ကြားဝင်ခြင်း
Vol. 3 Ch. 34
တစ်ဖက်လူက သာမန်မဟုတ်မှန်းသိသာသည့်တိုင် ဝက်ဝံရိုင်းမှာ ဒေါသထွက်နေပြီဖြစ်၍ထိုအချက်များကို များစွာဂရုမစိုက်နိုင်ပေ။
အကြောင်းကား အပြာရောင်ဝတ်စုံဝတ်လူက အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်နေလျှင်ပင် သူရင်ဆိုင်နိုင်မည်ဟုယုံကြည်ချက်ရှိပြီး သူ၏ဘက်တွင်အကူအညီများရှိနေသည်မဟုတ်ပါလား.....။
သို့သော် အပြာရောင်ဝတ်စုံဝတ်လူက ဝက်ဝံရိုင်းကြောင့် တုန်လှုပ်ဟန်မပေါ်ဘဲ ခေါင်းကိုခါယမ်း၍စိတ်ပျက်ဟန်ဖြင့်ပြောလိုက်သည်။
“ တယ်ခက်တဲ့လူတွေပဲ။ ကျုပ်က သူ့ကိုကယ်တင်မလို့မဟုတ်ဘူး ..... ခင်ဗျားတို့ကိုကယ်တင်နေတာ။ ခင်ဗျားတို့ရှေ့ကဘယ်သူလဲသိလား.....မိန်းမလှခုနစ်ယောက်ထဲက နံပါတ်တစ်ဆိုတဲ့ ဂီတနတ်မယ်ပဲ ။ ဟုတ်တယ်မလားမိန်းပလေးချင်းတန်....”
အပြာရောင်ဝတ်စုံဝတ်လူ၏စကားက သဲနက်ဓားပြများ၏စိတ်ထဲတွင်ကျယ်လောင်စွာမြည်ဟည်းသွားပြီး ဝက်ဝံရိုင်းပင်မျက်နှာပျက်သွားလေ၏။
မိန်းမလှခုနစ်ယောက်နှင့် လူငယ်ထိပ်သီးဆယ်ယောက်က လက်ရှိလူငယ်မျိုးဆက်၏ထိပ်ဆုံးတွင်ရပ်တည်နေသူများဖြစ်ကာ သူတို့၏သိုင်းပညာက ဝါရင့်သိုင်းသမားများထက်ပင်ပို၍အစွမ်းထက်ကြသေးသည် ။
သိုင်းလောကနတ်မိမယ်ဘွဲ့ရ ဂီတနတ်မယ်သည်လည်း နူးညံ့အေးဆေးသူတစ်ဦးဖြစ်သည်ဟုသတင်းကြီးသော်လည်း အစွမ်းထက်ထိပ်သီးများကိုပင်အနိုင်ယူဖူးသည်။
ထိုသို့သောလူတစ်ယောက်ကိုမိုက်ရိုင်းစွာရန်စနေခြင်းက ကိုယ့်သေတွင်းကိုယ်တူးသည့်အပြုအမူပင်ဖြစ်သည်။
ဝက်ဝံရိုင်းမှာ အစွမ်းထက်ထိပ်သီးတစ်ဦးဖြစ်သည့်တိုင် လူငယ်မျိုးဆက်မှထိပ်တန်းနေရာ၌ရှိနေသည့်မိန်းမလှလေးကိုအနိုင်ယူနိုင်မည်ဟုတော့ အသေအချာမပြောနိုင်ပေ။
ဝက်ဝံရိုင်းနှင့်သဲနက်ဓားပြများမှာ မိန်းမလှလေးကိုအံ့ဩတုန်လှုပ်စွာကြည့်နေကြစဉ် မိန်းမလှလေး၏အမူအယာကအနည်းငယ်ပြောင်းလဲသွားသည်။
သူမ၏မျက်နှာကိုဖုံးကွယ်ထားသော်လည်းတစ်စုံတစ်ယောက်ကမှတ်မိနေသည့်အပြင် ထိုလူ၏နောက်ဆုံးစကားက သူမကိုရင်းရင်းနှီးနှီးသိကျွမ်းဖူးဟန်တူသည်။
ထို့ကြောင့် မိန်းမလှလေးက အပြာရောင်ဝတ်စုံဝတ်လူကိုအရိုအသေပေးကာ ပျော့ပြောင်းသည့်အသံဖြင့်မေးလိုက်သည်။
“ ဒီကသူရဲကောင်းက ဘယ်သူလဲမသိဘူး.....”
မိန်းမလှလေး၏ရွှန်းလဲ့တောက်ပသည့်မျက်ဝန်းများက အပြာရောင်ဝတ်စုံဝတ်လူထံသို့ကျရောက်နေပြီး ထိုအကြည့်များဖြင့်သာအကြည့်ခံရပါက မည်သည့် ယောင်္ကျားမဆို သူတို့၏သက်တန်းဆယ်နှစ်ကိုပင်ရက်ရောစွာပေးဆပ်နိုင်ပေမည်။
သို့သော်ငြား အပြာရောင်ဝတ်စုံဝတ်လူက မိန်းမလှလေးကိုမကြည့်ဘဲ လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။
“ ကျုပ်က ဒီနားမှာ ဆူဆူညံညံဖြစ်နေလိုဘ လမ်းကြုံဝင်ကြည့်တာပါ။ တစ်လက်စထဲ ဒီကောင်တွေကိုအသက်ချမ်းသာပေးလို့ရမလား...”
အပြာရောင်ဝတ်စုံဝတ်လူကသူ့ကိုယ်သူမဖော်ပြလိုမှန်းသိရှိနိုင်ကာသူ၏တောင်းဆိုမှုကြောင့် မိန်းမလှလေး၏မျက်ဝန်းများဖျက်ခနဲတောက်ပသွားပြီး ဝက်ဝံရိုင်းနှင့်သူ၏လူများကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
“ ဒီလူတွေကဘယ်လောက်တောင်ဆိုးသွမ်းရက်စက်တယ်ဆိုတာ ရှင်လဲမြင်မှာပေါ့....ပြောစမ်းပါဦး သူတို့ကိုအသက်ချမ်းသာပေးသင့်သလားလို့.....”
မိန်းမလှလေး၏အေးစက်စက်အသံကြောင့် သဲနက်ဓားပြများမှာ ဒေါသတကြီးဖြစ်သွားကြပြီး သူတို့၏ခေါင်းဆောင်ဝက်ဝံရိုင်းက နီရဲနေသည့်မျက်နှာဖြင့်အော်ဟစ်လိုက်သည်။
“ တိတ်စမ်း.....နင့်ဘာသာ မိန်းမလှခုနစ်ယောက်ထဲကဖြစ်ရင်တော့ ငါတို့ကိုအထင်သေးလို့ရမလား ညီနောင်တို့....”
ဝက်ဝံရိုင်းကမိန်းမလှလေး၏အထင်သေးသည့်စကားများကြောင့် ဒေါသပေါက်ကွဲကာ သူ၏လူများကိုအော်ဟစ်လိုက်စဉ် အပြာရောင်အရိပ်တစ်ခုကသူ၏ရှေ့၌ဖျက်ခနဲပေါ်လာပြီး ပြင်းထန်သည့်ရိုက်ချက်တစ်ခုကဝက်ဝံရိုင်း၏ပါးပြင်ပေါ်သို့ကျရောက်လာတော့သည်။
“ ဖြန်း....”
မည်သို့ဖြစ်ပျက်သွားမှန်းမသိလိုက်ခင်မှာပင် အားပါသည့်ရိုက်ချက်ကြောင့် မူးဝေသွားသည့်ဝက်ဝံရိုင်း၏ တုတ်ခိုင်သောခန္တာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
အံ့သြဖွယ်ကောင်းစွာဖြင့် အပြာရောင်ဝတ်စုံဝတ်လူက ဝက်ဝံရိုင်း၏ရှေ့သို့ရောက်ရှိနေပြီး ဒေါသထွက်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ မိုက်မဲလိုက်တာ ငါကမင်းတို့ကိုကယ်တင်ဖို့လုပ်နေတာ မင်းတို့ခေါင်းဆောင်ဟန်ရှီနဲ့သာရင်းနှီးတဲ့ဆက်ဆံရေးမရှိရင် မင်းတို့ကိုတစ်ချက်ကလေးတောင်လှည့်ကြည့်မှာမဟုတ်ဘူး....”
အပြာရောင်ဝတ်စုံဝတ်လူက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ဝက်ဝံရိုင်း၏ရှေ့သို့ရောက်ရှိလာခြင်းဖြစ်ပြီး အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သည့်ဝက်ဝံရိုင်းပင် ထိုလူ၏လှုပ်ရှားမှုကိုကောင်းစွာမမြင်လိုက်ရပေ။
သို့သော် မိန်းမလှလေးက အပြာရောင်ဝတ်စုံဝတ်လူ၏အစွမ်းထက်လှသည့်ကိုယ်ဖော့ပညာကြောင့် မျက်ဝန်းလှလှလေးများအနည်းငယ်ကျဉ်းမြောင်းသွားကာ တစ်စုံတစ်ခုကိုတွေးတောနေဟန်တူသည်။
ထိုအခိုက် ဝက်ဝံရိုင်းနှင့်သဲနက်ဓားပြများက အပြာရောင်ဝတ်စုံဝတ်လူ၏စကားများကြောင့် ဒေါသမထွက်နိုင်သေးဘဲ အလျှင်အမြန်မေးလိုက်ကြသည်။
“ ခင်ဗျားက ခေါင်းဆောင်နဲ့သိနေတာလား.....”
ထိုလူ၏ရိုက်ချက်ကြောင့် ပါးတစ်ခြမ်းယောင်ကိုင်းနေသည့် ဝက်ဝံရိုင်းက ထိတ်လန့်တုန်လှုပ်ဟန်ဖြင့်မေးလိုက်၏။
ဆိုးသွမ်းရက်စက်ပြီးအကြောက်အရွံ့ကင်းမဲ့သည့်သဲနက်ဓားပြများမှာ သူတို့၏ခေါင်းဆောင်ဆိုသူကိုတော့လွန်စွာကြောက်ရွံ့ဟန်တူပြီးအပြာရောင်ဝတ်စုံဝတ်လူက အေးစက်သည့်လေသံဖြင့်ကျိန်းမောင်းလိုက်သည်။
“ ပစ္စည်းလုယက်ရုံတင်မဟုတ်ဘူး အခုလိုမျိုးလုပ်ဖို့ကြံစည်တယ်ဆိုတာ မင်းတို့ခေါင်းဆောင်သိသွားရင်ဘာဖြစ်မယ်ထင်လဲ....။
သူက ပြေးစရာမြေမရှိတဲ့မင်းတို့ကိုလက်ခံစောင့်ရှောက်ထားတာ အခုလိုမျိုးတဏှာရူးဖို့မဟုတ်ဘူး....”
အပြာရောင်ဝတ်စုံဝတ်လူ၏စကားများကြောင့် ဝက်ဝံရိုင်းနှင့်သဲနက်ဓားပြများမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြပြီး အထူးပင်တုန်လှုပ်နေကြသည်။
ထိုအခိုက် မိန်းမလှလေးက အပြာရောင်ဝတ်စုံဝတ်လူကိုရည်ရွယ်၍ပြောလိုက်သည်။
“ ထားလိုက်ပါတော့....ကျမလည်း ဒီကိစ္စကို ရှေ့မဆက်တော့ဘူး....”
မိန်းမလှလေးက ပြောပြောဆိုဆိုဖြင့် မြင်းပေါ်သို့ခုန်တက်လိုက်သည်။
သူမ၏စကားကြောင့် အပြာရောင်ဝတ်စုံဝတ်လူက လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်း ကျေးဇူးတင်သည့်ဟန်ဖြင့်ပြောလိုက်သည်။ ။
“ ကျေးဇူးပါမိန်းကလေးချင်းတန်.... ဒီကောင်တွေက မကောင်းတဲ့ကောင်တွေဆိုပေမယ့် သူတို့ရဲ့ခေါင်းဆောင်ကတော့ ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ပြီး မြင့်မြတ်တဲ့ရည်ရွယ်ချက်လည်းရှိတယ်။
ဒါကြောင့် သူတို့အတွက် ကျုပ်က ဝင်ပြီးတောင်းပန်ရတာပါ....”
အပြာရောင်ဝတ်စုံဝတ်လူက ရှင်းပြလိုက်သော်လည်း မိန်းမလှလေးက များစွာဂရုစိုက်ဟန်မတူဘဲ ခေါင်းညိမ့်ပြလိုက်သည်။
“ ဒါတွေက အရေးမကြီးပါဘူး ဘာပဲဖြစ်ဖြစ် ကျမလည်းထိခိုက်တာမှမဟုတ်တာ....”
မိန်းမလှလေူ၏ခွင့်လွှတ်ပေးမှုကြောင့် ဝက်ဝံရိုင်းပင်သူ၏လုပ်ရပ်ကိုပြန်၍ရှက်ရွံ့သွားမိ၏။ ။
စိတ်ဆိုးစိတ်ယုတ်များတခဏလေးထွက်ပေါ်မိရာ သူတို့၏အသက်များပင်သေဆုံးလုနီးပါးဖြစ်ခဲ့ရမည်ဟုထင်မထားမိပေ။
ထို့နောက် ဝက်ဝံရိုင်းက တစ်စုံတစ်ခုကိုသတိရသွားကာ သူ့ထံတွင်ရှိနေသည့်ပိုက်ဆံအိတ်ကိုထုတ်လိုက်ရင်း မိန်းမလှလေးအနီးသို့မဝံ့မရဲကပ်၍ပေးလိုက်သည်။
“ ကျေးဇူးပါ.....”
ဇာပဝါအောက်မှပြိုင်ဘက်ကင်းမျက်နှာလှလှလေးထက်၌အပြုံးတစ်ခုထွက်ပေါ်လာပြီး ဝက်ဝံရိုင်းနှင့်သဲနက်ဓားပြများမှာ နောက်တစ်ကြိမ်ငေးမောသွားကြပြန်သည်။
ထို့နောက် မိန်းမလှလေးက သူမ၏မြင်းကိုခြေဖြင့်ခတ်၍ စတင်ထွက်ခွာသွားပြီးခပ်လှမ်းလှမ်းသို့ရောက်မှ သမင်လည်ပြန်ကြည့်ကာပြောလိုက်သည်။
“ ကျမရှင်ဘယ်သူလဲဆိုတာကိုသိပြီ... ဒီအသက်အရွယ်နဲ့ဒီလိုအဆင့်မျိုးရောက်နေတာ သိုင်းလောကမှာလက်ချိုးရေလို့ရတယ် ။ ပြီးတော့
ကျမရဲ့အလှအပကိုစိတ်မဝင်စားဘဲတည်ငြိမ်နေတဲ့အပြင် အရက်အိုးကိုလက်ကမချတော့ ရှင်ဘယ်သူလဲခန့်မှန်းရတာလွယ်ကူသွားပြီပေါ့.....။ ရှင်ရှာဖွေနေတဲ့မိန်းကလေးကိုပြန်တွေ့ပါစေ ကျန်းလု .. “
ပိုးသားလိုနက်မှောင်နူးညံ့သည့်ဆံနွယ်များက လေထဲတွင်လွင့်နေပြီး ချိုသာကြည်လင်သည့်စကားသံလေးကြောင့် အပြာရောင်ဝတ်စုံဝတ်လူလည်း သက်ပြင်းတစ်ချက်ချကာရေရွတ်လိုက်သည်။
“ အဲလိုပဲမျှော်လင့်ပါတယ်.....”
ထို့နောက် အပြာရောင်ဝတ်စုံဝတ်လူကဝက်ဝံရိုင်းနှင့်သူ၏လူများကိုကြည့်ကာ ခပ်တင်းတင်းပြောလိုက်သည်။
“ ငါ့ကိုမင်းတို့ခေါင်းဆောင်ဆီလိုက်ပို့စမ်း.....”
&&&
အချိန်အနည်းငယ်ကြာမြင့်ပြီးနောက် ထိုနေရာတွင်လူသူတစ်ဦးတစ်ယောက်မှမရှိတော့ဘဲ ရှင်းလင်းသွားလေသည် ။
မိန်းမလှလေးက သူမ၏မြင်းညိုကြီးကိုစီးလျက်ခရီးဆက်သွားပြီဖြစ်သလို အပြာရောင်ဝတ်စုံဝတ်လူနှင့်သဲနက်ဓားပြများကလည်း တောအုပ်တွင်းသို့ဝင်ရောက်သွားကြပြီဖြစ်သည်။
ရုတ်တရက် လူရိပ်နှစ်ခုက သစ်ပင်များကြားမှပေါ်ထွက်လာပြီး မိန်းမလှလေးထွက်ခွာသွားသည့်ဘက်ကိုမျှော်ကြည့်၍ တစ်ယောက်ကပြောလိုက်သည်။
“ သူက စွန်းအိမ်တော်ကိုဦးတည်သွားနေတာမဟုတ်လား.....”
စကားပြောလိုက်သူက အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ရုပ်ရည်ကြမ်းတမ်းကာ ပြည်မရှိလူများနှင့်ကွဲပြားသည့်သွင်ပြင်ရှိသည်။
ကျန်တစ်ယောက်က ထိုလူ့လိုပင်ဖြစ်ပြီး အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပေသည်။
သူ့အဖော်၏စကားကို အနက်ရောင်ဝတ်စုံဝတ်လူက ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ဟုတ်မှာပေါ့.....စွန်းအိမ်တော်သိုင်းပြိုင်ပွဲကနီးလာပြီလေ သူလည်း လူငယ်မျိုးဆက်ဆိုတော့ သေချာပေါက်ဟိုကိုသွားမှာပေါ့.....”
အဖြူရောင်ဝတ်စုံဝတ်လူက သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည် ။
“ ငါတို့နှစ်ယောက်လည်း လူတိုင်းကြောက်ရတဲ့သေမင်းနှစ်ဖော်ကနေ ကလေးထိန်းတွေလိုဖြစ်နေပြီ ။ ကံကောင်းတာက သူကသိပ်ပြီးပြဿနာမရှာလို့ မဟုတ်ရင် ငါတို့တောင် ကိုယ်ထင်ပြရလိမ့်မယ် ....”
စိတ်မသက်မသာဖြစ်နေဟန်တူသည့်သူ၏စကားကိုအနက်ရောင်ဝတ်စုံဝတ်လူကခေါင်းညိမ့်ထောက်ခံလိုက်သည်။
“ အင်း.....ဘာပဲဖြစ်ဖြစ်ပါ ....ဟိုကောင့်ကိုရှာတွေ့ပြီး ဆရာ့ဆီပြန်နိုင်မယ်ဆိုရင်ထိုက်တန်ပါတယ်။ ဆရာကြီးပိုင် မြန်မြန်ရှာတွေ့ပါစေလို့ပဲဆုတောင်းရတာပေါ့.....”
အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများကတောက်ပသွားပြီး တောတွင်းပိုင်းကိုစောင်းငဲ့ကြည့်ကာ အံကြိတ်၍ပြောလိုက်သည်။
“ မိန်းကလေးရဲ့နောက်ကို မင်းလိုက်သွားဦး.....ငါကြွေးဟောင်းလေးတစ်ခုသွားဆပ်လိုက်ဦးမယ်.....”
သူ၏လေသံအရ တစ်စုံတစ်ခုကိုဒေါသထွက်နေမှန်းသိနိုင်ပြီးအဖြူရောင်ဝတ်စုံဝတ်လူလည်း ရက်စက်သည့်ဟန်ဖြင့်ပြုံး၍ပြောလိုက်သည်။
“ မင်းပြောမှငါအမှတ်ရတော့တယ်။ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့.....”
ထို့နောက် သူတို့နှစ်ယောက်က လူခွဲသွားကြပြီး အဖြူရောင်ဝတ်စုံဝတ်လူက မိန်းမလှလေးထွက်သွားရာဘက်သို့ဦးတည်သွားသလို အနက်ရောင်ဝတ်စုံဝတ်လူကလည်း တောအုပ်အတွင်းဘက်သို့လျှင်မြန်စွာပြေးဝင်သွားတော့သည်။
&&&&