သိုင်းထိပ်သီးနှင့်တိုက်ခိုက်ခြင်း
Vol. 3 Ch. 42
ထို့နောက် မိန်းကလေးများက သေဆုံးနေသည့်သူတို့အဖော်အလောင်းကိုသယ်ကာ ထိုနေရာမှလျှင်မြန်စွာထွက်ခွာသွားကြသည်။
ထိုမြင်ကွင်းကိုကြည့်၍ လူငယ်၏မျက်နှာထက်၌ ဒေါသထွက်သည့်အရိပ်အယောင်များပေါ်ထွက်လာသည်။
စားရခါနီးမှအောက်ပြုတ်ကျသည့်ထမင်းလုပ်လို ရှောင်ယောင်၏ဝင်ရောက်နှောက်ယှက်မှုကြောင့် မိန်းမလှလေးနှင့်နှစ်ပါးသွားရမည့်အဖြစ်မှာပျက်စီးသွားပြီမဟုတ်ပါလား ။
သို့သော်လည်းလူငယ်မှာ ကောက်ကျစ်ပါးနပ်သူပီပီ သူ၏စိတ်ထဲမှအတွေးကိုထုတ်မပြဘဲ ရှောင်ယောင့်ကိုပြောလိုက်သည်။
“ သူတို့လဲထွက်သွားပြီ အခုကျုပ်ကိုလွှတ်ပေးလို့ရပြီမလား.....”
လူငယ်၏အသံကပျော့ပြောင်းနေပြီး မသိလျှင်မိတ်ရင်းဆွေမွန်များအလားပင်။
အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူကလည်း ရှောင်ယောင်နှင့်သူ၏သခင်လေးကိုကြည့်ကာ လေးနက်သည့်လေသံဖြင့်ပြောလိုက်သည် ။
“ သခင်လေးပြောတာမှန်တယ် သူ့ကိုလွှတ်ပေးလိုက်ပါ။ ဒါဆိုရင် ကျုပ်တို့သံမဏိသွေးဂိုဏ်းက မင်းအပေါ်လုံးဝရန်ငြိုးမထားဘူးလို့ကတိပေးတယ်....”
သူတို့၏ရယ်ရွှင်ဖွယ်စကားများကြောင့် ရှောင်ယောင်၏စိတ်ထဲတွင်ရယ်မောလိုက်မိပြီး သူ၏မျက်နှာထက်၌ ဖုံးမနိုင်ဖိမရဖြင့်အပြုံးတစ်ခုပေါ်လာသည်။
“ တော်တော်စကားပြောကောင်းပါလားကွ .....တကယ်လို့ သူ့ကိုသာလွှတ်ပေးရင် အရင်ဆုံးအသတ်ခံရမယ့်လူက ကျုပ်မဟုတ်လား....အင်း ခန့်မှန်းကြည့်ရင်း ကျုပ်ကိုဒီအတိုင်းမသတ်ဘဲ အကြိမ်တစ်ထောင်လောက်နှိပ်စက်ပြီးမှသတ်မယ်ထင်တယ်.....”
ပြုံးစေ့စေ့ဖြင့်ပြောလိုက်သည့်ရှောင်ယောင်၏စကားများက သူ၏စိတ်အကြံကိုထိုးဖောက်မြင်နေသည့်အလားဖြစ်၍ လူငယ်၏မျက်နှာက ကွက်ခနဲပျက်သွားသည်။
သို့သော် ပျက်ယွင်းသွားသည့်မျက်နှာကိုအချိန်မီပြင်ဆင်၍ရှောင်ယောင့်ကိုလေသံပျော့ပျော့ဖြင့်ထပ်ပြောလိုက်သည်။
“ မင်းမယုံဘူးဆိုရင် ငါကျိန်ဆိုပြပါ့မယ်....”
လူငယ်က အမျိုးမျိုးလှည့်ပတ်ပြောဆိုနေသော်လည်း ရှောင်ယောင်ကား မယုံရေးချ မယုံပေ။
“ အခုနေ သခင်လေးကိုမထိခိုက်ဘဲပြန်လွှတ်ရင် ဂိုဏ်းကနေ မင်းလိုချင်တဲ့အရာတစ်ခုကိုတောင်ဖြည့်ဆည်းပေးဦးမယ် ...”
“ ဟုတ်တယ် ကိုယ်နဲ့မဆိုင်နဲ့မိန်းကလေးတွေအတွက်ရူးမိုက်တာတွေမလုပ်စမ်းပါနဲ့။ မဟုတ်ရင် ငါတို့ရဲ့ဂိုဏ်းချုပ်သာဒေါသထွက်ရင် မင်းကိုဘယ်သူမှကယ်တင်နိုင်မှာမဟုတ်ဘူး....”
အနက်ရောင်ဝတ်စုံဝတ်သိုင်းထိပ်သီးနှစ်ယောက်ကလည်း တစ်ယောက်တစ်ခွန်းစီပြောလိုက်ကြသည်။
သို့သော် ရှောင်ယောင်က သူတို့၏စကားများကိုအပြန်အလှန်မပြောဘဲ အေးဆေးတည်ငြိမ်စွာရှိနေသည်။
ထိုလူငယ်သာသူ၏လက်ထဲတွင်ရှိမနေပါက သက်လက်ပိုင်းလူနှင့်ကျန်သုံးယောက်က သူ့ကိုဝိုင်းဝန်းတိုက်ခိုက်မည်ဖြစ်သလို ထိုအချိန်ရောက်လျှင် သူ့အနေဖြင့်ထွက်ပြေးရန်လမ်းတစ်ခုသာရှိပေသည်။
တစ်ခုရှိသည်က ရှောင်ယောင့်အနေဖြင့်လည်း ယခုလိုအခြေအနေအတိုင်းတစ်သက်လုံးနေသွား၍မရနိုင်ပေ။
စင်စစ် ရှောင်ယောင်သည်လည်း တစ်ဖက်လူများကိုအမှန်တကယ်ကြောက်ရွံ့ခြင်းမရှိဘဲ သူ့အနေဖြင့်မနိုင်လျှင်ပင်ထွက်ပြေးနိုင်မည်ဟုယုံကြည်ချက်ရှိပေသည် ။
ထို့ကြောင့် လူငယ့်ကိုချုပ်ကိုင်ထားရင်းအချိန်အနည်းငယ်ကြာအောင်ရပ်နေကာ တစ်ဖက်လူများ၏စကားများကိုလည်းနားမကြားသည့်အလားသည်အတိုင်းရပ်နေပေသည်။
အနက်ရောင်ဝတ်စုံဝတ်လူများမှာ ရှောင်ယောင်၏ မထုံတတ်တေးအပြုအမူကြောင့် သူတို့၏ခေါင်းဆောင်ဖြစ်သည့်သက်လက်ပိုင်းလူကိုကြည့်လိုက်ကြသည်။
သူတို့အားလုံး ချော့တစ်လှည့်ခြောက်တစ်လှည့်ဖြင့် အမျိုးမျိုးပြောဆိုနေသည့်တိုင် ရှောင်ယောင်က ခွန်းတုန့်ပြန်ခြင်းပင်မပြုတော့ပေ။
ရှောင်ယောင့်ကိုဝင်ရောက်တိုက်ခိုက်ကာ သူတို့၏သခင်လေးကိုကယ်တင်ရန်လည်းမလွယ်ကူလှဘဲ ထိုလူများမှာ အမှန်ပင်အကြပ်အတည်းသို့ကျရောက်လျက်ရှိသည် ။
ထိုအခိုက် ရှောင်ယောင်က ပျင်းရိဟန်ဖြင့်သမ်းဝေကာပြောလိုက်သည်။
“ ကိုင်း အခုလောက်ဆို ဟိုမိန်းကလေးတွေလည်း အဝေးကိုရောက်လောက်ရောပေါ့ ....”
ရုတ်တရက်ထွက်ပေါ်လာသည့် ရှောက်ယောင်၏စကားကြောင့်သူတို့အားလုံးတိတ်ဆိတ်သွားပြီး လူငယ်၏စိတ်ထဲတွင်မကောင်းသည့်ခံစားချက်များကိုရရှိလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူများ၏စိုးရိမ်တကြီးအကြည့်အောက်တွင် ရှောင်ယောင်က သူ၏လက်ထဲတွင်ချုပ်ကိုင်ထားသည့်လူငယ်၏ ညာဘက်ပခုံးကို ဖိနှိပ်ရင်းခပ်တိုးတိုးပြောလိုက်သည်။
“ နောက်တစ်ခါ ကောင်းကောင်းမနေရင် မင်းရဲ့လက်နှစ်ဖက်လုံးကိုဖျက်ဆီးပစ်မယ်....”
“ မလုပ်နဲ့.....”
ရှောင်ယောင်မည်သို့ပြုလုပ်တော့မည်ကိုရိပ်စားမိလိုက်သည့်သက်လက်ပိုင်းလူနှင့်ကျန်သုံးယောက်က လျှင်မြန်စွာတိုးဝင်လာသော်လည်းအချိန်မမှီတော့ပေ။
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့် သူ၏လက်ကိုအားစိုက်ထုတ်လိုက်ရာ လူငယ်၏ပခုံးရှိအရိုးအကြောများက ကြေမွသွားပြီး တောအုပ်တစ်ခုလုံးတုန်ဟည်းမတတ်ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာပေသည်။
“ အား.....”
လူငယ်က လွန်စွာပြင်းထန်သည့်နာကျင်မှုကြောင့် အာခေါင်ခြစ်အော်ရင်း ခွေခနဲလဲကျသွားလေသည်။
“ သွားစမ်း....”
ရှောင်ယောင်က အနက်ရောင်ဝတ်စုံဝတ်လူ၏ခန္တာကိုယ်ကိုခပ်ပြင်းပြင်းကန်ထုတ်လိုက်ရင်း နောက်သို့ရိပ်ခနဲခုန်ဆုတ်လိုက်လေသည်။
“ သခင်လေး....”
အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်က သူတို့ဆီသို့လွင့်လာသည့်လူငယ်ကိုဂရုတစိုက်ဖမ်းယူလိုက်သလို သက်လက်ပိုင်းလူ၏ဓားကွက်က ရှောင်ယောင့်ဆီသို့လျှင်မြန်စွာဝင်ရောက်လာတော့သည်။
“ ဝှစ်....”
ကျယ်လောင်သည့်လေခွင်းသံနှင့်အတူ အားအင်ပြင်းထန်လှသည့်ဓားရိပ်ကြီးက ရှောင်ယောင်ရပ်နေသည့်နေရာသို့ကျရောက်သွားလေသည် ။
လူငယ့်ကိုကန်ထုတ်ပြီးတစ်ပြိုင်နက် ရှောင်ယောင်က နောက်သို့ခုန်ဆုတ်လိုက်၍ သက်လက်ပိုင်းလူ၏ဓားချက်မှာ သူ့ကိုလုံးဝမထိခိုက်စေတော့ပေ။
သို့သော် သက်လက်ပိုင်းလူက ဝါရင့်သိုင်းထိပ်သီးတစ်ယောက်ပီသစွာ သူ၏ပထမတိုက်ကွက်လွဲချော်သွားသော်လည်းနောက်ဆက်တွဲတိုက်ကွက်များက ရှောင်ယောင့်ဆီသို့အဆက်မပြက်ဝင်ရောက်လာတော့သည်။
“ ဝှီး....”
“ ဝှစ်....”
အနက်ရောင်ဝတ်စုံဝတ်လူ၏ဓားကွက်များက ပြင်းထန်အားကောင်းကာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
သူကိုယ်တိုင်က ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့်အပြင် ထိုလူကရှောင်ယောင့်ကို အသေသတ်ရန်ဆုံးဖြတ်ထားပြီးဖြစ်ရာ သူ၏တိုက်ကွက်များထိုမျှပြင်းထန်နေသည်ကအဆန်းတော့မဟုတ်ပေ။
အံ့ဩဖွယ်ကောင်းစွာဖြင့် ရှောင်ယောင်က အစောပိုင်းကတိုက်ကွက်ကိုသာနောက်ဆုတ်ရှောင်တိမ်းပြီး ကျန်တိုက်ကွက်များကိုရှောင်တိမ်းခြင်းမရှိဘဲ ရှေ့သို့ပင်တိုးဝင်လာခြင်းဖြစ်သည်။
သူ၏လက်ထဲတွင်မူ အနက်ရောင်အရိပ်တစ်ခုက လျှပ်ပြတ်သလိုပေါ်လာပြီး ခြောက်ပေခန့်ရှည်လျားသည့်သံမဏိတုတ်ချောင်းတစ်ခုအသွင်သို့ပြောင်းလဲသွားတော့သည်။
“ ထန်း....”
သက်လက်ပိုင်းလူ၏ဓားရှည်နှင့် ရှောင်ယောင်၏သံမဏိတုတ်ရှည်တို့ပြင်းထန်စွာရိုက်မိသွားပြီး ရှောင်ယောင်၏လက်နှစ်ဖက်လုံးထုံကျသွားတော့သည်။
တစ်ဖက်လူက ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးဖြစ်၍သူ၏အတွင်းအားက ယခုမှအဆင့်လွန်ထိပ်သီးဖြစ်လာသည့်ရှောင်ယောင့်ထက်များစွာသာလွန်ပြီး အပြင်အားလမ်းစဉ်ကိုပါလေ့ကျင့်ခြင်းကြောင့် သူ၏လက်နက်လွတ်မကျခြင်းဖြစ်သည် ။
သို့မဟုတ်ပါက တိုက်ကွက်ချင်းထိတ်တိုက်ဆုံသည်နှင့် သူ၏လက်နှစ်ဖက်လုံးစုတ်ပြတ်သွားပြီး တုတ်ရှည်ပင်လွတ်ကျသွားနိုင်သည်။
သက်လက်ပိုင်းလူလည်း ရှောင်ယောင်က ရုတ်တရက်တုတ်ရှည်တစ်ချောင်းကိုထုတ်ယူကာ သူ၏တိုက်ကွက်ကိုခုခံနိုင်လိုက်၍ အံ့အားသင့်သွားသည်။
ထို့အပြင် ရှောင်ယောင်၏လက်ထဲရှိတုတ်ရှည်ကြောင့် သူ၏အမူအယာက ပို၍ပင်အံ့ဩသွားဟန်တူသည်။
“ အဆစ်ကိုးခုပါတဲ့ သံမဏိတုတ်ချောင်းပဲ ။ ဒါက....”
သူ၏အံ့ဩတကြီးရေရွတ်သံမဆုံးမီ ရှောင်ယောင်က သံမဏိတုတ်ရှည်၏အဆစ်အချို့ကိုလှည့်လိုက်ရာ တုတ်ရှည်က ပို၍ပင်ရှည်ထွက်လာပြီး ကြောက်စရာကောင်းသည့်သံမဏိကျာပွတ်တစ်ချောင်းဖြစ်လာတော့သည်။
“ ရွှမ်း....”
သံမဏိကျာပွတ်က ရှည်လျားပျော့ပြောင်းသည့်အပြင် သံနန်းကြိုးများဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ သာမန်ကျာပွတ်တစ်ချောင်းထက်များစွာကြောက်မက်ဖွယ်ကောင်းလှသည်။
သက်လက်ပိုင်းလူကြီးလည်း ရှောင်ယောင်၏လျှပ်တပြတ်တိုက်ကွက်ကြောင့် အလျှင်အမြန်ရှောင်တိမ်းလိုက်သော်လည်း ကျာပွတ်ရှည်က သူ၏ပခုံးစွန်းကိုရှပ်ထိသွားကာ အင်္ကျီစုတ်ပြဲသွားပြီး သွေးစီးကြောင်းတစ်ခုပေါ်လာသည်။
“ ဟ....တကယ်မိုက်တာပဲ....”
ရှောင်ယောင်လည်း အန်းဒူ၏လက်နက်ကိုရရှိချိန်မှစ၍ ပထမဆုံးတိုက်ခိုက်ဖူးခြင်းဖြစ်ပြီး အကျိုးသက်ရောက်မှုက သူထင်ထားသည်ထက်ပင်များစွာသာလွန်နေသည် ။
ကိုးဆစ်သံမဏိတုတ်ချောင်း၏အဓိကစွမ်းရည်က လက်နက်အမျိုးအစားများစွာပြောင်းလဲနိုင်ခြင်းဖြစ်ကာ တိုက်ပွဲတွင် ထိုသို့သောစွမ်းရည်ကများစွာအသုံးဝင်လေသည်။
သို့သော် ထိုလက်နက်မှာ အခြားသိုင်းသမားများ၏လက်ထဲတွင်တော့ သာမန်သာဖြစ်ပြီး သိုင်းသမားအများစုက လက်နက်တစ်မျိုးကိုသာစွဲစွဲမြဲမြဲကိုင်တွယ်လေ့ရှိကာ လက်နက်နှစ်မျိုးအသုံးပြုနိုင်သူပင်ရှားပါးပေသည် ။
အန်းဒူကတော့ထိုလက်နက်နှင့်လိုက်ဖက်စေရန် လက်နက်အသုံးပြုတိုက်ခိုက်ရသည့်သိုင်းပညာများစွာလေ့ကျင့်ထားခဲ့ပြီး ထို့ကြောင့်ပင် လောဘနတ်ဆိုးဟု တဟုန်ထိုးနာမည်ကျော်လာခြင်းဖြသ်သည်။
ရှောင်ယောင်မှာ လက်နက်မဲ့သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း ရှောင်လင်ကျောင်းထွက်တစ်ဦးပီပီ အန်းဒူ၏ ကိုးဆစ်သံမဏိတုတ်ချောင်းလက်နက်ကိုကောင်းစွာအသုံးပြုနိုင်ပေသည်။
အကြောင်းကား ရှောင်လင်၏ အခြေခံတစ်ရာ့ရှစ်ခန်းသိုင်းပညာက်ုအောင်မြင်ပြီးလျှင်လက်နက်ပေါင်းဆယ့်ရှစ်ခုအထိ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်၍ဖြစ်သည်။
အရုပ်သစ်ရရှိသွားသည် ကလေးတစ်ဦးနှယ်ရှောင်ယောင်ပျော်ရွှင်တက်ကြွနေစဉ် အလစ်အငိုက်မိသွား၍ ဒဏ်ရာရရှိသွားသည့်သက်လက်ပိုင်းလူကား ကျားနာကြီးတစ်ကောင်လိုပို၍ပင်ဒေါသကြီးလာသည်။
သူ၏လက်ထဲရှိဓားကကြောက်မက်ဖွယ်ကောင်းသည့်တိုက်ကွက်များကိုတစ်ခုပြီးတစ်ခုထုတ်ဖော်နေသလို ဓားကွက်တိုင်းကလည်း ရှောင်ယောင်၏သေကွင်းသေကွက်နေရာများကိုသာဦးတည်နေခြင်းဖြစ်၏။
အနက်ရောင်ဂိုဏ်းကြီးငါးခုထဲတွင် သံမဏိသွေးဓားဂိုဏ်း၏ဓားပညာက အကောင်းဆုံးဖြစ်ပြီး ဂိုဏ်းဝင်တိုက်က ရက်စက်ကြမ်းကြုတ်မှုကြောင့်ကျော်ကြားပေသည် ။
ယခု သက်လက်ပိုင်းလူ၏ဓားကွက်များသည်လည်း လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး သာမန်ထိပ်သီးတစ်ဦးကိုပင် သိုင်းကွက်အနည်းငယ်ဖြင့်သတ်ဖြတ်နိုင်စွမ်းရှိပေသည်။
&&&