ရှောင်ယောင်ဆိုသူ
Vol. 3 Ch. 38
“ ဒါပေါ့ အစ်ကိုဝမ်ဝူးတို့ကစိတ်နေစိတ်ထားထူးဆန်းတယ်ဆိုပေမယ့် စိတ်ရင်းကောင်းတဲ့လူတွေပါ။ ကျုပ်တို့က ရင်းနှီးတယ်လို့ပြောလို့ရတယ်။ ဒီတစ်ကြိမ် စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုတောင် သူတို့ရောက်လာမလားမသိဘူး...”
အပြာရောင်ဝတ်စုံဝတ်လူငယ်ကား ချောင်မျိုးနွယ်မှထွက်လာသည့်ဟောင်ရန်မှလွဲ၍အခြားမဟုတ်ပေ။
သူ၏ရှေ့တွင်ထိုင်နေသူက သူ၏ပိုက်ဆံအိတ်ကိုခိုးယူသွားသည့်လူဖြစ်ကာ ယခုအခါ သူတို့နှစ်ယောက်က ရင်းနှီးနေကြပြီဟုဆိုနိုင်ပေသည်။
ထိုစဉ်က လိုက်တမ်းပြေးတမ်းကစားပြီးသည့်အခါ ထိုလူက ဟောင်ရန်၏ငွေအိတ်ကိုပြန်ပေးသည့်အပြင် စနောက်လိုသည့်အတွက်ကြောင့် ခိုးယူခြင်းဖြစ်ကြောင်း တောင်းပန်ခဲ့သည်။
သူ၏လုပ်ရပ်ကြောင့် ဟောင်ရန်မှာတစ်နေကုန်အလုပ်လုပ်ခဲ့ရ၍ မကျေမနပ်ဖြစ်မိသော်လည်း စိတ်ထားဖြူစင်ပြီးကြင်နာတတ်သူပီပီ တစ်ဖက်လူ၏တောင်းပန်မှုကြောင့် ကြေအေးပေးလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်ခရီးအတူထွက်လာကြပြီး ထိုလူ၏ဗဟုသုတစုံလင်ကြွယ်ဝမှု၊ စစနောက်နောက်နှင့် ပျော်ပျော်နေတတ်မှုစသည်တို့ကြောင့် သူတို့နှစ်ယောက်မှာ မိတ်ဆွေအရင်းအချာများအလားခင်မင်သွားခြင်းဖြစ်၏။
အံ့သြဖွယ်ကောင်းစွာဖြင့် ထိုလူက သိုင်းလောကတွင်လျှမ်းလျှမ်းတောက်ကျော်ကြားနေသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်ပြီး သူ၏အမည်ကိုသိခဲ့ရစဉ်က ဟောင်ရန်ပင်များစွာအံ့အားသင့်ရသေးသည်။
အကြောင်းကား ထိုလူက သူတွေ့ဖူးသည့်နာမည်ကျော်သိုင်းသမားများလို မာန်မာနမရှိဘဲ ပျော်ပျော်နေတတ်ကာ ဗရုတ်ကျ၍ဖြစ်သည် ။
ထိုအချက်ကြောင့်ပင်သူတို့နှစ်ဦးက ပို၍ရင်းနှီးသွားခြင်းဖြစ်ပြီး သိုင်းပညာမြင့်မားကာ ကြင်နာရိုးသားသော်လည်း ကလေးဆန်ပြီး အငြင်းသန်သည့်ဟောင်ရန့်ကို ထိုလူကလည်းများစွာခင်မင်မှုရှိပေသည်။
“ ဒါတွေထားလိုက်ပါ မင်းငါ့တပည့်လုပ်လို့ပြောထားတာဘယ်လိုလဲ....”
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် ဟောင်ရန်၏မျက်နှာကရှုံ့မဲ့သွားပြီး ခေါင်းယမ်းပြလိုက်သည်။
“ ကျုပ်မှာဆရာရှိတယ်လို့ဘယ်နှခါပြောရမလဲ။ ပြီးတော့ ကျုပ် ခင်ဗျားရဲ့တပည့်လည်းမလုပ်ချင်ဘူး....”
ဟောင်ရန်က ဤရက်ပိုင်းတွင် အကြိမ်ကြိမ်ငြင်းဆန်ပြိးဖြစ်သော်လည်း အဖြူရောင်ဝတ်စုံဝတ်လူက ဇွဲမလျော့ဘဲထပ်ပြောလိုက်သည်။
“ ဘာဖြစ်လဲကွာ ငါက ဆရာနှစ်ယောက်ရှိတာကိုစိတ်ထဲမထားပါဘူး ။သုံးနှစ် မဟုတ်ဘူး နှစ်နှစ်လောက်ပဲ မင်းအခုလိုငါနဲ့ နေရာအနှံ့လျှောက်သွားရင်သင်ယူလိုက်ရင် လူငယ်မျိုးဆက်မှာ မင်းရဲ့ကိုယ်ဖော့ပညာက နံပါတ်တစ်ဖြစ်သွားမယ်လိူ့ ငါကတိပေးတယ်.....”
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားကစိတ်အားထန်သန်မှုများဖြင့်ပြည့်နေပြီးစိတ်လှုပ်ရှားစရာကောင်းသော်လည်း ဟောင်ရန်ကတုံ့ဆိုင်းခြင်းမရှိငြင်းပယ်လိုက်ပြန်သည်။
“ အစ်ကိုယွင်ဖေး ဘယ်လိုပဲဖြစ်ဖြစ်ကျုပ်ဆုံးဖြတိပြီးပြီ ခင်ဗျားရဲ့စေတနာကိုကျုပ်နားလည်ပေမယ့် အခုလို အချိန်အကြာကြီးကိုယ်ဖော့ပညာလိုက်မသင်နိုင်ဘူး ။
စွန်းအိမ်တော်သိုင်းပြိုင်ပွဲပြီးရင် ကျုပ်က အစ်ကိုရှောင်ယောင်အတူသိုင်းလောကအနှံ့လျှောက်သွားဖို့စိတ်ကူးထားတယ်။ ဟဲ ဟဲ ယန်စီသူရဲကောင်းညီနောင်လေ ...”
ပြောင်စပ်စပ်အမူအယာဖြင့်ပြောလိုက်သည့်ဟောင်ရန့်ကြောင့်အဖြူရောင်ဝတ်စုံဝတ်လူလည်း လက်မြောက်အရှုံးပေးလိုက်ရတော့သည်။
“ အေးပါကွာ....နောင်တစ်ချိန်ကျမှ ငါ့ဆီက ကိုယ်ဖော့ပညာသင်ယူချင်တယ်ဆိုရင် ဒူးထောက်တောင်းပန်မှငါကစဉ်းစားပေးမယ်....”
အဖြူရောင်ဝတ်စုံဝတ်လူ၏မကျေမနပ်လေသံကြောင့် ဟောင်ရန်ကလည်း ချက်ခြင်းပြန်၍ ချေပလိုက်သည်။
“ လုံးဝပဲ....”
ထိုအခိုက် သူတို့၏စားပွဲအနီးသို့အနီရောင်ဝတ်စုံဝတ်ကောင်လေးတစ်ယောက်ချဉ်းကပ်လာပြီး သူ၏ခြေလှမ်းများကယိုင်ထိုးသွားသည်။
ထိုအခါ အဖြူရောင်ဝတ်စုံဝတ်လူက ထိုကောင်လေးကို လဲမကျစေရန်ထိမ်းပေးလိုက်ပြီး ကောင်လေးလည်း မျက်စိမျက်နှာပျက်ဖြင့်ထိုလူ့ကိုကျေးဇူးတင်စကားပြောကာ ဆိုင်အောက်ထပ်သို့ပြေးဆင်းသွားသည်။
“ ဟူး....ငါ့ဆီက တစ်ယောက်ယောက်က အလစ်သုတ်ဖို့ကြိုးစားရဲမယ်လို့ထင်မထားဘူး။ နောက်တစ်ခါပိုပြီးဂရုစိုက်မှပဲ ....”
အဖြူရောင်ဝတ်စုံဝတ်လူက သူ၏ခါးရှိငွေအိတ်ကိုဖြုတ်ကာ စားပွဲပေါ်သို့တင်ရင်းမသက်မသာပုံစံဖြင့်ပြောလိုက်သည်။
သူ၏စကားကြောင့်ဟောင်ရန်က သဘောကျစွာရယ်မော၍ လှောင်ပြောင်လိုက်သည်။
“ အဲဒါ ခင်ဗျားဝဍ်လည်တာ ကျုပ်ပိုက်ဆံအိတ်ကိုနှိုက်သွားလို့လေ....”
အစောပိုင်းကအနီရောင်ဝတ်စုံဝတ်ကောင်လေးက သူတို့အနီးသို့အကြံအစည်ဖြင့်ရောက်လာခြင်းဖြစ်ပြီး အဖြူရောင်ဝတ်စုံဝတ်လူ၏ငွေအိတ်ကိုနှိုက်လိုခြင်းဖြစ်၏ ။
သို့သော် မြေခွေးတို့၏ဘိုးအေဖြစ်သည့်အဖြူရောင်ဝတ်စုံဝတ်လူဆီမှမည်သည့်အရာမှမရလိုက်ဘဲ ကောင်လေးလည်း ချက်ခြင်းလိုလိုထွက်ပြေးသွားခြင်းဖြစ်၏။
ရုတ်တရက် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်ခုံးများက မြင့်တက်သွားပြီး သူ၏ပိုက်ဆံအိတ်အတွင်းရောက်နေသည့်စာရွက်ပိုင်းလေးကိုထုတ်ကာပြောလိုက်သည်။
“ ငါတော့ ခံလိုက်ရပြီဟောင်ရန်ရေ ဟိုကောင်စုတ်လေးပ ငါ့ဆီကယူဖို့မဟုတ်ဘူး ငါ့ဆီကိုပေးဖို့လာခဲ့တာ .....”
ထိုစာရွက်ပိုင်းလေးကသူ၏ငွေအိတ်ထဲတွင်မူလကမရှိဘဲ အနီရောင်ဝတ်စုံဝတ်ကောင်လေးထည့်သွားခြင်းသာဖြစ်ပေသည်။
ထိုအဖြစ်ကြောင့်ဟောင်ရန်ပင်အံ့အားသင့်သွားပြီး အလျှင်အမြန်မေးလိုက်သည် ။
“ ဘာတွေရေးထားလို့လဲ.....”
ဟောက်ရန်က ပြောပြောဆိုဆိုဖြင့် ထိုလူ၏အနီးသို့တိုးကာ စာရွက်ပိုင်းလေးကိုကြည့်လိုက်သည်။
အံ့ဩဖွယ်ကောင်းစွာဖြင့်စာရွက်ပေါ်၌ရေးထားသည်ကစာလုံးအနည်းငယ်သာဖြစ်ပြီး ဟောင်ရန်ပင်အနည်းငယ်အူကြောင်ကြောင်ဖြစ်သွားသည်။
“ လူဆိုး၊ လူမိုက်နဲ့ သူခိုး....သုံးယောက်ပေါင်းလောင်းကျော်မည်....”
စာရွက်ပိုင်းလေးထဲတွင်ရေးထားသည်က ဤမျှသာဖြစ်၏။
သို့သော် အဖြူရောင်ဝတ်စုံဝတ်လူက စာရွက်ကလေးကို လုံးချေ၍ဆုပ်ကိုင်လိုက်ပြီးသက်ပြင်းတစ်ချက်ချကာပြောလိုက်သည် ။
“ ဟောင်ရန်ရေ မင်းနဲ့အတူခရီးသွားပတာပျော်စရာကောင်းပေမယ့် ငါတို့အခုပဲလမ်းခွဲရတော့မယ်နဲ့တူတယ်....”
ရုတ်တရက်ဆိုသလိုနှုတ်ဆက်စကားဆိုလိုက်သည့်ထိုလူကြောင့် ဟောင်ရန်လည်းအံ့ဩမင်တပ်သွားပြီးမှ ချက်ခြင်းပြန်မေးလိုက်သည်။
“ ဘာလို့လဲ ခင်ဗျားရဲ့တပည့်အဖြစ်ကျုပ်လက်မခံလို့လား....ဒါက....”
ဟောင်ရန်၏စကားမဆုံးမီအဖြူရောင်ဝတ်စုံဝတ်လူကလက်ကာပြလိုက်ပြီး လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။
“ မင်းနဲ့မဆိုင်ပါဘူး ကိုယ်ရေးကိုယ်တာကိစ္စကြောင်ပါ။ ပြောရရင် မိတ်ဆွေဟောင်းတစ်ယောက်က ငါ့ကိုချိန်းထားလို့ပေါ့.....”
အဖြူရောင်ဝတ်စုံဝတ်လူကများစွာမပြောသော်လည်း ထိုမိတ်ဆွေဟောင်းဆိုသူက စာရွက်ပိုင်းလေးထဲမှအကြောင်းအရာနှင့်ပတ်သတ်မည်ကိုရိပ်စားမိ၍ ဟောင်ရန်လည်း ထပ်မံမေးမြန်းခြင်းမပြုတော့ဘဲ နှုတ်ဆက်စကားဆိုလိုက်သည်။
ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူက စားသောက်ဖွယ်ရာများရောက်ရှိလာသည်ကိုပင်စောင့်ဆိုင်းခြင်းမရှိတောဘဲ ခပ်သုတ်သုတ်ထွက်ခွာသွားပြီး ဟောင်ရန်မှာ တစ်လနီးပါးအတူခရီးသွားခဲ့သည့်ထိုလူရုတ်တရက်လမ်းခွဲသွား၍ သူ၏စိတ်ထဲတွင်ဟာတာတာဖြစ်သွားမိသည်။
ထိုလူကအပြင်ပန်းကြည့်လျှင်တည်ကြည်ဖြောင့်မက်ဟန်တူသော်လည်း ဗရုတ်ကျပြီးပျော်ပျော်နေတတ်ကာ စိတ်ထားလည်းကောင်းမွန်နေသေးသည် ။
မကောင်းသည့်အကျင့်ဟူ၍ ခိုးဝှက်ချင်သည့်အကျင့်တစ်ခုသာရှိသော်လည်း အခြားလူတစ်ယောက်ယောက်ကိုနစ်နာအောင်တော့မပြုလုပ်တတ်ပေ။
ထို့ကြောင့်လည်း ဟောင်ရန်က ထိုလူနှင့်ခင်မင်ရင်းနှီးသွားခြင်းဖြစ်ကာ ထိုလူ့ကြောင့်ပင် စွန်းအိမ်တော်သို့လာရာလမ်းတစ်လျှောက်ပျော်စရာများစွာကြုံကြိုက်ခဲ့ရသည် ။
သို့သော်လည်း စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင် ရှောင်ယောင်နှင့်ပြန်တွေ့ရမည့်အကြောင်းကိုတွေးလိုက်မိချိန်၌ ဟောင်ရန်၏မျက်နှာကလန်းဆန်းတက်ကြွသွားပြီး တောက်ပသည်အပြုံးတစ်ခုပေါ်လာသည်။
“ အစ်ကိုရှောင်ယောင် ဘယ်ကိုများရောက်နေမလဲ.....”
&&&
“ ဟား ....ငါနဲ့တောအုပ်က အတော်လေးကံစပ်နေလားမသိဘူး....ဒီညလည်းတောထဲမှာပဲအိပ်ရတော့မည်နဲ့တူတယ်.....”
အဝတ်ထုပ်တစ်ထုပ်ကိုသိုင်းလွယ်ကာ ကျောက်စိမ်းပုလွေတစ်ချောင်းကိုခါးတွင်ထိုးထားသည့် ညစ်ပတ်ပေရေနေသည့်လူတစ်ယောက်က မှောင်မိုက်နေသည့်ညကောင်းကင်ကြီးကိုမျှော်ကြည့်ကာရေရွတ်လိုက်သည်။
လမင်း၏ အေးချမ်းတောက်ပသည့်အလင်းရောင်နှင့်ကြယ်ရောင်စုံတောက်ပနေသည့်အတွက် တောအုပ်ထဲတွင် အလင်းရောင်အချို့ရှိနေပြီး သူ၏အတွင်းအားဖြင့်ဆိုလျှင် ကောင်းစွာမြင်နိုင်ပေသည်။
ထိုလူကား လျှို့ဝှက်နေရာမှထွက်ခွာလာသည့်ရှောင်ယောင်ပင်ဖြစ်ပြီး အနီးအနားရှိမြို့ရွာများကိုပင်ဝင်ရောက်ခြင်းမရှိဘဲ စွန်းအိမ်တော်တည်ရှိရာသို့ခရီးပြင်းနှင်လာခြင်းဖြစ်၏။
လျှို့ဝှက်နေရာထဲတွင်ပိတ်မိနေသည့်ကတစ်လနီးပါးဟုသူတွေးခဲ့မိသည့်တိုင် တစ်လကျော်ကြာမြင့်ခဲ့ပြီး စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုရောက်ရှိရန်တစ်ပတ်ခန့်သာလိုတော့သည်။
ထို့ကြောင့် သူရောက်ရှိနေသည့်နေရာမှ စွန်းအိမ်တော်သိုင်းပြိုင်ပွဲအမှီဝင်ရောက်ရန်စိတ်အားထက်သန်စွာဖြင့်ခရီးပြင်းနှင်ခဲ့ပြီး ယခုလိုတောထဲတွင်ညအချိန်ရောက်ရှိသွားခြင်းဖြစ်၏။
“ ဘာပဲဖြစ်ဖြစ်ပါ အနားယူရင်း မီးလေးဘာလေးဖိုထားမှပဲ ....”
ရှောင်ယောင်လည်းတစ်ကိုယ်တည်းရေရွတ်၍ တောအုပ်ထဲမှရှင်းလင်းသည့်နေရာတစ်ခုကိုရှာဖွေလိုက်သည်။
သူ၏နောက်ကျောမှအဝတ်အိတ်ထဲတွင် အဝတ်အစားပိုနှစ်စုံခန့်ပါဝင်သော်လည်း ရေမချိုးဖြစ်သေး၍ သူ၏ပုံစံက တေလေဂိုဏ်းသားများနှင့် နင်လားငါလား ညစ်ပတ်ပေကျံနေသည်။
ထိုအထဲ ကျောက်စိမ်းပုလွေတစ်ချောင်းကိုခါးတွင်ထိုးထားသည့်အတွက် စာပေသမားယောင်ယောက်၊ သိုင်းသမားယောင်ယောင်ဖြစ်နေပြီး ဝတ်စုံဖြူကျောင်းတော်သားဆိုသည့်ဘွဲ့ကိုပါထည့်တွက်ပါက လွန်စွာအချိုးမကျဖြစ်လှ၏။
ရှောင်ယောင်လည်း သူ၏အဖြစ်ကိုတွေးတောရင်း လေလေးတချွန်ချွန်ဖြင့်ထင်းခြောက်များကိုလိုက်လံစုဆောင်းလိုက်သည် ။
စားနပ်ရိက္ခာအတွက်တော့ ပူစရာမလိုဘဲ သူ၏အဝတ်ထုပ်ထဲတွင် ကံခါးပါတ်ပိုးစာပင်မှအသီးအနည်းငယ်ပါလာသေးသည်။
ဆန်းကြယ်ပြီးထူးဆန်းလှသည့်ထိုသစ်သီးများက တစ်လုံးစားရုံနှင့်တစ်ရက်လုံးအဆာခံနိုင်ကာ အရည်ရွှမ်းလှ၍ ရေဓာတ်ကိုလည်းကောင်းစွာထောက်ပံ့နိုင်သည်။
ထို့ကြောင့်ပင် အစာမရှိရေမရှိသည့်လျှို့ဝှက်နေရညကြီးတွင် တစ်လခွဲကျော်နေနိုင်ခြင်းဖြစ်ပြီး နေ့စဉ် သိုင်းလေ့ကျင့်လိုက် ကျောက်စိမ်းခေါင်းတလားတွင်းရှိမိန်းမပျိုလေးနှင့်အချိန်ဖြုန်းလိုက်ဖြင့် ရှောင်ယောင်မှာအချိန်ကုန်မှန်းမသိကုန်လွန်ခဲ့ရသည်။
ရုတ်တရက် ခပ်ဝေးဝေးဆီမှ တိုက်ခိုက်သံအချို့ကြားလိုက်ရ၍ ရှောင်ယောင်၏မျက်နှာကတည်ကြည်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ တကယ်ပဲ ငါကဒုက္ခသံလိုက်ဖြစ်နေတာလားမသိဘူး ဘယ်သွားသွားတိုက်ပွဲနဲ့ကြုံရင်ကြုံ မကြုံရင်အမြဲတမ်းအခက်အခဲထဲပဲရောက်နေတာ.....”
&&&