သိုင်းလောကတွင်လှုပ်ရှားရန်
Vol. 3 Ch. 30
ညအချိန်
မြို့တစ်ခုလုံးကိုအမှောင်ထုဖြင့်ဖုံးလွှမ်းထားပြီး နေ့ခင်းဘက်ကပင်ပန်းစွာအလုပ်လုပ်ထားကြ၍လူအများစုကအိပ်မောကျနေကြသည်။
မြို့၏တစ်နေရာရှိစံအိမ်ကြီးထဲတွင်မူ မီးများထိန်လင်းနေဆဲဖြစ်ပြီး အိပ်စက်အနားယူခြင်းမပြုသည့်သက်ရှိလူသားများလည်းရှိနေသည်။
ထိုလူသားများက အသက်ငါးဆယ်ကျော်ခန့်ရှိမည့်လူကြီးတစ်ယောက်နှင့်အသက်သုံးဆယ်ဝန်းကျင်လူရွယ်တစ်ယောက်တို့ဖြစ်ပြီး လူရွယ်က လူကြီး၏ရှေ့တွင်ရိုကျိုးဟန်ဖြင့်ရပ်နေသည်။
ထိုအနေအထားဖြင့်ရှိနေသည်ကအချိန်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကာ လူကြီးကစကားတစ်ခွန်းမှမဆိုသလို သူ၏ရှေ့ရှိလူရွယ်ကလည်း ညဉ်းညူသည့်အမူအယာမပြုဘဲ တိတ်ဆိတ်စွာရပ်နေခြင်းဖြစ်၏ ။
သူတို့နှစ်ဦးစလုံးက အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြပြီး လေးနက်သည့်အမူအယာကိုယ်စီဖြင့်ရှိကြသည် ။
လူကြီး၏ပုံစံကတစ်စုံတစ်ခုကိုတွေးတောနေသလို လူရွယ်ကလည်း သူ့ဆရာက အရေးကြီးကိစ္စတစ်စုံတစ်ရာကိုပြောဆိုစရာရှိမည်ဖြစ်မှန်းရိပ်စားမိ၍ တိတ်ဆိတ်စွာစောင့်နေခြင်းဖြစ်သည် ။
အချိန်အတော်ကြာမှလူကြီးက အတွေးနက်နေရာမှ ခေါင်းညိမ့်လိုက်ပြီး သူ၏ရှေ့ရှိလူရွယ်ကိုပြောလိုက်သည်။
“ ဖုန်းချူ မင်းသိုင်းလောကထဲကိုဆင်းလို့ရပြီ ...”
မျှော်လင့်မထားဘဲကြားလိုက်ရသည့်စကားကြောင့် လူရွယ်ကအချိန်အနည်းငယ်ကြာသည်အထိအံ့အားသင့်နေပြီးမှ ဝမ်းမြောက်ဝမ်းသာဖြစ်စွာဖြင့်ပြောလိုက်သည်။
“ တ .. တကယ်လားဆရာ....ဆရာပြောတော့....”
စိတ်လှုပ်ရှားမှုကြောင့် လူရွယ်၏အသံများပင်တုန်ယင်နေသည်။
သူ့ဆရာ၏တပည့်ဖြစ်ခဲ့ချိန်မှစ၍ အနှစ်နှစ်ဆယ်လုံး သိုင်းလောကသို့ဝင်ရောက်ကာ ကျော်ကြားသည့်သိုင်းသမားတစ်ယောက်ဖြစ်ရန်အိပ်မက်ရှိသော်လည်းအခြေအနေများစွာကြောင့် မထင်မရှားဖြင့်ယခုလိုနေရခြင်းဖြစ်၏။
ယခု သူ၏ဆရာကိုယ်တိုင်သိုင်းလောကသို့ဆင်းခွင့်ရပြီဟုဆိုလိုက်၍လူရွယ်၏ရင်ထဲရှိဝမ်းမြောက်မှုက မှန်းဆ၍မရအောင်ပင်များပြားလှသည်။
သိုင်းလောကရှိပါရမီရှင်လူငယ်မျိူးဆက်များအောက်မနိမ့်ကျသော်လည်း ယခုအချိန်ထိ မထင်မရှားသာနေရသည့်သူ့တပည့်ကျော်၏ လှိုက်လှိုက်လှဲလှဲပုံစံကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးပင်သဘောကျစွာပြုံးကာခေါင်းညိမ့်ပြလိုက်သည် ။
“ ဒါပေါ့ .... ငါလည်း သိုင်းဝိဇ္ဇာအဆင့်ရောက်ပြီဆိုတော့ သိုင်းလောကထဲကိုဝင်ရောက်တော့မယ်....”
သူ၏မျက်လုံးများက ဖျက်ခနဲတောက်ပသွားသလို ရှေ့ရှိလူရွယ်၏ပုံစံကလည်း လွန်စွာအံ့အားသင့်နေဟန်တူသည်။
“ ဆရာ....ဒါဆိုရင် ဟိုကိစ္စက....”
လူရွယ်၏လေသံက အစောပိုင်းကထက်ပင်ပို၍အံ့အားသင့်နေဟန်တူပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးက တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။
“ ဟုတ်တယ် အဲဒီကိစ္စကို ရှင်းလင်းဖို့အချိန်တန်ပြီ ။ ဟမ့် ဒီကောင်တွေက ငါ့ကိုသေပြီတောင်ထင်နေကြတာလားမသိဘူး။
ခေါင်းဆောင်ရဲ့ဟန့်တားမှုကြောင့်သာမဟုတ်ရင် သူတို့ကိုငါ့နည်းငါ့ဟန်နဲ့ဖြေရှင်းပြီးတာကြာပြီ ။
ဘာပဲဖြစ်ဖြစ်ပါ အရင်တုန်းက သိုင်းဝိဇ္ဇာအဆင့်ကိုမရောက်သေးလို့ငါသည်းခံပြီးနေခဲ့ပေမယ့် အခုတော့...”
အနက်ရောင်ဝတ်စုံဝတ်လူကြီးက စကားဆက်မပြောတော့သော်လည်းသူ၏ခန္တာကိုယ်မှအားကောင်းသည့်အတွင်းအားလှိုင်းများထွက်ပေါ်လာ၍ လူရွယ်လည်းတအံ့တဩဖြင့် ဝမ်းမြောက်ပျော်ရွှင်စွာပြောလိုက်သည်။
“ ဒါဆိုရင် ကျနော်တို့ဆရာတပည့်နှစ်ယောက် သိုင်းလောကကိုမွှေနှောက်ဖို့အချိန်ကျပြီပေါ့....”
သူ့တပည့်၏စကားက မောက်မာဝံ့ကြွားသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးကပါသဘောကျစွာရယ်မောလိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ရေရွတ်လိုက်သည် ။
“ ပြီးရင် ခေါင်းဆောင်အတွက် ငါတို့တတ်နိုင်သမျှအကျိုးဆောင်ပေးရဦးမယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါဒီတစ်သက်သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နိုင်မှာမဟုတ်ဘူး ....”
သူ၏လေသံထဲတွင်နက်ရှိုင်းသည့်လေးစားကြည်ညိုမှုတို့ရှိနေပေသည် ။
&&&
ငြိမ်သက်နေသည့်ကန်ရေပြင်ကကြည်လင်စိမ်းလဲ့နေသလို ရေကန်ထဲ၌ကူးခတ်နေသည့် အရောင်အသွေးစုံလင်သည့်ငါးများကိုပင်ထွင်းဖောက်မြင်နေရသည်။
ရေကန်ကြီး၏ဘေးတစ်ဖက်ဆီ၌ အရိပ်ကောင်းသည့်သစ်ပင်ကြီးများကြောင့် အုံ့ဆိုင်းအေးမြနေသလို ရေကန်အလယ်ရှိကျောက်ဖြူဇရပ်လေးကလည်း တစ်ခုထဲထီးထီးကြီးတည်ရှိလျက်ရှိသည်။
ကန်နံဘေးရှိ အရိပ်ကောင်းသောသစ်ပင်များ၊ ကြာမျိုးငါးပါးဖြင့်ပြည့်စုံသည့်ရေပြင်ကျယ်၊ ကျောက်ဖြူဇရပ်နှင့်ဝါးတံတားလေး စသည်တို့က ပန်းချီကားထဲမှရှုခင်းတစ်ခုအလား လွန်စွာအေးချမ်းသာယာနေပြီး တိတ်ဆိတ်မှုတို့လည်းပါဝင်လျက်ရှိသည်။
တိတ်တိတ်အေးချမ်းသည့်ပတ်ဝန်းကျင်ကိုဖြတ်ဆီးလိုက််သည့်အရာက အမောတကောရောက်ရှိလာသည့်လူတစ်ယောက်ဖြစ်ပြီး ထိုလူက ဝါးတံတားလေးကိုလျှင်မြန်စွာဖြတ်ကျော်ကာ ကျောက်ဖြူဇရပ်ကလေးနှင့်ဆယ်ပေခန့်အကွာ၌ဒူးထောက်၍ပြောလိုက်သည် ။
“ ခေါင်းဆောင်ကြီး ခြံဝန်းကိုကျူးကျော်သူတွေရှိပါတယ်....”
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်ထိုလူ၏သွင်ပြင်က နုနယ်ငယ်ရွယ်ပြီး အသက်သုံးဆယ်ပင်မပြည့်သေးပေ။
သို့သော် သူ၏သိုင်းပညာက သိုင်းထိပ်သီးအဆင့်ကိုရောက်ရှိနေပြီး သိုင်းလောကထဲမှလူငယ်မျိုးဆက်ထဲတွင်ပင်ထိပ်တန်းနေရာ၌ရှိပေသည်။
သို့သော် ဤနေရာတွင်သူ၏အဆင့်က အောက်ခြေသိမ်းအစေခံများထက်တစ်ဆင့်သာမြင့်မားပြီး ဇရပ်ထဲရှိပုဂ္ဂိုလ်ကြီးနှင့်ဆိုလျှင်မိုးနှင့်မြေလိုကွာခြားပေသည်။
ထို့ကြောင့်လည်း လူရွယ်၏အသံက အနည်းငယ်တုန်ယင်နေခြင်းဖြစ်ပြီး ပြင်ပမှုကျုးကျော်သူထက် ဇရပ်ထဲရှိပုဂ္ဂိုလ်ဒေါသထွက်သွားမည်ကိုပို၍စိုးထိတ်နေဟန်တူသည် ။။
လူရွယ်၏အရေးတကြီးလေသံကြောင့် ကန်ရေပြင်ကိုမျက်နှာမူကာ ကမ်းဘက်ကိုကျောပေး၍ထိုင်နေသည့်လူက နောက်လှည့်မကြည့်ဘဲ တည်ငြိမ်အေးဆေးသည့်လေသံဖြင့်ပြောလိုက်သည်။
“ ဖြေးဖြေး ပြောစမ်းပါဦး....ကျူးကျော်လာတဲ့လူကို စုန်းယိနဲ့စုန်းယောင်တို့တောင်မတားနိုင်လို့လား ...”
သူ၏လေသံက နူးညံ့သော်လည်း ဩဇာပြည့်ဝလျက်ရှိကာ လူတစ်ဖက်သားကိုသက်သောင့်သက်သာရှိစေနိူင်သလို ငြင်းဆန်မရသည့်အမိန့်အာဏာလည်းပါဝင်လျက်ရှိသည်။
ထိုလူက အဖြူရောင်ချည်ချောဝတ်စုံကိုဝတ်ဆင်ထားပြီး အသက်ခြောက်ဆယ်ဝန်းကျင်ခန့်ရှိမည့်လူတစ်ယောက်ဖြစ်သည်။
သူ၏အသက်က တတိယအရွယ်ကိုရောက်ရှိနေပြီဖြစ်သော်လည်း ထိုလူကြီး၏ရုပ်ရည်ကခန့်ညားချောမောနေဆဲဖြစ်ပြီး ဇရာ၏အရိပ်အယောင်တစ်ခုတစ်လေမှပင်မတွေ့ရပေ။
နက်ရှိုင်းပြီးခန့်မှန်းရခက်သည့်အကြည့်များက တည်ငြိမ်လှသလို တစ်ဖက်လူကိုထွင်းဖောက်မတတ်စူးရှသည့်အသွင်သဏ္ဍာန်လည်းရှိပေသည်။
ဇရပ်ထဲရှိလူ၏စကားကြောင့် ဒူးထောက်နေသည့်လူရွယ်က ရိုသေလေးစားသည့်လေလေသံဖြင့်ပြောလိုက်သည်။
“ ဟုတ်ပါတယ်ခေါင်းဆောင်ကြီး ဆရာစုန်းယိနဲ့ ဆရာစုန်းယောင်တို့နှစ်ယောက်ပေါင်းပြီးတိုက်တာတောင်အရေးနိမ့်နေပါတယ်။ ကျူးကျော်သူရဲ့ပုံစံက.... “
လူရွယ်၏စကားမဆုံးမီ ခပ်လှမ်းလှမ်းမှအသံတစ်သံထွက်ပေါ်လာသည်။
“ ဆိုတော့....လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဆိုတာ မင်းပေါ့....”
ရုတ်တရက်ထွက်ပေါ်လာသည့်ထိုအသံက တင်းမာခြင်းမရှိသော်လည်း အေးစက်နေပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ်ပင်ဆက်ခနဲဖြစ်သွားသည် ။
ထို့နောက် အလျှင်အမြန်လှည့်ကြည့်လိုက်ရာ ဝါးတံတား၏အစွန်ဘက်သို့ရောက်ရှိနေသည့်လူတစ်ယောက်ကိုတွေ့မြင်လိုက်ရသည်။
ထိုလူက အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏နောက်ကျောတွင်ဗျပ်စောင်းရှည်တစ်ခုကိုလွယ်ထားသည်။
အဖိုးအို၏အသက်အရွယ်က ခုနစ်ဆယ်ဝန်းကျင်ရှိနေပြီဖြစ်သော်လည်း တည်ကြည်ခန့်ညားသည့်ရုပ်သွင်ရှိပြီးတစ်ကြိမ်မြင်ရုံနှင့်လေးစားမိစေမည့်ဥပတိရုပ်မျိုးဖြစ်၏။
သို့သော် အဖိုးအိုကိုမြင်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်လူရွယ်က သူ၏နောက်ကျောမှဓားကိုရွှမ်းခနဲဆွဲထုတ်ရင်းအော်ဟစ်မာန်သွင်းကာ အဖိူးအိုထံသို့တိုးဝင်သွားလိုက်သည်။။
“ ကျူးကျော်သူ...သေစမ်း....”
အဖိုးအို၏သိုင်းပညာက သူ့ထက်အဆများစွာသာလွန်ကြောင်းသိရှိသည့်တိုင်လူရွယ်၏အမူအယာက တစ်စက်ကလေးမှကြောက်ရွံ့ဟန်မပြဘဲ အဖိုးအိုဆီသိူ့သူသေကိုယ်သေတိုက်ကွက်မျိုးဖြင့်တိုးဝင်လာပေသည်။
သူ၏လှုပ်ရှားမှုကသွက်လက်မြန်ဆန်ပြီး ထိပ်တန်းအဆင့်ကိုယ်ဖော့ပညာရှီကာခြေလှမ်းငါးဆယ်ကျော်အကွာအဝေးကိုတခဏအတွင်းရောက်ရှိသွားပေသည်။
ထို့ထက်ပို၍အရေးကြီးသည်က ခုခံကာကွယ်ရန်ကိုအရေးမစိုက်သည့်သူ၏ရက်စက်ကြမ်းကြုတ်သည့်ဓားကွက်ဖြစ်ပြီး ထိုသို့သောတိုက်ခိုက်မှုမျိုးကိုရင်ဆိုင်ရာတွင် အစွမ်းထက်ထိပ်သီးများပင် ရှောင်တိမ်းခုခံရပေမည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် အဖိုးအိုကသူ၏နေရာတွင်တည်တည်ငြိမ်ငြိမ်ရပ်နေဆဲဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ်သူ၏ ရှေ့သို့ရိပ်ခနဲရောက်ရှိလာမှ လက်တစ်ဖက်ကိုအသာဝေ့ယမ်းကာပြောလိုက်သည်။
“ မမိုက်ချင်စမ်းပါနဲ့ မင်းပညာနဲ့ငါ့ပညာအကွာကြီး....”
အဖိုးအို၏လေသံက တပည့်သားမြေးတစ်ယောက်ကိုဆုံးမသည့်အလားညင်သာနေသလို သူ၏လှုပ်ရှားမှုကလည်းအားအင်ပါဝင်ခြင်းမရှိဘဲ မှက်ခြင်ယင်ကိုခြောက်ထုတ်လိုက်သည့်အလားပင်။
သို့သော်ထိုလက်ဝါးချက်၌ပါဝင်သည့်အားလှိုင်းက ကြီးမားအားကောင်းလှပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ်မှာမည်သို့မှမဟန်နိုင်ဘဲ ဝါးတစ်ရိုက်အကွာသို့လွင့်စင်၍ ရေကန်အတွင်း ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။
ထိုအခိုက် အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းအရွယ်လူနှစ်ယောက်ရောက်ရှိလာကာ ဝါးတံတားအစပ်ရှိအဖိုးအိုကိုမြင်သည်နှင့် သူတို့၏မျက်နှာများက တင်းမာသွားကြသည်။
ထိုလူနှစ်ယောက်က ဒဏ်ရာကိုယ်စီရရှိထားကြပြီး ဓားရှည်ကိုင်ဆောင်ထားသူ၏ရင်ဘက်တွင် သွေးများစီကျနေသည့်ပြက်ရှရာလေးငါးခုရှိနေသလို ကျန်တစ်ယောက်သည်လည်း အတွင်းဒဏ်ရာရရှိထားပေသည်။
သို့သော် သူတို့နှစ်ဦးလုံးက ရရှိထားသည့်ဒဏ်ရာများကိုဂရုမစိုက်ဘဲ အဖိုးအိုဆီသို့ တစ်ပြိုင်နက်ခုန်ဝင်သွားကြသည်။
အဖိုးအိုကား ကျောက်ဖြူဇရပ်တွင်းရှိလူကိုသာနျက်တောင်မခတ်တမ်းကြည့်နေပြီး သူ၏အသက်ကိုနုတ်ယူနိုင်စွမ်းရှိမည့်ကြောက်မက်ဖွယ်တိုက်ခိုက်မှုနှစ်ခုကို လုံးဝဥသုံ လျစ်လျူရှုထားပေသည် ။
ထိုအခိုက်
“ ရပ်လိုက်....”
ကျောက်ဖြူဇရပ်ထဲမှလူကြီး၏ စကားသံထွက်ပေါ်လာသည်။
ရုတ်တရက်ဟန့်တားလိုက်သည့်ထိုအသံကြောင့် သတ်မည်ဖြတ်မည်တကဲကဲဖြစ်နေသည့်လူနှစ်ယောက်လုံးက အိမ်မွေးကြောင်ကလေးများပမာ အမူအယာပျော့ပြောင်းသွားကြပြီး အဖိုးအိုကိုပင်ဂရုမစိုက်ဘဲချက်ခြင်းလိုလိုဒူးထောင်အရိုအသေပေးကာပြောလိုက်သည်။
“ ခေါင်းဆောင် ကျုပ်တို့သူ့ကိူမတားဆီးလိုက်နိုင်ဘူး .....”
&&&&