ပြင်ပလောကသို့
Vol. 3 Ch. 36
မှောင်မိုက်နေသည့်အခန်းငယ်လေးထဲတွင်ပြင်ပမှဝင်ရောက်လာသည့်အလင်းရောင်ဖျော့ဖျော့သာရှိနေပြီး တိတ်ဆိတ်ကအထီးကျန်ဆန်နေသည်။
အခန်း၏အလယ်တွင် ကျောက်စိမ်းရောင်တောက်ပနေသည့်ခေါင်းတလားတစ်လုံးလည်းရှိပြီး ခေါင်းတလားမှထွက်ပေါ်နေသည့်အခိုးအငွေ့များအရ နှစ်မည်မျှကြာပါစေ အအေးဓာတ်များထွက်ပေါ်နေမည့်သဘာဝရတနာတစ်ခုဖြစ်မည်ဟုခန့်မှန်းနိုင်ပေသည် ။
ခေါင်းတလား၏ဘေးဘက်တွင် ဝတ်စုံဖြူဝတ်လူရွယ်တစ်ယောက်က ကျောက်တုံးကုတင်ကိုမှီ၍ထိုင်နေပြီး နှစ်ပေခန့်ရှည်မည့်ကျောက်စိမ်းပုလွေတစ်ချောင်းကိုညင်သာစွာတီးမှုတ်နေသည်။
ကျောက်စိမ်းခေါင်းတလားမှအလင်းရောင်နှင့်ကျောက်စိမ်းပုလွေပင်အရောင်ထွက်နေသလိုထင်မြင်ရပြီး ဆံပင်များရှုပ်ပွ၍ညစ်ပတ်နေသည့်တိုင် လူရွယ်၏ချောမောခန့်ညားသည့်ရုပ်သွင်ကိုတွေ့မြင်နိုင်ပေသည်။
ရက်ပေါင်းများစွာမလျှော်မဖွတ်ဘဲနေရသဖြင့်သူ၏အဖြူရောင်ဝတ်စုံကအညိုရောင်သို့ပြောင်းလုနီးပါးဖြစ်နေပြီး နေ့စဉ်နေ့တိုင်းသိုင်းပညာလေ့ကျင့်မှုကြောင့်ညစ်ပတ်ပေရေနေသည်။
ထို့အပြင် နေအလင်းရောင်ပင်မရောက်နိုင်သည့်ဤနေရာကြီး၌ ရေချိုးရန်ဝေးစွ သောက်သုံးရေပင်မရှိ၍ လူငယ်ယခုလိုညစ်ပေနေခြင်းကအဆန်းတော့မဟုတ်ပေ။
သို့တိုင် ညစ်ပတ်နေသည့်ကြားမှ ယောင်္ကျားပီသခန့်ညားသည့်သွင်ပြင်ကိုမြင်တွေ့နိုင်ကာ သူ၏လက်ချောင်းသွယ်သွယ်များက ကျောက်စိမ်းပုလွေပေါ်တွင်ညင်သာစွာရွေ့လျားလျက်ရှိသည်။
အခန်းထဲတွင် ကြည်လင်သာယာသည့်ပုလွေသံတစ်ခုက ညင်သာစွာထွက်ပေါ်နေပြီး ကြားရသူတိုင်း၏စိတ်နှလုံးကိုပျော့ပြောင်းနူးညံ့စေနိုင်သည်။
ပုလွေ၏အသံက အမြင့်သံရောက်သော်လည်း ကြမ်းတမ်းခြင်းမရှိဘဲ နားထောင်ရသည်ကကောင်းမွန်နေသည်။
ဤသည်က ပုလွေကိုတီးမှုတ်နေသည့်လူငယ်၏ဂီတစွမ်းရည်မြင့်မား၍ဖြစ်ပြီး သူတီးမှုတ်နေသည့်သံစဉ်ကလွန်စွာထူးခြား၍လည်းဖြစ်သည်။
ထိုပုလွေသံကိုကြားမိသူတိုင်း ကြည်လင်အေးမြသော စမ်းချောင်းတစ်ခုထဲရောက်နေသည်ဟု ခံစားရပေသည်။
စမ်းချောင်း၏ကြည်လင်သောရေက လျင်မြန်စွာ စီးဆင်းခြင်းမရှိဘဲ ထောင်ပေါင်းများစွာသော သံစဉ်များကို ဖန်တီးနေသကဲ့သို့ ကြည်လင်အေးမြသည့် စမ်းချောင်းရေက နှေးကွေးညင်သာစွာဆက်လက်စီးဆင်းနေသည်။
မည်သည့်လူမျိုးမဆိုတူညီသည့် သံစဉ်တစ်ခုတည်းကို အကြိမ်ကြိမ်ကြားနေရသည်မှာ ပျင်းစဂာကောင်းပေမည်။
သို့သော်ယခုပုလွေသံက အေးဆေးညင်သာစွာ စီးဆင်းနေသည့် စမ်းချောင်းငယ်တစ်ခုလို တာ်ငြိမ် အေးချမ်းမှုကို ဖော်ပြထားပြီး လူအများ၏စိတ်ကို ငြိမ်းချမ်းစေနိုင်သည်
ဤသည်က နားထောင်သူတို့၏စိတ်နှလုံးကိုသာမကဘဲ သူတို့၏စိတ်ဝိညာဉ်ထဲသို့ပါငြိမ်းချမ်းမှုကိုခံစားစေနိုင်မည့်တေးသွားတစ်ပုဒ်ပင်ဖြစ်တော့သည်။
ထိုသံစဉ်တစ်ပုဒ်ထဲကိုသာအကြိမ်ကြိမ်ထပ်ကျော့၍တီးမှုတ်နေပြီးနောက် လူငယ်က သူ၏နှုတ်ခမ်းနားတွင်တော့ထားသည့်ပုလွေကိုပြန်ချလိုက်သည်။
လူငယ်တစ်ယောက် အနားယူခြင်းမရှိဘဲတီးမှုတ်နေသည်က အချိန်များစွာကြာမြင့်နေပြီဖြစ်ပြီး နေ့တစ်ဝက်ကျော်ပင်ရှိနိုင်သည်။
ယခုလိုမျိုးအချိန်ကြာမြင့်စွာတီးမှုတ်ရပါက ဝါရင့်ပညာရှင်များပင် ပင်ပန်းနွမ်းနယ်မှုကိုခံစားရမည်ဖြစ်သော်လည်း လူငယ်၏မျက်နှာထက်၌မောပန်းသည့်အရိပ်အယောင်မတွေ့၊ နွမ်းနယ်ခြင်းတို့ကင်းစင်နေကာ ကြည်လင်သည့်အပြုံးတစ်ခုသာရှိနေသည်။
လူငယ်က အချိန်အနည်းငယ်ကြာသည်အထိ ထိုင်နေပြီးမှ ရုတ်တရက်ထရပ်လိုက်ကာကျောက်စိမ်းပုလွေကိုခါးတွင်ထိုးလိုက်သည်။
ထို့နောက် သူနှင့်လက်တစ်ကမ်းအကွာရှိကျောက်စိမ်းခေါင်းတလားကိုထဲမှ ပြိုင်ဘက်ကင်းလှပသည့်ပုံရိပ်ကလေးကိုနက်ရှိုင်းသည့်အကြည့်များဖြင့်ကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ နတ်မိမယ်လေး...ဒါက စိတ်ဝိညာဉ်တေးသွားလို့ခေါ်တယ်။ ကျုပ်ရဲ့မိခင်သင်ပေးခဲ့တဲ့သံစဉ်တွေထဲက တစ်ပုဒ်ပေါ့။
မေမေရဲ့စကားအရဆိုရင် ဒီသီချင်းက လူတွေရဲ့စိတ်ကိုငြိမ်းချမ်းစေပြီး ရန်စွယ်တငေါငေါနဲ့သတ်မယ့်ဖြတ်မယ့်လူတွေရဲ့ဒေါသကိုတောင်ငြိမ်းအေးစေတယ်လို့ဆိုတယ်။
ကျုပ်ကတော့ ဒီအဆင့်ထိမရောက်သေးပါဘူး။။ပြီးတော့ မေမေက သူသင်ပေးတဲ့သံစဉ်တွေကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ရှေ့မှာမှ တီးမှုတ်မပြရဘူးလို့ပြောခဲ့ဖူးတယ်။ ဒါပေမယ့် နတ်မိမယ်လေးက တခြားလူမှမဟုတ်တာ.....”
လူငယ်၏မျက်နှာထက်ရှိအပြုံးက ပို၍တောက်ပလာပြီး ဆက်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ ကျုပ်အပြင်ကိုပြန်မထွက်ခင် နတ်မိမယ်လေးကို ဂီတနဲ့ဖျော်ဖြေခွင့်ရတာ ဝမ်းသာပါတယ်။
ကျုပ်မှာ လုပ်စရာကိစ္စလေးတွေရှိသေးလို့ ပြင်ပကိုထွက်ရဦးမယ်။ ပြီးရင်တော့ နတ်မိမယ်လေးဆီကိုအမြန်ဆုံးပြန်လာပြီး ဒီနေရာလေးမှာပဲ အသက်ထက်ဆုံးနေတော့မယ်။
အစားအသောက် အနေအထိုင်ပူစရာမလိုတဲ့အပြင် မင်းပါကျုပ်ကိုအဖော်ပြုပေးနေတော့ မနေစရာဘာအကြောင်းရှိလဲ ဟုတ်တယ်မလား ..”
လူငယ်က အပြုံးမျက်နှာဖြင့်ပြောနေသော်လည်း သူ၏မျက်နှာထက်၌ တွန့်ဆုတ်မှုနှင့်ဝမ်းနည်းမှုတို့ကိုတွေ့မြင်နေရသည်။
ထို့နောက် သက်ပြင်းမောတစ်ချက်မှုတ်ထုတ်ကာဆက်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ အပြင်လောကမှာ ကျုပ်လုပ်စရာကိစ္စတွေရှိသေးတယ်။ ပြီးတော့ ကျုပ်ဂရုစိုက်တဲ့လူတွေလည်းရှိသေးတယ်။
ဒါပေမယ့် သူတို့နဲ့အချိန်အတော်ကြာအောင်နေပြီးရင် နတ်မိမယ်လေးဆီကိုဆက်ဆက်ပြန်လာမယ်လို့ ကျုပ်ကတိပေးတယ် ဟုတ်ပြီလား...”
လူငယ်က ခေါင်းတလားအတွင်းရှိ ပြိုင်ဘက်ကင်းလှပသည့်မိန်းမလှလေးကိုငေးကြည့်ကာ သူပြောလိုသည့်စကားများကိုအဆက်မပြက်ပြောဆိုနေပေသည်။
ထို့နောက် ကျောက်စိမ်းခေါင်းတလားဆီသို့သူ၏လက်ကိုဖြေးညင်းစွာလှမ်းလိုက်မိ၏။
လူ့လောကနှင့်သက်ဆိုင်ခြင်းမရှိသည့်နတ်ဘုရားမတစ်ပါးလိုသန်စင်ပြီးမြင့်မြက်သည့်တုနှိုင်းမဲ့အလှမျိူးက လူသားတစ်ယောက်တွင်ရှိသင့်ရှိထိုက်သည့်အလှတရားမဟုတ်သော်လည်း ထိုမိန်းမပျိုလေးထံတွင်တည်ရှိနေပေသည်။
ထိုအလှတရားက လူ့လောကနှင့်မအပ်စပ်သလို ပြည်ထောင်များကိုပင်ပျက်သုဉ်းစေနိုင်မည့်အစွမ်းသတ္တိရှိပေသည်။
မူလက သူကိုယ်တိုင်လည်း ထိုမိန်းကလေး၏အလှကြောင့်စွဲလမ်းသွားသည်ဟုထင်ခဲ့မိသော်လည်း ထိုမိန်းမပျိုလေးနှင့်အတူရှိလေလေ သူမကိုပို၍ပျော်ဝင်လေလေဖြစ်သည်။
ဤသည်က ထိုမိန်းကလေး၏ရုပ်ရည်ကိုသာစွဲလမ်းခြင်းမျိုးမဟုတ်ဘဲ သူမ၏ဖြစ်တည်မှုတစ်ခုလုံးကိုပါ သဘောကျနှစ်သက်မိခြင်းဖြစ်သည်။
ထိုမိန်းကလေးကအသက်ရှင်သည်ဖြစ်စေ သေဆုံးနေသည့်အလောင်းတစ်ခုပင်ဖြစ်စေကွဲပြားမှုရှိမည်မဟုတ်ပေ။
လက်ရှိအချိန်၌ သူနှင့်သိကျွမ်းသူများပါသူ၏အခြေအနေကိုတွေ့မြင်ပါက ရူးသွပ်နေပြီဟုထင်ကောင်းထင်နိုင်သော်လည်း လူငယ်က အရူးဘွဲ့ကိုအပြုံးမပျက်ခံယူပေမည်။
အကြောင်းကား ထိုမိန်းမပျိုလေးကိုသူချစ်မြတ်နိုး၍ပင်။
ကျောက်စိမ်းခေါင်းတလားနှင့်နီးကပ်လေလေအအေးဓာတ်ကပိုတိုးလာလေလေဖြစ်ပြီး ကျောက်စိမ်းခေါင်းတလားကိုထိကိုင်မိပါက သာမန်လူတစ်ယောက်ဆိုလျှင်အအေးဓာတ်ကြောင့် သွေးကြောများပင်အေးခဲသွားနိုင်သည်။
အပြင်အားလမ်းစဉ်ရောအတွင်းအားကိုပါလေ့ကျင့်သည့်သူ့အတွက်မူ ထိုအအေးဓာတ်ကိုများစွာဂရိုစိုက်စရာမလိုပေ။
သို့သော်လည်း လူငယ်မှာ ကြည်လင်သည့်မှန်အဖုံးနှင့်မတွေ့မီသူ၏လက်ကိုပြန်ရုတ်လိုက်၏။
အကြောင်းကားသူ၏လက်နှင့်ထိတွေ့လျှင် မြင့်မြတ်သန့်စင်သည့်မိန်းမပျိုလေး၏အလှအပညစ်နွမ်းသွားမည်စိုး၍ပင်။
“ ကျုပ်ကိုသွားခွင့်ပြုပါ နတ်မိမယ်လေး .....”
လူငယ်က ခေါင်းတလားတွင်းရှိမိန်းမပျိုလေးကိုနှုတ်ဆက်သည့်အကြည့်ဖြင့်ကြည့်ရင်း ချာခနဲလှည့်ထွက်လိုက်သည်။
ဤနေရာတွင်အချိန်ကြာကြာနေမိပါက သူထွက်ခွာသွားနိုင်မည်ဟုပင်မထင်ခဲ့ပေ။
ထို့နောက် အခန်းငယ်လေး၏တံခါးကိုပြန်ပိတ်လိုက်ရာ ကျောက်စိမ်းခေါင်းတလား၏အလင်းရောက်မှအပ အခန်းတစ်ခုလုံးမှောင်မိုက်သွားတော့၏ ။
ရုတ်တရက် ခေါင်းတလားတွင်းရှိမိန်းမပျိုလေး၏ မည်းနက်ကော့ညွှတ်သည့်မျက်တောင်က ဖျက်ခနဲတစ်ချက်ခတ်သွားလေသည်။
သို့သော် မိန်းမပျို၏ခန္တာကိုယ်ကလှုပ်ရှားမလာဘဲ အခန်းငယ်လေးထဲတွင်မည်သည့်အရာမှမဖြစ်ပျက်သည့်အလား မှောင်မိုက်တိတ်ဆိတ်သွားတော့သည်။
&&&&
“ ဟူး.....”
ကျောက်စိမ်းခေါင်းတလားနှင့်မိန်းမပျိုလေးတည်ရှိရာအခန်းငယ်လေးထဲမှထွက်လာပြီးနောက် ရှောက်ယောင်၏တစ်ကိုယ်လုံးရှိအားအင်များပျောက်ကွယ်သွားသလိုခံစားလိုက်မိ၏။
ရှောင်ယောင်လည်း အသက်ဝိညာဉ်မရှိသည့်အလောင်းတစ်ခုကိုဤမျှစွဲလမ်းနှစ်သက်နေသညိ့သူကိုယ်သူအံ့ဩမိ၏။
သို့သော် သူ၏စိတ်ထဲတွင် ထိုမိန်းမပျိုလေးကို သက်ရှိလူသားတစ်ဦးဟုပင်သဘောထားနေမိပြီး သူမ၏အနားတွငိရှိနေလျှင်ပင် အရာရာပြီးပြည့်စုံနေပြီဟုခံစားနေမိ၏။
“ ဘာပဲဖြစ်ဖြစ်လေ.....”
ရှောင်ယောင်လည်း စိတ်ထဲရှိအတွေးစများကိုရှင်းထုတ်ရင်စ အသက်ကိုပြင်းပြင်းရှူလိုက်သည်။
ထို့နောက် ညလင်းပုလဲများ၏အလင်းရောင်ဖြင့် ထိန်လင်းနေသည့်ခန်းမကြီးကိုဝေ့ကြည့်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
“ နှုတ်ဆက်ပါတယ်.....”
သူတစ်လနီးပါးရှိနေခဲ့ရသည့်ဤနေရာကြီးကိုခွဲခွာရမည်ဆိုသည့်အသိက အနည်းငယ်တွန့်ဆုတ်နေစေသည် ။
နေ့နှင့်ညမရှိ၍ အချိန်များကိုအတိအကျမခန့်မှန်းနိုင်သော်လည်း ဤလျှို့ဝှက်နေရာကြီးတွင်ရှိနေသည်က အချိန်တစ်လထက်မနည်းပေ ။
ထိုအတောအတွင်း စားလိုက်အိပ်လိုက်၊ သိုင်းပညာလေ့ကျင့်လိုက်ဖြင့်အေးအေးဆေးဆေးဖြစ်ကာ ကျန်အချိန်များကို ကျောက်စိမ်းခေါင်းတလားထဲရှိမိန်းမပျိုလေး၏ဘေးတွင်သာအချိန်ဖြုန်းလေ့ရှိသည် ။
ထိုအတောအတွင်း လူ့လောကမှပူပန်စရာကိစ္စများစွာကိုမေ့ပျောက်ထားနိုင်ပြီး သိုင်းပညာတစ်ခုထဲကိုသာဇောက်ချလေ့ကျင့်ရ၍ ယခု ရှောင်ယောင်မှာ အဆင့်လွန်ထိပ်သီးအဆင့်ကိုပင်ရောက်ရှိနေပြီဖြစ်သည် ။
ထိပ်တန်းအဆင့်မှအဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိရန်က သာမန်လူများအတွက် နှစ်ပေါင်းများစွာကြိုးစားရသော်လည်း သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ထားသည့်ရှောင်ယောင့်အတွက်ထိုမျှမဟုတ်ပေ။
ရှောင်လင်ကျောင်းတော်တွင်နေစဉ်ထဲက ထိပ်တန်းလွန်အဆင့်နှင့်နီးကပ်နေပြီး ယခုလပိုင်းအတွင်းသေခြင်းရှင်ခြင်းတိုက်ပွဲများဖြတ်သန်းရခြင်းနှင့် ယခုလိုအေးချမ်းတိတ်ဆိတ်သည့်နေရာမျိုး၌လေ့ကျင့်ခွင့်ရခြင်းက ရှောင်ယောင်၏သိုင်းပညာကိုတဟုန်ထိုးတိုးတက်စေသည်။
အပြင်အားလမ်းစဉ်ကိုခေတ္တရပ်နား၍အတွင်းအားလမ်းစဉ်ကိုသာအာရုံစိုက်ခြင်းကြောင့် ယခုလိုတဟုန်ထိုးတိုးတက်လာခြင်းဖြစ်ပြီး သူ၏တိုက်ပွဲစွမ်းအားအရဆိုလျှင် အန်းဒူနှင့်ချူးကုနန်ပိုပင် ထိတ်တိုက်ရင်ဆိုင်နိုင်ပေမည်။
ထို့အပြင် စွန်းအိမ်တော်သိုင်းပြိုင်ပွဲက ရောက်ရှိရန်နီးကပ်လာပြီဖြစ်၍ ရှောင်ယောင်လည်း ပြင်ပလောကသို့ပြန်ထွက်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။
စင်စစ် ထွက်လမ်းကိုလွန်ခဲ့သည့်ရက်အနည်းငယ်အကွာမှတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိန်းမပျိုလေးကိုခွဲကာ ထွက်မသွားလိုခြင်းကြောင့်သာဖြစ်၏။
မှန်ပေသည်။
တံခါးများပေါ်ရှိ နဂါးရုပ်များကိုလျှို့ဝှက်ချက်ကိုသိမြင်ပြီးနောက် ပြင်ပလောကသို့ထွက်သည့်လမ်းကိုသူဖွင့်လှစ်နိုင်ရုံသာမကကျန်တံခါးနှစ်ချပ်ထဲမှတစ်ခုကိုပင်ဖွင့်လှစ်နိုင်ခဲ့သည်။
ထိုတံခါးအတွင်းရှိအရာများကရှောင်ယောင့်ကိုကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားစေခဲ့ပြီး သူ၏တသက်တွင်စိတ်ကူးပင်မယဉ်ဝံ့သည်အရာများရှိနေခြင်းဖြစ်၏။
သို့သော် ဤသည်က သူ၏ပစ္စည်းများမဟုတ်ဘဲ ခါးတွင်ရှိသည့်ကျောက်စိမ်းပုလွေမှအပ ကျန်အရာများကိုလက်ဖျားဖြင့်ပင်မတိူ့ခဲ့ပေ။
ထိုကျောက်စိမ်းပုလွေသည်ပင် မိန်းမပျိုလေးကိုဖျော်ဖြေရန်အတွက်ယူဆောင်ခဲ့ခြင်းဖြစ်၏။ ။
ယခုတော့ ထိုအရာများကို ခေတ္တခဏချန်ထားရစ်ကာ ပြင်ပလောကသို့ပြန်၍ထွက်ခွာပေမည် ။
ရှောင်ယောင်လည်းတံခါးချပ်တစ်ခု၏ရှေ့တွင်ရပ်ကာ တံခါးပေါ်ရှိလက်ရာမြောက်နဂါးရုပ်သုံးခု၏မျက်လုံးများကိုမတူညီသည့်ဘက်များသို့လှည့်လိုက်သည်။
ထို့နောက် တဂျုန်းဂျုန်းမည်သံနှင့်အတူ ကြီးမားလေးလံသည့်ကျောက်တံခါးကြီးကဖြေးညင်းစွာပွင့်ဟလာပြီး တောက်ပသည့်အလင်းတန်းများက ရှောင်ယောင်၏မျက်နှာသို့ရိုက်ခတ်လာသည် ။
နေထွက်ချိန်ပင်ဖြစ်ပေသည်။
&&&&