← Chapters

ဆုတ်ခွာထွက်ပြေးခြင်း

Vol. 3 Ch. 43

ဆုတ်ခွာထွက်ပြေးခြင်း

Vol. 3 Ch. 43

သို့‌သော် သက်လက်ပိုင်းလူ၏ကြောက်စရာကောင်းသည့်ဓားကွက်များကို ရှောင်ယောင်က ကောင်းစွာကာကွယ်နေနိုင်ကာ ယခုအချိန်ထိ ဒဏ်ရာတစ်စုံတစ်ရာပင်မရသေးပေ။

အကြောင်းကား ရှောင်ယောင်က ကိုးဆစ်သံမဏိတုတ်ချောင်း၏စွမ်းရည်ကိုအပြည့်အဝအသုံးပြုပြီး လက်နက်အမျိုးမျိုးအဖြစ်ပြောင်းလဲတိုက်ခိုက်နေ၍ဖြစ်သည်။

အကယ်၍ ရှောင်ယောင်သာ သက်လက်ပိုင်းလူကိုလက်ဗလာဖြင့်ရင်ဆိုင်ပါက ယခုလောက်လွယ်ကူမည်မဟုတ်ဘဲ တစ်ထက်လူ၏ ပြင်းထန်အားကောင်းလှသည့်ဓားကွက်များကြောင့် ဒဏ်ရာမရဘဲမဖြစ်နိုင်ပေ။

ယခုအချိန်တွင်တော့ သူ၏လျှပ်တပြတ်အကြံအစည်က အလုပ်ဖြစ်ခဲ့ပြီး ကိုးဆစ်သံမဏိတုတ်ချောင်းကိုသုံးကာ ပြိုင်ဘက်ကိုကောင်းစွာခုခံနေနိုင်သည်။

တစ်ခုရှိသည်က သူ၏ပြိုင်ဘက်က ပြင်းထန်အားကောင်းသည့်ဓားကွက်များဖြင့်တိုက်ခိုက်နေ၍ဖြစ်ပြီးထိုလူသာ စီးတုယွမ်ချင်းလိုဓားသမားမျိုးဆိုပါက ရှောင်ယောင့်အနေဖြင့်ဆုတ်ခွာထွက်ပြေးရန်လမ်းတစ်ခုသာရှိသည်။

အကြောင်းကားထိုရေခဲမိန်းကလေး၏ဓားသိုင်းများက လျှင်မြန်ပေါ့ပါးခြင်းကိုအထားပြုထား၍ ရှောင်ယောင့်အနေဖြင့် လက်နက်ပြောင်းလဲရန်ပင်အခွင့်သာမည်မဟုတ်၍ဖြစ်သည် ။

ထို့ကြောင့်ပင် အန်းဒူသည်လည်း စီးတုယွမ်ချင်း၏လက်ထဲတွင်မရှူမလှခံရခြင်းဖြစ်ပြီး အရာရာတိုင်းတွင် ပျော့ကွက်ကတည်ရှိနေပေသည်။

ယခုအချိန်တွင်တော့ တစ်ဖက်လူ၏တိုက်ခိုက်မှုမှန်သမျှကို ရှောင်ယောင်တစ်ယောက်ကောင်းစွာခုခံနေနိုင်ပြီး ီတိုက်ခိုက်ရင်း ကိုးဆစ်သံမဏိတုတ်ချောင်းနှင့်လည်း ပို၍ရင်းနှီးကျွမ်းဝင်လာပေသည်။

ဤသို့ဖြင့် သိုင်းကွက်တစ်ရာကျော်လာသည်အထိ သူတို့၏တိုက်ပွဲကလက်ရည်ညီနေကာ မည်သူမှအသာစီးမရဘဲဖြစ်နေသည်။

တစ်ဖက်တွင်အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်က တိုက်ပွဲကိုစိတ်မဝင်စားနိုင်‌သေးဘဲ ရှောင်ယောင်၏လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်သူတို့သခင်လေး၏အနားတွင်ဝိုင်းအုံနေကြသည်။

“ သခင်လေး အဆင်ပြေရဲ့လား....”

အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားတစ်ယောင်၏မေးခွန်းကြောင့် လူငယ်၏မျက်နှာကရှုံ့မဲ့သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ ငါ့ပုံက အဆင်ပြေနေတဲ့ပုံပေါက်လို့လား.....”

ရှောင်ယောင်၏လက်ချက်ကြောင့် လူငယ်၏ပခုံးရိုးက ကြေမွသွားပြီး သူ၏လက်တစ်ဖက်လုံးလူံးဝလှုပ်ရှားမရတော့ပေ။

ထိုသို့ဖြစ်စေရန်လည်းရှောင်ယောင်က တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးသူ၏လုပ်ရပ်ကြောင့် ထိုလူငယ်မှာလက်ယာဘက်လက်ကိုအသုံးပြနိုင်မည်မဟုတ်တော့ပေ။

ဤသည်က သူ၏ဆိုးညစ်မှုများအတွက် ပေးဆက်ရမည့်အပြစ်ဒဏ်လည်းဖြစ်ကောင်ဖြစ်နိုင်သည်။

သူတို့သခင်လေး၏ဒေါသတကြီးပုံစံကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမိကြပြီး ထိုအကြောင်းကိုသာသူတို့ဂိုဏ်းချုပ်သိရှိသွားပါက ဖြစ်လာမည့်အကျိုးဆက်များကိုပြန်တွေးရင်းကျောချမ်းသွားမိသည်။

ထိုစဉ် လူငယ်က နာကျင်မှုကြောင့်အံကိုတင်းတင်းကြိတ်ထားရင်း မုန်းတီးနာကျဉ်းသည့်လေသံဖြင့်ပြောလိုက်သည် ။

“ သွားစမ်း....ဟိုကောင့်ကိုသွားသတ်ကြ.....”

လူငယ်က သက်လက်ပိုင်းလူနှင့်အပြင်းအထန်တိုက်ခိုက်နေသည့်ရှောင်ယောင့်ကိုညွန်ပြ၍ပြောလိုက်သည်။

သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်သိုင်းထိပ်သီးနှစ်ယောက်လည်း ချက်ခြင်းထရပ်လိုက်ကြပြီး ဓားကိုယ်စီဆွဲထုတ်ကာ တိုက်ပွဲအတွင်းသို့လျှင်မြန်စွာဝင်ရောက်သွားကြသည် ။

ယခုတစ်ကြိမ်၌ သင်ခန်းစာရရှိပြီးဖြစ်၍ လူငယ်၏အနီးတွင် ကျန်ရှိနေသည့်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုချန်ထားခဲ့ပေသည်။

သက်လက်ပိုင်းလူနှင့်တက်ကြွစွာတိုက်ခိုက်နေသည့်ရှောင်ယောင်လည်း အနက်ရောင်ဝတ်စုံဝတ်သိုင်းထိပ်သီးနှစ်ယောက်ထပ်မံဝင်ရောက်လာ၍ အခြေအနေမဟန်တော့ကြောင်းရိပ်စားမိလိုက်သည်။

အကြောင်းကား သက်လက်ပိုင်းလူတစ်ဦးထဲကိုပင်သူ့အနေဖြင့်ယှဉ်နိုင်ရုံသာရှိပြီး ကျန်သိုင်းထိပ်သီးနှစ်ယောက်ပါထပ်မံဝင်ရောက်လာ၍ သူရှုံးနိမ့်ရန်အခွင့်အရေးများနေပေသည် ။

ထိုလူနှစ်ယောက်ကလည်းသူတို့သခင်လေး၏ဒေါသကိုပြေပျောက်စေရန် ရှောင်ယောင့်ကိုအစွမ်းအထက်ဆုံးတိုက်ကွက်များဖြင့်ဝင်ရောက်တိုက်ခိုက်လိုက်ကြပြီး ထိပ်သီးသုံးယောက်၏ ကြောက်စရာကောင်းသည့်တိုက်ကွက်များက သူ့ထံသို့တစ်ပြိုင်နက်တိုးဝင်လာသည်။

“ ဝှစ်....ဝှစ်...”

ဓားရိပ်များက ရှောင်ယောင်၏တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားပြီး သူ၏ခန္တာကိုယ်အပိုင်းပိုင်းအစစဖြစ်တော့မည်ဟုပင်ထင်လိုက်ရသည်။

သက်လက်ပိုင်းလူက ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးဖြစ်သလို ကျန်နှစ်ယောက်ကလည်း သာမန်ထိပ်သီးများဖြစ်သော်ငြား သူတို့၏အားကုန်တိုက်ခိုက်မှုများကကြောက်မက်ဖွယ်ရာပင်။

ထိုအခြေအနေတွင် အစွမ်းထက်ထိပ်သီးတစ်ဦးပင်သေဆုံးသွားနိုင်ပြီး ရှောင်ယောင်သေဆုံးသွားပြီဟုတွက်ဆမိလိုက်၍ လူငယ်မှာ နာကျင်နေသည့်ကြားမှပြုံးလိုက်မိသည်။

သို့သော်လည်း ဓားရိပ်များကြားမှရှေ့နောက်ယိမ်းထိုး၍ဖောက်ထွက်လာသည့်ရှောင်ယောင့်ကိုမြင်လိုက်၍ သူ၏အပြုံးကအေးခဲသွားလေသည်။

“ သီသီလေးပဲ....”

ရှောင်ယောင်လည်လည်း တစ်ဖက်လူများ၏ကြောက်စရာကောင်းသည့်ဓားကွက်များကြားမှ အရက်မူးခြေလှမ်းသိုင်းကြောင့်သာလွတ်မြောက်လာခြင်းဖြစ်ပြီး သူ၏စိတ်နှလုံးပင်တုန်ယင်နေဆဲဖြစ်၏။

လက်ရှိသူ၏သိုင်းအဆင့်က အဆင့်လွန်ထိပ်သီးဖြစ်ကာ အပြင်အားလမ်းစဉ်နှင့်ပေါင်းလျှင်ကြောက်စရာကောင်းသည့်ထိပ်သီးများပိုပင်ယှဉ်တိုက်နိုင်စွမ်းရှိသည်။

ထို့ကြောင့်လည်း ရှောင်ယောင်ကအနည်းငယ်သတိလက်လွတ်ဖြစ်ပြီး ပြိုင်ဘက်သုံးယောက်၏တိုက်ခိုက်မှုကိုစမ်းသပ်ရန်အကြံဖြစ်ကာ ကံကောင်းထောက်မ၍မသေဆုံးခဲ့ခြင်းဖြစ်သည်။

“ မဖြစ်ဘူး ပြေးမှပဲ....”

ရှောင်ယောက်လည်းထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် ချက်ခြင်းပင် ချာခနဲလှည့်ပြေးလိုက်သည်။

သူ၏လုပ်ရပ်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများအံ့အားသင့်သွားသလို ခပ်လှမ်းလှမ်းမှလူငယ်ကလည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ သူ့ကိုမလွတ်စေနဲ့ ...”

လူငယ်၏သတိပေးသံကြောင့် အဆင့်လွန်ထိပ်သီးများလည်း ရှောင်ယောင်၏နောက်သို့ရိပ်ခနဲပြေးလိုက်ကြကာ သူတို့ထဲတွင်အမြန်ဆုံးလူက သိုင်းပညာအမြင့်ဆုံးဖြစ်သည့်သက်လက်ပိုင်းလူဖြစ်သည်။

ထိုလူ၏ဓားပညာက ကြောက်စရာကောင်းသော်လည်း သူ၏ကိုယ်ဖော့ပညာကထိပ်တန်းအဆင့်ထိမရောက်သေး၍ ရှောင်ယောင့်ထက် အနည်းငယ်နိမ့်ကျနေပေသည်။

ထို့ကြောင့် လွန်ခဲ့သည့်အချိန်အနည်းငယ်က ထိုလူ့ကိုလှည့်စား၍ ခပ်ဝေးဝေးတွင်ချန်ထားနိုင်ခြင်းဖြစ်ကာ ယခုလည်းသူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုလျှင်ပင် ရှောင်ယောင့်ကိုလိုက်မှီမည်မဟုတ်ပေ။

ထိုအခိုက် မည်သူမှမျှော်လင့်မထားသည့်ဖြစ်ရပ်တစ်ခုဖြစ်ပွားလာတော့သည်။

“ စိတ်မပူနဲ့ ကျမလာကူပြီ....”

ချိုသာကြည်လင်သည့်စကားသံနှင့်အတူ အဖြူရောင်အရိပ်လေးတစ်ခုက ရှောင်ယောင်၏ဘေးမှဖြတ်ပြေးသွားလေသည် ။

ထိုလူရိပ်က လွန်စွာလှပသည့်မိန်းမလှလေးတစ်ဥိးဖြစ်ကာ ရှောင်ယောင့်‌ကို‌ကျော်ဖြတ်သွားပြီး‌နောက် သူမ၏လက်ထဲရှိဓားဖြင့် သက်လက်ပိုင်းလူကိုဆီးကြိုတိုက်ခိုက်လိုက်သည်။

“ ဝှစ်....”

မိန်းမလှလေး၏လက်ထဲရှိဓားက တောက်ပသည့်အလင်းရောင်တစ်ချက်လက်သွားပြီး သက်လက်ပိုင်းလူဆီသို့လျှင်မြန်စွာတိုးဝင်သွားသည်။

သက်လက်ပိုင်းလူလည်း ရှောင်ယောင်၏နောက်သို့လိုက်နေရင်း မိန်းမလှလေးပေါ်လာကာရုတ်တရက်တိုက်ခိုက်လာ၍အံ့ဩတုန်လှုပ်သွားသည် ။

သို့‌သော် ဝါရင့်သိုင်းထိပ်သီးတစ်ဦးပီပီ သတိလက်လွတ်မဖြစ်ဘဲ သူ၏လက်ထဲမှဓားကိုမြောက်ကာ အချိန်မီကာကွယ်လိုက်နိုင်သည်။

“ ထန်း....”

ကျယ်လောင်သည့်အသံနှင့်အတူ ပြင်းထန်လှသည့်ဓားချက်ကြောင့် မိန်းမလှလေး၏လက်ထဲရှိဓားက ဘေးဘက်သို့လွင့်စင်သွားတော့သည်။

သူမ၏သိုင်းပညာကလည်းထိပ်သီးအဆင့်ရှိသော်ငြား သက်လက်ပိုင်းလူနှင့်အတွင်းအားကွာခြားချက်ရှိနေသေးသည်။

ထို့အပြင် လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင် ခြေကုန်လက်ပန်းကျ၍ လဲကျလုနီးပါးအ‌ခြေအနေသို့ရောက်အောင်တိုက်ခိုက်ခဲ့ပြီးဖြစ်၍ သူမ၏အတွင်းအားကအနည်းငယ်သာပြန်လည်ရရှိသေးသည် ။

ထို့ကြောင့် သူမ၏အကောင်းဆုံးအခြေအနေတွင်ပင် သက်လက်ပိုင်းလူကိုလုံးဝမယှဉ်နိုင်ရာ ယခုလိုမျိုးလာရောက်တိုက်ခိုက်သည်က ကိုယ့်သေတွင်းကိုယ်တူးခြင်းသာဖြစ်သည်။

သက်လက်ပိုင်းလူ၏ဓားမှအတွင်းအားလှိုင်းကြောင့် သူမ၏ရင်ဘက်တစ်ခုလုံးအောင့်တက်သွားပြိး မိန်းမလှလေး၏ဓားလည်းလွင့်စင်သွားလေသည်။

ထိုအခြေအနေကိုမျှော်လင့်မထားမိ၍ မိန်းမလှလေးကိုယ်တိုင်ပင်ကြောင်အမ်းအမ်းဖြစ်သွားပြီး ထိတ်လန့်တုန်လှုပ်သွားရ၏။

သို့သော် သက်လက်ပိုင်းလူက သူ့လိုမျိုးအံ့ဩမင်တပ်မနေဘဲ မိန်းမလှလေးကိုလျှင်မြန်စွာတိုက်ခိုက်လိုက်သည်။

“ ချွမ်း....”

ကျယ်လောင်သည့်သံချင်းထိခတ်သံနှင့်အတူ ကိုးဆစ်သံမဏိတုတ်ချောင်းက သက်လက်ပိုင်းလူ၏ဓားကိုဟန့်တားလိုက်သည်။

ထိုတုတ်ပိုင်ရှင်က ဆုတ်ခွာထွက်ပြေးသွားသည့်ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ဘဲ အံ့ဩထိတ်လန့်စွာဖြင့်ရှိနေသည့်မိန်းမလှလေးကိုလက်တစ်ဖက်ဖြင့်ပွေ့ကာ အလျှင်အမြန်နောက်ဆုတ်လိုက်သည်။

“ သေချင်နေလို့လားကွ....”

ရှောင်ယောင်၏ဒေါသတကြီးအော်ဟစ်သံကြောင်ြ မိန်းမလှလေးက သတိဝင်လာပြီး ဖြူဖျော့နေသည့်မျက်နှာဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

“ ကျမက....”

မိန်းမလှလေးမှာ အစောပိုင်းကဖြစ်ရပ်ကြောင့် တုန်လှုပ်မှုမပြေသေးဘဲ သက်လက်ပိုင်းလူ၏လက်ချက်‌ကြောင့် သေချာပေါက်သေဆုံးပြီဟုတွေးတောမိချိန်၌ ရှောင်ယောင်၏ကယ်တင်မှုကြောင့်သာအသက်ရှင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရှောင်ယောင်က ထိုမိန်းကလေးကိုဂရုမစိုက်နိုင်သေးဘဲ သူ့ကိုဝင်ရောက်တိုက်ခိုက်လိုက်သည့်သက်လက်ပိုင်းလူနှင့် ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာသည့်အဆင့်လွန်ထိပ်သီးနှစ်ယောက်၏ဘက်သို့ သူ၏လက်တစ်ဖက်ကိုဝေ့ယမ်းလိုက်သည်။

“ ဝှစ် ... ဝှစ်....”

သေးငယ်မာကျောသည့်ကျောက်စရစ်ခဲလေးများက အနက်ရောင်ဝတ်စုံဝတ်လူများထံသို့အရှိန်ပြင်းစွာဝင်ရောက်သွားပြီး ထိုလူသုံးယောက်မှာ ထိတ်ခနဲဖြစ်သွားလေသည်။

ရှောင်ယောင်၏လက်နက်ပုန်းပညာကို ကိုယ်တွေ့မြင်ဖူးထားကြသူများပီပီ ကျောက်စရစ်ခဲလေးများဖြစ်သည့်တိုင် အထင်မသေးဝံ့ဘဲ သူတို့၏ဓားများကိုဝေ့ယမ်းကာကွယ်လိုက်ရသည်။

“ ထန်...ထန်....”

ဆယ်ခုထက်မနည်းသည့် ရှောင်ယောင်၏ကျောက်ခဲများက အနက်ရောင်ဝတ်စုံဝတ်လူများ၏လက်ချက်ကြောင့် ဘေးသို့လွင့်စင်ကုန်ကြသည် ။

သူတို့သုံးယောက်လုံးက သိုင်းထိပ်သီးများဖြစ်သည့်အပြင် ဂရုတစိုက်ကာကွယ်လိုက်ကြ၍ ရှောင်ယောင်၏လက်နက်ပုန်းများမှာ သူတို့ကို ဒုက္ခပေးနိုင်စွမ်းမရှိတော့ပေ။

သို့သော်လည်း လက်နက်ပုန်းများကိုရိုက်ထုတ်ပြီးသည်နှင့်ပြန်ကြည့်လိုက်ရာ ရှောင်ယောင်နှင့်မိန်းမလှလေးတို့က ထိုနေရာတွင်မရှိတော့ဘဲ ပျောက်ချင်းမလှပျောက်သွားသည်ကိုတွေ့မြင်လိုက်ရသည်။

ထိုအဖြစ်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများလည်း ဒေါသတကြီးဖြစ်သွားကြပြီး သက်လက်ပိုင်းလူက တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်လေ၏။

&&&&

All Chapters