← Chapters

ဆုတ်ခွာရန်ထိုအကြံ

Vol. 3 Ch. 17

ဆုတ်ခွာရန်ထိုအကြံ

Vol. 3 Ch. 17

သူဌေးချင်၏ပြောဆိုမှုကြောင့်သာ မြို့စားမင်း၏ရုပ်သွင်က ကြည်ညိုလေးစားစရာတစ်စက်မှမကောင်းဘဲ ဝက်ကြီးတစ်ကောင်လိုဝဖီးနေသည်ဟုသိခဲ့ရခြင်းဖြစ်ပြိး ထိုအကြောင်းကိုကြားစဉ်က သံသယအနည်းငယ်ရှိခဲ့ကြသော်လည်း ယခု မျက်မြင်ကိုယ်တွေ့မြင်လိုက်ရမှ သူ‌ဌေးချင်ကအမနည်းငယ်လျော့ပေါ့ပြောဆိုခဲ့သည်ဟုတွေးလိုက်မိကြသည်။။

ကုတင်ထက်၌အိပ်မောကျနေသည့်လူက မြို့တစ်မြို့ကိုအုပ်ချုပ်သော ဩဇာရှိသည့်မြို့စားမင်းတစ်ဦးထက် ဝက်မိစ္ဆာကြီးတစ်ကောင်နှင့်ပင်ဆင်တူနေသေးသည်။

“ ဟီးဟီး....ကြွယ်စင်း မင်းမျက်နှာဖုံးကို သူ့ကိုတပ်ပေးလိုက်ရင် တကယ့်ကျူးပါကျဲနဲ့တူသွားတာ....”

ကြွယ်ယန်က မြို့စားမင်းကိုမမှိတ်မသုန်ကြည့်ရှုနေရာမှ ထိမ်းချုပ်မထားနိုင်တော့ဘဲ တခွိခွိရယ်မောကာပြောလိုက်သည်။

သူ၏စကားကြောင့် ကြွယ်စင်းကအနည်းငယ်စိုးရိမ်ပူပန်သွားပြီး အိပ်မောကျနေသည့်မြို့စား၏အနီးသို့ဖျက်ခနဲကပ်သွားကာ အိပ်ပျော်စေသည့်အကြောကိုထိုးပိတ်လိုက်သည်။

ထိုအခါ နဂိုကပင်ဝက်သေတစ်ကောင်လိုနှစ်ခြိုက်စွာအိပ်မောကျနေသည့်မြို့စား၏ဟောက်သံများက ပို၍ကျယ်လောင်လာပြီး မြေကြီးများပင်တုန်ဟည်းမတတ်ထင်ရသည်။

“ မင်းအသံကြီးက သူနိုးသွားမယ်ကွ....”

မြို့စား၏‌အိပ်ပျော်စေသည့်အကြောကိုထိူးပိတ်ပြီးမှ ကြွယ်စင်းက သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

သူ၏စကားကြောင့်မျက်နှာဖုံးအောက်မှကြွယ်ယန်က သဘောကျစွာရယ်မောလိုက်ပြီး အိပ်မောကျနေသည့်မြို့စားမင်း၏ပါးကိုခပ်ဆက်ဆက်ကလေးရိုက်ကာပြောလိုက်သည်။

“ မင်းအကြောမပိတ်ရင်တောင်ဒီဝက်ကြီးကနိုးမှာမဟုတ်ဘူး ။ သူအိပ်နေတဲ့ပုံကြီးကိုကြည့်ပါလား...ဆင်နင်းရင်တောင် နိုးမယ့်ပုံမပေါ်ဘူး....”

ကြွယ်ယန်၏စကားကြောင့် ကြွယ်စင်းလည်း ပါးစောင်မှသွားရေများစီးကျနေရင်း တခူးခူးဟောက်နေသည့်လူကြီးပြန်ကြည့်ကာ ခေါင်းညိမ့်လိုက်မိသည်။

ထို့နောက် ကြွယ်ယန်က‌လေးနက်သည့်လေသံဖြင့်မေးလိုက်သည်။

“ ဘာဆက်လုပ်ကြမှာလဲ....”

ကြွယ်စင်း၏မေးခွန်းကို ကြွယ်ယန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ဘာဆက်လုပ်စရာရှိလို့လဲ ဒီ‌ကောင်ကြီးကို ထမ်းပြီး သူ‌ဌေးချင်ရဲ့စံအိမ်ကိုတိတ်တဆိတ်ခေါ်သွားမယ် ။

ပြီးရင် ဟိုမှာအသင့်စောင့်နေမယ့် မြို့က လူကြီးတွေရဲ့ရှေ့မှာ သူ့ရဲ့ပြစ်မှုတွေကိုစစ်မေးမယ် ။

ဟင်းဟင်း...သူမပြောဘဲနေဝံ့ရင်တော့ ငါ့လက်သီးနဲ့တွေ့မှာပေါ့....”

လက်ဝါးနှစ်ဖက်ကိုပွတ်ရင်းစိတ်လှုပ်ရှားဟန်ဖြင့်ပြောလိုက်သည့်ကြွယ်ယန်၏ပုံစံက လူဆိုးထိမ်းအသစ်စက်စက်တစ်ဦးနှင့်ဆင်တူနေသေးသည်။

ကြွယ်ယန်က ယခုကိစ္စကိုမည်မျှတက်ကြွနေသည်ကိုကောင်းစွာသိရှိသည့်ကြွယ်စင်းကလည်း တစ်စုံတစ်ခုပြောဆိုခြင်းမပြုတော့ဘဲ ခေါင်းညိမ့်ပြလိုက်တော့သည်။

ထို့နောက် သူတို့အခက်တွေ့ရသည့်ကိစ္စတစ်ခုက ပေါ်လာပြန်သည်။

ဤသည်က သာမန်လူများထက်‌သုံးဆခန့်ရှိမည့်မြို့စားမင်း၏ခန္တာကိုယ်ကြီးကိုမည်သူကသယ်ရမည်နည်းဆိုသည့်ကိစ္စကြီးပင်ဖြစ်ပြီး နောက်ဆုံးတွင်ကား အမြဲလိုလိုအလျော့ပေးလေ့ရှိသည့် ကြွယ်စင်းသာ ထိုခန္တာကိုယ်ကြီးကို သူ၏ပခုံးပေါ်တွင်ထမ်းလိုက်ရတော့သည်။

မြို့စား၏အိပ်ပျော်စေသည့်အကြောကိုပိတ်ထား၍ တော်ရုံတန်ရုံဖြင့်နိုးမည်မဟုတ်သော်လည်း ပို၍စိတ်ချစေရန် ခန္တာကိုယ်ရှိသွေးကြောကွက်အတော်များများကိုပါထိုးပိတ်လိုက်ကြပြီး မြို့စားအနေဖြင့်အိပ်ယာနိုးလာလျှင်ပင် လှုပ်ရှားနိုင်မည်မဟုတ်သလို အသံပြုနိုင်မည်လည်းမဟုတ်တော့ပေ။

ထို့နောက် ကြွယ်ယန်တို့နှစ်ယောက်အဖို့ နောက်ထပ်ပြဿနာတစ်ခုကြုံလာရပြန်သည်။

ဤသည်က အပြင်ဘက်တွင် အသစ်လဲပြီးသည့်သိုင်းသမားသုံးယောက်စောင့်ကြပ်နေဦးမည်ဖြစ်ကာ လွန်စွာလေးလံကြီးမားသည့်ထိုခန္တာကိုယ်ကြီးကိုသယ်ဆောင်ရင်းတိတ်တဆိတ်ထွက်ခွာနိုင်ရန်က ခက်ခဲပေလိမ့်မည်။

အနည်းငယ်တွေးတောစဉ်းစားပြီးနောက် ရှောင်ယောင်တို့လည်း လာလမ်းအတိုင်းစံအိမ်အရှေ့ဘက်မှပြန်ထွက်ရမည့်အစား အနောက်ဘက်ဥယျာဉ်ဘက်ဆီမှပြန်လည်ထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။

သူတို့သိရှိထားသည့်အချက်အလက်များအရ အနောက်ဘက်ဥယျာဉ်ထဲတွင်လည်း အစောင့်လေးယောက်ရှိပြီး သူတို့ထဲတွင် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ပါဝင်သည်။

စံအိမ်၏ကျန်နေရာများတွင်အစောင့်များရှိနိုင်သော်လည်းအင်အားမည်မျှရှိသည်ကိုမသိရဘဲ ထောင်ချောက်များလည်းရှိနေသေး၍ ထိုနေရာများမှပြန်ထွက်ခြင်းက စွန့်စားရာကျပေသည်။

ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်နှင့် အဆင့်မြင့်သိုင်းသမားသုံးယောက်က အတော်လေးအစွမ်းထက်သည့်အင်အားဟုဆိုနိုင်သော်လည်း ကြွယ်ယန်ရောကြွယ်စင်းပါအဆင့်လွန်ထိပ်သီးများဖြစ်ရာ ထိုလူများကိုအေးဆေးစွာဖြေရှင်းနိုင်သည်။

သူတို့အတွက် သတိထားရမည့်တစ်ခုတည်းသောအရာက ထိုလေးယောက်ကိုအော်သံမထွက်ခင်ဖြေရှင်းရန်ဖြစ်ပြီး ကျန်လူများသိရှိသွားပါက သူတို့အတွက်မကောင်းပေ။

အနောက်ဘက်ဥယျာဉ်လေးထဲ၌ ဝိုင်းဖွဲ့စကားပြောနေကြသည့်သိုင်းသမားလေး‌ယောက်ရှိပြီး သစ်သားစားပွဲဝိုင်းလေးကိုဝိုင်းကာထိုင်နေကြပြီး သူတို့၏အလယ်၌ အရက်အိုးအနည်းငယ်လည်းရှိနေသည်။

လူချမ်းသာတို့နေထိုင်ရာဖြစ်၍ အနောက်ဘက်ဥယျာဉ်ထဲတွင်အမျိုးအစားစုံလင်သည့်ပန်းပင်များ၊ အလှစိုက်သစ်ပင်များရှိသော်လညိး အပြာရောင်ဝတ်စုံဝတ်သိုင်းသမားလေးယောက်ကား အလှအပကိုမခံစားတတ်ဘဲ အရက်သောက်ရင်းစကားတပြောပြောရှိနေကြသည်။

စီရန်မြို့စားလိုကျိကျိတတ်ကြွယ်ဝချမ်းသာသူတစ်ဦးထဲတွင်အလုပ်လုပ်သူများအနေဖြင့် လတိုင်းများပြားသည့်ရိက္ခာငွေရရှိရုံစာမက စားရေးသောက်ရေးတွင်လည်းသဘောရှိဖြစ်လေရာ သိုင်းသမားများစွာမြို့စားလက်အောက်၌ရှိနေခြင်းက အထူးအဆန်းတော့မဟုတ်ပေ။

ယခုအခါ အပြာရောင်ဝတ်စုံဝတ်သိုင်းသမားများထဲမှ တစ်ယောက်က စကားဝိုင်းကို ဦးဆောင်ပြောဆိုနေခြင်းဖြစ်ပြီး ကျန်သုံးယောက်က ထိုလူ၏အကြိုက်ကိုလိုက်ကာ တစ်ချက်တစ်ချက်မှ ဝင်ထောက်တတ်သည်။

အကြောင်းကား ထိပ်တန်းလွန်သိုင်းအဆင့်ရှိသည့်ထိုလူက သူတို့ကိုယ်ရံတော်အဖွဲ့ထဲတွင် တတိယမြောက်သိုင်းပညာအမြင့်ဆုံးဖြစ်၍ဖြစ်ပြီး သူ၏အထက်တွင် ခေါင်းဆောင်နှင့်ဒုခေါင်းဆောင်တို့သာရှိ၍ဖြစ်သည်။

“ ဆရာဝေပြောတာဟုတ်ပါ့မလား...လူငယ်မျိုးဆက်ကသိုင်းသမားတစ်ယောက်က အခုလိုမျိုးစွမ်းဆောင်နိုင်တာ ယုံရခက်ပဲ ။ ပြီးတော့ သူကသိုင်းပညာထိပ်တန်းအဆင့်ပဲရှိသေးတယ်ဆို....”

အဆင့်မြင့်သိုင်းသမားသုံးယောက်ထဲမှတစ်ယောက်က အနည်းငယ်သံသယဖြစ်သည့်ဟန်ဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့် ဆရာဝေဆိုသည့်ထိပ်တန်းလွန်သိုင်းသမားက နှာခေါင်းတစ်ချက်ရှုံ့ရင်းအထင်သေးဟန်ဖြင့်ပြောလိုက်သည်။

“ မင်းတို့ကောင်တွေက အဲဒါခက်တာပဲ။ တကယ်တမ်းကျသေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ သိုင်းအဆင့်က စကားမပြောဘူးကွ။

ကျုံဟွာတောင်တိုက်ပွဲမှာ ခရမ်းရောင်သွေးလဂိုဏ်းရဲ့အရှင်သခင်နှင်းငွေ့မိစ္ဆာသခင်ဆိုတာ ဘယ်အဆင့်လဲသိလား...သူက သိုင်းဝိဇ္ဇာတွေအားလုံးရဲ့အထက်မှာရှိတဲ့ ဧကရာဇ်အဆင့်ပဲ။

နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူနိင်ခဲ့တဲ့ပထမဓားသခင်ကရော ဘယ်အဆင့်လဲသိလား...သူက သိုင်းအဆင့်အနေနဲ့ဆိုရင် သိုင်းဝိဇ္ဇာအဆင့်ကိုတောင်မရောက်သေးဘူးကွ။

ဒါပေမယ့် သူ့ရဲ့ဓားပညာက သိုင်းလောကတစ်ခုလုံးကလူတွေရဲ့အထွတ်အထိပ်မှာရှိပြီး နောက်ဆုံးမှာ နှင်းငွေ့မိစ္ဆာသခင်လိုလူမျိူးတောင် ဒူးထောက်အရှုံးပေးရတာကိုကြည့်တော့....”

ဟန်ပန်တစ်ခွဲသားဖြင့်ပြောလိုက်သည့်ဆရာဝေ၏စကားက မာန်ပါလှသည့်အပြင် သူပြောသည့်အကြောင်းအရာများကလွန်စွာကြီးကျယ်လှ၍ ကျန်သုံးယောက်မှာ ခပ်ကုတ်ကုတ်အမူအယာဖြင့်မျက်လေးများဝိုင်းစက်ကာနားထောင်နေကြရသည်။

သူတို့ထဲတွင် သိုင်းပညာအမြင့်ဆုံးဖြစ်သည့်အပြင် ပထမတန်းစားအင်အားစုတစ်ခုမှလာခဲ့သည့် ဆရာဝေက အတွေ့အကြုံဗဟုသုတလည်းအပြည့်ဝဆုံးဖြစ်ပြီး သူပြောသည့်အကြောင်းအရာအများစုကိုကျန်လူများက တလေးတစားနားထောက်ရခြင်းဖြစ်သည်။

ဆရာဝေ၏စကားများကြောင့် အံ့ဩတုန်လှုပ်မှုကိုခံစားရအပြီး၌သိုင်းသမားတစ်‌ယောက်က မဝံ့မရဲဖြင့်စောဒကတတ်လိုက်သည်။

“ အဲဒါက ပထမဓားသခင်လိုအတုမရှိတဲ့ပုဂ္ဂိုလ်ကြီးမလို့လေ ။ အခုကျုပ်‌တို့ပြောနေတဲ့လူက အခုမှသိုင်းလောကထဲကို ဝင်ခါစချာတိတ်လေးမဟုတ်လား..။

ပြီးတော့ သူအနိုင်ယူသတ်ဖြတ်နိုင်ခဲ့တဲ့လက်ရှစ်ဖက်လှံနတ်ဆိုးတို့ လောဘနတ်ဆိုးတို့က ခရမ်းရောင်သွေးလဂိုဏ်းရဲ့ခေတ်မှာ ငြိမ်ကုတ်နေကတဲ့ကောင်တွေပဲကို...”

ထိုလူ၏စကားကြောင့် ဆရာဝေက သူ၏ဦးခေါင်းကိုခါယမ်းလိုက်ပြီးတည်ကြည်လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ လူတစ်ယောက်ကိုအမြင်နဲ့မဆုံးဖြတ်သင့်ဘူး ။ ပြီးတော့ အခုလိုသတင်းကြားရုံနဲ့ဆို ပိုပြီးတောင်မဆုံးဖြတ်သင့်ဘူး။။

ဒါပေမယ့် သိုင်းလောကသားတွေရဲ့ပြောစကားအရဆိုရင် အဲဒီဝတ်စုံဖြူကျောင်းတော်သားက တကယ်ပဲအစွမ်းအစရှိတာပေါ့ ။

ဒီလိုမှမဟုတ်ရင် ချူးကုနန်တို့ အန်းဒူတို့လိုလူမျိုးတွေကိုဘယ်လိုလုပ်အနိုင်ယူသတ်ဖြတ်နိုင်မှာလဲ။

လက်ရှိသိုင်းလောကထဲမှာ သိုင်းဝိဇ္ဇာတွေကိုဖယ်ထားရင် သူတို့နှစ်ယောက်ကိုသတ်ဖြတ်နိုင်တဲ့လူဘယ်နှစ်‌‌ယောက်ရှိလို့လဲ။

အခု ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့လူက အသက်နှစ်ဆယ်လောက်ပဲရှိသေးပေမယ့် မိစ္ဆာဝိညာဉ်ရဲ့ခေါင်းဆောင်တွေလိုရာဇဝင်လူဆိုးကြီးတွေကိုဖြေရှင်းနိုင်နေပြီ။

နောင်တစ်ချိန်ကျရင်သူလည်း ပထမဓားသခင်တို့လိုအဆင့်မျိုးရောက်လာမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ....”

ဆရာဝေ၏လေးနက်တည်ကြည်လှသည့်အမူအာယာကြောင့် ကျန်လူများလည်းငြိမ်သက်သွားကြပြီး သူတို့၏စိတ်ထဲတွင်အတွေးကိုယ်စီဖြတ်ပြေးကုန်ကြသည်။

မှန်ပေသည် ။

သူတို့လေး‌ယောက်ကလက်တလောသိုင်းလောကတွင် မသိသူမရှိနာမည်ကျော်နေသည့်ဝတ်စုံဖြူကျောင်းတော်သား၏အကြောင်းကိုဆွေးနွေးနေခြင်းဖြစ်ကာ ဥယျာဉ်လေးထဲ၌ သူတို့၏ဆွေးနွေးပွဲကိုပြုံးပြုံးကြီးစောင့်ကြည့်နေကြသည့်လူနှစ်ယောက်ရှိနေသေးသည်ကိုတော့ သတိမပြုမိကြပေ။

“ ကြွယ်စင်းရေ ငါတော့ ဒီကောင်တွေကို ဆုံးမဖို့တောင် နည်းနည်းအားနာနေပြီ။ သူတို့က အစ်ကိုရှောင်ယောင့်ကိုတော်တော်လေးအထင်ကြီးကြတာပဲ....”

မျောက်မင်းစွန်းဝူခုန်းမျက်နှာဖုံးကိုဝတ်ဆင်ထားသည့် ကြွယ်ယန်၏စကားကို ကြွယ်စင်းကလည်း ခေါင်းညိမ့်ကာထောက်ခံလိုက်သည်။

“ အင်း...အစ်ကိုရှောင်ယောင်က သိုင်းလောကထဲမှာ တကယ့်ကိုကျော်ကြားနေတာပဲ ...”

သူတို့၏လေသံထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်သည့်အရိပ်အ‌ယောင်များကိုအထင်းသားတွေ့မြင်နိုင်သည်။

နှစ်များစွာအတူနေခဲ့ရပြီး ညီရင်းအစ်ကိုများထက်ပင်ရင်းနှီးသည့် ရှောင်ယောင်တစ်ယောက် ထင်ပေါ်ကျော်ကြားနေခြင်းကို ကြွယ်ယန်ရောကြွယ်စင်းပါ ဂုဏ်ယူဝမ်းမြောက်မိကြ၏။

သို့သော် ကြွယ်စင်းက သူ၏ပခုံးပေါ်တွင်လေးပင်လှသည့်ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုရှိနေသေးသည်ကိုသတိပြုလိုက်မိ၍ ဝက်သေကြီးတစ်ကောင်လိုမလှုပ်မယှက်ငြိမ်သက်နေသည့်မြို့စား၏ခန္တာကိုယ်ကြီးကို ဘေးတွင်အသာချကာပြောလိုက်သည်။

“ ငါတို့ ဒီလူတွေကိုမြန်မြန်ဖြေရှင်းကြရအောင် ...”

ကြွယ်စင်း၏စကားကိုကြားမှ ကြွယ်ယန်က လက်ရှိအခြေအနေကို ပြန်၍သတိထားမိသွားပြီးခေါင်းညိမ့်လိုက်သည်။

“ ကောင်းပြီ ငါက ထိပ်တန်းခွန်အဆင့်သိုင်းသမားကိုတာဝန်ယူလိုက်မယ်။ မင်းကကျန်တဲ့သုံးယောက်ကိုဖြေရှင်းလိုက်။ အသံကျယ်ကျယ်မထွက်စေနဲ့နော်...”

&&&&

All Chapters