← Chapters

ပဟေဠိဆန်သူ

Vol. 3 Ch. 32

ပဟေဠိဆန်သူ

Vol. 3 Ch. 32

“ နောက်ထပ်ကော ဘာတွေသိထားသေးလဲ....”

အဖိုးအို၏မျက်လုံးများကစိန်ပွင့်များအလားတဖျက်ဖျက်တောက်ပနေပြီး ထပ်မံ၍မေးခွန်းထုတ်လိုက်သည်။

လက်ရှိအချိန်၌ ထူးခြားဆန်းကြယ်သည့်ထိုလူက မည်သို့သောအကြောင်းအရာများကိုသိရှိထားသနည်းဆိုသည်ကိုသူစိတ်အဝင်စားဆုံးဖြစ်သည်။

သို့သော် အဖိုးအို၏စိတ်ထဲတွင် သတိမပြက်ရှိနေပြီး ထိုလူသာတစ်စုံတစ်ခုပြုလုပ်ပါက အချိန်မရွေးလှုပ်ရှားနိုင်ရန်အသင့်ပြင်ထားလေသည်။

အကြောင်းကား သူ၏ရှေ့မှောက်ရှိလူက လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်နေသည့်အတွက်ကြောင့်ပင်။

အဖိုးအို၏သတိထားမှုကိုရိပ်စားမိ၍ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ရယ်မော၍ပြောလိုက်သည်။

“ ဒီလောက်အထိသတိထားနေစရာမလိုပါဘူးမိတ်ဆွေ ။ ခင်ဗျားရဲ့တပည့်မလေးက ကျုပ်ရဲ့လက်အောက်မှာ အလုပ်လုပ်နေတာဆိုတော့ ကျုပ်တို့ကတစ်ဖက်ထဲရပ်နေတာလို့ပြောလို့ရပါတယ်.....”

သူ၏စကားကြောင့်အဖိုးအို၏မျက်ဝန်းများကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသည့်အရိပ်အယောင်များပေါ်ထွက်လာသည် ။

သူ၏ခန္တာကိုယ်မှ အားကောင်းလှသည့်အတွင်းအားများထွက်ပေါ်နေပြီး သူနှင့်အဖြူရောင်ဝတ်စုံဝတ်လူကြီးတို့၏အလယ်ရှိ ရေနွေးကြမ်းအိုးနှင့်ကျောက်စိမ်းခွက်များကိုပင် တဆက်ဆက်တုန်ယင်လာစေသည်။

“ သူသာတစ်ခုခုဖြစ်ရင် ကျုပ်အသက်ကိုစွန့်ရမယ်ဆိုရင်တောင် ခင်ဗျားကိုရအောင်သတ်မယ်.....”

အဖိုးအို၏စကားက အပိုပြောခြင်းမဟုတ်ဘဲသိနိုင်ပြီး သူ၏မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသည့်အရိပ်အယောင်များကိုအထင်းသားတွေ့နေရသည်။

ထို့အပြင်သူ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အားလှိုင်းများက လွန်စွာသိပ်သည်းလှပြီး သာမန်လူတစ်ယောက်မဆိုထားနှင့်အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုပင်ဒူးထောက်ကျစေနိုင်သည်။

သို့သော် အဖြူရောင်ဝတ်စုံဝတ်လူကြီးက အမူပယာတစ်ချက်ကလေးမှမပျက်ဘဲ ခေါင်းယမ်း၍ပြောလိုက်သည် ။

“ ကျုပ်ကဘာလို့သူ့ကိုထိခိုက်အောင်လုပ်မှာလဲ။ ကျုပ်ကဘယ်တုန်းကမှလူတစ်ဖက်သားကိုနိုင့်ထက်စီးနင်းမလုပ်တတ်ဘူး။

ဒိလိုပဲ ကျုပ်ဆီမှာရှိနေတဲ့လူတွေအားလုံးကိုလည်း ဘာနဲ့မှချိန်းခြောက်မထားဘူး ။

ကျုပ်က သူတို့ရဲ့တောင်းဆိုမှုကိုဖြည့်ဆည်းပေးတယ် ။သူတို့က ကျုပ်အတွက် အသက်ကိုတောင်ဂရုမစိုက်ဘဲပြန်ပြီးအလုပ်လုပ် ပေးတယ်။ ဒါပဲ ရှင်းရှင်းလေး ။

တစ်ခုတော့ရှိတာပေါ့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အပေးအယူတစ်ခုဖြစ်ဖို့တော့လိုတာပေါ့....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဒေါသထွက်နေသည့်အဖိုးအိုပင်အံ့အားသင့်သွားပြီး ငေးငိုင်သွားသည်။။

သူ၏မူလရည်ရွယ်ချက်က သူ့တပည့်မလေးကြောင့်ဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်သည့်ထိုအင်အားစုကိုထောက်လှမ်းရန်ဖြစ်သည်။

ယခု ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုက်ရမှ ထိုအင်အားစုက သူထင်ထားသည်ထက်ပင်များစွာကြောက်မက်ဖွယ်ကောင်းနေပြီးသူတို့၏ခေါင်းဆောင်ဖြစ်သူကလည်း မှန်းဆရခက်ကာ လွန်စွာအစွမ်းထက်သူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်။

အဖိုးအိုမှာ အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီးသိုင်းလောကထဲတွင်သူ့ကိုအနိုင်ယူနိုင်သူလက်ငါးချောင်းပင်မပြည့်ဟုယုံကြည်ပေသည်။

အကယ်၍ သူသာအလစ်အငိုက်လုပ်ကြံပါကမည်သို့သောလူမျိုးကိုဖြစ်စေသတ်ဖြတ်နိုင်ပေမည်။

ထို့ကြောင့် သူ၏ရှေ့တွင်အေးဆေးစွာထိုင်နေသည့်လူကိုတစ်ချက်ထဲဖြင့်သတ်ဖြတ်နိုင်မည်လောဟုတွေးလိုက်မိ၏။

သို့သော်မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ သူအလစ်အငိုက်တိုက်ခိုက်လျှင်ပင်ထိုလူ့ကိုသတ်ဖြတ်နိုင်မည်မဟုတ်ဟုခံစားမိနေပြီး တစ်ချက်ထဲဖြင့်သတ်ဖြတ်နိုင်ခြင်းမရှိပါက ထိုလူ၏လက်ထဲတွင်သူ၏အသက်ပေးရလိမ့်မည်ဟုလည်းကောင်းစွာသိရှိပေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်ကအတွေးသက်သက်သာဖြစ်ပြီး သူ၏အကျင့်စရိုက်အရ ကမ္ဘာမကြေရန်ငြိုးရှိသူများကိုပင်အလစ်အငိုက်လုပ်ကြံမည်မဟုတ်ပေ။

အဖိုးအို၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အားလှိုင်းများက တမဟုတ်ချင်းပျောက်ကွယ်သွားပြီး သူ၏မျက်နှာက ပုံမှန်အတိုင်းပြန်၍ကြည်လင်သွားသည် ။

အဖြူရောင်ဝတ်စုံဝတ်လူကြီးကားထိုအဖြစ်ကိုသတိမထားမိသည့်အလား ရေနွေးကြမ်းအိုးကိုမကာ ကျောက်စိမ်းခွက်တစ်ခုထဲသို့ညင်သာစွာငှဲ့၍ အထက်တန်းကျသည့်ပုံစံဖြင့်လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်သည်။

ထို့နောက် အဖိုးအို၏ဘက်သို့လှည့်ကာပြောလိုက်သည်။

“ ဒီလက်ဖက်ခြောက်က တကယ်ကောင်းတယ် ခင်ဗျားလည်းသောက်ကြည့်သင့်တယ် ....”

လူကြီး၏အမူအယာက အေးအေးဆေးဆေးနိုင်လှပြီး အဖိုးအိုပင် ထိုလူ၏တည်ငြိမ်မှုကိုချီးကျူးလိုက်မိသည်။

ထို့နောက် အက်ရာများပေါ်နေသည့်ကျောက်စိမ်းခွက်တစ်လုံးထဲသို့လက်ဖက်ရည်ငှဲ့ရင်းဖြေးညင်းစွာစုပ်သောက်လိုက်သည်။

ထိုကျောက်စိမ်းခွက်က အကောင်းစားကျောက်စိမ်းဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦး၏အတွင်းအားဖြင့်ပင်ခွဲခြေနိုင်မည်မဟုတ်ပေ ။

ယခုအခါ အဖိုးအို၏ခန္တာကိုယ်မှထွက်ပေါ်ခဲ့သည့်အားလှိုင်းများကြောင့် ခွက်ပေါ်တွင်အက်ရာများပေါ်နေခြင်းဖြစ်ပြီး ထိုအားလှိုင်းများကိုသာအချိနိမီပြန်မသိမ်းပါက ရေနွေးကြမ်းအိုးရောကျောက်စိမ်းခွက်များပါ တစ်စစီကွဲကြေသွားနိုင်သည်။

လက်ဖက်ရည်ကြမ်းကိုမသောက်ရသေးမီကပင် မွှေးပျံ့သည့်ရနံ့က သူ၏နှာသီးဝသို့ကျီစယ်လာပြီး အနည်းငယ်ပူနွေးသော်လည်း သန့်ရှင်းချိုမြသည့်အရသာကိုလျှာပေါ်တွင်ခံစားမိလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ်လူကြီးအကြိမ်ကြိမ်ညွှန်းဆိုနေသည်ကအမှန်ပင်ဖြစ်ပြီး ထိုလက်ဖက်ရည်ကြမ်းမှာ လူ၏စိတ်ကိုပင်ကြည်လင်လန်းဆန်းစေနိုင်သည့်အစွမ်းသတ္တိရှိပေသည်။

သို့သော် ထိုအစွမ်းက အဖိုးအို၏ရင်တွင်းရှိရှုပ်ထွေးပူပန်မှုများကိုမငြိမ်းစေဘဲ သက်ပြင်းတစ်ချက်ချရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ အဲဒီကလေးမက သိပ်ပြီးခေါင်းမာတယ် ။ သူ့ရဲ့လက်စားချေလိုတဲ့ဆန္ဒကြောင့်အရာရာကိုပေးဆပ်ဖို့ဆန္ဒရှိနေတယိ။

ဒီလိုပဲ တခြားဘယ်သူ့အကူအညီနဲ့မှမဟုတ်ဘဲ သူ့ရဲ့ရန်ကြွေးကို သူကိုယ်တိုင်ပဲလက်စားချေချင်တယ်။

ဒီလိုမှမဟုတ်ရင် ပြီးခဲ့တဲ့နှစ်တွေထဲက ကျုပ် သူ့အတွက်လက်စားချေပေးပြီးတာကြာပြီပေါ့....”

အဖိုးအို၏လေသံထဲတွင်အပြစ်တင်လိုခြင်း၊ စိတ်မကောင်းဖြစ်ခြင်းနှင့် ကရုဏာဒေါသတို့ပါဝင်လျက်ရှိသည်။

ထို့နောက် အဖိုးအိုက သူ၏မျက်နှာကိုပြန်တင်းလိုက်ပြီး အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုစူးစိုက်ကြည့်ကာမေးလိုက်သည် ။

“ ကျုပ်ရှင်းရှင်းလင်းလင်းသိချင်တယ် ချင်းတန်ကို ခင်ဗျားဘယ်လိုအသုံးချမလို့လဲ.....”

အဖိုးအို၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက သဘောကျစွာပြုံးရင်းပြန်ဖြေလိုက်သည်။

“ ကျုပ်ဘာမှအသုံးမချရသေးပါဘူး။ သူက ကျောက်ရိုင်းတစ်ခုမဟုတ်ဘဲ တလက်လက်တောက်ပနေတဲ့အဖိုးတန်ကျောက်စိမ်းတစ်ခုပဲ။

အဲဒီကျောက်စိမ်းကို ကျုပ်ကအဆုံးစွန်အထိတန်ဖိုးမြင့်တက်အောင်ပျိုးထောင်ပေးထားတယ်။

တစ်ခုတော့ရှိတာပေါ့ သင့်လျော်တဲ့အချိန်တစ်ခုကိုရောက်လာရင်သူ့အတွက်အလုပ်တစ်ခုခုရှိလာမှာပဲ။ အဲဒီအခါကျရင်တော့.....”

&&&

“ ခွပ် ....ခွပ်....”

ပုံမှန်စိုင်းနှင်လာသည့်မြင်းခွာသံသဲ့သဲ့နှင့်အတူ မြင်းစီးသမားတစ်ဦးက တောအုပ်ကိုဖြတ်၍တစ်ကိုယ်တည်းခရီးနှင်လျက်ရှိသည် ။

တောအုပ်ထဲရှိလမ်းက လူသွားလူလာကင်းမဲ့နေပြီး တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်၌ မြင်းခွာသံက ကျယ်လောင်စွာထွက်ပေါ်နေသည်ဟုထင်ရသည်။။

ကြီးမားသည့်တောအုပ်ထဲတွင် စိမ်းစိုနေသည့်သစ်ပင်ကြီးငယ်များစွာပေါက်ရောက်နေသလို တောအုပ်ကိုဖြတ်၍ဖောက်လုပ်ထားသည့်လမ်းငယ်လေးက လှပစွာတည်ရှိနေသည် ။

သို့သော် ထိုတောလမ်းကိုဖြတ်သန်းဝံ့သူဟူ၍နည်းပါးပြီး အာမခံဌာနများပင်အင်အားအများအပြားပါဝင်မှသွားလာရဲကြသည် ။

အကြောင်းကား ထိုတောလမ်းအတွင်းရှိလွန်စွာဆိုးသွမ်းရက်စက်သော ဓားပြအဖွဲ့ကြီးတစ်ခုကြောင့်ပင်ဖြစ်၏ ။

သဲနက်ဓားပြအဖွဲ့

ဤသည်က တောအုပ်ထဲရှိဓားပြအဖွဲ့ကိုလူအများခေါ်ဆိုသည့်နာမည်ဖြစ်သည်။

အဖွဲ့ဝင်သုံးဆယ်ပင်မပြည့်သော်လည်း တစ်ယောက်ချင်းစီက သိုင်းပညာအဆင့်မြင့်သူများဖြစ်သည့်အပြင် သူတို့၏ခေါင်းဆောင်က အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်၍ သဲနက်ဓားပြအဖွဲ့ယခုလိုဆိုးသွမ်းနေခြင်းကအဆန်းတော့မဟုတ်ပေ။

သူတို့၏ပိုင်နက်တောအုပ်ထဲသို့ဖြတ်သန်းသွားလာသည့် သာမန်လူများမှစ၍သိုင်းလောကသားများအဆုံးတိုက်ခိုက်လုယက်ခံရပြီး ပစ္စည်းမပေးပါက အသက်ကိုရန်ရှာသည်အထိပင်။

မည်သူမှတိတိကျကျမသိသော်လည်း ကောလဟာလများအရသဲနက်ဓားပြအဖွဲ့၏ခေါင်းဆောင်က မိစ္ဆာဝိညာဉ်အဖွဲ့မှထိပ်ပိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုသိရပြီး ထိုအချက်ကြောင့်လည်း သဲနက်ဓားပြအဖွဲ့၏ဂုဏ်သတင်းကပို၍ကြီးမားလာခြင်းဖြစ်သည်။

သိုင်းလောကတစ်ခုလုံးကိုအေးချမ်းတည်ငြိမ်စေရမည်ဟုကြွေးကျော်ထားသည့်သိုင်းမဟာမိတ်က သဲနက်ဓားပြအဖွဲ့ကိုဖျက်စီးရန်အကြိမ်အနည်းငယ်ကြိုးပမ်းဖူးသည်။

သို့သော် ထိုအဖွဲ့အစည်း၏လှုပ်ရှားမှုများက ပါးနပ်လှပြီး သူတို့၏ပစ်မှတ်ကိုကြိုတင်လေ့လာထားကာ သူတို့ကိုဖြိုဖျက်နိုင်မည့်လူမျိုးကို‌ဝေးဝေးရှောင်ကြသလို ထိပ်တန်းအင်အားစုများကိုလည်းမရှုပ်တတ်ပေ။

သိုင်းမဟာမိတ်မှလူများလာရောက်လျှင်လည်း အမှီးပင်မမြင်ရအောင်ပျောက်ကွယ်သွားတတ်ပြီးအချိန်တန်လျှင်ပြန်၍ပေါ်ထွက်လာစမြဲဖြစ်၏ ။

အဖွဲ့အစည်းက တောအုပ်ထဲတွင်ပင်အခြေစိုက်သော်လည်းယာယီစခန်းများသာရှိကာ သူတို့ကိုဖျက်ဆီးမည့်လူများလာရောက်ပါပ အချိန်အရွေးစွန့်ခွာသွားလေ့ရှိသည်။

စားနပ်ရိက္ခာလိုအပ်လာလျှင်လည်းအနီးအနားရှိရွာငယ်များကိုဓားပြဝင်တိုက်တတ်သလို သူတို့၏သိုင်းပညာဖြင့်ထင်တိုင်းကျဲနေကြသည်ဟုဆိုနိုင်သည်။

ထို့ကြောင့် သိုင်းမဟာမိတ်ပင်သဲနက်ဓားပြများ၏အဖွဲ့သားအနည်းငယ်ကိုသာဖမ်းဆီးသတ်ဖြတ်နိူင်ပြီး ထိုအဖွဲ့အစည်းကိုလုံးဝဖျက်ဆီးခြင်းမပြုနိုင်ခြင်းဖြစ်၏ ။

ယခု သဲနက်ဓားပြအဖွဲ့၏ပိုင်နက်ဖြစ်သည့်တောအုပ်ကို တစ်ကိုယ်တည်းမကြောက်မရွံ့ခရီးနှင်နေသူက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းကလေးတစ်ယောက်ဖြစ်သည်။

ပို၍တိတိကျကျဆိုရလျှင်သာမန်မိန်းကလေးတစ်ယောက်မဟုတ်ဘဲ နတ်မိမယ်တမျှလှပသည့်မိန်းမလှလေးတစ်ယောက်သာဖြစ်၏ ။

အဖြူရောင်သိုင်းဝတ်စုံက သူမ၏အချိုးကျသည့်ခန္တာကိုယ်ပေါ်တွင်လှပစွာတည်ရှိနေသလို ပျော့ပြောင်းနူးညံ့သည့်ပိတုန်းရောင်ဆံကေသာများက နောက်ဘက်တွင်လွင့်နေသည်။

အဖြူရောင်ဇပဝါပါးလေးဖြင့်သူမ၏မျက်နှာကိုဖုံးကွယ်ထား၍ မိန်းမလှလေး၏ရုပ်ရည်ကို ကောင်းစွာမမြင်ရသော်လည်း သွယ်တန်းသည့်မျက်ခုံးနက်နက်ကလေးများနှင့်ကြည်လင်‌ရွှန်းလဲ့နေသည့်မျက်ဝန်းလှလှလေးများအောက်မှ ဝိုးတဝါးမြင်နေရသည့်မျက်နှာပုံရိပ်ကလေးကပင် ယောင်္ကျားသားတို့လည်ပြန်ငေးချင်စရာကောင်းနေသည်။

သွယ်လျလှပသည့်ခါးသွယ်သွယ်လေးကို ကျောက်စိမ်းရောင်ခါးစည်းကြိုးဖြင့်စည်းနှောင်ထားပြီး ကျောက်စိမ်းပုလွေတစ်ချောင်းကိုလည်းထိုးထားပေသည်။

မိန်းမလှလေး၏အမူအယာက အရယ်အပြုံးမရှိသော်လည်း သူ့ကိုမြင်မိသူတိုင်းအား ရင်အေးစေသည့်သွင်ပြင်ရှိပြီးတစ်ချက်ကြည့်မိရုံဖြင့် တစ်သက်မမေ့နိုင်စရာဖြစ်သည်ဟုဆိုလျှင်လွန်မည့်မထင်ပေ။

ထိုသို့သောမိန်းမလှတစ်ယောက်က အဖော်မပါဘဲ နာမည်ဆိုးဖြင့်ကျော်ကြားသည့်သဲနက်ဓားပြများ၏ပိုင်နက်ကိုဖြတ်သန်းဝံ့သည်ကအံ့ဩဖွယ်ကောင်းလေစွ ။

“ ဝှစ်.....”

“ ဟည်း ...”

တောအုပ်အတွင်းဘက်မှလှစ်ခနဲပြေးဝင်လာသည့်အလင်းတန်းတစ်ခုကြောင့်မိန်းမလှလေးလည်း သူမ၏မြင်းကိုအလျှင်အမြန်ဇာတ်ကြိုးသပ်လိုက်ရသည်။

&&&&

All Chapters