← Chapters

မရဏဗျပ်စောင်း

Vol. 3 Ch. 31

မရဏဗျပ်စောင်း

Vol. 3 Ch. 31

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်လုံးက သိုင်းလောကထဲတွင်လူတိုင်းလေးစားကြရမည့်အဆင့်ရှိသော်လည်း ဇရပ်ထဲရှိလူကြီးကို လွန်စွာရိုသေလေးစားကြဟန်တူသည်။

သူတို့၏စကားသံထဲ၌ ကြောက်လန့်မှုအနည်းငယ်ပါဝင်နေပြီး ထိုသို့သောအပြုအမူကြောင့် ဝါးတံတားပေါ်ရှိအဖိုးအို၏မျက်ခုံးများပင်မြင့်တက်သွားလေသည် ။

သိုင်းဝိဇ္ဇာနှစ်ယောက်ကိုလက်အောက်ခံအဖြစ်ထားနိုင်ရုံသာမက ထိုနှစ်ယောက်လုံးမှာ သူတို့၏ခေါင်းဆောင်အတွက် သေလိုသေရှင်ဆိုရှင်စေမည့်အဆင့်ရောက်ရှိနေမှန်းအဖိုးအိုရိပ်စားမိလိုက်သည် ။

ထိုသို့သောအဖြစ်က သူ့လိုအတွေ့အကြုံများပြားလှသူတစ်ဦးကိုပင်အတော်လေးအံ့အားသင့်သွားစေပြီး ကျောက်ဖြူဇရပ်ထဲရှိလူကို ပို၍ပင်စိတ်ဝင်စားလာမိ၏။

ထိုအခိုက် တစ်ချိန်လုံးနောက်လှည့်မကြည့်ဘဲထိုင်နေသည့်ထိုလူကဖြေးညင်းစွာထရပ်ကာ သူတို့ဆီသို့လျှောက်လာလိုက်သည်။

အဖိုးအိုက ပဟေဠိဆန်ပြီးကြောက်မက်ဖွယ်ကောင်းလှသည့်ထိုလူ့ကိုစူးစိုက်ကြည့်ကာအကဲခပ်နေသည်။

ချောမောခန့်ညားပြီးလွှမ်းမိုးနိုင်စွမ်းရှိသည့်ထိုလူ၏သွင်ပြင်က တစ်ချက်ကြည့်ရုံနှင့်သာမန်မဟုတ်မှန်းသိနိုင်သလို သူ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အရှိန်အဝါများက သာမန်လူတစ်ယောက်ယောက်ကိုဒူး‌ထောက်ကျစေနိုင်သည် ။

ထို့အပြင် ကန်ရေပြင်လိုနက်ရှိုင်းပြီး‌‌တည်ငြိမ်သည့်မျက်ဝန်းအစုံကမှန်းဆရန်မဖြစ်နိုင်ဘဲဖြစ်ကာ အရေးအကြီးဆုံးအချက်က တစ်ဖက်လူက သိုင်းပညာလုံးဝမတတ်သည့်သာမန်လူတစ်ယောက်နှင့်ဆင်တူနေခြင်းဖြစ်သည်။

မည်သို့ဖြစ်နိုင်မည်နည်း။

အစွမ်းထက်သိုင်းသမားများစွာနှင့်သိုင်းဝိဇ္ဇာနှစ်ယောက်ကိုပင်ချုပ်ကိုင်ထားသည့်လူတစ်ယောက်က သိုင်းအညာမတတ်ဟုပြောလျှင် အဖိုးအိုလုံးဝယုံကြည်မည်မဟုတ်ပေ။

သူတို့၏အဆင့်မျိုးတွင်တစ်ဖက်လူကိုထွင်းဖောက်မမြင်နိုင်ခြင်းက ထိုလူ့ထံတွင်ဖုံးကွယ်နိုင်သည့်လျှို့ဝှက်ပညာရပ်တစ်ခုခုကြောင့်ဖြစ်မှန်းရိပ်စားမိလိုက်ပြီး အဖိုးအို၏စိတ်ထဲတွင်တင်းကြပ်သွားသည်။

ထိုစဉ် အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူတို့ဆီသို့ဖြေးညင်းစွာလျှောက်လာပေသည်။

သို့သော် သူ၏ခန္တာကိုယ်က ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပေများစွာအကွာသို့ရောက်ရှိသွားပြီး ပေငါးဆယ်ကျော်အကွာအဝေးကိုခြေလှမ်းအနည်းငယ်ဖြင့်ရောက်ရှိလာသည်။

ထိုမြင်ကွင်းကြောင့် အဖိုးအိုကမျက်မှောင်တင်းတင်းကြုတ်လိုက်ကာ သူနှင့်ခြေဆယ်လှမ်းအကွာ၌ရပ်နေသည့်လူကြီးကို သတိကြီးစွာဖြင့်ကြည့်လိုက်မိ၏။

မူလက သူ၏သိုင်းပညာဖြင့်သိုင်းလောကတစ်ခုလုံးရှိမည်သည့်နေရာကိုမဆိုတံခါးမရှိဓားမရှိဝင်ထွက်နိုင်မည်ဟုတွေးထင်ခဲ့မိသော်လည်း ဤနေရာတွင် ခန့်မှန်းရခက်ပြီးအစွမ်းထက်သည့်လူတစ်ဦးနှင့်တွေ့ဆုံရမည်ဟုထင်မထားမိပေ။

ထိုလူကြီး၏တည်ငြိမ်သည့်မျက်ဝန်းများက အဖိုးအိုထံသို့ကျရောက်လာပြီး ရုတ်တရက်ထိုမျက်ဝန်းအစုံက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပလာပြီး အဖိုးအို၏တစ်ကိုယ်လုံးကိုထွင်းဖောက်မြင်နိုင်တော့မတတ်စူးရှလာလေသည်။

သိုင်းဝိဇ္ဇာနှစ်ယောက်ကိုပင် ချွေးတစ်စက်မထွက်ဘဲအနိုင်ယူခဲ့သည့်အဖိုးအိုကလည်း ထိုလူကြီး၏အကြည့်အောက်တွင် မျက်မှောင်ကြုတ်ကာ စိတ်မသက်မသာဖြစ်နေဟန်တူပြီး ထိစပ်လုမတတ်တွန့်ချိုးထားသည့်သူ၏မျက်ခုံးများက အဖိုးအို၏စိတ်ထဲတွင်မည်သည့်အရာများတွေးတောနေသည်ကိုမည်သူမှမသိကြပေ။

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကလည်း ဒူးထောက်နေရာမှတစ်လက်မမှမရွေ့ဘဲရှိနေကြသည်။

သူတို့နှစ်ယောက်လုံးကို လွယ်ကူစွာအနိုင်ယူသွားသည့်ဝတ်စုံဖြူဝတ်အဖိုးအိုက အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်သည့်တိုင် သူတို့၏ခေါင်းဆောင်သာလှုပ်ရှားပါက ထိုအဖိုးအိုကိုကျိန်းသေပေါက်အနိုင်ယူနိုင်မည်ဟုယုံကြည်ချက်ရှိပေသည်။

ဤသည်က မသေချာမရာရာသည့်ခန့်မှန်းချက်မျိုးမဟုတ်ဘဲ သူတို့၏အရိုးထဲတွင်စွဲမြဲနေသည့်ယုံကြည်မှုသာဖြစ်၏။

ယနေ့အချိန်၌ သူတို့ခေါင်းဆောင်နှင့်ယှဉ်နိုင်သူက သိုင်းလောကတစ်ခုလုံးတွင်ပင်လက်တစ်ဖက်မပြည့်တော့သည်မဟုတ်ပါလား။။

ထိုအချိန်ခဏလေးတွင် သူတို့၏အခြေအနေက ထူးဆန်းနေပြီး တိတ်ဆိတ်သော်လည်းအချိန်မရွေးပေါက်ကွဲထွက်နိုင်မည့်အခြေအနေသို့ရောက်ရှိနေခြင်းဖြစ်၏ ။

“ ဖူး....”

ရေကန်အတွင်းမှပြန်ပေါ်လာသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကဒဏ်ရာတစ်စုံတစ်ရာမရသော်လည်း သူ၏မျက်နှာကအနည်းငယ်ဖြူဖက်ဖြူလျော်ဖြစ်နေသည်။။

ထိုလူရွယ်က အဖိုးအိုကိုရဲဝင့်စွာရင်ဆိုင်ခဲ့ပြီး အဖိုးအို၏သက်ညှာမှုကြောင့်သာ အသက်ရှင်ခဲ့ခြင်းဖြစ်၏ ။

ထိုလူရွယ်ပြန်ပေါ်လာခြင်းက တင်းမာနေသည့်အခြေအနေကိုချိုးဖျက်ရာရောက်သွားပြီး အဖြူရောင်ဝတ်စုံဝတ်လူကြီးက အဖိုးအိုထံမှအကြည့်ကိုလွှဲကာ ထိုလူရွယ့်ကိုကြည့်၍ အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ မင်းကဘယ်သူလဲ... “

ရေထဲမှထွက်၍ ကမ်းစပ်သို့ရောက်လာသည့်လူရွယ်က ထိုလူကြီး၏စကားကြောင့်တစ်ကိုယ်လုံးတုန်ယင်သွားပြီး ဒူးထောက်ချကာ ဦးညွှတ်အရိုအသေပေး၍ပြောလိုက်သည်။

“ ကျုပ်က ဆရာကျိုးတိရဲ့လက်အောက်မှာရှိတဲ့ ကန္တာရအဖွဲ့က တုန်းဇီပါ.....”

လူငယ်၏လေသံကများစွာစိတ်လှုပ်ရှားနေဟန်လည်းတူပြီး ဤသည်က ကြောက်လန့်မှုကြောင့်မဟုတ်ဘဲ ဝမ်းမြောက်ပျော်ရွှင်မှုကြောင့်သာဖြစ်သည် ။

ခေါင်းဆောင်ကြီးက သူ့လိုအရေးမပါသည့်လူတစ်ယောက်ကို ယခုလိုဆက်ဆံလိမ့်မည်ဟုတစ်ကြိမ်မှတွေးမထားမိပေ။

လူရွယ်၏အဖြေကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး ဒူးထောက်နေသည့်သက်လက်ပိုင်းလူနှစ်ယောက်ထဲမှတစ်ယောက်ကိုကြည့်ကာပြောလိုက်သည်။

“ စုန်းယောင်....သူ့ကို ဒီနေ့ကစပြီး မင်းရဲ့လက်အောက်မှာထားလိုက် ။ ပြီးတော့ ကောင်းကောင်းဂရုစိုက်လိုက်ဦး.....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမိန့်ကြောင့် ဒူးထောက်နေသည့်လူနှစ်ယောက်ထဲမှ ဓားသမားကခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် လူကြီးက သူတို့နှစ်ယောက်ကိုစူးစိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

“ မင်းတို့နှစ်ယောက်လည်းသွားလို့ရပြီ....”

သူ၏လေသံက တင်းမာခြင်းမရှိသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ မျက်စိပျက်နှာပျက်ဖြင့် အရိုအသေပေးကာ ထွက်သွားကြတော့သည်။

ထို့နောက် ဝါးတံတားလေးပေါ်ရှိ အဖြူရောင်ဝတ်စုံဝတ်လူကြီးနှင့်ဝတ်စုံဖြူဝတ်အဖိုးအိုတို့နှစ်ဦးသာကျန်တော့ပြီးအဖိုးအိုက လူကြီးကိုအချိန်အတော်ကြာအောင်အကဲခပ်နေပြီးမှ ခေါင်းယမ်းကာပြောလိုက်သည်။

“ ကျုပ်ကိုယ်ကျုပ်သိုင်း‌လောကထဲမှာ နှံ့နှံ့စပ်စပ်သိလှပြီထင်ထားတာအခုတော့ သိုင်းလောကက ပုန်းနေတဲ့နဂါးတွေပြည့်နေတဲ့နေရာဆိုတာ လက်တွေ့သိလိုက်ရတာပဲ....။

ခင်ဗျားရဲ့သိုင်းပညာနဲ့ဆို ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့‌ဂိုဏ်းချုပ်တွေနဲ့တောင်မတိမ်းမယိမ်းအဆင့်ရှိမယ့်ဟာကို ဘာကြောင့် နာမည်မကျော်တာလဲလို့စဉ်းစားလို့မရဘူး.....”

အဖိုးအို၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

“ ဒါကတော့ မိတ်ဆွေမြှောက်ပင့်လွန်းနေပါတယ် ။ ရှောင်လင်ကျောင်းထိုင်လိုမျိုးပညာရှင်တစ်ယောက်နဲ့ယှဉ်လိုက်ရင် ကျုပ်ရဲ့ပညာက ကလေးတစ်ယောက်လိုဖြစ်နေမှာပေါ့။

ပြီးတော့ ကျုပ်ကသိုင်းလောကထဲမှာလှုပ်ရှားလေ့မရှိလို့သာ ကျုပ်ကိုလူသိပ်မသိတာပါ။

တခြားမပြောနဲ့ နတ်သံဇဉ်ပိုင်ကျန်းဟူဆိုတဲ့ ခင်ဗျားတောင် သိုင်းဝိဇ္ဇာအဆင့်ကိုရောက်တာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ။

ဒါတောင်ခင်ဗျားက နှိမ့်နှိမ့်ချချနေလို့ ခင်ဗျားအကြောင်းကိုသိတဲ့လူမှသိပ်မရှိတာ....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် အဖိုးအို၏မျက်လုံးများက တဖျက်ဖျက်တောက်ပလာပြီး တစ်ဖက်လူ၏သတင်းအချက်အလက်စုံလင်မှူကိုလည်းလေးစားသွားမိ၏။

သူသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိသည်က နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကာ သူ၏သိုင်းပညာကထိပ်တန်းအင်အားစုအများစု၏ခေါင်းဆောင်များထက်ပင်သာလွန်နေပြီဖြစ်သော်လည်း သိုင်းလောကအရေးများကိုဝင်စွက်လေ့မရှိ၍သူ့အကြောင်းကိုလည်းသိရှိသူနည်းပါးပေသည်။

ယခု တစ်ဖက်လူက သူ့ကိုပထမဆုံးအကြိမ်တွေ့ဆုံရုံနှင့် သူ၏နာမည်ကိုသိရှိနေပြီး ထိုလူက မှန်းဆမရဘဲ လွန်စွာဆန်းကြယ်သူတစ်ဦးဟုလက်ခံလိုက်မိသည်။။

ထိုနည်းတူ ကြောက်စရာကောင်းသည့်လျှို့ဝှက်အင်အားစုတစ်ခုကိုတည်ထောင်ထားသည့်ထိုလူ၏ရည်ရွယ်ချက်က အကောင်းထက်အဆိုးကပိုများနိုင်ပြီး အဖိုးအိုမှာ ရုတ်တရက်ဆိုသလိုစိတ်လေးသွားမိ၏။

ထိုအခိုက် အဖိုးအို၏နောက်ကျောမှ အနက်ရောင်ဗျပ်စောင်းရှည်ကိုတစ်ချက်ကြည့်ကာ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဆက်ပြောလိုက်သည်။

“ ခင်ဗျားနဲ့အတူပါလာတာ စိတ်ညှို့စောင်းလို့သိုင်းလောကသားတွေသိကြတဲ့ သစ်နက်ဗျပ်စောင်းထင်ပါ့။

နှစ်ရာနဲ့ချီပြီးတိမ်မြုပ်ပြီးတဲ့နောက်မှာ မရဏဗျပ်စောင်းသခင်ရဲ့ပညာကို ခင်ဗျားဆက်ဆံနိုင်ခဲ့တာပဲ....”

ယခုတစ်ကြိမ်၌ အဖိုးအိုမှာ တည်တည်ငြိမ်ငြိမ်ရှိမနေနိုင်တော့ဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုစူးစိုက်ကြည့်ကာ တည်ကြည်သည့်အမူအယာဖြင့်မေးလိုက်သည်။

“ မင်းဘယ်သူလဲ.....”

အဖိုးအို၏လေသံထဲတွင် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်း၊ တုန်လှုပ်ခြင်းတို့ပါဝင်နေ၏ ။

အကြောင်းက ထိုဗျက်စောင်း၏ရာဇဝင်နှင့်ယခင်ပိုင်ရှင်တို့၏အကြောင်းအရာများကို သိရှိသူဟူ၍မရှိသလောက်ဖြစ်ပြီး သူပင် ကံကောင်းထောက်မ၍ ရရှိခဲ့ခြင်းဖြစ်၏။

ယခု သူနှင့်ပထမဆူံးအကြိမ်တွေ့ရသည့်လူတစ်ယောက်က သူ၏အကြောင်းအရာများကိုပါသိရှိနေပြီး သူ့ဗျက်စောင်း၏အကြောင်းကိုပါသိရှိနေ၍အဖိုးအိုတစ်ယောက် လွန်စွာအံ့အားသင့်သွားခြင်းကအထူးအဆန်းတော့မဟုတ်ပေ။

အဖိုးအို၏အမူအယာကိုကြည့်ရှုနေသည့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာပြီး သူ၏လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။

“ လာပါ....အေးအေးဆေးဆေးလက်ဖက်ရည်သောက်ရင်းပြောကြတာပေါ့....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက ရေကန်အလယ်ရှိကျောက်ဖြူဇရပ်လေးကိုဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး အဖိုးအိုလည်းသူအလောတကြီးဖြစ်သွားသည်ကိုသတိပြုမိသွားကာ ဟန်အမူအယာပြန်ထိမ်း၍ ခေါင်းညိမ့်ပြလိုက်သည်။

“ ကောင်းပြီ....”

ထို့နောက် သတ်တော့မည်ဖြတ်တော့မည်ဟုထင်ရသည့်လူနှစ်ဦးက မိတ်ဆွေရင်းချာများပမာ ကျောက်ဖြူဇရပ်လေးထဲသို့ရောက်ရှိသွားကြပြီး အတူပင်လက်ဖက်ရည်သောက်လိုက်ကြသေးသည်။

“ သောက်ပါ....ဒါက အနောက်တောင်ဘက်ကလာတဲ့လက်ဖက်ခြောက်ပဲ။ ပြည်မကလက်ဖက်ခြောက်တွေနဲ့ကွဲပြားပြီးအတော်လေး အရသာရှိတယ်....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက ကျောက်စိမ်းရေနွေးကြမ်းအိုးနှင့်ခွက်ငယ်ကလေးများကိုညွန်ပြကာပြောလိုက်သည် ။

သူ၏ပုံစံက အဖိုးအိုကိုဧည့်ခံသည့်ဟန်ပေါက်သော်လည်း ကိုယ်တိုင်လက်ဖက်ရည်ငှဲ့ပေးခြင်းမရှိသလို အဖိုးအိုကလည်း ထိုအချက်ကိုစိတ်ထဲမထားဘဲ မေးလိုက်သည် ။

“ နောက်မှ‌သောက်တာပေါ့ ကျုပ်မေးတာကိုအရင်ဖြေပေးလို့ရမလား....ဘယ်လိုလုပ်ပြီး သစ်နက်ဗျပ်စောင်းရဲ့အကြောင်းကိုသိနေရတာလဲ ...”

အဖိုးအို၏လေးနက်သည့်အမူအယာကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက နားလည်သည့်ဟန်ဖြင့်ခေါင်းတဆက်ဆက်ညိမ့်ရင်းပြန်ဖြေလိုက်သည်။

“ ဟုတ်တာပေါ့....ဒီအကြောင်းကိုကျုပ်သိနေတာ ခင်ဗျားတော်တော်လေးအံ့ဩသွားမှာပဲ။

ဒါပေမယ့် ထူးထူးထွေထွေတော့အံ့ဩစရာမရှိပါဘူး ။ဘာကြောင့်လဲဆိုတော့ ဟောဒီသိုင်းလောကရဲ့ သမိုင်းတစ်လျှောက်မှာဖြစ်ပျက်ခဲ့သမျှကိစ္စကြီးငယ်အတော်များများကို ကျုပ်သိထားလို့ပဲ။

ဥပမာပြောရရင် ခင်ဗျားဆီကသစ်နက်ဗျက်စောင်းရဲ့ပိုင်ရှင်ဟောင်က လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်က ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့မရဏဗျပ်စောင်းသခင်ဆိုတာမျိုးကိုပေါ့ ....”

&&&

All Chapters