်းလာပြီး ဝမ်းနည်းစွာရေရွတ်လိုက်သည်။
“ ဒါတွေအားလုံးက ငါ့ကြောင့်ပဲ....”
မိန်းမလှလေးမှာ တိုက်ခိုက်ရင်းအာရုံထွေပြားမှုကြောင့် ဘယ်ဘက်လက်မောင်းတွင်ပူခနဲဖြစ်သွားပြီး သွေးများဖြာထွက်လာသည်။။
သို့တိုင် မိန်းမလှလေးက နာကျင်ဟန်တစ်ချက်မပြဘဲ ဓားကိုအဆက်မပြက်လွှဲယမ်းကာတိုက်ခိုက်နေပြီး သူမ၏မျက်ဝန်းများကနီရဲနေကာ အသိစိတ်လွတ်တော့မည့်အလားပင်ဖြစ်နေသည်။
မိန်းမလှလေးက သူမ၏အသက်ကိုပင် ဂရုမစိုက်ဘဲတိုက်ခိုက်လာ၍ အနက်ရောင်ဝတ်စုံဝတ်သိုင်းထိပ်သီးနှစ်ယောက်မှာ သတိထား၍တိုက်ခိုက်နေရသည်။
သို့သော် ယခုပုံစံအတိုင်းဆက်သွားပါက သိုင်းကွက်သုံးဆယ်မပြည့်မီမိန်းမလှလေးအားပျက်၍လဲကျသွားနိုင်ပြီး ထိုအချက်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏မျက်လုံးများက အရောက်တောက်လာသည်။
မီးဝင်းဝင်းတောက်နေသည့်သူ၏အကြည့်များက မိန်းမလှလေး၏ကိုယ်ပေါ်သို့စူးစိုက်ရောက်ရှိနေပြီး နှုတ်ခမ်းကိုလျှာဖြင့်ခဏခဏသပ်ကာ မကောင်းသည့်အကြောင်းအရာများတွေးတောနေခြင်းဖြစ်ကြောင်းတစ်ချက်ကြည့်ရုံနှင့်သိနိုင်သည်။
ထိုအခိုက် မျှော်လင့်မထားသည့်အဖြစ်အပျက်များဖြစ်ပေါ်လာဝောာ့သည်။
&&&&