အရှုပ်ထုပ်အတွင်း၌
Vol. 3 Ch. 20
“ ကြွယ်ယန် ဘာဆက်လုပ်ကြမလဲ ...ဒီအတိုင်းဆိုငါတို့ပါအမှုပတ်လာနိုင်တယ်....”
ကြံ့ခိုင်သန်စွမ်းသည့်လူငယ်၏စကားကြောင့် ဝဝဖိုင့်ဖိုင့်လူငယ်က ဆံပင်ပြန်ပေါက်နေသည်က လက်တစ်ဆစ်ခန့်သာရှိသေးသည့်သူ၏ဦးခေါင်းကိုပွတ်ရင်း ရှုံ့မဲ့သည့်မျက်နှာဖြင့်ပြောလိုက်သည်။
“ ငါလည်းဘာသိမှာလဲ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုတာလိုဖြစ်နေပြီ။
မကောင်းမှုတွေကိုတားဆီးပြီး ကောင်းကျိုးဆောင်ချင်ပါတယ်ဆိုမှ အရှုပ်ထုပ်တစ်ခုကိုအိမ်တိုင်ယာရောက်သယ်လာတဲ့လူတွေလိုပဲ....”
ဝဖိုင့်သည့်လူငယ်၏ပုံစံက စိတ်ပျက်လက်ပျက်ဖြစ်နေပြီးအိမ်အတွင်းဘက်သို့စောင်းငဲ့ကြည့်လိုက်ရင်း ရှုံ့မဲ့နေသည့်မျက်နှာက ပို၍ပင်ကြည့်ရဆိုးသွားသည်။
“ ပြီးတော့ အစားကြီးတဲ့ဝက်တစ်ကောင်ကို ကျွေးမွေးထားရသေးတယ်.....”
လူငယ်က မကြားနိုးနားပုံစံဖြင့်ထပ်ပြောလိုက်သည်။
ထိုလူငယ်နှစ်ယောက်ကား နေ့ချင်းညချင်းဆိုသလိုရာဇဝတ်သားများဘဝသို့ရောက်ရှိလာကြသည့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပင်ဖြစ်ပြီး မြိူ့စားမင်းကိုဖမ်းဆီးလာသည်မှာ ငါးရက်မြောက်နေ့ဖြစ်သည်။
ထိုအတောအတွင်း သူတို့နှစ်ယောက်ကိုမြို့၏အုပ်ချုပ်ရေးရုံးက ဆုငွေထုတ်ထားပြီး အသေရရအရှင်ရရဟုပင် ကြေငြာခဲ့ပေသည်။
လျှံငွေငါးသောင်းဆိုသည့်ပမာဏက မနည်းလှဘဲ မြို့စားမင်းကိုကယ်တင်ပါက ထို့ထက်မကသည့်ဆုလာဒ်များရရှိနိုင်သေး၍ သိုင်းလောကထဲတွင်ထိုသတင်းပျံ့နှံ့သွားပြီးသေးငယ်သည့်စီရန်မြို့လေးကို အစွမ်းထက်သိုင်းသမားများပင်ရောက်ရှိလာပြီဖြစ်သည်။
ထို့အပြင် မြို့စားတစ်ယောက်၏ပျောက်ဆုံးမှုက ပေါ့သေးသေးမဟုတ်ဘဲ နန်းမြို့တော်က ထိုအကြောင်းကိုသိသည်နှင့် တပ်ဖွဲ့တစ်ခုချက်ခြင်းစေလွှတ်ပေးခဲ့ပြီး ထိုတပ်ဖွဲ့သာမက ဆုငွေရရှိလိူသည့်သိုင်းသမားများ၊ မြို့စားမင်း၏လူများဖြင့်မြို့ထဲတွင် ခြေချင်းလိမ်နေကြပေသည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကား သူဌေးချင်၏စီစဉ်ပေးမှုဖြင့် မြို့နှင့်အနည်းငယ်ကွာဝေးသည့်တောအုပ်ထဲတွင်ရှောင်တိမ်းနေခြင်းဖြစ်ပြီး ဝက်တစ်ကောင်လိုဝဖီးသည့်မြို့စားမင်းပါ သူတို့နှင့်အတူရှိနေပေသည်။
သူတို့၏မူလအကြံအစည်ကရိုးရှင်းပြီးထိရောက်သော်လည်းထင်မှတ််မထားသည့်အဖြစ်အပျက်များကြုံဆုံလာပြီးနောက်တွင် ထိုအစီအစဉ်အားလုံးသဲထဲရေသွန်ဖြစ်ကာ ယခုလိုမှိုင်တွေနေကြခြင်းဖြစ်၏။
မြို့စားကိုဖမ်းဆီးခေါ်ဆောင်ကာ သူ၏ပြစ်မှုများကိုစစ်ဆေးပြီး တရားမျှတမှုကိုဖော်ဆောင်ပေးမည့်အကြံအစည်ကလွန်စွာကောင်းမွန်သော်လည်း စိတ်ကူးနှင့်လက်တွေ့ကားထပ်တူကျခြင်းမရှိပေ။
ဦးစွာ သူတို့၏တိတ်တဆိတ်လှုပ်ရှားမည့်အစီအစဉ်ပျက်စီးပြီးနောက်တွင် မြို့စားမင်း၏လသများနှင့်မြို့စောင့်တပ်များ၏ပိုက်စိတ်တိုက်ရှာဖွေမှုကြောင့်ညတွင်းချင်းမြို့မှထွက်ပြေးခဲ့ရပေသည်။
ကံကောင်းထောက်မစွာဖြင့် ကြွယ်ယန်၏ပေါက်ကရလုပ်ရပ်ကြောင့်သူတို့၏မျက်နှာများကိုတစ်ဖက်လူများမမြင်တွေ့ခဲ့ခြင်းဖြစ်ပြီး သို့တိုင် သူတို့နှစ်ယောက်၏ပုံပန်းသွင်ပြင်ကြောင့် သံသယရှိနေကြသည်ဟုသိရသည် ။
အကြောင်းကား ဒုက္ခရောက်နေသည့်မောင်နှမနှစ်ယောက်ကိုကယ်တင်စဉ်က မြို့စားမင်း၏ကိုယ်ရံတော်အဖွဲ့ထဲမှလူအချို့နှင့်တိုက်ခိုက်ဖူး၍ဖြစ်ပြီး ထိုလူများက သူတို့၏မျက်နှာကိူမှတ်မိကြ၍ဖြစ်သည်။
ယခု လက်ဆုပ်လက်ကိုင်ပြနိုင်ခြင်းမရှိ၍ မြို့စားကိုပြန်ပေးဆွဲသွားသည့် မျောက်မိစ္ဆာနှင့်ဝက်မိစ္ဆာက သူတို့နှစ်ယောက်ဟုတပ်အပ်စွပ်စွဲခြင်းမရှိသည့်တိုင်သံသယရှိနေကြဟန်တူသည်။
ထို့ကြောင့် သူတို့နှစ်ယောက်လည်း မြို့ထဲတွင်မနေတော့ဘဲ ညတွင်းချင်းမြို့မှထွက်ခွာလာကြရပြီး သူဌေးချင်၏စီစဉ်ပေးမှုကြောင့် ဤနေရာတွင်ပုန်းခိုနေခြင်းဖြစ်၏ ။
အဆိုးဆုံးအချက်ကား သူတို့ဖမ်းဆီးလာမိသည့်မြို့စားကို သူ၏ပြစ်မှုများအကြောင်းစစ်ဆေးမေးမြန်းသော်လည်းလုံးဝဘူးကွယ်နေခြင်းဖြစ်ပြီး ကျိန်တွယ်နည်းမျိုးစုံဖြင့်ပငိ ကျိန်ဆိုပြနေသေးသည်။။
တစ်ဖန် ထိုလူဝကြီးက ကြွယ်ယန်တို့ကိုတောင်းပန်တစ်လှည့်ချော့တစ်လှည့်ဖြင့်သူ့ကိုလွှတ်ပေးရန်ပြောဆိုနေသေးပြီး သူဌေးချင်ကိုပင် မကောင်းသည့်လူတစ်ဦးဟုစွပ်စွဲနေပြန်သည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏နေရာတွင် အခြားတစ်ယောက်ယောက်သာဆိုပါက မြို့စားမင်း၏ဝဖီးလှသည့်ခန္တာကိုယ်ကြီးကိုစိတ်တိုင်းကျနှိပ်စက်စစ်မေးမည်ဖြစ်သော်လည်း ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကား လူဆိုးတစ်ယောက်ကိုပင်ထိုသို့နှိပ်စက်လိုသည်အထိ စိတ်ဓာတ်မာကျောခြင်းမရှိပေ။
ထို့ကြောင့် သူတို့နှစ်ယောက်မှာ မြို့စားမင်းကိုနေ့စဉ်အလှည့်ကျစစ်မေးနေသလို ထိုလူ၏နားပူနားစာလုပ်မှုကိုလည်းအလှည့်ကျ နားဒုက္ခခံနေရခြင်းပင်ဖြစ်၏ ။
မူလက မြို့စားမင်း၏မကောင်းသည့်လုပ်ရပ်များကိုဖော်ထုတ်ကာ အဖြူရောင်သစ္စာညီနောင်ဆိုသည့်နာမည်ဖြင့်ကျော်ကြားရန်ဆိုသည့်ကြွယ်ယန်၏အိပ်မက်ကလေးက အစိတ်စိတ်အမွှာမွှာကွဲကြေခဲ့ရပြီး ထင်မှတ်မထားသည့်နည်းလမ်းဖြင့်နာမည်ကြီးနေပြီဖြစ်သည် ။
ထိုနာမည်ကား မြို့စားမင်းကိုပြန်ပေးဆွဲသွားသည့် ဝက်မိစ္ဆာနှင့်မျောက်မိစ္ဆာဆိုသည့်နာမည်ပင်ဖြစ်တော့၏။
ထိုအခိုက် သစ်လုံးအိမ်ရှိရာခြံဝန်းလေး၏ရှေ့သို့ ရထားလုံးတစ်စီးရောက်ရှိလာပြီး ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း ပြိုင်တူခေါင်းမော့ကြည့်လိုက်မိကြသည်။
“ သူရဲကောင်းကြီးတို့....”
ရထားလုံးမောင်းသူက အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးဖြစ်ပြီး ကြွယ်ယန်တို့ကို လေးစားသည့်ဟန်ဖြင့်နှူတ်ဆက်လိုက်သည်။။
ကြွယ်ယန်တို့လည်း ထိုလူ့ကိုမြင်သည်နှင့်ခေါင်းညိမ့်ပြလိုက်ကြပြီး ထိုင်ရာမှထရပ်လိုက်ကြသည်။။
ရထားလုံးမောင်းသမားက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်ပြီး ထိုရထားလုံးထဲတွင်မည်သူမည်ဝါပါလာသည်ကိုသူတို့သိရှိ၍ဖြစ်ပေသည်။
“ သူရဲကောင်းလေးတို့ နေရတာအဆင်ပြေရဲ့လား....”
တန်ဖိုးကြီးနီညိုရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်သူဌေးချင်ကရထားလုံးထဲမှသွက်လက်စွာဆင်းလာပြီး ခြံဝသို့ရောက်ရှိလာသည့်ကြွယ်ယန်တို့ကို ရင်းနှီးစွာမေးလိုက်သညိ။
သူ၏မေးခွန်းကြောင့် သူတို့နှစ်ယောက်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ကြွယ်ယန်က မချိပြုံးပြုံး၍ပြောလိုက်သည်။
“ အဆင်ပြေတယ်ပဲပြောရတော့မှာပေါ့....”
သူဌေးချင်၏စီစဥ်ပေးမှုကလိုလေသေးမရှိဘဲ အစားအသောက်အနေအထိုင်တွင် သူတို့ကိုပြည့်စုံစွာထားသော်လည်း ထိုမြို့စားမင်းကိုစစ်ဆေးရင်းသူတို့နှစ်ယောက်မည်မျှစိတ်ညစ်ရသည်ကို သူတို့အသိဆုံးဖြစ်သည်။။
သို့သော် သူတို့လည်း ထိုအကြောင်းအရာများကိုညဉ်းညူပြမနေတော့ဘဲ ကြွယ်ယန်က သူဌေးချင်ကို ဆကိမေးလိုက်သည်။
“ ဒါနဲ့ ဘာကိစ္စရှိလို့လဲသူဌေးချင်...”
သူတို့ဤနေရာသို့ရောကိရှိချိန်မှစ၍ သူဌေးချင်ကပထမဆုံးအကြိမ်လာဖူးခြင်းဖြစ်ပြီး သူ၏တပည့်သိုင်းသမားများသာ သူတို့ကိုစားရေးသောက်ရေး ၊ နေရေးထိုင်ရေးလာရောက်စီစဉ်ပေးခြင်းဖြစ်၏။
ကြွယ်ယန်၏မေးခွန်းကြောင့် သူဌေးချင်၏မျက်နှာထက်၌ နှစ်လိုဖွယ်အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။
“ ကိစ္စထွေထွေထူးထူးတော့မရှိပါဘူးသူရဲကောင်းလေးတို့ ကျုပ်ကသူရဲကောင်းလေးတို့လိုအပ်မယ်ထင်တဲ့ရိက္ခာနဲ့အစားအသောက်တွေလာပို့တာပါ...ဟေ့ အားတ ရထားလုံးပေါ်ကပစ္စည်းတွေချလိုက်ပါဦး....”
သူဌေးချငိ၏အမိန့်ပေးသံအဆုံး၌ အားတဆိုသည့်ထိပ်တန်းအဆင့်သိုင်းသမားက မြင်းရထားမောင်းသူနေရာမှသွက်လက်စွာဆင်းလာပြီး ရထားလုံးထဲတွင်သယ်ဆောင်လာသည့် များပြားလှသည့်စားနပ်ရိက္ခာများကိုသယ်ဆောင်နေတော့သည်။
သစ်လုံးအိမ်ထဲတွင်မူလရှိနေသည့်ရိက္ခာများကပင် သူတို့အတွက် သုံးလခန့်အေးအေးဆေးဆေးလုံလောက်ကာ ယခုရိက္ခာများဖြင့်ဆိုလျှင်တစ်နှစ်ပတ်လုံးနေနိုင်ပြီဖြစ်သည်။
ရေရှည်စားနိုင်သည့်စားနပ်ရိက္ခာများအပြင် သေရည်အိုးများစွာပင်ပါလာသည်ကိုတွေ့ရပြီး ပူပူနွေးနွေးချက်ပြုတ်လာဟန်တူသည့်ဟင်းလျာရနံ့များကြောင့် ကြွယ်ယန်၏ဝမ်းဗိုက်ကဂွီခနဲမည်လာသည်။
သူတို့နှစ်ယောက်က ရှောင်လင်ကျောင်းတော်တွင်နှစ်များစွာနေထိုင်ခဲ့ရသူများဖြစ်၍ သားသက်လွတ်အစားအစာများကိုသာတစ်ချိန်လုံးစားနေရပြီး သိုင်းလောကထဲသို့ဆင်းလာချိန်မှ စားကောင်းသောက်ဖွယ်များကိုအဝအပြဲစားရခြင်းဖြစ်၏။
မူလကပင်စားကောင်းသောက်ကောင်းများကိူခုံမင်နှစ်သက်သည့်ကြွယ်ယန့်အဖို့ ဤသစ်လုံးအိမ်လေထဲတွင် လေးငါးရက်ခန့်နေရခြင်းက အတော်ပင်စိတ်ဆင်းရဲစေခဲ့သည်။
“ သူဌေးချင် ....ကျုပ်တို့အတွက်ဟင်းလျာတွေပါ ပါလာသေးတာလား....”
ကြွယ်ယန်ကဟန်မဆောင်နိုင်ဘဲ နှုတ်ခမ်းကိုလျှာဖြင့်သပ်၍မေးလိုက်သည်။
သူ၏စကားကြောင့် ကြွယ်စင်းက သူ့ကိုတံတောင်ဖြင့်တွက်လိုက်သော်လည်း သူဌေးချင်က နားလည်မှုရှိစွာပြုံး၍ပြောလိုက်သည်။
“ ဒါပေါ့ ...ကျုပ်ရဲ့စံအိမ်ကစားဖိုမှူးကို အကောင်းဆုံးဖြစ်အောင်စီစဉ်ခိုင်းလာခဲ့တာ ။
မြို့အဝင်အထွက်သာတင်းကြပ်ထားတာမဟုတ်ရင် သူရဲကောင်းလေးတို့အတွက် ကျုပ်နေ့တိုင်းလူလွှတ်ပြီးပို့ပေးပါတယ်....”
အနည်းငယ်စိတ်မကောင်းဖြစ်နေဟန်တူသည့်သူဌေးချင်၏ပုံစံကြောင့် ကြွယ်ယန်ပင်အားတုံ့အားနာဖြစ်သွားမိ၏ ။
သူဌေးချငိ၏စကားကအမှန်ပငိဖြစ်ပြီး မြို့စားမင်းပျောက်ဆုံးမှုကြောင့် မြို့ထဲရှိအိမ်တိုင်းစေ့မြေလှန်အရှာခံရပြီးးဖြစ်သလို သူဌေးချင်တို့လို ကြွယ်ဝသည့်လူများဆိုလျှင် ယခုအချိန်ထိစောင့်ကြည့်နေကြဆဲပင်။
ထို့ကြောင့် သူဌေးချင်က ယခုမှသူတို့ဆီသို့ထွက်လာနိုင်ခြင်းဖြစ်တော့၏။
အမှန်တွင် ကြွယ်ယန်တိူ့၏သိုင်းပညာဖြင့် စောင့်ကြပ်နေသူများကိုကျော်ဖြတ်ကာ မြို့ထဲသို့ဝင်ထွက်ရန်ကလွယ်ကူသော်လည်း လိပ်ပြာမလုံကြသူများဖြစ်၍ထိုသို့မပြုလုပ်ဘဲ ဤနေရာတွင်သာအောင့်အည်းနေကြပေသည်။
“ အားတလည်း ဟင်းလျာတွေပြင်ဆင်ပြီးလောက်ပြီး သူရဲကောင်းလေးတို့သုံးဆောင်ကြပါဦး....”
အရိပ်အကဲနားလည်သည့် သူဌေးချင်က သူ၏ကိုယ်ရံတော်အားတကို ယူဆောင်လာသည့်စားသောက်ဖွယ်ရာများတစ်ခါထဲပြင်ဆင်ခိုင်းထားခြင်းဖြစ်ကာထိုအခါမှ ကြွယ်ယန်တို့လည်း သူတို့သုံးယောက် ခြံဝန်းအဝ၌ရပ်၍ပြောဆိုနေကြသည်ကိုရိပ်စားမိ၍သစ်လုံးအိမ်ထဲသို့ဖိတ်ခေါ်လိုက်သည် ။
ထို့နောက် အိမ်လေးဆီသို့သွားနေကြရင်းမှ သူဌေးချင်က အိမ်အတွင်းဘက်သို့တစ်ချက်ကြည့်ကာမေးလိုက်သည်။
“ ဒါနဲ့ မြို့စားကိုစစ်မေးလို့ရပြီလား....”
သူဌေးချင်၏စကားကအနည်းငယ်စိတ်ပူနေဟန်တူပြီး ယခုကိစ္စသာပေါက်ကြားသွားပါက ပထမဦးစွာပြစ်ဒဏ်ခံရမည့်သူက ကြွယ်ယန်တို့ကိုအစအဆုံးကူညီပေးနေသည့်သူပင်ဖြစ်၏။
သူဌေးချင်၏မေးခွန်းကြောင့် ကြွယ်ယန်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြညိ့ရင်း စိတ်ပျက်စွာဖြင့်ခေါင်းယမ်းပြလိုက်မိကြ၏။
ထို့နောက် သူတို့နှစ်ယောက်စားသောက်ပြီးစီးသွားကြသလို သူဌေးချင်လည်းမြို့တွင်းသို့ပြန်သွားကြပြီဖြစ်သည်။
“ ဟူး....ငါတို့လည်းဘယ်တော့မှ ဒီဒုက္ခကကျွတ်မယ်မသိ...”
ကြွယ်ယန်က အိမ်ရှေ့ကွက်ပျစ်တွင်ခြေပစ်လက်ပစ်ထိုင်ရင်း ညဉ်းတွားလိုက်ပြန်သည်။
သူတို့နှစ်ယောက်နေရာတွင် အခြားလူများဆိုပါကယခုလိုအရှုပ်ထုပ်ထဲတွင်ဆက်လက်ပါဝင်နေမည်မဟုတ်ဘဲ လွတ်ရာသို့ရှောင်တိမ်းသွားသည်မှာကြာလောက်ပြီဖြစ်သည် ။
သို့သော် ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကား သူတို့စသည့်ဇာတ်လမ်းကိုသူတို့ဆုံးသည်အထိဆက်က ရမည်ဖြစ်ပြီး ကိစ္စများကြီးထွားလာချိန်တွင်ကိုယ်လွတ်ရုန်းပြေးရန်စိတ်ကူးမရှိကြပေ။
သို့သော် သိုင်းလောကထဲသို့ဝင်ဝင်ချင်း ယခုလိုအရှုပ်ထုပ်တစ်ခုနှင့်ဝင်ရောက်ပတ်သတ်မိ၍ နှစ်ဦးစလုံး စိတ်ပျက်အားလျော့နေကြပြီး ကြွယ်စင်းလိုစကားနည်းတိတ်ဆိတ်သည့်လူငယ်တစ်ဦးပင်ရေရွတ်လိုက်မိသည်။
“ အင်း....အစ်ကိုရှောင်ယောင်သာရှိရင် ပိုပြီးကောင်းမယ်။သူက ငါတို့ထက်ပိုပြီးဉာဏ်ကောင်းသလို ဗဟုသုတပြည့်စုံပြီး ဘယ်ကိစ္စမဆိုတည်တည်ငြိမ်ငြိမ်နဲ့ကိုင်တွယ်နိုင်တယ်....”
ကြွယ်စင်း၏စကားကြောင့် ကြွယ်ယန်လည်းမည်သည့်နေရာသို့ရောက်ရှိနေမည်မသိသည့် ရှောင်ယောင့်ကို လွန်စွာသတိရသွားမိသည်။
&&&