မျောက်မိစ္ဆာနှင့်ဝက်မိစ္ဆာ
Vol. 3 Ch. 18
“ ကောင်းပြီ ငါက ထိပ်တန်းခွန်အဆင့်သိုင်းသမားကိုတာဝန်ယူလိုက်မယ်။ မင်းကကျန်တဲ့သုံးယောက်ကိုဖြေရှင်းလိုက်။ အသံကျယ်ကျယ်မထွက်စေနဲ့နော်...”
ဝါရင့်သိုင်းသမားတစ်ယောက်လို အသေးစိတ်ညွန်ကြားနေသည်ဘ ကြွယ်ယန့်ကိုပြန်မပြောဘဲ ကြွယ်စင်းလည်းခေါင်းညိမ့်ပြလိုက်သည်။
ကျူးပါကျဲ၏ပုံသဏ္ဍာန်ဝက်မျက်နှာဖုံးအတွင်းမှမြင်နေရသည့် ကြွယ်စင်း၏မျက်ဝန်းများက တလက်လက်တောက်ပနေပြီး ထိုအချိန်ခဏတွင် သူ၏ပုံစံကအခြားလူတစ်ယောက်လိုပြောင်းလဲသွားသည် ။
အလေးအနက်ရှိလှသည့်ကြွယ်စင်းနှင့်ခြားနားစွာကြွယ်ယန်က ရင့်ကျက်သည့်ပုံစံဖမ်းနေခြင်းဖြစ်ပြီး ရှေ့သို့တိုးဝင်သွားတော့မည့်ကြွယ်ယန်၏လက်တစ်ဖက်ကိုဖမ်းဆွဲကာထပ်ပြောလိုက်သည်။
“ နေဦး... သူတို့ကိုအားအများကြီးနဲ့မဆော်နဲ့နော်...ဒီလူတွေက အစ်ကိုရှောင်ယောင့်အကြောင်းကို အကောင်းပြောထားကြတာ....”
အသေးအဖွဲ့ကလေးကိုပင် အရေးတယူလုပ်နေသည့် ကြွယ်ယန့်ကြောင့် ကြွယ်စင်း၏တိုက်ခိုက်လိုသည့်စိတ်ဓာတ်ပင်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး စိတ်မပါလက်မပါဖြင့် နောက်တစ်ကြိမ်ခေါင်းညိမ့်ပြလိုက်ပြန်သည်။
ထို့နောက် သူတို့နှစ်ယောက်၏ခန္တာကိုယ်များက ရိပ်ခနဲရွေ့လျားသွားကြပြီး ဝိုင်းဖွဲ့ထိုင်နေကြသည့်အပြာရောင်ဝတ်စုံဝတ်လူများထံသို့ပြိုင်တူတိုးဝင်သွားကြသည်။
အပြာရောင်ဝတ်စုံဝတ်သိုင်းသမားသုံးယောက်လည်း စကားတပြောပြောဖြင့်သောက်လိုက်စားလိုက်ရှိနေရင်းမှ ရုတ်တရက်ပြေးဝင်တိုက်ခိုက်လာသည့်လူနှစ်ယောက်ကြောင့် အံ့ဩထိတ်လန့်သွားကြပြီး တန်ပြန်တိုက်ခိုက်ရန်မဆိုထားနှင့်ရှောင်တိမ်းရန်ပင်နောက်ကျသွားကြသည်။
သိမ်းငှက်ကြီးတစ်ကောင်လိုခုန်ဝင်လာသည့်ကြွယ်ယန်၏လက်ဝါးက ဆရာဝေဆိုသည့် ထိပ်တန်းလွန်သိုင်းသမား၏ရင်ဝသို့လျှင်မြန်စွာဝင်ရောက်လာလေသည်။
ထိုနည်းတူ အရိပ်တစ်ရာခြေလှမ်းသိုင်းကိုအောင်မြင်ထားပြီး ကြွယ်ယန့်ထက်ပင် ကိုယ်ဖော့ပညာကောင်းမွန်သေးသည့်ကြွယ်စင်းက အရိပ်တစ်ခုလိုရောက်ရှိလာကာ အဆင့်မြင့်သိုင်းသမားသုံးယောက်ကိုလှစ်ခနဲဝင်ရောက်တိုက်ခိုက်လိုက်သည်။
အခြေအနေက အချိန်တိုအတွင်းဝရုန်းသုန်းကားဖြစ်သွားပြီး ဆရာဝေမှာ အန္ဆရာယ်အငွေ့အသက်တို့ကိုအာရုံခံမိ၍ အလျှင်အမြန်ရှောင်တိမ်းလိုက်သော်ငြား ကြွယ်ယန်၏လက်ဝါးက သူ၏ပခုံးစွန်းကိုရိုက်မိသွားသည်။
ပုံမှန်ဆိုလျှင်အဆင့်လွန်ထိပ်သီးအဆင့်နှင့်ထိပ်တန်းလွန်အဆင့်ဆိုသည်ကများစွာကွာခြားခြင်းမရှိဘဲ ပါရမီရှင်လူငယ်မျိုးဆက်များဆိုလျှင် အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းရှိကြသူများဖြစ်သည်။
သို့သော်လည်း ယခုအခြေအနေက ပြောင်းပြန်ဖြစ်နေပြီး ကြွယ်ယန့်ကိုလက်ရှိမျိုးဆက်မှထိပ်တန်းလူငယ်တစ်ယောက်သာညွှန်းဆိုရလျှင် ဆရာဝေက သာမန်အရည်အချင်းသာရှိသည့်ထိပ်တန်းလွန်သိုင်းသမားတစ်ယောက်ဖြစ်သည်။
ထို့အပြင်ကြွယ်ယန်တို့က အလစ်အငိုက်တိုက်ခိုက်ခြင်းလည်းဖြစ်၍ ဆရာဝေမှာ မည်သို့မှရှောင်တိမ်းနိုင်စွမ်းမရှိတော့ဘဲ ပခုံးစွန်းကိုလက်ဝါးချက်ထိမှန်ကာ နောက်သို့ဒယီးဒယိုင်ဆုတ်ပေးလိုက်ရသည်။
ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာသူများကြောင့် အံ့ဩထိတ်လန့်ရသည့်အပြင် ထူးဆန်းသည့်ထိုနှစ်ယောက်လုံးက အဆင့်လွန်ထိပ်သီးများဖြစ်ကြောင်းရိပ်စားမိလိုက်၍ ဆရာဝေမှာဒဏ်ရာရသွားသည့်ပခုံးကိုပင်အာရုံမစိုက်နိုင်ဘဲ ကြောက်လန့်တကြားအော်ဟစ်ရန်ပြင်လိုက်သည်။
သို့သော် ဝဝဖိုင့်ဖိုင့်ပုံရိပ်တစ်ခုက သူ၏ဘေးသို့ရိပ်ခနဲရောက်ရှိလာပြီးဆရာဝေ၏လည်ဂုတ်ကိုလက်ဝါးစောင်းဖြင့်ခပ်ဆက်ဆက်ခုတ်ချလိုက်သည်။
ဤသို့ဖြင့် ဆရာဝေ၏အမြင်အာရုံများမှောင်မိုက်သွားကာ လောကကြီးနှင့်ခေတ္တအဆက်ပြက်သွားတော့သည်။
“ ဝုန်း....”
သတိလစ်မေ့မျောသွားသည့်ဆရာဝေ၏ခန္တာကိုယ်ကြီးက မြေကြီးပေါ်သို့ဝုန်းခနဲလဲကျသွားလေသည်။
ထိုအသံက တိတ်ဆိတ်နေသည့်ဥယျာဉ်လေးထဲတွင် အနည်းငယ်ကျယ်လောင်သည်ဟုထင်ရသော်လည်းထိုမျှမဟုတ်ပေ။
သူ၏အလုပ်ကိုအောင်မြင်စွာပြီးဆုံးပြီး၍ အင်္ကျီလက်စနှစ်ဖက်ကိုဟန်ပါပါပင့်တင်ရင်းနောက်လှည့်လိုက်သည့်အခါ ကြွယ်ယန်၏ဂုဏ်ယူဝံ့ကြွားလိုသည့်မျက်နှာက အေးခဲသွားလေသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....”
ကြွယ်ယန်၏နှုတ်မှ အာမေဍိတ်သံတစ်ခုထွက်လာပြီး အကြောပိတ်ခံထားရ၍ ထိုင်လျက်အနေအထားဖြင့် တောင့်တင်းနေသည့်လူသုံးယောက်နှင့်သူတို့၏ဘေးရှိကြွယ်ယန့်ကိုအံ့ဩတကြီးကြည့်လိုက်မိ၏။
သူဆရာဝေ့ကိုဖြေရှင်းပြီးသည်နှင့် ကြွယ်စင်းကိုကူညီရန်လှည့်ကြည့်လိုက်ခြင်းဖြစ်သော်လည်း ကြွယ်စင်းကား သူ၏တာဝန်ကိုပြီးဆုံးနေပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် ထိပ်တန်းလွန်သိုင်းသမားတစ်ယောက်က အဆင့်မြင့်သိုင်းသမားသုံးယောက်ထက်ပို၍အစွမ်းထက်သော်လည်း ယခုအခြေအနေကတူညီခြင်းမရှိပေ။
သူတို့က သူတင်ကိုယ်တင်ပြိုင်ပွဲဝင်နေရသည်မဟုတ်ဘဲ တစ်ဖက်လူများကိုအလစ်အငိုက်တိုက်ခိုက်ရခြင်းဖြစ်ပြီး ထိုလူများအော်ဟစ်အကူအညီမတောင်းမီ ဖြေရှင်းရမည်ဖြစ်သည်။
ထို့ကြောင့် လူတစ်ယောက်ကိုကိုင်တွယ်ရမည့်ကြွယ်ယန်၏အလုပ်ထက်လူသုံးယောက်ကိုရင်ဆိုင်ရသည့်ကြွယ်စင်း၏အလုပ်က ပို၍ခက်ခဲပေသည်။
သို့သော် ကြွယ်စင်းက သူ၏တာဝန်ကိုကြွယ်ယန့်ထက်ပင်ပို၍စောလျှင်စွာပြီးစီးခဲ့ပြီးထိုအဖြစ်ကြောင့် ကြွယ်ယန်တစ်ယောက်လွန်စွာအံ့အားသင့်သွားခြင်းဖြစ်ပေသည်။
ကြွယ်စင်းက သူ့ကိုအံ့ဩတကြီးကြည့်နေသည့်ကြွယ်ယန့်ကိုဂရုမစိုက်အားသေးဘဲ သူတို့ဖမ်းခေါ်လာသည့် စီရန်မြို့စားကိုထားခဲ့ရာနေရာသို့လျှောက်သွားပြီဖြစ်သည်။
ထိုအခါမှ ကြွယ်ယန်လည်း ကြွယ်စင်း၏နောက်မှအမှီလိုက်လာခဲ့ပြီး အံ့ဩသည့်ဟန်ဖြင့်မေးလိုက်သည်။
“ ကြွယ်စင်း မင်းဘယ်လိုလုပ်လိုက်တာလဲ...”
ကြွယ်ယန်မေးလည်းမေးချင်စရာပင်။ သူတို့နှစ်ယောက်တွင်ကြွယ်စင်းက ကိုယ်ဖော့ပညာပိုကောင်းသော်လည်း များစွာကွာဟခြင်းတော့မရှိပေ။
ထို့ကြောင့် ကြွယ်စင်းကမည်သည့်နည်းဖြင့်သူ့ထက်ပို၍ခက်ခဲသည့်အလုပ်ကိုလျှင်မြန်စွာပြီးမြောက်သွားသည်ကိုကြွယ်ယန်တစ်ယောက် သိလိုစိတ်ဖြစ်နေခြင်းဖြစ်၏။
ကြွယ်စင်း၏အဖြေက ရိုးရှင်းပေသည်။
“ ငါသူတို့ဆီကိုအမြန်ဆုံးရောက်အောင်သွားပြီး သုံးယောက်လုံးကိူအကြောပိတ်လိုက်တာလေ...’
ကြွယ်စင်း၏တိုတိုတုတ်တုတ်စကားကြောင့် ကြွယ်ယန်၏ပါးစပ်ကအနည်းငယ်ပွင့်ဟသွားပြီး အချိန်အနည်းငယ်ကြာမှ သူ၏မျက်နှာကရှုံ့မဲ့သွားသည်။
“ ငါသိပြီ...”
အစောပိုင်းကဖြစ်ရပ်က ရုတ်တရက်ဖြစ်၍လွန်စွာအံ့အားသင့်ရခြင်းဖြစ်သော်လည်းအသေအချာတွေးတောပြီးနောက် ထိုမျှအံ့ဩစရာမရှိတော့ပေ။
အကြောင်းကား ကြွယ်စင်းလေ့ကျင့်ထားသည့်ရှောင်လင်ခုနစ်ဆယ့်နှစ်မျိုးပညာရပ်များထဲတွင် နတ်မင်းရာဇာသွေးကြောတစ်ရာဆိုသည့်ပညာရပ်လည်းပါဝင်၍ဖြစ်ပြီး လူ့ခန္တာကိုယ်၏အမျိုးမျိုးသောသွေးကြောများကိုလေ့လာပြီးတိုက်ခိုက်နိုင်စွမ်းရှိသည့်ထိုသိုင်းပညာက သွေးကြောနှင့်ပတ်သတ်လျှင်ထိပ်တန်းဖြစ်သည်။
သို့သော် ရှုပ်ထွေးပြီး မှတ်သားရခက်ခဲလှသည့်သွေးကြောများကြောင့် လေ့ကျင့်ရန်ခက်ခဲပြီး တိုက်ပွဲတွင်ထိုမျှအသုံးဝင်ခြင်းမရှိ၍ လေ့ကျင့်သူမရှိသလောက်နည်းပါးခြင်းဖြစ်သည်။
ရှောင်လင်ကျောင်းတော်တစ်ခုလုံးတွင်ပင် ထိုပညာရပ်ကိုတတ်မြောက်ထားသူအားလက်ချိုးရေနိုင်ပြီး လူငယ်မျိုးဆက်တွင် ကြွယ်စင်းနှင့်ရှောင်ယောင်တို့နှစ်ဦးသာရှိပေသည်။
ယခု သူများစွာအသုံးမဝင်ဟုတွေးခဲ့သည့်ပညာရပ်တစ်ခုက သူ့နေရာနှင့်သူအံဝင်ခွင်ကျအသုံးတည့်နေသည်ကိူမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရ၍ ကြွယ်ယန်၏စိတ်ထဲတွင် အသိပညာတစ်ခုကိုရရှိလိုက်သည်။
ဤသည်ကား **မည်သည့်အတတ်ပညာမဆို တတ်မြောက်ထားလျှင်ကောင်းမွန်ပြီး အသုံးမဝင်သည့်နေရာမရှိ**ဆိုသည့် အသိပညာပင်ဖြစ်တော့၏။
ထိုအချိန်တွင် ကြွယ်စင်းက သူတို့မြေကြီးပေါ်တွင်ချထားခဲ့သည့် မြို့စားမင်း၏ခန္တာကိုယ်ကြီးအနီးသို့ရောက်ရှိသွားပြီဖြစ်သည်။
ပြူးကျယ်ဝိုင်းစက်နေသည့်မြို့စား၏မျက်ဝန်းများက ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကိုအံ့ဩတုန်လှုပ်စွာကြည့်ရှုနေပြီး သူ၏ခြေထောက်အနီးတစ်ဝိုက်တွင်ရေစီးကြောင်းတစ်ခုရှိနေသည်ကိုမြင်လိုက်ရ၏။
သူတို့မြို့စားကိုခေါ်ဆောင်လာစဉ်က အိပ်ပျော်စေသည့်အကြောကိူထိုးပိတ်ခဲ့သော်လည်း ယခုက သူ၏ခန္တာကိုယ်ကြီးကို မလိုက်ချလိုက်ဖြင့်သယ်ဆောင်လာရာ မနိုးဘဲနေမည်မဟုတ်ပေ။
သို့သော် ကြွယ်စင်း၏အကြောပိတ်ထားခြင်းကိုခံရ၍ သူ၏တစ်ကိုယ်လုံးကတောင့်တင်းနေပြီး စကားလည်းမပြောနိုင်လဲ သူ၏အနီးသို့ရောက်လာသည့်လူနှစ်ယောက်ကို ကြောက်လန့်တကြားကြည့်နေခြင်းဖြစ်သည်။
“ ထွီ....တော်တော်ညစ်ပတ်တာပဲ ..”
ထောင်းခနဲထွက်ပေါ်လာသည့်ဆိုးရွားသောအနံ့အသက်ကြီးကြောင့် ကြွယ်ယန်က နှာခေါင်းရှုံ့၍ ရွံရှာစွာပြောလိုက်သည်။
တော်ရုံတန်ရုံပင်ပန်းမှုမျိုးကိုမညဉ်းညူတတ်သည့်ကြွယ်စင်းပင်မျက်စိပျက်မျက်နှာပျက်ဖြင့် မြို့စားမင်း၏ခန္တာကိုယ်ကြီးကိုစိုက်ကြည့်နေသည် ။
အကြောင်းကား သတ္တိခဲမြို့စားမင်းက ကြောက်လန့်လွန်းအားကြီး၍ အကြောပိတ်ခံထားလျက်ကပင် သေးများပေါက်ချထား၍ဖြစ်သည်။
“ ကြွယ်စင်း သွားရအောင်....”
ကြွယ်ယန်က မျက်နှာဖုံးကြောင့်နှာခေါင်းပိတ်ခြင်းလည်းမပြုနိုင်၍ ဆိုးရွားသည်အနံ့အသက်ကြီးကိုအော့အည်းကာပြောလိုက်သည်။
သူ၏စကားကြောင့် ကြွယ်စင်း၏အမူအယာက ဒယ်အိုးဖင်လိုမည်းမှောင်သွားသော်လည်း ပေါက်သည့်နဖူးမထူးတော့ဟုတွေးလိုက်ကာ မြိူ့စား၏လေးလံလှသည့်ခန္တာကိုယ်ကြီးကို ပခုံးပေါ်ကောက်ထမ်းလိုက်သည်။
ကြွယ်စင်း၏စိတ်ထဲတွင်တော့ သူဌေးချင်၏စံအိမ်သို့ပြန်ရောက်ပါက အမွှေးနံ့သာများဖြင့်အထပ်ထပ်ပွတ်တိုက်ရင်းရေချိုးပစ်ရမည်ဟုဆုံးဖြတ်လိုက်ပေသည် ။
ရုတ်တရက် စံအိမ်၏ရှေ့နှင့်ဘေးဘက်များဆီမှ ဆူဆူညံညံအသံများထွက်ပေါ်လာ၍ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
“ ငါတို့လည်းအသံကျယ်ကျယ်ထွက်အောင်မလုပ်မိပါဘူးဟ....”
ကြွယ်စင်း၏အံ့အားသင့်သည့်စကားအဆုံးတွင် ညာသံပေး၍အော်ဟစ်သည့်လူများစွာ၏အသံက လွန်စွာနီးကပ်လာလေသည်။
“ မလွတ်စေနဲ့....”
“ မြို့စားကိုကာကွယ်ကြ...”
“ လုပ်ကြံသူတွေကိုသတ်ကြစမ်း....”
ကျယ်လောင်သည့်အော်ဟစ်သံများနှင့်အတူ မြို့စောင့်တပ်သားများ ၊ မြို့စား၏ခြံဝန်းအစောင့်များနှင့်အပြာရောင်ဝတ်စုံဝတ်ကိုယ်ရံတော်သိုင်းသမားများက လက်နက်ကိုယ်စီကိုင်စွဲကာ အနောက်ဘက်ဥယျာဉ်လေးထဲသို့စုပြုံရောက်ရှိလာကြသည်။
အချိန်တိုအတွင်း ခြံဝန်းရှိလူအားလုံးနီးပါးရောက်ရှိလာခြင်းကလွန်စွာထူးဆန်းလှပြီး ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း ထိုအဖြစ်ကိုအံ့အားသင့်နေခြင်းဖြစ်သည်။
များပြားလှသည့်လူအုပ်ကြီးကြောင့်ဥယျာဉ်လေးထဲတွင်လူများပြည့်ကျက်နေပြီး သူတို့ယူဆောင်လာသည့်မီးတုတ်အလင်းရောင်များကြောင့် နေ့အလားလင်းထိန်သွားကြသည် ။
သူတို့၏အရေအတွက်က တစ်ရာနီးပါးရှိပြီး သိုင်းသမားများတပ်သားများနှင့် မြားစစ်သည်များပင်ပါဝင်ရာ ထိုလူအုပ်ကြီးကိုသာရင်ဆိုင်ရပါက ကြွယ်ယန်တို့နှစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်လျှင်ပင်ဒဏ်ရာများစွာရရှိနိုင်ပေမည်။
ယခုအချိန်တွင်တော့ မြို့စားမင်း၏ဝဖီးလှသည့်ခန္တာကိုယ်ကြီးကိုထမ်းကာ ခြံဝန်းတံတိုင်းကိုကျော်၍ထွက်သွားကြသည့် မျက်နှာဖုံးစွပ်လူနှစ်ယောက်၏ပုံရိပ်ကိုသာမြင်လိုက်ကြရပြီး တပ်သားတစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ မြို့စားကို မျောက်မိစ္ဆာနဲ့ဝက်မိစ္ဆာဖမ်းဆီးသွားပြီဟေ့....”
&&&