← Chapters

မြို့စားမင်းကိုပြန်ပေးဆွဲခြင်း

Vol. 3 Ch. 16

မြို့စားမင်းကိုပြန်ပေးဆွဲခြင်း

Vol. 3 Ch. 16

ကြွယ်စင်းလို စကားနည်းတိတ်ဆိတ်သူတစ်ယောက်ပင် ယခုအခါစကားများစွာပြောနေပြီး သူ၏ပုံစံက အနည်းငယ်စိုးရိမ်ပူပန်နေဟန်လည်းတူသည်။

ရှောင်လင်ကျောင်းတော်တွင်သာဘုန်းကြီးတစ်ယောက်အဖြစ်ကြီးပျင်းလာရပြီး မ‌ကောင်းမှုဟုသက်မှတ်နိုင်မည့်ပြစ်မှုများကိုတစ်ကြိမ်မှမကျူးလွန်ဖူးသူတစ်‌ယောက်အနေဖြင့် တစ်ဖက်လူ၏ပိုင်နက်အတွင်းခိုးဝင်ခြင်းကပင်အနည်းငယ်စိုးထိတ်စရာကောင်းနေပြီဖြစ်သည်။

ထို့အပြင် ကြွယ်ယန်၏အစီအစဉ်အရ စီရန်မြို့စားမင်းကိုပြန်ပေးဆွဲဖမ်းဆီးကာ သူ၏မကောင်းများကိုစစ်ဆေးမေးမြန်း၍ လူအများရှေ့တွင်ချပြမည်ဖြစ်ပြီး မကောင်းသည့်မြို့စားမင်းလည်း အပြစ်ပေးခံရပေတော့မည်။

ထိုအကြံအစည်ကြီးကိုတွေးမိသူက ရွှေဉာဏ်တော်စူးရောက်သည့် ကြွယ်ယန်မှလွဲ၍အခြားမဟုတ်ဘဲ ထိုကိစ္စများက လွန်ခဲ့သုံးလေးရက်က တောအုပ်ထဲတွင် ဒုက္ခရောက်နေသည့်မောင်နှမကိုကယ်တင်ခြင်းမှအစပြုပေသည်။

စီရန်မြို့စား၏လူများကိုနှိမ်နင်းပြီး‌နောက် ထိုမောင်နှမ၏အကူအညီတောင်းမှုအတိုင်းသတင်းစကားပါးရန် စီရန်မြို့လေးဆီသို့သူတို့နှစ်ယောက်ရောက်လာခဲ့ကြသည်။

ထို့နောက်သူဌေးချင်ဆိုသူ၏စံအိမ်တွင်ညအိပ်ဖြစ်ခဲ့ကြပြီး မကောင်းမှုများစွာကို နောက်ကွယ်မှကြိုးကိုင်နေသည့် စီရန်မြို့စားမင်းအကြောင်းကိုလည်းသိရှိခဲ့ရသည်။

စီရန်မြို့စားက အမြတ်ကြီးစားဂုတ်သွေးစုတ်သည့်အာဏာရှင်တစ်ယောက်ဖြစ်ပြီး မြို့သူမြို့သားများကိုလည်းဖိနှိပ်ကာ သူ၏စည်းစိမ်ဥစ္စာများက ဒီရေအလားတစ်နေ့တစ်ခြားတိုးပွားလာသည်ဟုသိရသည်။

ထို့ကြောင့်ပင် ပျော်ပျော်နေတတ်ပြီးဗရုတ်ကျသည့်ကြွယ်ယန်ပင် စီရန်မြို့စားကိုဆုံးမရန်ဆုံးဖြတ်ခဲ့ပြီး သူ၏ဆုံးဖြတ်ချက်အများစုကိုအမြဲလိုလိုထောက်ခံသည့်ကြွယ်စင်းကလည်းမကန့်ကွက်ခဲ့....။

သို့သော် သူတို့အတွက်အတားအဆီးတစ်ခုက တစ်ဖက်လူ၏အဆင့်အတန်းကသာမန်မဟုတ်ဘဲ မြို့ငယ်တစ်မြို့ကိုအုပ်ချုပ်ရသည့်မြို့စားတစ်ယောက်ဖြစ်နေခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် သိုင်းလောကထဲတွင်တိုက်ပွဲများ၊ လူသေမှုများက နေ့စဉ်နှင့်အမျှဖြစ်ပျက်နေခြင်းက သာမန်သာဖြစ်ပြီး တစ်ခါတစ်ရံအစုလိုက်အပြုံလိုက်သေဆုံးမှုများပင်ရှိတတ်သည်။

ထိုသို့‌သောအမှုကိစ္စများမှာ သိုင်းလောကသားများ၏အချင်းချင်းရန်ငြိုးရန်စများပြဿနာများဖြစ်၍ နန်းမြို့တော်က မျက်စေ့မှတ်မမြင်ချင်ယောင်ဆောင်ပေးခဲ့ပြီး သာမန်ပြည်သူများကိုထိခိုက်မှ အတန်အသင့်သတိပေးလေ့ရှိသည် ။

နန်းမြို့တော်မှစစ်တပ်နှင့်ဘုရင့်သိုင်းသမားများမှာ သိုင်းလောကသားတိုင်းထိတ်လန့်ကြောက်ရွံ့ရသည့်အရာဖြစ်ပြီး ထိပ်တန်းအင်အားစုများပင်မယှဉ်နိုင်သည့်အရာဖြစ်သည်။

ထိပ်တန်းအင်အားစုတစ်ခုကိုဖျက်ဆီးလိုပါက နန်းမြို့တော်မှစစ်တပ်တစ်ခုစေလွှတ်ရုံသာဖြစ်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းအပါအဝင် မည်သည့်အင်အားစုကိုမဆိုမှုန့်မှုန့်ညက်ညက်ကြေသည်အထိဖျက်ဆီးနိုင်စွမ်းရှိသည်။

ယခုလို သိုင်းလောက၏ပြဿနာများကိုမျက်စေ့မှိတ်နေရခြင်းက ကြီးမြတ်သည့်ဝူအင်ပါယာခေတ်မတိုင်မီကဖြစ်ပြီး သိုင်းလောကနှင့်နန်းတွင်းရေးမှာတစ်နည်းတစ်ဖုံပတ်သတ်နေပြီး ကင်းကွာ၍မရခြင်းကြောင့်ဖြစ်၏။ ။

သို့သော် သူတို့၏အရာရှိများသာ သိုင်းသမားတစ်ယောက်ယောက်ကြောင့်သေဆုံးသွားပါက လက်သည်ထင်ရှားပါမူ ‌မိုးမြေအဆုံးထိလိုက်လံသတ်ဖြတ်ကြပေမည်။

ယခုလည်း ကြွယ်ယန်ဟအကြံအစည်က ဥပဒေဖြင့်မလွတ်ကင်းဘဲ သူတိုဘ၏လက်ချက်ဖြစ်ကြောင်းသိသာထင်ရှားပါက ရှောင်လင်ကျောင်းတော်ပင်သူတို့ကိုကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ကြွယ်စင်းမှာ စိုးရိမ်ပူပန်နေခြင်းဖြစ်ပြီး ကြွယ်ယန်လည်းအလားတူတုန်လှုပ်မိသော်ငြား အပြင်ပန်းတွင်မဖော်ပြဘဲ ယုံကြည်မှုပြည့်ဝသည့်အမူအယာဖြင့်ပြောလိုက်သည်။

“ ဘာမှစိတ်ပူမနေနဲ့ ငါတို့ကြိုတင်ကြံစည်ထားတဲ့အတိုင်းပဲ။ သူ့ကိုဖမ်းဆီးပြီးရင် သူလုပ်ခဲ့တဲ့ပြစ်မှုတွေကိုစစ်‌ဆေးမယ်...သူဌေးချင်နဲ့ ကျန်တဲ့မြို့မျက်နှာဖုံးတွေက ငါတို့ရဲ့သက်သတွေဖြစ်ပေးမယ်။

ဒါဆို ‌ဒီမြို့စားရာထူးပြုတ်ရုံတင်မဟုတ်ဘူး ဖမ်းဆီးထောင်ချတောင်ခံရနိုင်တယ်...”

ကြွယ်ယန်၏ပေါ့ပေါ့တန်တန်စကားကြောင့် ကြွယ်စင်းလည်း ခေါင်းယမ်းလိုက်ပြီး စကားတစ်ခွန်းမှမဆိုတော့ပေ။

ထို့နောက် သူတို့နှစ်ယောက်လည်း တိတ်ဆိတ်စွာစောင့်ကြည့်နေကြပြီး သူတို့၏အကြည့်များက ခြံဝန်းအလယ်ရှိကြီးမားသည့်စံအိမ်ကြီးဆီသို့ရောက်ရှိနေကြခြင်းဖြစ်သည်။

ထိုစံအိမ်က စီရန်မြို့စားမင်းနေထိုင်ရာစံအိမ်ကြီးဖြစ်ပြီး ထိုရှေ့တွင် အပြာရောင်ဝတ်စုံဝတ်သိုင်းသမားအချို့စောင့်ကြပ်နေကြသည်။

ယခင်ရက်များကစုံစမ်းသိရှိထားသည့်သတင်းများအရ မြို့စားခြံဝန်းတွင်အစောင့်အကြပ်တစ်ရာနီးပါးရှိပြီး ထိုအထဲမှငါးဆယ်က မြို့စောင့်တပ်ဖွဲ့မှတပ်သားများဖြစ်ကာ ကျန်တစ်ဝက်ခန့်က သိုင်းသမားများဖြစ်ကြသည် ။

မြို့စား၏လက်အောက်တွင်ရှိသည့်သိုင်းသမားများကိုနှစ်မျိုးနှစ်စားခွဲထားပြီး အညိုရောင်ဝတ်စုံဝတ်သိုင်းသမားများက ခြံဝန်းလုံခြုံရေးအတွက်ဝာာဝန်ယူရပေသည်။

မြို့စား၏ကိုယ်ရံတော်အဖွဲ့ဖြစ်သည်ါ အပြာရောင်ဝတ်စုံဝတ်သိုင်းသမားများမှာမူ နှစ်ဆယ်ခန့်ရှိကာ သူတို့ထဲမှ အနိမ့်ဆုံးကလူပင်အဆင့်မြင့်သိုင်းအဆင့်ရှိကာ သူတို့၏ခေါင်းဆောင်က အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သည်။

ယခင်က ကြွယ်ယန်တို့နှစ်ယောက်မှာ မြို့စား၏မကောင်းမှုများကိုကြားသည့်တိုင် ထိုမျှယုံကြည်ခြင်းမရှိကြဘဲ ယခင်ရက်များက သူတို့မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရသည့်ကိစ္စအနည်းငယ်နှင့် ကြီးကျယ်ခမ်းနားလှသည့်မြို့စား၏ခြံဝန်းကြီးကိုမြင်ပြီးနောက် သူ‌ဌေးချင်ပြောသည်များကအမှန်ဖြစ်ကြောင်းသိခဲ့ရသည်။

ထို့ကြောင့် ကြွယ်ယန်၏အကြံအစည်ကိုများစွာဘဝင်မကျသည့်ကြွယ်စင်းပင် နောက်ဆုံး၌ သဘောတူလိုက်ပါလာခြင်းဖြစ်ပြီး ယခုည၌ မြိူ့စားကိုပြန်ပေးဆွဲရန် ခြံဝန်းတွင်းတိတ်တဆိတ်ရောက်နေကြခြင်းဖြစ်၏ ။

စံအိမ်ရှေ့တွင်အပြာရောင်ဝတ်စုံဝတ်သိုင်းသမားသုံးဦးစောင့်ကြပ်နေကြပြီးအချင်းချင်းစကားပြောဆိုနေကြသည်။

ထိုသုံးယောက်လုံးက အဆင့်မြင့်သိုင်းသမားများသာဖြစ်ရာ ကြွယ်ယန်တို့အနေဖြင့်အချိန်တိုအတွင်းဖြေရှင်းနိုင်သော်လည်း အခြားလူများသိရှိမည်စိုး၍ အချိန်ကောင်းကိုစောင့်မျှော်နေခြင်းဖြစ်၏။

ရုတ်ဝရက် ကြွယ်ယန်က သူ၏အင်္ကျီအတွင်းမှ မျက်နှာဖုံးတစ်ခုကိုထုတ်ယူကာ ကြွယ်စင်းကိုပေးရင်း ခပ်တိုးတိုးပြောလိုက်သည်။

“ ရော့....ဒါတပ်ထားလိုက်...ဒါမှငါတို့ကိုလူမြင်ရင်တောင် ဘယ်သူဘယ်ဝါမှန်းမသိမှာ....”

သူ၏လုပ်ရပ်ကြောင့်ကြွယ်စင်းက အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

“ အခုလိုပုန်းလျှိုးကွယ်လျှိုးလုပ်ရမယ့်ဟာကို ဘာလို့ငါပြောသလိုမဝတ်လာတာလဲ ...”

ကြွယ်စင်းက ညဘက်တွင်တိတ်တဆိတ်လှုပ်ရှးရမည်ဖြစ်၍ အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ရန်အကြံပြုခဲ့သော်လည်းကြွယ်ယန်ကခေါင်းမာစွာဖြင့် အဖြူရောင်သိုင်းဝတ်စုံများကိုသာဝတ်ဆင်စေခဲ့သည်။

ယခု သူတို့၏မျက်နှာများကိုဖုံးကွယ်ရန်အကြံရှိနေပြီးမည်သည့်အတွင် အမှောင်ထဲတွင်ထင်ရှားစေမည့်အဝတ်အစားများကိုဝတ်ဆင်စေသည်ကို ကြွယ်စင်းတစ်ယောက်တွေးမရတော့ပေ။

ကြွယ်စင်း၏မေးခွန်းကြောင့် ကြွယ်ယန်က ငါးခူပြုံးပြုံးရင်းပြန်ဖြေလိုက်သည်။

“ ငါတို့ကအဖြူရောင်သစ္စာညီနောင်လေ....ဘာလို့သူခိုးဓားပြတွေလိုအနက်တွေဝတ်နေမှာလဲ....”

ထိုအကောင်း၏သောက်ကျိုးနဲအကြောင်းပြချက်ကြီးကိုသဘောပေါက်သွားသည်နှင့်ကြွယ်စင်းလည်း ကြွယ်ယန်၏မျက်နှာကြီးကိုပိတ်ထိုးလိုက်ချင်စိတ်များပင်ပေါ်ထွက်လာသည်။

ကြွယ်ယန်ကမူ စိတ်လှုပ်ရှားတက်ကြွနေဟန်တူပြီး အရောင်တောက်နေသည့်မျက်ဝန်းများဖြင့် မျောက်မင်းစွန်းဝူခုံး၏မျက်နှာဖုံးကိုတပ်လိုက်သည်။

စင်စစ် ကြွယ်ယန်ယူဆောင်လာသည့်မျက်နှာဖုံးဆိုသည်မှာလညိးအထင်ကြီးဖွယိမရှိဘဲ ညဈေးတန်းတွင်ရောင်းသည့်မျက်နှာဖုံးနှစ်ခုသာဖြစ်သည်။

သူကိုယ်တိုင်က မျောက်မင်း၏မျက်နှာဖုံးကိုတပ်ဆင်ကာ ကြွယ်စင်းကိုတော့ ကျူးပါကျဲ၏ဝက်မျက်နှာဖုံးကိုပေးထားခြင်းဖြစ်ပြီး ကြွယ်စင်းလို တိတ်ဆိတ်အေးဆေးသူတစ်ဦးပင် ကြွယ်ယန်နှင့်အတူရှိတိုင်း တစ်ခုမဟုတ်တစ်ခုဒေါသထွက်ရသည်သာဖြစ်သည်။

သို့သော် ယခုအချိနိက ရန်ဖြစ်ရမည့်အချိန်ကောင်းမဟုတ်ဘဲကြွယ်ယန်လည်း ကျူးပါကျဲ၏ဝက်မျက်နှာဖုံးကိုပင်တပ်ဆင်လိုက်ကာ စံအိမ်ကြီး၏ရှေ့ရှိသိုင်းသမားသုံးယောက်ကိုဆက်လက်စောင့်ကြည့်လိုက်သည်။

သူတို့သိရှိထားသည့်အချက်အလက်များအရ မြိူ့စားနေထိုင်သည့်စံအိမ်တွင် မြင်သာထင်သာရှိသည့်ရှေ့မျက်နှာသာက အန္တရာယ်အနည်းဆုံးဖြစ်ပြီး ကျန်ရှိနေသည့်နေရာများတွငိ ထောက်ချောက်အချို့နှင့်အမှောင်ထဲမှစောင့်ကြပ်နေသည့်သိုငိးသမားများရှိသည်ဟုသိရသည်။

ထို့ကြောင့် သူတို့ကိုမိနိုင်ရန်အခွင့်အရေးများသည့်နေရာများမှမဝင်ဘဲ ရှေ့တည့်တည့်မှဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ညပိုင်းတွင် သန်းခေါင်မရောက်မီအစောင့်တစ်ကြိမ်လဲပေသည်။

ထိုအချိန်ကလေးကိုအခွင့်ကောင်းယူကာ သူတို့နှစ်ယောက်က မြို့စားကိုပြန်ပေးဆွဲမည်ဖြစ်ပြီးမည်သူမှသတိမထားမိခင်မှာပင်စံအိမ်ထဲမှပြန်ထွက်မည်ဖြစ်သည်။

မှန်းချက်နှင့်နှမ်းထွက်ကိုက်ညီမည်လောဆိုသည်ကိုတော့.....

“ ဟိုမှာအစောင့်တွေထွက်သွားတော့မယ် အထဲကိုဝင်ဖို့အဆင်သင့်ပြင်ထား....”

ကြွယ်ယန်က အသံတိုးတိုးဖြင့်ပြောဆိုလိုက်ရင်း စံအိမ်ရှေ့ဘက်သို့မျက်တောင်မခတ်တမ်းစူးစိုက်ကြည့်နေသည်။

သူ၏နံဘေးရှိကြွယ်စင်းကလည်း အသာခေါင်းညိမ့်ပြလိုက်ပြီးတိတ်ဆိတ်စွာဖြင့်စောင့်ကြည့်လျက်ရှိသည်။

သူတို့၏အကြည့်အောက်မှာပင် အပြာရောင်ဝတ်စုံဝတ်သိုင်းသမားသုံးယောက်က ‌စကားပြောဆိုရယ်မောနေကြရင်းမှခြံဝန်းအတွင်းပိုင်းတစ်နေရာရှိသူတို့၏အဆောင်များဆီသို့လျှောက်သွားလိုက်ကြသည်။။

မြို့စားမင်း၏စံအိမ်ကလုံခြုံရေးတင်းကြပ်သည်မှန်သော်လည်း စစ်အခြေစိုက်စခန်းမဟုတ်၍ အချိန်ပြည့်စောင့်ကြပ်ရန်မလိုအပ်ဘဲ ထိုလူများက သူတိူ့၏တာဝန်ချိန်ပြီး၍အလှည့်ကျလူများကိုသွားရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။

အပြာရောင်ဝတ်စုံဝတ်လူသုံးယောက်မှာ မြို့ထဲရှိစားကောင်းသောက်ဖွယ်များ၊ အကမယ်များအကြောင်းပြောဆိုနေကြရင်းမှ သူတို့၏ခေါင်းပေါ်မှရိပ်ခနဲကျော်ဖြတ်သွားသည့်လူရိပ်နှစ်ခုကိုသတိမပြုမိလိုက်ကြပေ။

ဤသို့ဖြင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့နှစိဦးသား မြို့စားမင်းနေထိုင်သည့်စံအိမ်အတွင်းပိုင်းသို့ ရောက်ရှိသွားလေသည်။

&&&&

အခန်းထဲတွင် မီးများထိန်ညီးနေအောင်ထွန်းညိထားပြီး မျက်နှာကြက်မှတွဲလောင်းကျနေသည့်မီးအိမ်ကြီးနှစ်ခုကလည်းဝံ့ကြွားစွာရှိနေကြသည်။

အခန်း၏အကျယ်အဝန်းက သာမန်အခန်းများထက်နှစ်ဆခန့်ကျယ်ဝန်းပြီး တန်ဖိုးကြီးပရိဘောဂများစွာဖြင့်ဆင်ယင်ထားကာ တစ်စုံတစ်ယောက်၏အိပ်ခန်းဟုပြောလျှင်ယုံချင်စဖွယ်မရှိပေ။

သို့သော် ထိုအခန်းကအမှန်ပင် အိပ်ခန်းတစ်ခုသာဖြစ်ပြီး တော်ရုံတန်ရုံသူဌေးများ၏ဧည့်ခန်းမထက်ပို၍ခမ်းနားသည့်ဤနေရာကား စီရန်မြို့၏အရှင်သခင် မြို့စားမင်း၏အိပ်ခန်းပင်ဖြစ်သည်။

အိပ်ခန်း၏တစ်နေရာတွင် လူငါး‌ယောက်ခန့်ချောင်ချောင်ချိချိအိပ်စက်နိုင်မည့်ကုတင်ကြီးတစ်လုံးရှိနေပြီး ကုတင်ထက်မှအိစက်ညက်ညောသည့်ဖဲမွေ့ယာထက်တွင် အကောင်းစားပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့် အသက်လေးဆယ်ကျော်ခန့်ရှိမည့်လူဝကြီးတစ်ဦးအိပ်မောကျလျက်ရှိသည်။

အပြင်သို့စုထွက်နေသည့်ပါးစုံများ၊ ပက်လက်လှန်အိပ်မောကျနေသည့်တိုင်အပေါ်သို့မောက်တက်နေသည့်ဗိုက်ပူပူကြီးနှင့်အသက်ရှူသွင်းရှူထုတ်လိုက်တိုင်းလှုပ်ခတ်သွားသည့်အဆီများက ထိုလူကြီးမည်မျှဝဖီးနေကြောင်းဖော်ပြလျက်ရှိသည်။

ထို့အပြင် အသက်ရှူသွင်းရှူထုတ်လိုက်တိုင်း တခူးခူးမည်နေသည့်ဟောက်သံကြီးက မိုးခြိန်းသံတမျှကျယ်လောင်ပြီး ထိုလူကြီး၏ဘေးတွင်မည်သည့်လူသားတစ်ဦးတစ်ယောက်မှ ကောင်းစွာအိပ်စက်နိုင်မည်မဟုတ်ပေ။

သို့သော် ကုတင်ထက်ရှိလူကြီးကား သူ၏အတ္တဘောကြီးကိုအထိမ်းအချုပ်မရှိလွှတ်ပေးထားကာ နှစ်ခြိုက်စွာအိပ်မောကျနေပြီး သူ၏နှုတ်ခမ်းထောင့်စွန်းကွေးတက်နေသည်ကိုကြည့်ခြင်းဖြင့် အိပ်မက်ကောင်းများပင်မက်နေဟန်တူသည်။

အိပ်ခန်းထဲသို့ရောက်ရှိနေသည်မှာ အချိန်အနည်းငယ်ကြာမြင့်နေပြီဖြစ်သော်ငြား ကြွယ်ယန်နှင့်ကြွယ်စင်းတို့မှာ အိပ်ယာပေါ်ရှိဖက်တီးကြီးသို့မဟုတ် စီရန်မြို့စားမင်းကို ပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်အံ့ဩစွာကြည့်ရှုနေကြသည် ။

မြို့စားမင်းမှာ သူ၏စံအိမ်ပြင်ပသို့တစ်ရက်တစ်ကြိမ်ပင်ထွက်လေ့မရှိ၍ ကြွယ်ယန်တို့နှစ်ယောက်မှာ မြို့စား၏ရုပ်သွပ်ကိုတစ်ကြိမ်မှမမြင်ဖူးခဲ့ကြပေ။

&&&

All Chapters