← Chapters

ဆရာတူညီငယ်လေး

Vol. 3 Ch. 19

ဆရာတူညီငယ်လေး

Vol. 3 Ch. 19

လေတဟူးဟူးတိုက်ခတ်နေသည့်ချောက်ကမ်းပါတစ်ခု....

ချောက်ကမ်းပါး၏ဘေးဘက်၌ အနက်ရောင်ဝတ်စုံဝတ်ပိန်ပိန်ပါးပါးလူတစ်ယောက် လက်နောက်ပစ်၍ရပ်နေပြီး ပြင်းထန်စွာတိုက်ခတ်နေသည့်လေများက သူ၏အင်္ကျီစကိုတဖျက်ဖျက်လွင့်နေစေသည်။

ထိုလူကြီး၏အသက်က ငါးဆယ့်ငါးနှစ်ခန့်ရှိပြီး ရွက်ကြမ်းရည်ကျိုသာမန်ရုပ်ရည်မျိုးဖြစ်သော်လည်း သူ၏မျက်ဝန်းအစုံကတဖျက်ဖျက်တောက်ပနေပြီး တစ်ချက်ကြည့်ရုံနှင့် သာမန်လူများနှင့်ကွဲထွက်နေကြောင်းသိသာစေသည်။

ရုတ်တရက် အနက်ရောင်ဝတ်စုံဝတ်လူနှင့်ခြေလှမ်းဆယ်လှမ်းအတွင်းသို့လူရိပ်နှစ်ရိပ်က ဖြေးညင်းစွာချဉ်းကပ်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးက နောက်လှည့်မကြည့်ဘဲပြောလိုက်သည်။

“ ဝူချင်းနဲ့ဝူယောင် မင်းတို့ရောက်ရှိလာပြီလား....”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် လူရွယ်နှစ်ယောက်က အံ့အားသင့်သွားကြပြီး အချင်းချင်းကြည့်လိုက်ကာ ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်နှင့် ထူထဲသည့်မျက်ခုံးမွှေးများရှိသည့်လူရွယ်က ရေရွတ်လိုက်သည်။

“ ဆရာ့ရဲ့အတွင်းအားကတော့ အချိန်နဲ့အမျှပိုပြီးနက်ရှိုင်းလာတာပဲ....”

ထိုလူရွယ်က အသက်သုံးဆယ်ဝန်းကျင်ရှိကာ မျက်လုံးပြူးပြူး မျက်ခုံးထူထူနှင့်ရိုးသားပွင့်လင်းမည့်ပုံရကာ သူ၏နောက်ကျောတွင်ဓားတစ်ချောင်းကိုသိုင်းလွယ်ထားသည်။

သူ၏ဘေးရှိလူရွယ်က ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်ကြည့်ကောင်းသည့်ရုပ်ရည်ရှိပြီး ပါးလွှာသည့်နှုတ်ခမ်းအစုံထက်၌ ရက်စက်မည့်အပြုံးတစ်ခုရှိနေပေသည်။

သိုင်းလောကထဲတွင် သွေးအရိပ်နှင့်ဓားတစ္ဆေဟုကျော်ကြားပြီး ဖျက်ဆီးခြင်းညီနောင်ဟူ၍သိုင်းလောကတစ်ခုလုံးထိတ်လန့်ရသည့်ထိုနှစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုပြိုင်တူအရိုအသေပေးလိုက်ကြသည် ။

“ ဆရာ့ကို ဂါရဝပြုပါတယ်....”

လူရွယ်နှစ်ယောက်၏စကားအဆူံး၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက နောက်ပြန်လှည့်လာပြီး သူ၏တပည့်နှစ်ယောက်ကိုအကဲခပ်ကာ သဘောကျသည့်ဟန်ဖြင့်ခေါင်းတစ်ချက်ညိမ့်လိုက်သည်။

“ ကောင်းတယ် ....မတွေ့ရတဲ့နှစ်တွေအတွင်းမှာ အတော်တိုးတက်လာကြတာပဲ ။

မင်းတို့နှစ်ယောက်မှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေရှိနေကြပြီးတော့ တိုက်ပွဲအတော်များများဖြတ်သန်းခဲ့ရတဲ့ပုံပဲ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကို ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည့် ဝူချင်းကဦးညွှတ်အရိုအသေပေး၍ ရိုသေလေးစားသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ဒါက ဆရာ့ရဲ့လမ်းညွှန်မှုတွေကြောင့်ပါ....”:

ပါးနပ်ဖျက်လက်ပြီး ဉာဏ်များသည့်ဝူချင်းနှင့်စာလျှင် ဝူယောင်က ပို၍တည့်တိုးဆန်ပြီးအနက်ရောင်ဝတ်စုံဝတ်လူကြီးကိုပြောလိုက်သည်။

“ ဒီနှစ်တွေထဲမှာ ကျနော်တို့တိုက်ပွဲအတော်များများကိုတိုက်ခိုက်ခဲ့ရတယ် ။ ဟီးဟီး ကြွားပြီးပြောတာမဟုတ်ပေမယ့် လက်ရှိလူငယ်မျိုးဆက်မှာ ကျနော်တို့ကိုယှဉ်နိုင်တာ လက်တစ်ဖက်တောက်မပြည့်ဘူး....”

ဝူယောင်၏စကားက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြည့်ဝကြောင်းသိသာစေပြီး သူ၏စကားကအမှန်ပင်ဖြစ်သည်။။

သူတို့၏တစ်ဦးချင်းသိုင်းပညာက လွန်စွာအစွမ်းထက်ကြပြီး ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးများဟုသက်မှတ်နိုင်ကာ နှစ်ဦးပေါင်းတိုက်ပါက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုပင် ယှဉ်နိုင်ပေသည်။

ထို့ကြောင့် သူတို့က မျိုး‌ဆက်ဟောင်းသိုင်းသမားအများစုထက်ပင်သာလွန်နေပြီး လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်နိုင်ခြင်းဖြစ်ပေသည်။

ဝူယောင်၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက လှောင်ပြောင်လိုသည့်လေသံဖြင့်ပြုံးရင်းပြန်မေးလိုက်သည်။

“ ဟုတ်လား ဒါဆိုရင် ရှန့်စီးယန်ဆိုတဲ့ကောင်လေးကို မင်းတို့နှစ်ယောက်ပေါင်းတိုက်တာတောင်ဘာလို့အနိုင်မယူနိုင်တာလဲ....ပြီးတော့ ဝူချင်းဆိုရင် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့တာမဟုတ်လား.. “

သူ၏မေးခွန်းကြောင့် ဝူချင်း၏မျက်နှာကပျက်ယွင်းသွားပြီး ဝူယောင်က ဒေါသတကြီးပြောလိုက်သည်။

“ ဒါက ညီလေးက သူ့ကိုအများကြီး ဂရုမစိုက်လိုက်လို့ပါ။။ ပြီးတော့ ကျနော်တို့နှစ်ယောက်ပေါင်းပြီးတိုက်တော့ သူ့ကိုအနိုင်ရခါနီးအထိယှဉ်နိုင်ခဲ့တယ်။

ဒါပေမယ့်အရှက်မရှိတဲ့ဒီကောင်က အရိပ်တစ်ရာခြေလှမ်းကိုလေ့ကျင့်ထားတော့ သူ့ရဲ့ကိုယ်ဖော့ပညာက ဝူချင်းတဲ့တန်းတူရှိပြီး အတွင်းအားကလည်းသိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေပြီ။

အဆိုးဆုံးက ရှောင်လင်ရွှေခေါင်းလောင်းသိုင်းကိုလေ့ကျင့်ထားတော့ သူ့ရဲ့ခံစစ်ကိုမဖောက်နိုင်လို့ ကျနော်တို့အနိုင်မယူနိုင်ခဲ့တာပဲ....”

ဝူယောင်၏ကာကွယ်ပြောဆိုမှုကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းတဆက်ဆက်ညိမ့်ရင်းအဝေးသို့ငေးကာပြောလိုက်သည်။

“ ဖြစ်ပြီးတဲ့ကိစ္စတွေကိုထားလိုက်ပါတော့ ...ဒါပေမယ့် မင်းတို့နှစ်ယောက်က ငါ့ရဲ့တပည့်တွေဆိုတော့ နောက်တစ်ကြိမ်အရှက်တကွဲဖြစ်တာမျိူးကိုမကြားချင်ဘူးနော်....”

သူ၏လေသံကများစွာတင်းမာခြင်းမရှိသော်လည်း သိုင်းလောကတစ်ခုလုံးကိုပင်အကြောက်အရွံ့မရှိဘဲရင်ဆိုင်ဝံသည့်ဝူယောင်နှင့်ဝူချင်းတို့က ကြက်သီးဖြန်းဖြန်းထသွားကြပြီး ချက်ခြင်းလိုလိုဒူးထောက်အရိုအသေပေးကာပြောလိုက်သည် ။

“ ဒီတစ်ကြိမ်တော့ သက်ညှာပေးပါဆရာ....”

သူတို့၏ဆရာက ပုံမှန်ဆိုလျှင် သူတို့ကိုအကာအကွယ်ပေးတတ်ပြီးညှာတာသော်လည်း အပြစ်လုပ်မိပါက လွန်စွာရက်စက်သည့်နည်းလမ်းများဖြင့်အပြစ်ပေးတတ်ပြီး အပြစ်ပေးမခံရသည်ကဆယ်နှစ်နီးပါးကြာနေပြီဖြစ်သည့်တိုင် ထိုနည်းလမ်းများက သူတို့၏စိတ်ထဲတွင်စွဲမြဲနေဆဲပင်ဖြစ်သည်။

သူတို့နှစ်ယောက်၏ လျှင်မြန်သည့်တုန့်ပြန်မှုကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက သက်ပြင်းတစ်ချက်ချ၍ လက်တစ်ချက်ဝေ့ယမ်းကာပြောလိုက်သည်။

“ ထတော့ ....”

ဝူချင်းနှင့်ဝူယောင်တို့၏ခြေထောက်အောက်မှကြီးမားသည့်အားတစ်ခုကပင့်တက်လာ၍ သူတို့နှစ်ဦးစလုံးဆက်လက်ဒူးထောက်နိုင်ခြင်းမရှိဘဲအလိုက်သင့် ထရပ်လိုက်ရတော့၏။

ထိုအချက်ကိုကြည့်ခြင်းဖြင့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အတွင်းအားက နက်ရှိူင်းသည့်အဆင့်တစ်ခုကိုရောက်ရှိနေမှန်းသိသာပြီး ဝူယောင်က ပါးစပ်ကြီးဟနေစဉ် ပါးနပ်သည့်ဝူချင်းက အရောင်လက်နေသည့်မျက်ဝန်းများဖြင့်မေးလိုက်သည်။

“ ဆရာ့ရဲ့သိုင်းပညာက အရင်တုန်းကထက်အများကြီးတိုးတက်လာတာပဲ....ဒါတောင်လာလို့ ဟွာရှန်းးတောင်ယှဉ်ပြိုင်ပွဲမှာ ဓားကျိုးဘုရင်ကိုရှုံးနိမ့်ခဲ့တာလဲ....”

ဝူချင်း၏အံ့အားသင့်နေသည့်ဟန်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ထူးဆန်းစွာပြုံးရင်ပြန်ဖြေလိုက်သည်။

“ ဒါက ငါအစွမ်းကုန်မတိုက်လို့ပေါ့...မဟုတ်ရင် နံပါတ်တစ်နေရာကလက်ကိုးချောင်းရသေ့ဆိုတဲ့ကောင်ကိုတောင် အနိုင်ယူနိုင်တယ်....။ သူ့ရဲ့ဝိညာဉ်နုတ်လက်ဝါးသိုင်းကရှိန်လောက်စရာဆိုပေမယ့် ငါ့ကသူ့ထက်သိုင်းအဆင့်မြင့်သွားပြီဆိုတာ သူမသိသေးဘူး။

ပြီးတော့ ငါ့ကိုအနိုင်ယူသွားတဲ့ဓားကျိုးဘုရင်က ပါရမီကောင်းပြီး အစွမ်းထက်တာမှန်ပေမယ့် ငါအလျော့မပေးရင်သူဘယ်အနိုင်ယူနိုင်မလဲ။

နဂါးခုနစ်ကောင်ထဲမှာ ငါသတိထားတာတစ်ယောက်ပဲရှိတယ်။ ငါတို့ရင်ဆိုင်ခဲ့တာ သုံးကြိမ်မြောက်ရှိတာတောင် သူ့ရဲ့အစွမ်းကိုအတိအကျမခန့်မှန်းနိုင်သေးဘူး ....”

သူ၏မျက်ဝန်းများက အရောင်တစ်ချက်လက်သွားပြီးအနက်ရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းကိုခါယမ်းကာဆက်ပြောလိုပ်သည်။

“ ဒါတွေနောက်မှ‌ပြောမယ် ... သိပ်မကြာခင်မှာမင်းတို့ရဲ့ညီလေးလည်းပြန်လာတော့မယ်...သူက နှစ်ဆယ်မပြည့်သေးပေမယ့်အဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်နေပြီ...”

သူ၏အမူအယာက ကျေနပ်မှုများပြည့်နေပြီး သူ၏အငယ်ဆုံးတပည့်ကို ထိုနှစ်ယောက်ထက်ပို၍သဘောကျကြောင်းသိသာပေသည် ။

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဝူချင်းနှင့်ဝူယောင်တို့က ယခင်ကထက်ပင်အံ့ဩတကြီးဖြစ်သွားပြီး တစ်ယောက်တစ်ခွန်းစီမေးလိုက်ကြသည်။

“ ဆရာတူညီလေးက စစ်ဆေးမှုကိုအောင်မြင်ပြီပြီလား....”

“ သူက တကယ်ပဲသိုင်းထိပ်သီးအဆင့်ကိုရောက်နေပြီပေါ့....”

ဝူယောင်တို့နှစ်ယောက်ယခုလိုအံ့အားသင့်နေကြခြင်းကအထူးအဆန်းတော့မဟုတ်ပေ။

အကြောင်းကား သူတို့၏ဆရာတူညီငယ်လေးက သိုင်းပညာပါရမီနှင့်အရည်အချင်းတွင် သူတို့ထက်များစွာနိမ့်ကျနေ၍ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်ပင်အသက်နှစ်ဆယ်ပြည့်ပြီးမှသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်၍ ဆရာတူညီလေး၏တိုးတက်မှုကို မယုံကြည်နိုင်ဖြစ်နေကြခြင်းဖြစ်သည် ။

ထိုညီအစ်ကိုနှစ်ယောက်၏မျက်နှာအမူအယာများကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက အထင်သေးဟန်ဖြင့်ကြည့်ရင်းပြောလိုက်သည်။

“ မင်းတို့က အရည်အချင်းမှာကောစင်းထက်သာလွန်ပေမယ့် မင်းတို့ရဲ့ကြိုးစားမှုကသာမန်လောက်ပဲရှိတာကိုး...အဲဒီနေရာမှာဆိုရင် ကောစင်းက မင်းတို့ထက်နှစ်ဆလောက်သာလွန်ပြီး ဇွဲကောင်းတဲ့နေရာမှာဆို ငါတောင်လက်မှိုင်ချရတယ်။

ပြောစမ်းပါဦး မင်းနှစ်ယောက်မှာ ပါရမီကလွဲပြီးသူ့ထက်ဘာသာလွန်သေးလဲ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အပြစ်တင်စကားကြောင့် ဝူယောင်တို့နှစ်ယောက်မှယ ခေါင်းငုံ့နေကြရင်းမှခါးသီးစွာပြုံးလိုက်မိကြသည် ။

အကြောင်းကားသူတို့၏ဆရာပြောသည်ကမှန်ကန်ပြီး သူတို့ဆရာတူညီငယ်လေး၏ပါရမီကသာမန်သာရှိသော်လည်းကျန်အချက်များတွင် သူတို့ထက်များစွာသာလွန်လှ၍ဖြစ်သည်။

ထို့နောက် အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူတို့ကိုမကြည့်တော့ဘဲ လက်ကိုဝေ့ယမ်းပြကာပြောလိုက်သည်။

“ သွားစမ်း....မင်းတို့ကိုမြင်ရတာစိတ်ရှုပ်လာပြီ။ မင်းတို့ကိုလုပ်ချင်တာလုပ်ဖို့ခွင့်ပြုထားတာပဲ။ စွန်းအိမ်တော် သိုင်းပြိုင်ပွဲကျရင်သာ ငါ့မျက်နှာမပျက်ရအောင်သေချာယှဉ်ပြိုင်ကြ...”

&&&

ယခုလေးငါးရက်အတွင်း စီရန်မြို့တစ်ခုလုံးအုတ်အုတ်ကျက်ကျက်ဖြစ်နေကြပေသည်။

အကြောင်းကား စီရန်မြို့၏အုပ်ချုပ်သူဟုခေါ်ဆိုရမည့်မြိူ့စားမင်းကို အမည်မသိလူနှစ်ယောက်က ဖမ်းဆီးခေါ်ဆောင်သွား၍ဖြစ်ပြီး မြို့စောင့်တပ်နှင့်မြို့စား၏လူများမှာ မြို့တစ်ခုလုံးကို မြေလှန်၍ရှာဖွေနေကြသည်။

မြို့စားမင်းကိုဖမ်းဆီးသွားသည့်လူနှစ်ယောက်က သာမန်မဟုတ်ဘဲ အစွမ်းထက်သိုင်းသမားများဟုသိရပြီး သူတို့၏မျက်နှာများကိုဖုံးကွယ်ထားကြ၍ မည်သူမည်ဝါဖြစ်ကြောင်းကိုမသိရပေ။

ထို့ကြောင့် မြို့ထဲရှိလူများက ထိုနှစ်ယောက်ကို သူတို့ဝတ်ဆင်လာသည့်မျက်နှာဖုံးများကိုအစွဲပြု၍ မျောက်မိစ္ဆာနှင့်ဝက်မိစ္ဆာဟုခေါ်ဆိုခဲ့ကြပေသည်။

စီရန်မြို့လေးနှင့်လီအနည်းငယ်ကွာဝေးသည့်တောအုပ်တစ်ခုထဲတွင်

အတော်သင့်ကျယ်ဝန်းသည့်ခြံဝန်းတစ်ခုထဲတွင် သစ်လုံးအိမ်ကလေးတစ်အိမ်ရှိနေပေသည်။

ထိုအိမ်ငယ်လေးက တောထဲတွင် အမဲလိုက်သည့်မုဆိုးကျော်တစ်ဦး၏နေအိမ်ဖြစ်ပြီး မုဆိုးမှာမြို့ထဲသို့ ရက်သတ္တပတ်နှစ်ခုလျှင်တစ်ကြိမ်သွားရောက်ကာ သူဖမ်းဆီးရသမျှတောကောင်သား၊ သားရေနှင့်ချို၊ အစွယ် စသည့်တန်ဖိုးအနည်းငယ်ရှိသည့်ပစ္စည်းများကိုရောင်းချတတ်သည်။

ယခုအခါ သစ်လုံးအိမ်လေး၏ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်နှစ်ဦးထိုင်နေကြပြီး သူတို့၏အမူအယာများက လဒမှိုင်မှိုင်နေကြပေသည်။

&&&

All Chapters