← Chapters

ဓားစာခံ

Vol. 3 Ch. 41

ဓားစာခံ

Vol. 3 Ch. 41

အနက်ရောင်ဝတ်စုံဝတ်လူငယ်က ဖြူဖျော့နေသည့်မျက်နှာဖြင့် ကြောက်လန့်တုန်ရီနေကာ ရုန်းထွက်ရန်ပင်ခွန်အားမရှိတော့ဟန်တူသည်။

သူ့ကိုင်ချုပ်ကိုင်ထားသူက ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ဘဲ ထိုအခိုက် သူတို့၏အနီးသို့အနက်ရောင်အရိပ်တစ်ခုကလျှင်မြန်စွာပြန်လည်ရောက်ရှိလာသည်။

ထိုလူကရှောင်ယောင်၏လှည့်စားမှုကြောင့် အတော်ဝေးဝေးတွင်ကျန်ခဲ့ခြင်းဖြစ်ကာ အတွေ့အကြုံရင့်သိုင်းထိပ်သီးတစ်ဦးပီပီ အခြေအနေကိုရိပ်စားမိ၍အမြန်ဆုံးပြန်လည်ရောက်ရှိလာသော်လည်း ရှောင်ယောင်က ခြေတစ်လှမ်းဦးသွားခဲ့လေပြီ။

“ သေစမ်း......ငါ့ကိုလှည့်စားရဲတယ်ပေါ့....”

အစောပိုင်းကထွက်ခွာသွားသည့် သက်လက်ပိုင်းလူက ဒေါသထွက်စွာအော်ဟစ်လိုက်ရင်း ရှောင်ယောင်နှင့်လူငယ့်ဆီသို့လျှင်မြန်စွာတိုးဝင်လာသည်။

ထိုအခါ ရှောင်ယောင်၏မျက်နှာထက်၌မဲ့ပြုံးတစ်ခုပေါ်လာပြီး သူ၏လက်ထဲတွင်ချုပ်ကိုင်ထားသည့်လူငယ်၏ပခုံးကို အားပြင်းပြင်းဖိပေးလိုက်သည်။

“ အား....သေပါပြီဗျ....”

ပခုံးရိုးဆီမှ ကျိုးလုမတတ်နာကျင်မှုကြောင့် အနက်ရောင်ဝတ်စုံဝတ်လူငယ်ကကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူ၏အသံကြောင့် အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားများထိတ်လန့်သွားကြသလို သက်လက်ပိုင်းလူ၏မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်သည့်အရိပ်အယောင်များပေါ်လာကာ ချက်ခြင်းနောက်ဆုတ်လိုက်သည်။

“ သခင်လေးကိုလွှတ်လိုက်စမ်း....”

ထိုလူ၏စကားကြောင့် ရှောင်ယောင်က အထင်အမြင်သေးသည့်အကြည့်ဖြင့်ကြည့်ရင်း မေးလိုက်သည် ။

“ ငါ့ကိုငတုံးများထင်နေလား....သူ့ကိုလွှတ်ရင် မင်းတို့က ဝိုင်းသတ်မှုပေါ့.....”

ရှောင်ယောင်မှာ အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိခဲ့ပြီး သိုင်းပညာများစွာတိုးတက်လာသော်လည်း ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးကိုယှဉ်နိုင်ရုံသာဖြစ်သည်။

ယခု တစ်ဖက်လူများထံတွင် အဆင့်လွန်ထိပ်သီးနှစ်ဦးအပြင် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်လည်းကျန်ရှိနေသေးပြီး ထိုလူများသာတစ်ချိန်ထဲဝင်တိုက်ပါက ကျိန်းသေပေါက်သူရှုံးနိမ့်ပေမည်။

မှန်ပေသည်။

ဒေါသတကြီးဖြစ်နေသည့်သက်လက်ပိုင်းလူကြီးက ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးဖြစ်ပြီး ချူးကုနန်နှင့်အန်းဒူတို့ထက်နိမ့်ကျခြင်းမရှိပေ။

လက်ရှိရှောင်ယောင်၏တိုက်ပွဲစွမ်းအားက လူငယ်မျိုးဆက်တွင်ထိပ်ဆုံး၌ရှိသော်လည်းမည်သည့်အတွက် အစွမ်းထက်သိုင်းသမားများနှင့်သာရန်သာဖြစ်နေသည်မသိပေ။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူများကိုကူညီရန်ဆုံးဖြတ်ပြီးမှတော့ အဆုံးထိကူညီရပေမည်။

“ မင်းရဲ့လူတွေကို ခြေလှမ်းနှစ်ဆယ်အကွာကိုဆုတ်ခိုင်းလိုက် ...”

ရှောင်ယောင်က အနက်ရောင်ဝတ်စုံဝတ်လူငယ်၏အနီးသို့ကပ်ပြောလိုက်သည်။

ထိုလူငယ်၏ပခုံးကိုချုပ်ကိုင်ထားသည့်အားကိုအနည်းငယ်တိုးလိုက်ရာလူငယ်၏မျက်နှာကရှုံ့မဲ့သွားပြီး နာကျင်စွာအော်ဟစ်လိုက်သည်။

“ အား....”

ရှောင်ယောင်၏စကားကိုကောင်းစွာကြားနေရ၍ အနက်ရောင်ဝတ်စုံဝတ်လူများလည်းသက်လက်ပိုင်းလူကိုကြည့်လိုက်ကြသည်။

ထိုအခါ သက်လက်ပိုင်းလူက ရှောင်ယောင်၏လက်ထဲသို့ရောက်နေသည့်လူငယ်ကိုအလျှင်အမြန်ပြောလိုက်သည်။

“ ကောင်းပြီ....ကောင်းပြီ....နောက်ဆုတ်ကြစမ်း....”

သက်လက်ပိုင်းလူက ကျန်သူံးယောက်အပေါ်ကိုပါဩဇာလွှမ်းမိုးနိုင်စွမ်းရှိပြီးသူ၏စကားအဆုံး၌ အနက်ရောင်ဝတ်စုံဝတ်လူများမှာ ခပ်လှမ်းလှမ်းသို့ဆုတ်ခွာသွားကြသည်။

ထို့နောက် သက်လက်ပိုင်းလူက လေးနက်သည့်အမူအယာဖြင့်ရှောင်ယောင့်ကိုပြောလိုက်သည်။

“ ကောင်လေး မင်းလက်ထဲက သခင်လေးက ငါတို့သံမဏိသွေးဂိုဏ်းချုပ်ရဲ့တစ်ဦးတည်းသောသားပဲ။ သူ့ကိုလွှတ်လိုက်ပါ ငါတို့ကောင်းကောင်းဆွေးနွေးလို့ရပါတယ်.....”

သူ၏လေသံက ပျော့ပြောင်းသော်လည်းချိန်းခြောက်မှုတစ်ချို့မသိမသာပါဝင်နေသည်။

ထိုလူ၏စကားကြောင့် ရှောင်ယောင်၏မျက်ခုံးများအနည်းငယ်မြင့်တက်သွားသော်လည်း ဂရုမစိုက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ သံမဏိသွေးနေနေ ကြေးနီသွေးနေနေ နောက်ဆုတ်လိုက် မဟုတ်ရင် ဒီကောင့်အလောင်းကိုပဲပြန်ရမယ် ....”

ရှောင်ယောင်၏တည်ကြည်သည့်ပုံစံကြောင့် သက်လက်ပိုင်းလူလည်းစကားတစ်ခွန်းမှမဆိုတော့ဘဲ သူ၏ဓားကိုဆုပ်ကိုင်ကာ သတိအနေအထားဖြင့်စောင့်ကြည့်လျက်ရှိသည်။

သာမန်လူတစ်ယောက်ယောက်သာ အနက်ရောင်သိုင်းလောက၏ဂိုဏ်းကြီးငါးခုစာရင်းဝင်သံမဏိသွေးဂိုဏ်းကိုကြောက်လန့်မည်ဖြစ်ပြီး ရှောင်ယောင်ကား မကြောက်ရေးချမကြောက်ပေ။

သို့သော် သံမဏိသွေးဂိုဏ်းချုပ်လိုတိုက်ခိုက်ရခြင်းကိုရူးသွပ်သည့်လူတစ်‌ယောက်ထံ၌ အမှိုက်လိုသားမျိုးရှိနေမည်ဟုမျှော်လင့်မထားပေ။

သူ၏ဖခင်က နာမည်ကျော်သိုင်းဝိဇ္ဇာတစ်ဦးဖြစ်သည့်တိုင် လူငယ်၏သိုင်းပညာကလည်းထိပ်တန်းအဆင့်သာရှိပြီး လက်တွေ့တိုက်ပွဲပင်တိုက်ခိုက်ဖူးဟန်မတူ။

မည်သို့ပင်ဖြစ်စေ ထိုလူငယ်၏ယုတ်မာရိုင်းစိုင်းသည့်စိတ်ဓာတ်ကိုသိရှိပြီးဖြစ်၍ ရှောင်ယောင်လည်းလွယ်လွယ်နှင့်အလွတ်ပေးရန်စိတ်ကူးမရှိပေ။

“ ဟေ့ မင်းတို့အဆင်ပြေရဲ့လား ....”

ရှောင်ယောင်က ပြင်းထန်သည့်ဒဏ်ရာကိုယ်စီဖြင့်အခြေအနေဆိုးရွးနေသည့်မိန်းကလေးများကိုမေးလိုက်သည်။

သူ၏မေးခွန်းကြောင့် မိန်းမချောလေးများက ရှောင်ယောင့်ကိုကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်လိုက်ကြပြီး ဂိုဏ်းချူပ်မိန်းမလှလေးက အရိုအသေပေး၍ပြောလိုက်သည်။

“ ကျမတို့က ဟိုနန်ကကြာပန်းဖြူဂိုဏ်းကပါ ။ ကျမဂိုဏ်းသူတွေကိုယ်စား ရှင့်ကိုကျေးဇူးတင်ပါတယ်.....”

ထိုမိန်းကလေး၏အသံကအတော်ပင်ကြည်လင်ချိူသာပြီး သူမ၏မျက်ဝန်းနက်နက်ကလေးများထဲတွင်အံ့ဩသည့်အရိပ်အယောင်များလည်းရှိနေသည်။

အကြောင်းကား သူတို့ကိုဝင်ရောက်ကူညီပေးသည့်လူက အသက်နှစ်ဆယ်ဝန်းကျင်သာရှိသည့်လူငယ်တစ်ဦးဖြစ်နေမည်ဟုထင်မထားသည့်အပြင် ရှောင်ယောင်၏ပုံစံက အချိုးမကျဖြစ်နေသည်မဟုတ်ပါလား ။

ရှောင်ယောင်က ထိုမိန်းကလေး၏အမူအယာကိုအကဲမခပ်နိုင်သေးဘဲ သူမ၏စကားများကြောင့် အံ့ဩသွားမိ၏။

“ ကြာပန်းဖြူဂိုဏ်းလား.....”

ဟိုနန်နယ်ရှိကြာပန်းဖြူဂိုဏ်းက သာမန်ပထမတန်းစားဂိုဏ်းတစ်ခုသာဖြစ်ပြီး ဂိုဏ်းဝင်များစွာမရှိသလို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ပင်မရှိပေ။

သို့သော်လည်း ကြာပန်းဖြူဂိုဏ်းက သိုင်းလောကတွင်ပင်ကျော်ကြားမှုရှိပြီး ထိုဂိုဏ်း၏အစဉ်အလာဖြစ်သည့် မိန်းကလေးများကိုသာလက်ခံခြင်းနှင့် ဂိုဏ်းဝင်တိုင်းက ချောမောလှပသည့်မိန်းကလေးများဖြစ်နေခြင်းကြောင့် သိုင်းလောကတွင်ပါကျော်ကြားခြင်းဖြစ်သည်။

ကြာပန်းဂိုဏ်း၏တည်နေရာက ရှောင်လင်ကျောင်းတော်နှင့်ပင်များစွာဝေးကွာခြင်းမရှိဘဲ ရှောင်ယောင်ထိုအကြောင်းကိုကြားဖူးနေခြင်းက ကြွယ်ယန်မကြာခဏကြုံးဝါးတတ်ခြင်းကြောင့်ဖြစ်သည်။

“ ဟိုနန်နယ်မှာ နာမည်ကျော်ကြာပန်ဖြူဂိုဏ်းရှိတယ်ကွ။ အဲဒီဂိုဏ်းက ဂိုဏ်းသူတွေက မိန်းမချောလေးတွေကြီးပဲတဲ့ ဟီး ဟီး ငါသာအဲဒီဂိုဏ်းမှာ ဂိုဏ်းချုပ်ဖြစ်ရင်ဘယ်လောက်ကောင်းမလဲ.....”

ထိုစဉ်က ကြွယ်ယန်၏သောက်ကျိူးနဲအိပ်မက်ကြီးကြောင့် ရှောင်ယောင်တို့မှာ ထိုကောင့်ကိုဝိုင်းဝန်းရိုက်နှက်ခဲ့သေးသည်။

ရှောင်ယောင်၏ရေရွတ်သံကြောင့် မိန်းမလှလေးက အံ့ဩသည့်လေသံဖြင့်ပြန်မေးလိုက်သည်။

“ ရှင်က ကျမတို့ဂိုဏ်းကိုသိလို့လား ....”

“ ဆိုပါတော့....”

ရှောင်ယောင်က ပြီးစလွယ်ခေါင်းညိမ့်ပြရင်း လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။

“ ဒါတွေထားပါ အခု မင်းတို့ ဒီနေရာကနေအမြန်ဆုံးထွက်ခွာသွားနိုင်တယ်။ ဒီကောင့်ကို ငါတစ်ညလုံးတော့ ကိုင်မထားချင်ဘူး....”

ရှောင်ယောင်၏လက်ထဲရှိလူငယ်က အသားနာမည်စိုးဥအသံတစ်ချက်ကလေးမှမထွက်ဘဲ ငြိမ်သက်စွာရှိနေသည် ။

သို့‌သော် သူ၏ရှုံ့မဲ့နေသည့်မျက်နှာထက်တွင် ခံပြင်း‌ဒေါသများကိုရှင်းလင်းစွာမြင်နိုင်သလို ကျဉ်းမြောင်းသည့်မျက်ဝန်းထဲတွင်လည်း အမုန်းတရားများကို‌အထင်းသားမြင်တွေ့နေရသည်။

လူငယ်မှာ မွေးဖွားလာသည့်အချိန်ထဲက လိုတရဘဝဖြင့်ဖြတ်သန်းခဲ့ရပြီး ယနေ့အချိန်အထိ အလိုရှိသမျှကိုအရယူနိုင်ခဲ့သည်။

ယခုလည်း ကြာပန်းဖြူဂိုဏ်းချုပ်မိန်းမလှလေးကိုတွေ့မြင်ပြီးနောက် စွဲလမ်းတပ်မက်ကာနောက်မှတကောက်ကောက်လိုက်နေခဲ့ခြင်းဖြစ်၏။

သို့သော် မိန်းမလှလေးက သူ့ကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်သဘောမထား၍ အကြမ်းနည်းဖြင့်ရယူရန်လုပ်ဆောင်နေစဉ် ကံမကောင်းအကြောင်းမလှဘဲ ရှောင်ယောင်နှင့်ပတ်ပင်းတွေ့ခဲ့ခြင်းဖြစ်၏။

လက်ရှိအချိန်၌ လူငယ်၏စိတ်ထဲရှိ ရမ္မက်များပင်ပျောက်ဆုံးနေပြီဖြစ်ကာ သူ၏အတွေးထဲရှိတစ်ခုတည်းသောအရာက သူ့ကိုဖမ်းဆီးချုပ်ကိုင်ဝံ့သည့်လူကို အရေခွံဆုတ်ပစ်ရန်သာဖြစ်သည်။

ရှောင်ယောင်၏စကားကြောင့် ကြာပန်းဖြူဂိုဏ်းသူများကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသော်လည်းမိန်းမလှလေးက ပြက်သားသည့်လေသံဖြင့်ပြောလိုက်သည်။။

“ ရှင်က ဘာမှမဆိုင်ဘဲ ကျမတို့ကို ဝင်ကူညီပေးခဲ့တာပဲ ။ ကိုယ်လွတ်ရုန်းမသွားနိုင်ပါဘူး။ ပြီးတော့ သူတို့က ကျမရဲ့ဂိုဏ်းဝင်ကိုသတ်ထားသေးတယ် ....”

သူမ၏မျက်ဝန်းနက်နက်ကလေးများထဲတွင် ဒေါသများတောက်လောင်နေပြီး သေဆုံးနေသည့်မိန်းကလေးကို ဝမ်းနည်းကြေကွဲသည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။

နူးညံ့ကြင်နာဟန်တူသော်လည်း ခေါင်းမာစိတ်ကလေးလည်းရှိနေသည့်ထိုမိန်းကလေးကို ရှောင်ယောင်ပင်မည်သို့ဖြောင်းဖျရမှန်းမသိတော့ပေ။

ထိုမိန်းကလေးက ရန်သူစလက်ချက်ဖြင့် ရှောင်ယောင်အချိန်မီကယ်တင်နိုင်ခြင်းမရှိဘဲ သေဆုံးသွားခြင်းဖြစ်ကာ ထိုအချက်ကြောင့် ရှောင်ယောက်လည်း စိတ်မကောင်းဖြစ်မိသည်။

ထိုအခိုက် သူမ၏နောက်ဘက်ရှိမိန်းကလေးများထဲမှ အသက်အကြီးဆုံးတစ်ယောက်က ပြောလိုက်သည်။

“ ဂိုဏ်းချုပ် ဒီကသခင်လေးပြောတာမှန်ပါတယ်။ အခုကျမတို့ရဲ့အခြေအနေကိုလည်းတစ်ချက်ပြန်ကြည့်ပါဦး ကျမတို့ဒီနေရာမှ ဆက်နေရင်တောင်ဘယ်လိုမှကူညီပေးနိုင်မှာမဟုတ်ဘူး....”

သူမ၏ ကျိုးကြောင်းသင့်လျော်သည့်စကားကြောင့် ဂိုဏ်းချူပ်မိန်းမလှလေးကတွေဝေသွားသလို ကျန်မိန်းကလေးများကလည်း သူမကိုဝိုင်းဝန်းဖြောင်းဖျလိုက်ကြသည်။

သေဆုံးသွားသည့်သူမတို့၏အဖော်အတွက်လက်စားချေလိုသော်လည်း လက်ရှိသူတို့၏အခြေအနေများဖြင့်တိုက်ခိုက်နိုင်ရန်ပင်မဖြစ်နိုင်ပေ။

ဒဏ်ရာအပြင်းအထန်ဖြင့် သွေးအလိမ်းလိမ်းဖြစ်နေသည့်ဂိုဏ်းဝင်များကိုကြည့်ရင်း မိန်းမလှလေး၏မျက်နှာက ပျော့ပြောင်းသွားပြီး သက်ပြင်းတစ်ချက်ချ၍ ခေါင်းညိမ့်ပြလိုက်သည် ။

“ ကောင်းပြီ ငါတို့သွားကြမယ်....”

ထို့နောက် မိန်းမလှလေးက ရှောင်ယောင့်ကိုအပြစ်ရှိသည့်အကြည့်များဖြင့်ကြည့်ရင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ ဒီကသခင်လေးကို ကျမတောင်းပန်ပါတယ်....ကျမတို့ထွက်သွားမှဖြစ်မယ်....”

အစောပိုင်းကပင် ထိုသို့ထွက်ခွာစေလိုသည့်ရှောင်ယောင်ကား အဆင်သင့်သွားကာ မိန်းမလှလေးကိုပြုံး၍နှစ်သိမ့်ပေးလိုက်သည် ။

“ မိန်းကလေးကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ ကျုပ်က ရယူလိူမှုနဲ့ဝင်ပြီးကူညီခဲ့တာမဟုတ်ပါဘူး။ စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါ....”

ရှောင်ယောင်၏ပုံစံက ညစ်ပတ်ပေရေနေသော်လည်း သူ၏တောက်ပသည့်အပြုံးနှင့်အန္တာရာယ်ကြားတွင်ပင်တည်ငြိမ်လှသည့်ပုံစံက မိန်းမလှလေးနှင့်ကျန်မိန်းကလေးများ၏ရင်ထဲတွင် မြင့်မားသည့်တောင်တန်းကြီးတစ်ခုလိုထင်မှတ်လိုက်ရတော့သည်။

&&&&

All Chapters