လူငယ်တို့၏တိုက်ပွဲ
Vol. 3 Ch. 29
ရှာမန်၏လက်ထဲမှကျားခေါင်းရွှေဓားက လူရွယ်၏ဓားချက်ကြောင့်ဘေးသို့လွင့်စင်သွားပြီး နက်မှောင်နေသည့်ဓားကြီးက ရှာမန်၏ဦးခေါင်းဆီသို့ဆက်လက်တိုးဝင်လာသည်။
ထိုအဖြစ်ကြောင့် ကြည့်ရှုနေကြသူများအလန့်တကြားအော်ဟစ်မိလိုက်ခြင်းဖြစ်ကာ ရှာမန်ကိုယ်တိုင်ပင်ထိတ်လန့်မှုကြောင့်နေရာတွင် ကြက်သေသေနေမိခြင်းဖြစ်၏။
ရှာမန်၏ဦးခေါင်းကိုပိုင်းဖြတ်ရန်တစ်လက်မခန့်အလိုတွင်လူရွယ်၏ဓားက တိခနဲရပ်သွားပြီး အနည်းငယ်စိတ်ပျက်ဟန်တူသည့်စကားသံကိုပါကြားလိုက်ရသည်။
“ ခင်ဗျားကလည်း သိုင်းကွက်တစ်ရာ့ငါးဆယ်တောင်မပြည့်ပါလား....”
လူရွယ်က သူ၏ဓားကိုပခုံးပေါ်တွင်ထမ်းကာ စိတ်ပျက်လက်ပျက်ပြောဆိုလိုက်ခြင်းဖြစ်၏။
သူ၏စကားက ရှာမန့်ကိုလှောင်ပြောင်သည်ဟုထင်ရသော်လည်း ရှုံ့မဲ့နေသည့်သူ၏အမူအယာက တမင်လှောင်ပြောင်ခြင်းမဟုတ်ဟုသိနိုင်သည့်အပြင် သူ၏သိုင်းပညာကြောင့်မည်သူမှစကားမဆိုဝံ့ကြ။
ထို့နောက်မှ သေတွင်းထဲမှလက်မတင်ကလေးလွတ်မြောက်လာသည့်ရှာမန်လည်း တဆက်ဆက်တုန်ယင်နေသည့်ခန္တာကိုယ်ကိုအားတင်း၍ရပ်လိုက်ရင်း အဝေးတွင်ကျနေသည့်သူ၏ကျားခေါင်းရွှေဓားကိုသွားရောက်ကောင်ယူလိုက်သည်။။
ထို့နောက် လူရွယ့်ကိုအရိုအသေပေးရင်း ရှာမန်တစ်ယောက်လူအုပ်ကြားသို့တိုးဝင်ပျောက်ကွယ်သွားလေသည်။
“ သူ....အနိုင်ရသွားပြီ....”
လူအုပ်ထဲမှ တုန်လှုပ်စွာဖြင့်ရေရွတ်လိုက်သည့်စကားသံထွက်ပေါ်လာပြီး ထိုအခါမှကျန်လူများလည်း သတိဝင်လာကာ ချက်ခြင်းပင်ကျွတ်ကျွတ်ညံသွားသည်။
ရှာမန့်လို အစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ကိုအနိုင်ယူနိုင်သူပေါ်လာခြင်းက များစွာအံ့ဩဖွယ်မကောင်းသော်လည်း ထိုလူက လူငယ်မျိုးဆက်တစ်ဦးဖြစ်နေသည့်အပြင် သိုင်းကွက်တစ်ရာကျော်သာအသုံးပြုလိုက်ရခြင်းက အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှ၏။
ကြည့်ရှုနေကြသူများ၏အာရုံစိုက်နေသည့်အကြည့်များထဲတွင် အံ့ဩတုန်လှုင်ခြင်း၊ မနာလိုခြင်း၊ အားကျခြင်း စသည့်ခံစားချက်တို့ပါဝင်နေပြီး နဂါးနက်ဟုအမည်ရသည့်ထိုလူရွယ်မှာ လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်နိုင်မည်လောဟုဆွေးနွေးနေကြ၏။
ထိုအခိုက် ကန်ဘေးမှကြည့်ရှုနေသည့်အနက်ရောင်ဝတ်စုံဝတ်လူများလည်း လှူပ်လှူပ်ရွရွဖြစ်နေကာ သူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်အဖြူရောင်ဝတ်စုံဝတ်လူရွယ်က တီးတိုးပြောလိုက်သည်။
“ အချိန်ကျပြီ....”
လူရွယ်၏မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့်တလက်လက်တောက်ပလျက်ရှိသည်။
ကန်နံဘေးတွင်ဖွင့်လှစ်သည့်လဟာပြင်လက်ဖက်ရည်ဆိုင်ငယ်လေး၏ခွေးခြေခုံကလေးပေါ်တွင်ထိုင်နေသည့်လူငယ်တစ်ယောက်ကလည်း တံတားပေါ်ရှိအနက်ရောင်ဝတ်စုံဝတ်လူရွယ့်ကိုစူးစိုက်ကြည့်ကာ တစ်ကိုယ်တည်းအဆက်မပြက်ရေရွတ်နေသည်။
“ တိုက်ရမလား....မတိုက်ရဘူးလား....”
လူငယ်က ထိုစကားလုံးနှစ်လုံးကိုသာတစ်လှည့်စီရေရွတ်နေပြီး ရှေ့ရှိလက်ဖက်ရည်ခွက်ကိုစိတ်ဝင်စားဟန်မတူပေ။
သူ၏ပုံစံက ကြံ့ခိုင်သန်မာလှပြီး ဖျင်ကြမ်းဝတ်စုံပွပွကြီးကိုဝတ်ဆင်ထားသည့်တိုင် တောင့်တင်းသန်မာလှသည့်ကြွက်သားများကိုအကဲခပ်နိုင်သည်။
နေလောင်ထား၍နီကြောင်ကြောင်ဖြစ်နေသည့်ဆံပင်များက ပခုံးပေါ်သို့အရိုင်းဆန်စွာကျဆင်းနေပြီးပွင့်လင်းရိုးသားဟန်တူသည့်သူ၏ရုပ်ရည်က အသက်နှစ်ဆယ်ကျော်သာရှိဟန်တူသည်။
သာမန်လူများထက်ခေါင်းတစ်လုံးကျော်မြင့်မားပြီး ကြံ့ခိုင်သန်စွမ်းလှသည့်ထိုလူငယ်က မျှော်စင်ငယ်တစ်ခုနှင့်ပင်ဆင်တူကာ ငုတ်တုတ်ထိုင်နေသည့်တိုင် သူ၏အရပ်ကအတော်မြင့်နေပေသည်။
လူငယ်၏နောက်ကျောတွင်တော့ ခြောက်လက်မခန့်ဗျပ်ကျယ်သည့်တစ်ဖက်သွားဓားမော့ကြီးကိုလွယ်ပိုးထားပေသည်။
တံတား၏အလယ်တွင်လူအများ၏အာရုံစိုက်ရာဖြစ်နေသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကလည်း တစ်စုံတစ်ခုကိုခံစားမိလိုက်၍ သူနှင့်မနည်းငယ်ကွာဝေးသည့်ကန်ဘေးရှိလက်ဖက်ရည်ဆိုင်လေးတွင်ထိုင်နေသည့်လူငယ်ကိုကြည့်လိုက်မိ၏။
အကြောက်အလန့်ကင်းမဲ့ပြီး စူးရဲသည့်အကြည့်နှစ်ခုက ထိတ်တိုက်ဆုံတွေ့သွားကာ သူတို့နှစ်ယောက်အကြားတွင်ပေပေါင်းများစွာခြားနားနေသော်လည်း တစ်ယောက်ကိုတစ်ယောက်အကြည့်မလွှဲဘဲစူးစိုက်ကြည့်နေမိကြသည်။
ထိုအခိုက် တံတားပေါ်တွင်ရပ်နေသည့်လူများက ရှဲခနဲဖြစ်သွားပြီးအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ကာ ခါးစည်းကြိုးအနီရောင်ဖြင့်လူများလျှောက်လာကြသည်။
ထိုလူမျာ၏၏အရေအတွက်က နှစ်ဆယ်ဝန်းကျင်ရှိပြီး သူတို့၏လက်ထဲတွင်လည်းတုတ်ရှည်ကိုယ်စီကိုင်ဆောင်ထားသေးသည်။
ကောင်းကင်ထောက်တိုင်ဟုအမည်ရသည့်သိုင်းသင်တန်းကျောင်းက ဤနယ်တစ်ဝိုက်တွင်နံပါတ်တစ်ဖြစ်သလို အစွမ်းထက်သိုင်းသမားများစွာရှိ၍ သိုင်းလောကသားများပါဂရုထားရသည်။
အထူးသဖြင့် ထိုသင်တန်းကျောင်းရှိလူတစ်ဦးကြောင့်ဟုပြောလျှင်ပို၍မှန်ကန်ပေသည်။
အနက်ရောင်ဝတ်စုံဝတ်လူများ၏ဝတ်ပုံစားပုံက အစောပိုင်းကလူရွယ်၏လက်ချက်ဖြင့်အလဲလဲအပြိုပြိုဖြစ်ခဲ့သူများနှင့်တစ်ထပ်ထဲဖြစ်ကာ ထိုလူများသည်လည်း ကောင်းကင်ထောက်တိုင်သင်တန်းကျောင်းမှဖြစ်ကြောင်းသိရှိနိုင်သည်။
အနက်ရောင်ဝတ်စုံဝတ်လူရွယ်က ရွှေကျားမင်းရှာမန်ကိုပင်အလွယ်တကူအနိုင်ယူထားသူဖြစ်သော်လည်း ဒေသခံမြွေဖြစ်သည့်ကောင်းကင်ထောက်တိုင်သင်တန်းကျောင်းမှလူများကိုဂရုမစိုက်၍လည်းမရပေ။
မြစ်ကိုကူးလာသည့်နဂါးနှင့်ဒေသခံမြွေတို့ ထိတ်တိုက်တွေ့ကြလေပြီ။ ဒေသခံမြွေကအင်အားကြီးသော်လည်း မြစ်ကူးနဂါးကသာမန်မဟုတ်ဘဲ တိုက်ခိုက်လိုစိတ်ထက်သန်လှသည့်နဂါးနက်ဖြစ်သည်။
သင်တန်းကျောင်းမှလူများရောက်ရှိလာ၍ နဂါးနက်ဆိုသည့်လူရွယ်က ကန်ဘေးသို့ရောက်ရှိနေသည့်သူ၏အကြည့်များကိုပြန်သိမ်းလိုက်သည်။
တစ်ချိန်ထဲမှာပင် ကန်ဘေးရှိလူငယ်ကလည်း နဂါးနက်နှင့် သိုင်းသင်တန်းကျောင်းမှလူများကိုတစ်ချက်ဝေ့ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ နောက်တစ်ကြိမ်မှပေါ့....”
သူ၏ရိုးအဟန်တူသည့်မျက်နှာထက်တွင်တော့ ရူးကြောင်ကြောင်အပြုံးတစ်ခုရှိနေသည်။
“ မိတ်ဆွေ ကျုပ်တို့သင်တန်းကျောင်းကလူတွေကိုဘာဖြစ်လို့ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ခဲ့တာလဲ....”
သိုင်းသင်တန်းကျောင်းမှလူများ၏နောက်မှလျှောက်လာသည့်အဖြူရောင်ဝတ်စုံဝတ်လူရွယ်က နဂါးနက်ကိုအကဲခပ်ရင်းမေးလိုက်သည်။
ရှာမန့်လိုအစွမ်းထက်သိုင်းထိပ်သီးတစ်ဦးကိုပင်လွယ်လွယ်ကူကူအနိုင်ယူထားသည့်နဂါးနက်ကအထင်ကြီးစရာကောင်းသော်လည်း သူတို့ကလည်းအလျော့ပေးမည်မဟုတ်ပေ။
လူရွယ်၏အသက်ကလည်းသုံးဆယ်ဝန်းကျင်သာရှိသေးပြီး အဖြူရေ။င်ဝတ်စုံဖြင့်ချောမောခန့်ညားပေသည်။
သူ၏ဝတ်ပုံစားပုံက သာမန်သာဖြစ်သော်လည်း အထက်တန်းလွှာသခင်လေးတစ်ယောက်၏ပုံစံရှိကာ နောက်ကျောတွင်အဝတ်ဖြင့်ပတ်ထားသည့်တုတ်ရှည်တစ်ချောင်းကိုသိုင်းလွယ်ထားသေးသာ်။
ထိုလူရွယ်ကိုမြင်သည်နှင့် ကြည်ရှုနေကြသူများ၏မျက်နှာကပြောင်းလဲသွားကြပြီး တီးတိုးပြောသံများထွက်ပေါ်လာသည် ။
“ တကယ်ကြီးသူထွက်လာတာပဲ....”
“ ဒီတစ်ကြိမ်တော့နဂါးနက်ဒုက္ခရောက်ပြီ ...”
ဘေးလူများ၏ဆူညံသည့်အသံများကိုဂရုမစိုက်ဘဲနဂါးနက်ကပြုံး၍ပြောလိုက်သည် ။
“ သူတို့ကို ပြင်းပြင်းလေးဆော်လိုက်တာ မင်းထွက်လာအောင်လို့လေ ဟုတ်တယ်မလား လေပြင်းနဂါး...”
သူ၏မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့်ပြန်၍တောက်လောက်လာပေသည် ။
နဂါးနက်က တစ်ဖက်လူရွယ်မည်သူမည်ဝါဖြစ်သည်ကိုခန့်မှန်းမိဟန်တူပြီး သူ၏စကားကြောင့် ထိုလူရွယ့်ကိုမသိသူများပါ အံ့ဩသွားကြ၏ ။
နဂါးနက်၏ရည်ရွယ်ချက်ကိုရိပ်စားမိလိုက်၍ လူရွယ်ကလည်း ရှည်ရှည်ဝေးဝေးပြောဆိုမနေတော့ဘဲ သူ၏လူများကိုလက်ဟန်ပြ၍နောက်ဆုတ်စေကာ လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ကောင်းပြီလေ.. မင်းရဲ့စိတ်ခေါ်မှုကိုကျုပ်လက်ခံတယ် ....”
လူရွယ်က နောက်ကျောရှိအဝတ်စကိုဆွဲဖြုတ်လိုက်သည့်အခါ တလက်လက်တောက်ပနေသည့်လှံရှည်တစ်ချောင်းထွက်ပေါ်လာပေသည်။
ငွေနဂါး
ဤသည်က လေပြင်းနဂါးဆိုသည့်လူရွယ်၏လက်ထဲရှိလှံ၏အမည်ဖြစ်ကာ သိုင်းလောကထဲတွင်ကျော်ကြားသည့်လက်နက်တစ်ခုဖြစ်သည်။
ငွေနဂါးနှင့်လေပြင်းနဂါးဆိုသည်က ခွဲခြား၍မရသလို ထိုနာမည်နှစ်ခုကိုကြားလိုက်ပါက လူငယ်ထိပ်သီးဆယ်ယောက်၏နံပါတ်တစ်ဆယ်နေရာရှိ လေပြင်းနဂါး လင်းထျန်ကိုသတိရမိကြပေမည်။
မှန်ပေသည်။
အဖြူရောင်ဝတ်စုံဝတ်လူရွယ်က လူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင်လေပြင်းနဂါးလင်းထျန်ဖြစ်ပြီး ကောင်းကင်ထောက်တိုင်သင်တန်းကျောင်း၏သခင်လေးလည်းဖြစ်သည်။
ထို့ကြောင့် သူ၏သင်တန်းကျောင်းမှလူများကိုထိခိုဒဏ်ရာရစေသည့်နဂါးနက်ကိုအလွတ်ပေးရန်မဖြစ်နိုင်ဘဲ ယခုလိုရင်ဆိုင်တိုက်ခိုက်တော့မည့်အခြေအနေသို့ရောက်ရှိလာခြင်းပင်။
လင်းထျန်ကထိပ်သီးဆယ်ယောက်စာရင်း၌ အောက်ဆုံးနေရာ၌ရှိသော်လည်း ရန်စရန်မသင့်သည့်လူတစ်ယောက်ဖြစ်ပြီး သူ၏လေပြင်းလှံသိုင်းသုံးဆယ့်ခြောက်ကွက်ကို ဝါရင့်သိုင်းထိပ်သီးများပင်ရှုံးနိမ့်ကြရသည် ။
ထို့အပြင် ထိပ်သီးဆယ်ယောက်စာရင်းက တိတိကျကျမဟုတ်သေးဘဲ ခန့်မှန်းခြေစီထားခြင်းဖြစ်၍ လင်းထျန်၏သိုင်းပညာက ကျန်လူများနှင့်မတိမ်းမယိမ်းဖြစ်သည် ။
တစ်ဖက်တွင် သိုင်းလောက၌ရုတ်တရက်ပေါ်ထွက်လာသည့်နဂါးနက်ကလည်း လူငယ်မျိုးဆက်ပင်ဖြစ်လင့်ကစား ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးဖြစ်ကာ လင်းထျန်ကိုယှဉ်နိုင်မည်က သေချာပေသည်။
ထို့ကြောင့်သူတို့၏တိုက်ပွဲက များစွာစိတ်လှုပ်ရှားစရာကောင်းမည်ဖြစ်ပြီးမည်သူအနိုင်ရသည်ဖြစ်စေ ထိုလူ၏နာမည်ကသိုင်းလောကတစ်ခုလုံးကိုပျံ့နှံ့သွားပေမည်။
“ လာပြီ....”
လင်းထျန်က သတိပေးစကားဆိုလိုက်ပြီး ရှေ့သို့ရိပ်ခနဲတိုးဝင်ကာ သူ၏ငွေနဂါးလှံရှည်ကို နဂါးနက်၏ခန္တာကိုယ်အစိတ်အပိုင်းများကိုဦးတည်၍တိုက်ခိုက်လိုက်သည်။
တစ်လက်မရှည်လေ ပို၍ထိရောက်လေဆိုသည့်စကားအတိုင်း လှံရှည်ကိုအသုံးပြုသူဖြစ်သည့်လင်းထျန်၏တိုက်ကွက်များက ကြောက်မက်ဖွယ်ကောင်းလှပြီးအဝေးမှနေ၍ပင် နဂါးနက်ကိုချိန်းခြောက်နိုင်စွမ်းရှိသည်။
အရိပ်များထပ်နေအောင်လျှင်မြန်လှသည့်လှံချက်များအောက်၌ ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ပင်ဇကာပေါက်ဖြစ်သွားနိုင်သော်လည်း နဂါးနက်က ကြောက်ရွံ့ဟန်တစ်စက်ကလေစမှမပြဘဲ သူ၏ဓားနက်ကြီးကိုဝေ့ယမ်းကာ အော်ဟစ်မာန်သွင်း၍ခုတ်ပိုင်းလိုက်သည်။
“ ကျား....”
“ ထန်း....”
ကြီးမားလေးလံသည့်ဓားနက်ကြီးနှင့် ငွေနဂါးလှံရှည်တို့က အရှိန်ပြင်းစွာရိုက်မိသွားပြီး မီးပွင့်များပင်ထွက်ပေါ်လာသည်။
လင်းထျန်၏ ပထမဆုံးတိုက်ကွက်ကပင်များစွာကြောက်မက်ဖွယ်ကောင်းနေသလို နဂါးနက်၏ချေဖျက်ကွက်ကလည်းပြင်းထန်ကြမ်းတမ်းလွန်ပေသည် ။
စထဲက ယဉ်သလို ဆိုသလို လူငယ်မျိုးဆက်နှစ်ယောက်၏တိုက်ပွဲကပထမဆုံးတိုက်ကွက်မှာပင် လွန်စွာပြင်းထန်နေပြီး ကြည်ရှုနေကြသူများမှာ ရင်တထိတ်ထိတ်ဖြင့်စိတ်ကျေနပ်အားရစွာရှိနေကြ၏။
လင်းထျန်နှင့်နဂါးနက်တို့ကလည်း တိုက်ကွက်တစ်ကွက်သာယှဉ်ရသေးသည့်တိုင် တစ်ယောက်၏သိုင်းပညာကိုကျန်တစ်ယောက်ကအကဲခပ်မိ၍ ပြိုင်ဘက်ကောင်းများဖြစ်မည်ဟုရိပ်စားမိလိုက်ကာ ယခင်ကထက်ပင်ပို၍တက်ကြွလာကြသည်။
ဤသို့ဖြင့် တိုက်ခိုက်လိုစိတ်ထက်သန်ပြီးယှဉ်ပြိုင်လိုစိတ်ပြင်းပြသည့်လူရွယ်နှစ်ယောက်၏တိုက်ပွဲက လပြည့်ဝန်းကန်ထက်တွင်စတင်ဖြစ်ပွားလာပေသည်။
&&&