← Chapters

အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေး

Vol. 3 Ch. 48

အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေး

Vol. 3 Ch. 48

ဖြူဖွေးသည့်ဇပဝါတစ်ထည်က သူမ၏မျက်နှာကိုဖုံးကွယ်၍ မိန်းမပျိုလေး၏မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာမမြင်ရသော်လည်း ဝိုးတဝါးမြင်နေရသည့်မျက်နှာကလေးက နာမည်ကျော်ပန်းချီဆရာများလက်မှိုင်ချသွားနိုင်သည်အထိ လှပတင့်တယ်ပေမည်။

ပို၍အံ့ဩစရာကောင်းသည်က ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ မနာလိုခြင်း၊ နှစ်သက်ခြင်းစသည့်ခံစားချက်များကင်းစင်နေသည့်သူမ၏အကြည့်များဖြစ်ပြီး မိန်းမပျိုလေး၏တင့်တယ်သည့်ဟန်ပန်က သေမျိုးကမ္ဘာသို့ဆင်းသက်လာသည့်နတ်ဘုရားမတစ်ပါးနှင့်ပင်ဆင်တူနေသည်။

သူမ၏‌မေးခွန်းကိုပြန်မဖြေဘဲ ငေးစိုက်ကြည့်နေသည့် စင်းဂျီကြောင့် မိန်းမပျိုလေး၏မည်းနက်သွယ်တန်းနေသည့်မျက်ခုံးလေးများက သဘောမကျဟန်ဖြင့်တွန့်ချိုးသွားကာ ထိုနေရာမှထွက်ခွာရန်ပြင်လိုက်သည်။

ထိုအခါမှ ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းနေသည့်စင်းဂျီက သတိဝင်လာပြီး အလျှင်အမြန်ပြောလိုက်သည်။

“ မိန်းကလေး စောစောက ဘာမေးလိုက်တာလဲ....”

မိန်းမပျိုလေး၏မျက်နှာကိုမမြင်ရသည့်တိုင် သူမ၏ပုံရိပ်ကလေးက တစ်ခါမြင်ရုံနှင့်တစ်သက်မမေ့နိုင်စရာဖြစ်၍ စင်းဂျီယခုလိုမိန်းမောသွားသည်က အဆန်းတော့မဟုတ်ပေ ။

စင်းဂျီ၏ပုံစံကိုများစွာမနှစ်မြို့သော်လည်း မိန်းမပျိုလေးက ထွက်သွားခြင်းမရှိဘဲ ပြန်မေးလိုက်သည်။

“ ကျမ စွန်းအိမ်တော်ကိုဘယ်လိုသွားရမလဲဆိုတာသိချင်လို့.....”

ထိုအခါမှ စင်းဂျီလည်း မိန်မပျိုလေး၏ပုံစံကိုပြန်၍အကဲခပ်မိကာ သူမက သိုင်းလောကထဲမှမိန်းမပျိုတစ်ဦးအလားဝတ်စားဆင်ယင်ထားသည်ကို သတိပြုမိလိုက်သည်။

ထိုမိန်းမပျိုလေးက ကြမ်းတမ်းခတ်ထန်သည့်သိုင်းလောကသားများအစား ရွှေနန်းတော်မှ မင်းသမီးများထက်ပင် ပို၍လှပသိမ်မွေ့သည်ဟုတွေးလိုက်မိသည် ။

နန်းမြို့တော်တွင် နှစ်အနည်းငယ်နေထိုင်ဖူးသည့်စင်းဂျီအတွက် ဂုဏ်သရေရှိအိမ်တော်မှသမီးပျိုများနှင့်ရွှေနန်းတော်မှမင်းသမီးအချို့ကိုပင်မြင်ဖူးပေသည်။

သူတို့ကလည်း လှပချောမောကာ ရှားပါးသည့်အလှလေးများဖြစ်ပြီး လူအများဝိုင်းအုံကြည့်ရှုရသည်အထိ နာမည်ကြီးကြပေသည် ။

သို့‌သော် ထိုမိန်းကလေးအားလုံးက သူ၏ရှေ့မှောက်ရှိ ရိုးရိုးရှင်းရှင်းသာဝတ်စားထားသည့်မိန်းမပျိုလေးကို လုံးဝမမှီနိုင်ဟု စင်းဂျီ၏စိတ်ထဲတွင်ခံစားမိနေသည် ။

အနှစ်သုံးဆယ်ကျော်ငြိမ်သက်နေသည့် သူ၏နှလုံးသားလေးက အနည်းငယ်ခုန်ပေါက်လာသော်လည်း ဤသည်က မိန်းမပျိုလေးကိုကြိုက်နှစ်သက်၍မဟုတ်ဘဲ သူမ၏တုနှိုင်းမဲ့ပုံစံကလေးကို သဘောကျမိခြင်းဖြစ်ပေမည်။

စင်းဂျီ၏စိတ်ထဲတွင် အတွေးများစွာဖြတ်ပြေးသွားသော်လည်း အလျှင်အမြန်ပြန်ဖြေပေးလိုက်သည်။

“ မိန်းကလေးက စွန်းအိမ်တော်ကလူငယ်ထိပ်သီးသိုင်းပြိုင်ပွဲကိုသွားမယ်ထင်တယ်။

စွန်းအိမ်တော်ရှိတဲ့စီးမင်မြို့က ကျန်းနန်နဲ့ကပ်ရပ်ပဲရှိနေ‌တာလေ....ပြီးတော့.....”

လူရည်လည်ပြီးသိုင်းလောကနှင့်နီးစပ်သူတစ်ဦးပီပီ စင်းဂျီမှာလက်ရှိသိုင်း‌လောကထဲတွင်ဖြစ်ပျက်နေသည့်အဖြစ်အပျက်အများစုကိုပင် အနည်းနှင့်အများသိရှိထားသေးသည်။

စွန်းအိမ်တော်သိုင်းပြိုင်ပွဲလို သိုင်းလောကတစ်ခုလုံးဟိုးဟိုးကျော်နေသည့်ပြိုင်ပွဲကို သူမသိစရာအကြောင်းမရှိပေ။

စင်းဂျီက စွန်းအိမ်‌တော်သို့သွားရမည့်လအ်းပြည့်ပြည့်စုံစုံလမ်းညွှန်ပေးလိုက်သလို မိန်းမပျိုလေးကလည်း သူ့ကိုကျေးဇူးတင်စကားပြောပြီး ချက်ခြင်းပင်မြို့အပြင်သို့ဦးတည်သွားကာ လျှင်မြန်စွာပျောက်ကွယ်သွားလေသည်။

စင်းဂျီလည်း ဆိုင်ရှေ့တွင်အချိန်အနည်းငယ်ကြာအောင် ကြောင်ငေးငေးရပ်နေမိပြီးမှ သူ၏ဆိုင်ကိုပင်သည်အတိုင်းပစ်ထားကာ မြို့အပြင်သို့ပြေးလိုက်သွားသော်ငြား လမ်းသွားလမ်းလာအချို့မှလွဲ၍မိန်းမပျိုလေး၏အရိပ်အယောင်ကိုပင်မမြင်လိုက်ရပေ။

ထို့နောက် စင်းဂျီလည်း အိပ်မက်ဆန်စွာရောက်ရှိလာကာ လေလိုပင်ပြန်လည်ပျောက်ကွယ်သွားသည့်မိန်းမပျိုလေးအကြောင်းပြန်တွေးလာရင်း လေးကန်သည့်ခြေလှမ်းများဖြင့်ပြန်လျှောက်လာစဉ် သူ၏ရှေ့တွင်ပိတ်ရပ်နေသည့်လူတစ်ယောက်နှင့်တိုက်မိတော့မလိုဖြစ်သွားလေသည် ။

အနီရောင်ဝတ်ရုံရှည်ကြီးတစ်ထည်ကိုခြုံထားကာ နောက်ကျောတွင်ဓားတစ်လက်သိုင်းလွယ်ထားသည့်ထိုလူက သိုင်းလောကသားတစ်ယောက်ဖြစ်ကြောင်းသိရှိနိုင်ပြီး သူ၏မျက်လုံးများကအတွင်းအားကောင်းမွန်ဟန်ဖြင့်တလက်လက်တောက်ပနေသည်။

စင်းဂျီက ထိုလူ့ကိုတစ်ချက်ကြည့်၍ ဘေးဘက်မှရှောင်ထွက်ရန်ပြင်လိုက်သော်လည်း အနီရောင်ဝတ်ရုံရှင်က စင်းဂျီ၏ပခုံးကိုဆုပ်ကိုင်ကာ အေးစက်စက်အသံဖြင့်မေးလိုက်သည် ။

“ စောစောက မင်းကိုဟိုမိန်းကလေးဘာတွေလာမေးသွားတာလဲ....”

ထိုလူ၏မေးခွန်းကြောင့် စင်းဂျီတစ်ယောက်အံ့အားသင့်သွားသော်လည်း မှုန်ကုတ်ကုတ်မျက်နှာဖြင့်ပြန်ပြောလိုက်သည်။

“ ဘာတွေလာမေးနေတာလဲ ဘာမိန်းကလေးမှမသိဘူး ဖယ်စမ်း....”

ထိုလူ၏ ပုံစံကလူကောင်းတစ်ယောက်မဟုတ်မှန်းသိသာရာ မည်သည့်အတွက် သူမေးသည့်မေးခွန်းကိုပြန်ဖြေရမည်နည်း ။

စင်းဂျီ၏တင်းမာသည့်စကားကြောင့်အနီရောင်ဝတ်ရုံရှင်၏တောက်ပသည့်မျက်လုံးများကအနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ၏ပုံစံက အန္တရာယ်ရှိသည့်အငွေ့အသက်များထွက်ပေါ်နေသည်။

လူရာနှင့်ချီ၍သတ်ဖြတ်ဖူးသူများတွင်သာရှိတတ်သည့်သွေးဆာရက်စက်သည့်အငွေ့အသက်များက အနီရောင်ဝတ်ရုံရှင်ထံတွင်ရှိနေပြီး စင်းဂျီ၏ပခုံးကိုဆုပ်ကိုင်ထားသည့်သူ၏လက်ချောင်းများက သံမဏိအလား တင်းမာလာသည်။

“ အ....”

ပြင်းထန်လှသည့်ဆုပ်အားကြောင့် စင်းဂျီ၏ပခုံးတစ်ခုလုံးနာကျင်သွားပြီး အရိုးကျိုးတော့မည်ဟုပင်ခံစားမိလိုက်သည်။

နာကျင်မှုကြောင့် စင်းဂျီ၏မျက်နှာကရှုံ့မဲ့သွားသလို တစ်ဖက်လူ၏သွေးဆာရက်စက်သည့်အငွေ့အသက်များကြောင့် သူ၏စိတ်ထဲတွင်ထိတ်လန့်တုန်လှုပ်သွားလေသည် ။

“ ငါမေးတာကိုမှန်မှန်မဖြေရင် မင်းကိုဒီမှာတင်သတ်ပစ်မယ်.....”

အနီရောင်ဝတ်ရုံရှင်၏အေးစက်စက်အသံက ခံစားချက်ကင်းမဲ့နေပြီး စင်းဂျီ၏ခြေဖျားလက်ဖျားများပင်အေးစက်သွားလေသည်။

လမ်းလယ်ခေါင်တွင်ဖြစ်ပျက်နေသည့်သူတို့၏အဖြစ်က လူတိုင်းအာရုံစိုက်စရာဖြစ်နေပြီး စင်းဂျီကိုမျက်မှန်းတမ်းမိသည့်လူများမှာ ခပ်လှမ်းလှမ်းမှအကဲခပ်နေကြသည်။

လက်ရှိအခြေအနေက စင်းဂျီအတွက်မကောင်းသော်လည်း အနီရောင်ဝတ်ရုံရှင်က ကြောက်စရာကောင်းသည့်သိုင်းသမားတစ်‌ယောက်ဖြစ်ရာမည်သူမှလာရောက်မကူညီဝံ့ကြပေ။

ထိုအကြောင်းကိုရိပ်စားမိ၍ စင်းဂျီလည်း အလျှင်အမြန်ပြန်ဖြေလိုက်သည်။

“ လမ်း...လမ်းမေးတာပါ သူက နေရာတစ်ခုကိုသွားချင်လို့.....”

အချိန်အနည်းငယ်ကြာပြီးနောက် အနီရောင်ဝတ်ရုံရှင်က အနီးရှိလူများကိုတိုးတိုက်၍မြို့အပြင်သို့ခပ်သုတ်ထွက်ခွာသွားလေသည်။

ထိုအခါမှ ချင်းယန်မြို့ခံများနှင့် ဈေးရောင်းဈေးဝယ်များမှာ စင်းဂျီ၏အနားသို့ရောက်ရှိလာပြီး အလျှင်အမြန်မေးလိုက်ကြသည်။

“ ဦးလေးစင်း အဆင်ပြေရဲ့လား.....”

“ ဘာဖြစ်သွားသေးလဲ စောစောကလူကဘယ်သူလဲ....”

အနီးရှိလူများ၏တစ်ယောက်တစ်ပေါက်မေးခွန်းများကြောင့် ကျိုးလုမတတ်ဖြစ်သွားသည့်ပခုံးကိုအသာနှိပ်နယ်နေသည့်စင်းဂျီ၏မျက်နှာက ပို၍ပင်ကြည့်ရဆိုးသွားသည် ။

သို့သော် ထိုအဖြစ်ကိုမပြောပါက သူကောင်းကောင်းထွက်သွားရမည်မဟုတ်မှန်းရိပ်စားမိ၍ ပြီးစလွယ်ပြန်ဖြေလိုက်လေသည် ။

“ သိုင်းသမားတစ်‌ယောက်နဲ့တူပါတယ် ကျုပ်ကို လူတစ်ယောက်ကိုတွေ့ဖူးလားမေးတာ ...ကြောင်တောင်တောင်နဲ့ မြို့ထဲကိုလာတဲ့လူတွေဒီလောက်များတာ ကျုပ်က ဘယ်လိုမှတ်မိမှာလဲ ...”

စင်းဂျီ၏စကားက အချက်ကျ၍ အနီးရှိလူများလည်း သဘောပေါက်သွားဟန်ဖြင့် ဝေဖန်ပြောဆိုလိုက်ကြသည်။

“ ဒီလိုကိုး.... ကျုပ်တို့က ခင်ဗျားကို သူတစ်ခုခုလုပ်တော့မယ်ထင်နေတာ....”

“ ဟမ့်...သူလုပ်ချင်တိုင်းလုပ်ရမလားကွ....ဒီမြို့မှာ ငါတို့မြိူ့စောင့်တပ်လည်းရှိတာကို....”

ထိုလူများမှာ အနီရောင်ဝတ်ရုံရှင်ရှိစဉ်က သတ္တိမရှိကြသော်ငြား ယခုအခါ ရဲဝင့်စွာပြောဆိုဆွေးနွေးနေကြပေသည် ။

အနှစ်မပါသည့်ထိုလူများ၏စိုးရိမ်ပူပန်စကားများကိုဘေးဖယ်ရင်း စင်းဂျီလည်းသူ၏ဆေးဆိုင်လေးသို့အလျှင်အမြန်ပြန်လာခဲ့တော့သည်။

ထို့နောက် ဆိုင်ကိုချက်ခြင်းပြန်ပိတ်ကာ သူ၏အဝဝတ်အစားများနှင့် တန်ဖိုးကြီးဆေးဝါးအချို့ကိုထုပ်ပိုးရင်း တစ်ကိုယ်တည်းအလုပ်ရှုပ်လျက်ရှိသည်။

စင်းဂျီ၏ထူးခြားသည့်အပြုအမူကြောင့် ဘေးနားရှိဆိုင်နီးချင်းများမှာ လောရောက်စပ်စုကြသော်လည်း စင်းဂျီက ယောင်ဝါးဝါးဖြင့်သာပြန်ဖြေ၍ သူ၏ပစ္စည်းများကိုသာ သိမ်းဆည်းလျက်ရှိသည်။

“ ဟမ့်.....ငါ့လို ပညာတတ်စာပေသမားတစ်ယောက်ကို ဒီလိုမျိုးချိန်းခြောက်လို့ရမလား။ ဒီကောင် နောက်မှ ဘယ်လောက်ဒေါသထွက်နေမလဲမသိဘူး....”

စင်းဂျီက တစ်ကိုယ်တည်းကျေနပ်အားရစွာဖြင့်ရေရွတ်လျက်ရှိသည်။

ထို့နောက် စင်းမိသားစုဆေးဆိုင်ဆိုသည့် သူ၏ဆိုင်လေးကိုတစ်ချက်ကြည့်ရင်း အထုပ်အပိုးများစွာဖြင့်စင်းဂျီက ခပ်တိုးတိုးရေရွတ်လိုက်သည် ။

“ ဟူး....ဘယ်အချိန်မှ ဒီကိုပြန်လာရမယ့်မသိဘူး။ ချင်းယန်ဂိုဏ်းသားရှိနေသေးရင် ဒီလိုကောင်တွေရမ်းကားဝံ့မှာမဟုတ်ဘူး.....”

သူ၏လေသံထဲတွင် လွမ်းဆွတ်တမ်းတမှုတို့ပါဝင်လျက်ရှိသည် ။

စင်းဂျီထွက်သွားပြီးနောက်ရက်များတွင် မီးဟုန်းဟုန်းတောက်ကာ ပြာကျနေသည့်စင်းမိသားစုဆေးဆိုင်ကိုလူအများဝိုင်းဝန်းငြိမ်းသက်လိုက်ရပြီး ကံကောင်းထောက်မစွာဖြင့်ကျန်ဆိုင်များကိုမီးမကူးသော်လည်း နှစ်ရာနှင့်ချီ၍တည်ရှိလာသည့်စင်းမိသားစုဆေးဆိုင်ကား တစ်ဝက်ခန့်မီးထဲပါသွားခဲ့ပေသည်။

&&&

ချင်းယန်မြို့နှင့် ကွာဝေးသည့်တောအုပ်တစ်ခုထဲတွင်

အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်လူရိပ်တစ်ခုက တောအုပ်ထဲတွင် တရိပ်ရိပ်ပြေးလွှားနေကာ ထိုလူ၏ကိုယ်ဟန်က လေဟုန်စီးနေသည့်ငှက်စိမ်းလေးတစ်ကောင်ပမာ ပေါ့ပါးလျှင်မြန်လှသည်။

အဖြူရောင်ပဝါပါတစ်ထည်ဖြင့်မျက်နှာကိုဖုံးကွယ်ထားသော်လည်း လှပ၍အချိုးအဆစ်ကျသည့်ခန္တာကိုယ်ကိုကောင်းစွာတွေ့မြင်နိုင်ကာ ဇာပဝါအောက်မှမျက်နှာပုံရိပ်ကလေးအရ နတ်သက်ကြွေနတ်မိမယ်လေးတစ်ယောက်လိုချောမောလှပသူလေးတစ်ဦးဖြစ်ကြောင်းသိနိုင်သည်။

သို့သော် သူမ၏ကိုယ်ဖော့ပညာက ထိတ်တန်းအဆင့်ရှိနေပြီး သစ်ပင်ခြုံနွယ်‌ပေါများလှသညမ့တောအုပ်ထဲတွင်ပင် အတားအဆီးမရှိလျှင်မြန်စွာရွေ့လျားလျက်ရှိသည်။

ရုတ်တရက် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေးက ရုတ်တရက်ကိုယ်ရှိန်သက်ကာ ရပ်လိုက်ပြီး သူ၏နောက်ဘက်ရှိသစ်ပင်များကြားကိုစူးစိုက်ကြည့်ကာအေးစက်စက်အသံဖြင့်ပြောလိုက်သည်။

“ ဒီလောက်အထိလိုက်လာပြီးပြီပဲ ထွက်လာခဲ့ကြတော့....”

မိန်းမပျိုလေး၏အသံက အေးစက်ကာခံစားချက်က်ကင်းမဲ့ဟန်တူသော်လည်း ကြည်လင်ချိုသာလျင်ရှိပေသည်။

မိန်းမပျိြလေး၏စကားအဆူံး၌အနီရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်လူနှစ်ယောက် သစ်ပင်များကြားမှထွက်ပေါ်လာပြီး သူမနှင့်မလှမ်းမကမ်းတွင်ရပ်လိုက်ကြသည် ။

ထိုလူနှစ်ယောက်က အသက်သုံးဆယ့်ငါးနှစ်ဝန်းကျင်ရှိကာရုပ်ချင်းဆင်ဆင်တူကြပေသည်။

တလက်လက်တောက်ပသည့်မျက်လုံးများက အတွင်းအားလွန်စွာကောင်းမွန်ဟန်တူပြီး သူတို့၏နောက်ကျောများ၌ ဓားကိုယ်ကိုယ်စီရှိကြသည်။

ယခုအခါ အနီရောင်ဝတ်ရုံရှင်နှစ်ဦး၏မျက်နှာထက်၌ အံ့အားသင့်သည့်အမူအယာများကိုမြင်တွေ့ရမည်ဖြစ်ပြီး ဤမျှသတိထား၍လိုက်လာနေသညိ့ကြားမှ ထိုမိန်းကလေးက သူတို့ကိုသတိထားမိသွားခြင်းအား အံ့ဩနေကြခြင်းဖြစ်သည်။

&&&_&

All Chapters