လှေပေါ်တွင် နေထိုင်ခြင်း ( ၁ )
Vol. 6 Ch. 81
ထိုအချိန်၌ ဆည်းဆာနေရောင်ခြည်တန်းများက တောင်ပေါ်လမ်းလေးပေါ် ဖြာကျနေပေရာ လမ်းခင်းကျောက်များအပေါ် ဝါကြင့်ကြင့်ဇာပဝါတစ်ထည် လွှမ်းခြုံထားပြီး မြင့်မြတ်သောအငွေ့အသက်များ လွင့်ပျံနေသည့်အလား ထင်မှတ်ရပေသည်။
ထိုလမ်းထက်မှနေ၍ နေရောင်ခြည်တန်းလေးပေါ် လျှောက်လှမ်းသွားသည်က ကြီးကျယ်ခမ်းနားမှုများဆီ ဦးတည်သွားနေသည့်အလားပင်။
တောင်ပေါ်လမ်းလေး၏ ဘေးတစ်ဖက်တစ်ချပ်တွင် သစ်ရွက်စိမ်းများ၊ ပန်းပွင့်များနှင့် မြက်ပင်လေးများကို နေရာအနှံ့ မြင်နိုင်ပေသည်။ တောင်ပေါ်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေပြေလေညင်းလေးတွင်လည်း မြေသားရနံ့လေးပါ ရောယှက်နေသည်။
ဘေးပတ်လည်ရှိ သစ်ပင်များက အရိပ်အာဝါသပေးနေပြီး ငှက်ကလေးများ၏ တကျီကျီအော်မြည်သံများကိုလည်း အချိန်နှင့်အမျှ ကြားနေရသည်။ ၎င်းတို့က ဤလူအုပ်အပါအဝင် တောင်ပေါ်လမ်းလေးအတိုင်း လျှောက်လာသည့် လူအားလုံး၏အနာဂတ်အတွက် သီကြွေးနေကြသည့်အလားပင်။
ထိုလူငါးယောက်အနက် ရှေ့ဆုံးမှလျှောက်လာသူသည် လုံးဝန်းသောမျက်နှာနှင့် သက်လတ်ပိုင်းလူ ဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လမ်းလျှောက်နေရင်း ရွှီချင်းနှင့် တခြားလူများကို ဂိုဏ်းအကြောင်း မိတ်ဆက်နေသည်။
“ မင်းတို့က ချီရွှဲ့ထုံဂိုဏ်းကို အောင်အောင်မြင်မြင်နဲ့ ဝင်ခွင့်ရခဲ့ပြီဆိုတော့ မင်းတို့ကို ဂိုဏ်းအကြောင်း ငါ ရှင်းပြမယ်ကွ။ တကယ်တော့ ငါ့အမြင်အရ ပြောရရင် ချီရွှဲ့ထုံဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘူး ”
“ ဂိုဏ်းအမည်ခံထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုနဲ့ ပိုဆင်တယ် ”
သက်လတ်ပိုင်းကျင့်ကြံသူက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားများက နောက်ရှိ လူငယ်လေးယောက်၏နားထဲ ရောက်သွားသောအခါ သူတို့၏နှလုံးသားများ တုန်ရီသွားသည်။
ထိုလေးယောက်အနက် ရွှီချင်းအပြင် တခြားသုံးယောက်မှာ ကျိုးချင်ဖုန်း၊ လီကျစ်မေ့နှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်။
ထိုမိန်းကလေး၏နာမည်က ရွှီရှောင်ဟွေ့ဖြစ်သည်။ သူမသည် ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသည်။ လူချမ်းသာမိသားစုမှ မဟုတ်မှန်း သိသာပါသော်လည်း ရတနာမုဆိုးများထက်တော့ များစွာ သာလွန်သည်။ မြို့ငယ်လေးတစ်မြို့မှ ရောက်လာခြင်း ဖြစ်ပေမည်။
လမ်းခရီးတစ်လျှောက် ရွှီရှောင်ဟွေ့က ရွှီချင်းကို ကြင်ကြင်နာနာ ဆက်ဆံခဲ့သည်။ သို့သော် ရွှီချင်းက ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းပြီး သူ့အနားသို့ လူများကပ်လာသည်ကို မကြိုက်ပေ။ ထို့ကြောင့် သူက ခေါင်းသာ ညိတ်ပြနေခဲ့သည်။ မကြာခင် ရွှီရှောင်ဟွေ့က ကျိုးချင်ဖုန်းနှင့် စကားစမြည်ပြောလာသည်။
စကားနည်းသော ရွှီချင်းနှင့်ဆန့်ကျင်ဘက်ပင် ကျိုးချင်ဖုန်း၏အပြုံးက ချိုသာသည်။ ထိုအပြုံးကြောင့်ပင် ရွှီရှောင်ဟွေ့မှာ ရင်းနှီးမှုကို ခံစားရသည်။ သူတို့နှစ်ယောက်က လမ်းတစ်လျှောက်တွင် တီးတိုးတီးတိုး ပြောလာကြသည်။
လီကျစ်မေ့သည် အနည်းငယ် သိမ်ငယ်စိတ်ဝင်နေဟန်တူပြီး လူအုပ်၏အစွန်အဖျားတွင်သာနေ၍ လူအားလုံးနှင့် ခပ်လှမ်းလှမ်းအကွာမှသာ လိုက်ပါလာသည်။
သို့သော်လည်း ကျိုးချင်ဖုန်းက လီကျစ်မေ့နှင့် ရွှီချင်းကို များစွာ အာရုံစိုက်နေပြီး တစ်ခါတရံ သူကပင် ဦးဆောင်ပြုံးပြလေရာ လီကျစ်မေ့မှာ သိမ်ငယ်စိတ်များ လျော့ပါးလာရသည်။
ထိုအချိန်၌ လေအေးတစ်ချက် ဖျတ်ခနဲ တိုက်ခတ်သွားလေရာ လူအားလုံး၏ဆံပင်များ ထောင်သွားပြီး သက်လတ်ပိုင်းလူ၏စကားသံသည်လည်း လေနှင့်အတူ လွင့်မျောလာသည်။
“ ချီရွှဲ့ထုံဂိုဏ်းကို တောင်ထိပ်နဲ့ တောင်ခြေဆိုပြီး ခွဲခြားထားတယ်။ ကမ္ဘာကြီးနှစ်ခု ခြားနားနေသလို မင်းတို့ မြင်ရလိမ့်မယ်။ မင်းတို့ကတော့ တောင်ခြေမှာနေရမယ့်လူတွေပဲ ”
“ အခြေတည်အဆင့်ကို ရောက်နေတဲ့လူတွေပဲ တောင်ထိပ်ကို ဝင်ရောက်ခွင့်ရှိပြီးတော့ ဂိုဏ်းကနေ အကျိုးခံစားခွင့်ရကြတယ်။ တောင်ခြေက လူတွေကတော့ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ကြရတယ် ”
“ ဒါကြောင့် တောင်ခြေကလူတွေအတွက် တောင်ထိပ်ပေါ်ကို တက်ရောက်ခွင့်ရရေးဟာ သူတို့ရဲ့ ဘဝအိပ်မက်ပဲ။ တောင်ခြေက ပင်မမြို့ကြီးထဲမှာ လူဘယ်လောက်များများ ရှိလဲ မင်းတို့ သိကြလား ”
သက်လတ်ပိုင်းကျင့်ကြံသူက လူငယ်လေးများကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
“ လူသုံးသန်းရှိတယ် ”
သူက လက်သုံးချောင်းထောင်ပြကာ သူ၏မေးခွန်းကို သူကိုယ်တိုင်ပင် ဖြေလိုက်သည်။
“ အဲဒီလူသုံးသန်းထဲမှာ သာမန်လူတွေနဲ့ တောင်ထိပ်အသီးသီးက အဆင့်နိမ့်တပည့်တွေ ပါဝင်တယ်။ မင်းတို့ကလည်း အဆင့်နိမ့်တပည့်တွေပဲ။ ချီရွှဲ့ထုံဂိုဏ်းရဲ့ စည်းမျဉ်းတွေအောက်မှာ မင်းတို့ အသက်ရှင်ဖို့ ရုန်းကန်ကြရမယ် ”
“ ချီရွှဲ့ထုံဂိုဏ်းက ပင်မမြို့ကြီးရဲ့ စည်းမျဉ်းတွေက ရိုးရိုးလေးပါပဲ။ အဲဒါကတော့ စွမ်းဆောင်မှုရမှတ်တွေပဲ။ တောင်ခြေကလူတွေအားလုံးအတွက် သာမန်လူပဲဖြစ်ဖြစ်၊ အဆင့်နိမ့်တပည့်ပဲဖြစ်ဖြစ် မြို့ကြီးထဲမှာ နေထိုင်တဲ့အတွက် ဝိညာဉ်ကြေးပြားသုံးဆယ်နဲ့ညီမျှတဲ့ စွမ်းဆောင်မှုရမှတ်သုံးဆယ်ကို အခွန်အဖြစ် နေ့တိုင်းပေးဆောင်ရတယ် ”
“ အဲဒီပမာဏက နေ့တိုင်း နှုတ်သွားမှာ၊ ကျောက်စိမ်းပေလွှာထဲက ဂဏန်းက သုံညကို ရောက်သွားတာနဲ့ ဂိုဏ်းကနေ အထုတ်ခံရမယ်။ ဒါက သာမန်လူတွေနဲ့ တပည့်တွေအတွက် အတူတူပဲ ”
“ မင်းတို့ အတင်းအကြပ် ဆက်နေမယ်ဆိုရင် နှစ်နာရီအတွင်း မန္တန်အစီအရင်ကြီးရဲ့ သတ်ဖြတ်တာ ခံရမယ် ”
သက်လတ်ပိုင်းကျင့်ကြံသူ၏စကားများက ရွှီချင်းနှင့် တခြားလူငယ်သုံးယောက်၏မျက်နှာအမူအရာများကို ပြောင်းလဲသွားစေသည်။ ထိုအကြောင်းကို အရိပ်အမြွက်မျှ သိထားသော ကျိုးချင်ဖုန်းသည်ပင် ထိုစည်းမျဉ်းကို ပြန်လည်ကြားသောအခါ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားရဆဲပင်။
“ ဒါက အခြေခံ နေထိုင်ခသက်သက်ပဲ ရှိသေးတယ်။ အစားအသောက်ကိစ္စကိုလည်း မင်းတို့ဘာသာ တာဝန်ယူရမယ်။ ခွန်အားအကြီးဆုံးသူပဲ ရှင်သန်နိုင်မယ်။ ပင်မမြို့ကြီးက အစားအသောက်တွေက အင်မတန်စျေးကြီးတယ်ဆိုပေမဲ့ အဲဒီထဲမှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေက စျေးအကြီးဆုံးပဲ ”
သက်လတ်ပိုင်းကျင့်ကြံသူ၏ စကားများကို ကြားရသောအခါ ရွှီချင်းသည် တိတ်ဆိတ်သွား၏။ တခြားလူသုံးယောက်သည်လည်း ထိုခက်ခဲကြမ်းတမ်းသောစကားတစ်ခွန်းကြောင့် တုန်လှုပ်ချောက်ချားသွားရသည်။ ရွှီရှောင်ဟွေ့သည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“ ဒါဆိုရင် အဲဒီမှာ ဘာလို့ သာမန်လူတွေ ဒီလောက်အများကြီး ရှိနေရတာလဲဟင်။ တစ်နေ့ ဝိညာဉ်ကြေးပြားသုံးဆယ်ဆိုတော့ တစ်လဆိုရင် ဝိညာဉ်ကျောက်တုံးတစ်တုံးပဲလေ။ ဒါကြီးက စျေးကြီးလွန်းတယ်။ ပြီးတော့ ကျမတို့က တပည့်တွေဖြစ်ပြီးတော့ ဘာဖြစ်လို့ စွမ်းဆောင်မှုရမှတ်တွေ ပေးနေရသေးတာလဲ။ အဲဒါဆိုရင် တပည့်ဖြစ်တာ ဘာအသုံးဝင်တော့မှာလဲ ”
သက်လတ်ပိုင်းကျင့်ကြံသူက ရွှီရှောင်ဟွေ့ကို လှမ်းကြည့်လိုက်သည်။
“ ဒီနေရာကို အဖိုးအခအများကြီး ပေးပြီး တည်နေရာရွှေ့ပြောင်းလာတဲ့ သာမန်လူတွေအားလုံးက ငွေကြေးတတ်နိုင်တဲ့လူတွေပဲ။ ဒီနေရာကို ရောက်ဖို့ သူတို့ အလုအယက် ကြိုးစားနေရတာက ချီရွှဲ့ထုံဂိုဏ်းက သာမန်လူတွေကို ကာကွယ်ပေးတာကြောင့်ပဲ။ တပည့်တွေက အပြစ်မဲ့လူတွေကို သတ်ဖြတ်လို့မရဘူး။ ပြီးတော့ လူတစ်ယောက်ရဲ့အသက်ကို ဆွဲဆန့်ပေးပြီးတော့ ဓာတ်နှောတွေကနေ ကာကွယ်ပေးတဲ့ မန္တန်အစီအရင်ကြီးလည်း ဒီမှာ ရှိတယ်လေ ”
“ အပြင်လောကမှာ ဓာတ်နှောတွေပျံ့နှံ့နေပြီးတော့ သားရဲတွေကြောင့် ထွက်ပြေးနေရမှာထက်စာရင် ချီရွှဲ့ထုံဂိုဏ်းရဲ့ ပင်မမြို့ကြီးမှာ နေထိုင်ခွင့်ရရေးဟာ သူတို့ရဲ့ အိပ်မက်တွေ ဖြစ်နေတာ သဘာဝကျပါတယ် ”
“ တပည့်တစ်ယောက်ဖြစ်ရတာ ဘာအသုံးဝင်လဲဆိုတော့ … ”
“ ပထမတစ်ချက်အနေနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ဂိုဏ်းသားဖြစ်မှပဲ ရယူခွင့်ရှိတယ်။ တခြားလူတွေက ငွေတွေပုံပေးပြီး ဝယ်လို့မရနိုင်သလို အပြင်လောကမှာ ဖြန့်ပစ်တာကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်။ အဲဒီလို ဖြန့်ပစ်တာကို ဖမ်းမိတာနဲ့ သေချာပေါက် အသတ်ခံရတယ် ”
“ ဒုတိယတစ်ချက်ကတော့ ချီရွှဲ့ထုံဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်တဲ့ ဂိုဏ်းသားတွေပဲ အခြေတည်အဆင့်ကို ရောက်တဲ့အခါ တောင်ထိပ်ကို တက်ခွင့်ရပြီးတော့ ဂိုဏ်းရဲ့အကျိုးအမြတ်ကို ခံစားခွင့်ရှိတယ်။ ဒီတော့ မင်းတို့အားလုံး နောက်ကျရင် ပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုတယ်။ ဂိုဏ်းက အချင်းချင်း ရန်ဖြစ်တာကို ခွင့်မပြုဘူးဆိုပေမဲ့ မြို့ထဲကနေ ထူးထူးဆန်းဆန်း ပျောက်သွားတဲ့ ဂိုဏ်းသားတွေ အများကြီးရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ရင် ဂိုဏ်းက မျက်ကွယ်ပြုထားတယ်။ ပြီးတော့ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းတဲ့အခါ အသက်သေတာနဲ့ ဒဏ်ရာတွေ ရတတ်တာက ပုံမှန်ပဲလေ ”
“ ဒါပေမဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတယ်။ ဒါကို ဂိုဏ်းစည်းကမ်းချိုးဖောက်တာလို့ သတ်မှတ်ထားတယ်။ တကယ်တော့ ဂိုဏ်းက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတွေကို ဂရုမစိုက်သလောက်ပါပဲ ”
သက်လတ်ပိုင်းကျင့်ကြံသူက အဓိပ္ပာယ်ရှိသောအပြုံးဖြင့် ဆိုလိုက်သည်။
ထိုစကားများကို ရွှီချင်း ကြားသောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းသို့ သူ လာခဲ့သည့်အကြောင်းအရင်းများစွာအနက် ယင်းသည်လည်း တစ်ခု အပါအဝင် မဟုတ်ပါလား။