← Chapters

ရှေးခေတ်ဟောင်းမှသံစဉ်နှစ်ပုဒ်

Vol. 3 Ch. 35

ရှေးခေတ်ဟောင်းမှသံစဉ်နှစ်ပုဒ်

Vol. 3 Ch. 35

ယခုရက်ပိုင်းသိုင်းလောကတစ်ခုလုံးပြန်၍သက်ဝင်လှုပ်ရှားလျက်ရှိသည် ။

အကြောင်းကားစွန်းအိမ်တော်တွင်ကျင်းပမည့်လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲနီးကပ်လာ၍ဖြစ်သလို သိုင်းပြိုင်ပွဲတွင်ပါဝင်ရန်နှင့်ပြိုင်ပွဲကိုကြည့်ရှုရန် အနယ်နယ်အရပ်ရပ်မှသိုင်းသမားက စွန်းအိမ်တော်တည်ရှိရာနေရာကိုဦးတည်လာရောက်နေကြပေသည်။

ကျုံဟွာတောင်တိုက်ပွဲကြီးပြီးဆုံး၍ အနှစ်နှစ််ခန့်ကြာပြီဖြစ်သလို လက်ရှိလူငယ်မျိုးဆက်က ပြီးခဲ့သည့်ဒုတိယမျိုးဆက်ထက်ပင် ပို၍သာလွန်နေသေးသည်။

လူငယ်ထိပ်သီးဆယ်ယောက် ၊မိန်းမလှခုနစ်ယောက်လိုပါရမီရှင်လူငယ်သိုင်းသမားများသာမက အခြားလူငယ်များစွာလည်းပေါ်ထွက်လာကြပေသည်။

ယခုအခါ သိုင်းပြိုင်ပွဲနီးကပ်လာပြီဖြစ်၍ မထင်မရှားသိုင်းသမားများပင် ကိုယ်ထင်ပြလာကြပြီး ထိုအထဲတွင်အကျော်ကြားဆုံးက နဂါးနက်၊ မုန်တိုင်းသိုင်းသမားနှင့် ယန်စီသူရဲကောင်းညီနောင်ဟုလူသိများသည့် ဝတ်စုံပြာဓားသမားနှင့်ဝတ်စုံဖြူကျောင်းတော်သားတို့ဖြစ်ကြသည်။

နဂါးနက်ဆိုသည်က အမည်မသိလူငယ်သိုင်းသမားတစ်ယောက်ဖြစ်ကာ သူ၏အသက်ကသုံးဆယ်ဝန်းကျင်သာရှိသေးသည်။

သို့သော်လည်း နဂါးနက်ပေါ်ထွက်လာသည့်တစ်လအတွင်း နာမည်ကျော်သိုင်းသမားတစ်ရာကျော်အထိသူ၏လက်ထဲတွင်ရှုံးနိမ့်ခဲ့ပြီးဖြစ်ကာ ထျန်ရှန်မြို့မှလပြည့်ဝန်းကန်၌ လူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင် လေပြင်းနဂါးကိုပင်အနိုင်ယူခဲ့သည်။

ထိုတိုက်ပွဲပြီးနောက်တွင် နဂါးနက်ဆိုသည့်နာမည်က သိုင်းလောကတစ်ခုလုံးကိုပျံ့နှံ့သွားကြပြီး အချို့လူများ၏ပြောစကားအရ နဂါးနက်၏သိုင်းပညာက လူငယ်ထိပ်သီးစာရင်းဝင်အများစုထက်ပင်သာလွန်သည်ဟုသိရသည်။

မုန်တိုင်းသိုင်းသမားဆိုသည်ကလည်း သိုင်းလောကထဲတွင်နေ့ချင်းညချင်းနာမည်ကျော်လာသည့်လူငယ်တစ်ယောက်ဖြစ်ကာ သူ၏အသက်အရွယ်ကလည်း သုံးဆယ်ဝန်းကျင်သာရှိသေးသည်။

သို့သော် သူ၏သိုင်းပညာက အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိနေပြီး ယန်စီမြစ်ကြောင်းတစ်လျှောက်မှနာမည်ကြီးသိုင်းသမားများစွာကိုစိန်ခေါ်တိုက်ခိုက်ကာ ရှူံးပွဲမရှိသေးပေ။

သူအနိုင်ယူခဲ့သည့်အထဲတွင် ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးများပင်ပါဝင်ပြီး မုန်တိုင်းကျသလိုတိုက်ခိုက်မှုများကြောင့် ထိုလူရွယ်၏ဘွဲ့အမည်ကို မုန်တိုင်းသိုင်းသမားဟုခေါ်ဆိုကြခြင်းဖြစ်သည်။

ယန်စီသူရဲကောင်းညီနောင်ဆိုသည်က အထူးပြောစရာမလိုဘဲ ယခုနှစ်လသုံးလအတွင်းသိုင်းလောကထဲ၌လျှမ်းလျှမ်းတောက်နေသည့်လူငယ်နှစ်ယောက်ဖြစ်သည်။

ယန်စီနဂါးအဖွဲ့ကိုဖြိုခွင်းရာမှစ၍ မိစ္ဆာဝိညာဉ်၏နတ်ဆိုးရှစ်ယောက်ထဲမှ လှံနတ်ဆိုးချူးကုနန်ကိုသတ်ဖြတ်သည်အထိလက်စောင်းထက်ကြသူများဖြစ်သည်။

သူတို့၏သိုင်းပညာကများစွာမြင့်မားခြင်းမရှိဟုသိရသော်လည်း ထိုနှစ်ယောက်ပြုလုပ်ခဲ့သည့်ကိစ္စများကတုန်လှုပ်ဖွယ်ဖြစ်၏။

ကျန်လူများနှင့်ခြားနားစွာ သူတို့နှစ်ယောက်က နောက်ခံအင်အားတွင်လည်း မနိမ့်ကျဘဲ ဝတ်စုံပြာဓားသမားကချောင်မျိုးနွယ်နှင့်ရင်းနှီးပြီး ဝတ်စုံဖြူကျောင်းတော်သားက ရှောင်လင်ကျောင်းတော်မှဖြစ်ကာ နဂါးခုနစ်ကောင်မှ ဓားကျိုးဘုရင်၏တူဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်၏ဂုဏ်သတင်းကအလိုလိုနေရင်းမြင့်တက်နေခြင်းဖြစ်ကာ ယခုလပိုင်းတွင် သူတို့၏လှုပ်ရှားမှုများကိုမမြင်ရသည့်တိုင် ကျော်ကြားမှုက နိမ့်ကျမသွားခြင်းဖြစ်၏။

တက်သစ်စလူငယ်များအပြိုင်အဆိုင်ပေါ်ထွက်လာကြသလို ယခင်လူငယ်ထိပ်သီးစာရင်းဝင်များကလည်း သိုင်းပြိုင်ပွဲတွင်အစွမ်းပြရန်ကြိတ်၍အားခဲထားကြသည်ဟုသိရသည်။

ထို့ကြောင့် ယခုလထဲတွင်ကျင်းပမည့် စွန်းအိမ်တော်သိုင်းပြိုင်ပွဲက အနှစ်တစ်ရာအတွင်းအကောင်းဆုံးလူငယ်မျိုးဆက်ပြိုင်ပွဲဟု သက်မှတ်ထားကြပြီး ထိုပြိုင်ပွဲတွင်မည်သူဗိုလ်စွဲမည်ကိုတော့ မည်သူမှခန့်မှန်းနိုင်ခြင်းမရှိကြပေ။

&&&

“ ကျုပ်ကို မရဏဗျက်စောင်းသခင်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေနည်းနည်းလောက်ပြောပြပေးလို့ရမလား.....”

ရေကန်အလယ်ရှိကျောက်ဖြူဇရပ်လေးတွင် လူနှစ်ယောက်ထိုင်လျက်ရှိပြီး သူတို့၏အလယ်၌ ရေနွေးကြမ်းအိုးနှင့်ကျောက်စိမ်းခွက်များတင်ထားသည့်စားပွဲခုံတစ်ခုရှိနေသည်။

ယခု ပြောလိုက်သူကဝတ်စုံဖြူဝတ်အဖိုးအိုဖြစ်ကာ သူ၏ဘေးတွင် ငွေရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့် ခန့်ညားသည့်လူကြီးတစ်ဦးရှိနေသည်။

အဖိုးအိုက ငွေရောင်ဝတ်စုံဝတ်လူကြီးကိုတစ်ချက်ကြည့်ရင်းဆက်ပြောလိုက်သည်။

“ အမှန်အတိုင်းဝန်ခံရရင် ကျုပ်က မရဏဗျက်စောင်းသခင်ရဲ့ပညာရပ်တွေကို ကံကောင်းထောက်မလို့ဆက်ခံခံနိုင်ခဲ့ပြီးတော့ သူနဲ့ပတ်သတ်တာတွေကိုလည်း အနည်းအကျဉ်းပဲသိထားတယ် ။

ခင်ဗျားက ဗဟုသုတကြွယ်ဝတာဆိုတော့ သူ့အကြောင်းကို ကျုပ်ထက်ပိုပြီးသိနိုင်မလားလို့ပါ ....”

အဖိုးအို၏စကားအဆုံး၌ ငွေရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းညိမ့်ကာ နူးညံ့အေးဆေးသည့်လေသံဖြင့်ပြောလိုက်သည်။

“ မရဏဗျပ်စောင်းသခင်ဆိုတာ ဒုတိယမြောက်ဝူဘုရင်ရဲ့လက်ထက်မှာ ပေါ်ထွက်ခဲ့တဲ့သိုင်းပညာရှင်တစ်ဦးပဲ။ ကျုပ်လည်း သူ့အကြောင်းကို အကြမ်းဖျင်းပဲသိထားတာပါ။

သူ့ရဲ့ဇာတ်မြစ်က ရွာငယ်တစ်ခုက မိဘမဲ့လူငယ်တစ်ယောက်ဖြစ်ပြီးတော့ သိုင်းလောရဲ့ထိပ်ဆုံးကိုရောက်တဲ့အထိ ကိုယ့်အားကိုကိုးပြီးတက်လာခဲ့ရတာ။

သူ့ရဲ့ဘဝဇာတ်ကြောင်းက ဒဏ္ဍာရီဆန်ပြီးရှုပ်ထွေးတယ်။ အဲဒီခေတ်က လူတွေတောင် သူ့ကိုဘယ်လိုသက်မှတ်ရမှန်းမသိခဲ့ဘူး။။

မိန်းကလေးတစ်ယောက်အတွက်အဖြူရောင်ထိပ်တန်းအင်အားစုတစ်ခုကိုဖျက်ဆီးဖူးသလို သိုင်းလောကို အုပ်စိုးချင်တဲ့အနက်ရောင်သိုင်းပညာရှင်ကြီးတစ်ယောက်ကိုလည်းအသက်စွန့်ပြီးတိုက်ခိုက်ဖူးတယ်။။

အဲဒီတိုက်ပွဲမှာ သူပျောက်ကွယ်သွားပြီး သိုင်း‌လောကတစ်ခုလုံးက သူသေပြီလို့တောင်ထင်ခဲ့ကြတာ။

ဒါပေမယ့်ခင်ဗျားက သူ့ရဲ့ပညာတွေကိုဆက်ခံနိုင်ခဲ့တယ်ဆိုတော့ သူအဲဒိတိုက်ပွဲမှာ မသေခဲ့ဘူးဆိုတာ သိနိုင်တာပေါ့.....”

ငွေရောင်ဝတ်စုံဝတ်လူကြီး၏ရှင်းပြစကားများကို ငြိမ်သက်စွာနားထောင်နေပြီး အဖိုးအိုက သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။

“ ဟုတ်ပါတယ်။ သူက တိုက်ပွဲပြီးတော့ သိုင်းလောကထဲကထွက်ခွာပြီး အေးအေးဆေးဆေးဇာတ်မြုပ်နေသွားခဲ့တယ်။

ဒါကလည်း သူချန်ထားခဲ့တဲ့မှတ်တမ်းအရသိရတာပါ။ ကျုပ်အဓိကသိချင်တာက သူ‌မှာသွားတဲ့နောက်ဆုံးစကားပဲ။

စိတ်ဝိညာဉ်တေးသွားနဲ့မဟူရာည၏နတ်ဆိုးတေးသံဆိုတဲ့သံစဉ်နှစ်ခုအကြောင်းကို ခင်ဗျားကြားဖူးလား.....”

အဖိုးအို၏စကားများကြောင့် ကျောက်စိမ်းခွက်ထဲမှလက်ဖက်ရည်ကြမ်းကိုဖြေးညင်းစွာစုပ်သောက်နေသည့်လူကြီး၏လှုပ်ရှားမှုများရပ်တန့်သွားပြီး သူ၏မျက်ဝန်းများက ဖျက်ခနဲတောက်ပသွားသည်။

ထို့နောက် ကျောက်စိမ်းခွက်ကိုအသာပြန်ချကာ ခေါင်းညိမ့်ပြလိုက်သည် ။

သူ၏အပြုအမူကြောင့်အဖိုးအိုကအားတက်သွားဟန်တူပြီး သိလိုစိတ်ပြင်းပြသည့်ဟန်ဖြင့်မေးလိုက်သည်။

“ ကျုပ်ကိုဒီသံစဉ်နှစ်ခုအကြောင်းပြောပြပေးလို့ရမလား ။ မရဏဗျက်စောင်းသခင်ရဲ့မှတ်တမ်းအရဆိုရင် သူရရှိခဲ့တဲ့ပညာရပ်တွေကမပြည့်စုံသေးဘဲ အဲဒီသံစဉ်နှစ်ခုလိုအပ်နေသေးတယ်လို့သိရတယ်.....”

အဖိုးအိုက ထိုအကြောင်းအရာများကိုအမှန်ပင်သိလိုလှပြီး နှစ်များစွာကြာအောင်သူရှာဖွေနေခဲ့သည့်သတင်းများလည်းဖြစ်၏။

မျှော်လင့်မထားဘဲ သူ၏မိတ်ဆွေလောရန်သူလောခွဲခြားမရသည့်လူတစ်ယောက်ထံမှထိုအကြောင်းအရာများသိရလိမ့်မည်ဟုတစ်ကြိမ်မှတွေးမထားမိပေ။

ငွေရောင်ဝတ်စုံဝတ်လူကြီးက တည်ကြည်လေးနက်သည့်အမူအယာဖြင့် ဖြေးညင်းစွာပြောလိုက်သည်။

“ အမှန်ပဲ ။မရဏဗျပ်စောင်းသခင်ရရှိခဲ့တဲ့ပညာရပ်တွေက မပြည့်စုံခဲ့ဘူးဒါကိုတောင် သူက သူ့ခေတ်သူ့အခါမှာသိုင်းလောကတစ်ခုလုံးကိုလှုပ်ခါနိုင်သေးတယ်...။

ဒီအကြောင်းအရာတွေကိုပြောရရင် ထန်ပြည်ထောင်နှောင်းပိုင်းမှာ သိုင်းလောကကိုလွှမ်းမိုးနိုင်ခဲ့တဲ့ကြာပန်းဂိုဏ်းအကြောင်းကိုလည်းချန်ထားလို့မဖြစ်သေးဘူး.....”

သူ၏စကားများကြောင့်အဖိုးအိုပင်အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

“ ကြာပန်းဂိုဏ်း ဟုတ်လား....”

ငွေရောင်ဝတ်စုံဝတ်လူကြီးကခေါင်းညိမ့်ပြ၍ဆက်ပြောလိုက်သည်။

“ ဟုတ်တယ် အဲဒီခေတ်က အစွမ်းထက်အမျိုးသမီးသိုင်းပညာရှင်ကြီးတစ်ယောက်တည်ထောင်ခဲ့တဲ့ကြာပန်းဂိုဏ်းပဲ။

ဂီတနဲ့သိုင်းပညာနှစ်မျိုးထူးချွန်ပြီး ခေတ်တစ်ခုကိုလွှမ်းမိုးနိုင်ခဲ့တဲ့လူတစ်ယောက်ပေါ့။

သူတည်ထောင်ခဲ့တဲ့ကြာပန်းဂိုဏ်းက နှစ်တစ်ရာကျော်လောက်ပဲတည်ရှိခဲ့ပေမယ့် အဲဒီခေတ်က အတောက်ပဆုံးဂိုဏ်းတစ်ခုဖြစ်ခဲ့ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းထက်တောင်သာလွန်ခဲ့သေးတယ်။

ပြီးတော့ ကြာပန်းဂိုဏ်းပျက်စီးပြီးတဲ့နောက်မှာ ဂိုဏ်းရဲ့ပညာရပ်တွေက ပြန့်ကျဲသွားပေမယ့် ထန်ပြည်ထောင်ပျက်သုဉ်းခါနီးခေတ် ၊ ခြောက်နိုင်ငံခေတ်နဲ့ ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်မှာတောင် အဲဒီပညာရပ်တွေက မကြာခဏထွက်ပေါ်လာသေးတယ် ။

အဲလိုထွက်ပေါ်လာတိုင်းလဲ သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်စေတဲ့အကြိမ်တွေပဲ.....”

ငွေရောင်ဝတ်စုံဝတ်လူကြီး၏ရှင်းပြစကားများကိုနားထောင်နေရင်း အဖိုးအို၏အမူအယာက မသိနားမလည်သေးသည့်ကလေးတစ်ယောက်လို များစွာအံ့ဩတုန်လှုပ်နေသည်။

ထိုအကြောင်းအရာများက လွန်ခဲ့သည့်နှစ်ပေါင်းခုနစ်ရာရှစ်ရာခန့်မှဖြစ်ပြီးစွန်းအိမ်တော်လိုနံပါတ်တစ်သတင်းအဖွဲ့အစည်းပင် လက်လှမ်းမမှီခဲ့ပေ။

ယခု ငွေရောင်ဝတ်စုံဝတ်လူကြီးက ထိုစဉ်က အကြောင်းအရာများကိုပင်နှံ့စပ်စွာသိထားဟန်တူပြီး ထိုလူ၏ဗဟုသုတကြွယ်ဝမှုကို အဖိုးအို၏စိတ်ထဲတွင်ထိတ်လန့်နေမိပြီဖြစ်၏။

“ ခင်ဗျား ဘယ်သူလဲ....”

အဖိုးအို၏စိတ်ထဲ၌ သိလိုစိတ်ပြင်းပြစွာဖြစ်နေသည့်အတွက် သူ၏နှုတ်မှအလိုလိုထွက်သွားခြင်းဖြစ်သည်။

သူ၏မေးခွန်းကြောင့် လူကြီး၏စကားများကရပ်တန့်သွားပြီး သူ၏မျက်နှာထက်၌ ထူးခြားသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

“ နာမည်ဆိုတာပညက်ချက်တစ်ခုပဲလေ။ ကျုပ်မှာ နာမည်တွေတစ်ခုထက်မကပိုပြီးရှိတယ်။ ခင်ဗျားနဲ့ကျုပ်က ကောင်းသောတွေ့ဆုံခြင်းနဲ့တွေ့ခဲ့တော့ ကျုပ်ကိုမိတ်ဆွေကြီးလို့ခေါ်လို့ရတယ်.....”

ထို့နောက် ငွေရောင်ဝတ်စုံဝတ်လူကြီးက အဖိုးအို၏အမူအယာကို ဂရုမစိုက်ဘဲဆက်ပြောလိုက်သည်။

“ စောစောက ခင်ဗျားမေးထားတာကိုပြန်ဖြေရရင် မရဏဗျပ်စောင်းသခင်မတတ်မြောက်လိုက်တဲ့သံစဉ်နှစ်ခုက စိတ်ဝိညာဉ်တေးသွားနဲ့ မဟူရာညရဲ့နတ်ဆိုးသံစဉ်ဆိုတဲ့ သီချင်းနှစ်ပုဒ်ပဲ။

ဂီတက လူကိုရွှင်မြူးစေသလို လူတစ်ယောက်ရဲ့အသက်ကိုလည်းနုတ်ယူနိုင်တယ် ။ ဒါပေမယ့် မဟူရာညရဲ့နတ်ဆိုးသံစဉ်နဲ့ ခင်ဗျားတတ်မြောက်ထားတဲ့ နတ်ဆိုးခေါ်သံ‌၊ ငရဲတံခါးကိုဖွင့်လှစ်ခြင်းစတဲ့ သီချင်းတွေကတော့လူတွေကိုအစုလိုက်အပြုံလိုက်တောင်သတ်ဖြတ်နိုင်တယ်မလား.....”

ထိုလူ၏ထူးခြားဆန်းကြယ်မှုများကို တွေ့မြင်ပြီးဖြစ်၍ ငွေရောင်ဝတ်စုံဝတ်လူကြီးကမည်သည့်နည်းဖြင့် သူတတ်မြောက်ထားသည့်ပညာရပ်များကိုသိရှိနေသနည်းဟုတွေးတောမနေတော့ဘဲ အဖိုးအိုက ဆက်မေးလိုက်သည်။

“ အဲဒီသံစဉ်နှစ်ပုဒ်က အခုဘယ်သူ့ဆီမှာရှိနေသလဲ ...”

အဖိုးအို၏မေးခွန်းကို ငွေရောင်ဝတ်စုံဝတ်လူကြီးက အဝေးသို့ငေးရင်းပြန်ဖြေလိုက်သည်။

“ အဲဒီသံစဉ်နှစ်ပုဒ်က အင်အားစုတစ်ခုရဲ့လက်ထဲမှာရှိတယ်။ ခင်ဗျားရဲ့အဆင့်နဲ့ဆိုရင်တောင် ရယူဖို့မဖြစ်တဲ့အင်အားစုတစ်ခုပေါ့။

ပြီးတော့ အဲဒီအင်အားစုကနေတစ်ဆင့် ကြောက်စရာကောင်းတဲ့လူတစ်ယောက်ကရရှိလာခဲ့တယ်။ ဒါပေမယ့် အဲဒီလူကလည်းသူကိုယ်တိုင်အသုံးမပြုဘဲ မိန်းကလေးတစ်ယောက်ကိုလက်ဆင့်ကမ်းခဲ့တယ်။

အဲဒီမိန်းကလေးကတော့ လူ့လောကမှာမရှိရှာတော့ဘူး။ ဘယ်သူသိနိုင်မလဲ အဲဒီသံစဉ်နှစ်ပုဒ်ကိုတတ်မြောက်တဲ့လူတစ်ယောက်ရှိနေမလားဆိုတာကိုပေါ့ ....”

&&&&

All Chapters