သူရဲကောင်းနှင့်မိန်းမလှ
Vol. 3 Ch. 44
တောအုပ်ထဲတွင် အဖြူရောင်အရိပ်နှစ်ခုက တရိပ်ရိပ်ပြေးလွှားနေ့ပြီး သူတို့၏ရွေ့လျားမှုကမီးခိုးတန်းပမာ လွန်စွာလျှင်မြန်လှသည် ။
ရှေ့မှပြေးနေသည့်လူက အသက်နှစ်ဆယ်ခန့်ရှိသည့်လူငယ်တစ်ယောက်ဖြစ်ပြီး မိန်းမလှလေးတစ်ယောက်၏လက်ကိုဆွဲကာ ကိုယ်ဖော့ပညာသုံး၍ပြေးလာခြင်းဖြစ်၏။
တိုက်ပွဲဖြစ်နေသည့်နေရာနှင့် ဝေးကွာသည့်နေရာတစ်ခုရောက်အောင် ပြေးလာပြီးမှ ရှောင်ယောင်က ရပ်တန့်လိုက်ပြီး အဝေးတွင်ကျန်ခဲ့သည့်တောအုပ်ကိုမျှော်ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ ဒီလောက်ဆို မျက်ခြေပြတ်လောက်ပါပြီ....”
ထိုအခိုက် မိန်းမလှ၏မျက်နှာက နီရဲနေပြီး ခေါင်းငုံ့ကာရှောင်ယောင့်ကို မဝံ့မရဲပြောလိုက်သည်။
“ ကျမရဲ့လက်ကိုလွှတ်ပေးလို့ရပြီလား.....”
သူမ၏စကားကြောင့် ရှောင်ယောင်လည်း အစောပိုင်းက အနက်ရောင်ဝတ်စုံဝတ်လူများ၏လက်မှလွတ်အောင်ပြေးလွှားရင် ထိုမိန်းကလေး၏လက်ကိုတစ်ချိန်လုံးဆုပ်ကိုင်ကြောင်းသတိထားမိကာ ချက်ခြင်းပြန်လွှတ်ပေးလိုက်သည်။
သူမ၏ရုပ်ရည်ကလွန်စွာလှပသော်လည်း ရှောင်ယောင့်ထံတွင်အခြားအတွေးများမရှိဘဲ ရန်သူများ၏လက်မှလွတ်မြောက်နိုင်ရန်အလိုလိုလုပ်ဆောင်မိခြင်းဖြစ်၏။
အကြောင်းကား ထိုမိန်းကလေး၏ကိုယ်ဖော့ပညာက များစွာကောင်းမွန်သည့်တိုင်သူ့ထက်နိမ့်ကျနေပြီး အတွင်းအားလည်းကုန်လုနီးပါးဖြစ်နေ၍ သူကူညီရင်းပြေးလွှားခဲ့ရခြင်းဖြစ်၏။
ထို့နောက် ရှောင်ယောင်လည်းတစ်စုံတစ်ခုကိုသတိရသွားကာ မိန်းမလှလေးကိုဒေါသထွက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ စောစောက မင်းဘာဝင်ရှုပ်တာလဲ... မင်းကြောင့် ငါတို့နှစ်ယောက်လုံးသေတော့မလိုဖြစ်သွားတာမြင်လား ...ငါ့ရဲ့ကိုယ်ဖော့ပညာသာနည်းနည်းနိမ့်ကျနေမယ်ဆိုရင် နှစ်ယောက်လုံးမသာပေါ်သွားနိုင်တယ်.....”
ရှောင်ယောင်က ကရုဏာဒေါသဖြင့် မိန်းမလှလေးကိုစူးစိုက်ကြည့်ကာ အော်ငေါက်လိုက်၏။
သူနှင့်အတူကပ်ပါလာသည့် အဖြူရောင်ဝတ်စုံဝတ်မိန်းမလှလေးကား ကြာပန်းဖြူဂိုဏ်းချုပ်မိန်းကလေးမှလွဲ၍အခြားမဟုတ်ဘဲ သူမ၏လူများနှင့်အတူထွက်ခွာသွားပြီးနောက်မှ သူ့ကိုကူညီရန်ပြန်လှည့်လာခြင်းဖြစ်သည်။
သို့သော်လည်း သူမ၏ကူညီမှုကဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ကာ ထိုမိန်းကလေးကိုကယ်တင်ရင်း ရှောင်ယောင်ပင်အဖမ်းခံရမည်ကဲ့သို့ဖြစ်သွားခဲ့သည်။
အကယ်၍ သူ့ထဲတွင်သာ ကျောက်စရစ်ခဲများကျန်ရှိမနေပါက ရန်သူများကိုမျက်ခြေဖြတ်ရန်ခက်ခဲပြီး ထိုလူများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကိုသာခံရပါက သူကိုယ်တိုင်ပင်အန္တရာယ်ကျရောက်သွားနိုင်သည်။
ရောက်မဆိုက်ဆိုသလို ဒေါတသကြီးအော်ဟစ်နေသည့်ရှောင်ယောင်၏ပုံစံကြောင့် မိန်းမလှလေး၏မျက်ဝန်းနက်နက်ကလေးများက ဝိုင်းစက်သွားပြီး ကြက်ပေါက်ကလေးတစ်ကောင်ကို ခေါင်းမော့ကာပြန်ပြောလိုက်သည်။
“ ကျမက ရှင့်ကိုပြန်ပြီးကူညီတာလေ....”
“ ကျေးဇူးအများကြီးတင်ပါတယ် မင်းကူညီတာ နှစ်ယောက်လုံးသေတော့မလို့ပဲ...”
သူမ၏စကားမဆုံးမီ ရွဲ့ပြောလိုက်သည့်ရှောင်ယောင်၏စကားကြောင့် မိန်းမလှလေး၏ဦးခေါင်းကအလိုလိုငုံ့သွားပြီး စကားတစ်ခွန်းမှထွက်မလာတော့ပေ။
သူမ၏လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ထားပြီး လက်ညာဘက်လက်တွင်လည်း သွေးစများစွန်းထင်းနေသည်ကိုတွေ့မြင်လိုက်ရသည် ။
ဤသည်က သက်လက်ပိုင်းလူ၏ဓားချက်ကြောင့် သူမ၏လက်ညိုးနှင့်လက်မကြားတွင်အက်ကွဲကာ ဓားလွင့်စင်ကျသွားခြင်းဖြစ်ပြီး သည့်မတိုင်မီကတိုက်ပွဲကြောင့်လည်း သူမ၏ကိုယ်ပေါ်တွင် ဓားရာနှစ်ခုသုံးခုရှိနေသည်။
မခြောက်သေးသည့်သွေးစများ ၊ ပြက်ရှရာများနှင့်စုတ်ပြတ်နေသည့်မိန်းမလှလေး၏ပုံစံကြောင့် ရှောင်ယောင်၏စိတ်ကပျော့ပြောင်းသွားပြီး သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။
“ ငါပြောချင်တာက ...”
ရှောင်ယောင်၏စကားမဆုံးမီ မိန်းမလှလေးက ဖြတ်ပြောလိုက်သည်။
“ ကျမက ရှင့်အတွက်စိုးရိမ်လို့ပြန်လာတာပါ။ ရှင်အဆင်ပြေတယ်မလား... ကျမသွားတော့မယ်....”
မိန်းမလှလေးကရှောင်ယောင့်ကိုမကြည့်ဘဲ ချာခနဲလှည့်ထွက်သွားလေသည်။
သူမ၏လုပ်ရပ်ကြောင့်ရှောင်ယောင်ပင်ကြောင်အမ်းအမ်းဖြစ်သွားပြီး အနည်းငယ်တုန်ယင်နေသည့်ခန္တာကိုယ်လေးနှင့်ဝမ်းနည်းနေသည့်လေသံအရ သူမစိတ်ထိခိုက်သွားမှန်းရိပ်စားမိလိုက်သည်။
လူသူမနီးသည့်တောနက်အလယ်တွင် ဒဏ်ရာများရရှိလျက် အတွင်းအားကုန်ခမ်းနေသည့်မိန်းမလှလေး၏ပုံစံမှာ လွန်စွာကရုဏာသက်ဖွယ်ကောင်းနေပြီး သူမ၏သနားစရာကောင်းသည့်ဘက်ခြမ်းကိုထုတ်မပြသည့်တိုင် ထိုမိန်းကလေးက ဂိုဏ်းချုပ်ဆိုသည့်ရာထူးနှင့်မလိုက်ဖက်စွာ စိတ်ဓာတ်မာကျောခြင်းမရှိသည်ကိုသိရှိနိုင်သည် ။
ထို့အပြင် သူမ၏လူများကိုဘေးလွတ်ရာပို့ဆောင်ပြီး သူ့ကိုပြန်လည်ကူညီသည်ကိုကြည့်ခြင်းဖြင့် စိတ်ထားကောင်းမွန်ပြီးကျေးဇူးသိတတ်သူတစ်ဦးဖြစ်ကြောင်းသိနိုင်ကာ ထိုသို့သောမိန်းကလေးတစ်ဦးကို တစ်ဦးထဲထွက်သွားခိူင်းသည်အထိ ရှောင်ယောင်အသဲမမာနိုင်တော့ပေ။
“ ဟေ့ နေဦး....”
ရှောင်ယောင်၏ခေါ်သံကြောင့်မိန်းမလှလေး၏ခြေလှမ်းများကအနည်းငယ်တုံ့ဆိုင်းသွားသော်လည်းနောက်လှည့်မကြည့်ဘဲဆက်သွားလိုက်သည်။
ဝမ်းနည်းအားငယ်တတ်သည့်တိုင်ခေါင်းမာသည့်စရိုက်ကလေးရှိနေသည့်ထိုမိန်းကလေးကြောင့် ရှောင်ယောင်မှာ ဟောင်ရန့်ကိုပင်ပြန်သတိရလိုက်မိပြီး သူ၏ဦးခေါင်းကိုခါယမ်း၍ ရိပ်ခနဲရွေ့လျားကာ မိန်းမလှလေး၏ရှေ့၌ပိတ်ရပ်လိုက်သည်။
ရှောင်ယောင်က သူမ၏လမ်းကိုရုတ်တရက်ဝင်ရောက်လာ၍ မိန်းမလှလေးကအနည်းငယ်လန့်ဖျန့်သွားဟန်တူကာ နောက်သို့ဖျက်ခနဲခုန်ဆုတ်ပြီးမှသူ့ကိုမကျေမနပ်မော့ကြည့်လာသည်။
ကြည်လင်ရွှန်းလဲ့သည့်မျက်ဝန်းနက်နက်ကလေးများထဲတွင် ငွေ့ရည်ဖွဲ့နေသည့် မျက်ရည်စများကိုမြင်တွေ့နေရသော်လည်း မိန်းမလှလေးက သူမ၏နှုတ်ခမ်းကိုကိုက်ကာမေးလိုက်သည်။
“ ဘာကိစ္စလဲ....”
တမင် လေသံကိုတင်း၍မေးလိုက်ခြင်းဖြစ်သည့်တိုင် သူမ၏အသံကတိုးဖျော့ဖျော့ဖြင့် ဖြူဖက်ဖြူလျော်ဖြစ်နေသည့်မျက်နှာလေးက လွန်စွာသနားကြင်နာဖွယ်ကောင်းနေသည် ။
မိန်းမလှလေး၏ယခုလိုပုံစံကိုမြင်လိုက်ရ၍ ရှောင်ယောင်၏စိတ်တွင်းရှိလက်ကျန်ဒေါသများပင်ပျောက်ရှသွားကာ တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။
“ ဒီပုံစံနဲ့ မင်းဘယ်လိုဆက်သွားမှာလဲ။ အခုချိန်မှာ မင်းကိုသာမန် သန်သန်မာမာလူတစ်ယောက်ကတောင်အနိုင်ယူနိုင်နေပြီ။
တကယ်လို့ ဟိုလူတွေလက်မလျော့ဘဲ နောက်ကလိုက်လာရင် မင်းက သူတို့လက်ထဲကိုပြန်ကျသွားမှာနော်။ ပြီးရင်ဘာဆက်ဖြစ်မယ်ဆိုတာ မင်းသိမှာပါ....”
ရှောင်ယောင်၏စကားကြောင့် မိန်းမလှလေးက တုန်လှုပ်သွားဟန်တူပြီး အနည်းငယ်တွေဝေသွားလေသည် ။
သို့သော်လည်း ရှောင်ယောင့်ကိုမကျေမနပ်ဖြစ်နေသေးဟန်တူ၍ ခေါင်းပြန်မော့လာပြီးအလျော့မပေးသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ အဲလိုဖြစ်လာရင်လည်း ကျမအဆုံးထိတိုက်ခိုက်သွားမှာသူတို့ကိုအနိုင်မယူနိုင်ရင် ကျမကိုယ်ကျမသတ်သေပစ်မယ်....”
သူမ၏အမူအယာက အနည်းငယ်ကလေးဆန်သော်လည်း စိတ်ပိုင်းဖြတ်ထားသည့်ပုံစံကြောင့် ရှောင်ယောင်ပင်အနည်းငယ်ထိတ်လန့်သွား၏။
ထို့နောက် ခေါင်းယမ်းကာ ထိုမိန်းကလေးကိုအသေအချာရှင်းပြလိုက်သည်။
“ မင်းတွေးတာမှားနေပြီ။ မင်းအခုလိုတစ်ယောက်ထဲဆက်သွားရင် အန္တရာယ်ရှိတာသိသိကြီးနဲ့တိုးဝင်သွားသလိုဖြစ်မနေဘူးလား။
မင်းလုပ်သင့်တာက ဒီမှာ ဒဏ်ရာတွေကိုပြန်ကုစားပြီး အကောင်းဆုံးအခြေအနေကိုရောက်အောင်လုပ်ဖို့ပဲ။
မင်းလည်းအဆင့်လွန်ထိပ်သီးတစ်ယောက်ဆိုတော့ ဟိုလူတွေသာ အင်အားအများအပြားနဲ့ဝိုင်းတာမဟုတ်ရင်လွတ်မြောက်နိုင်မှာပါ ....”
သူ၏ကျိုးကြောင်းသင့်လျော်သည့်စကားကြောင့် မိန်းမလှလေးက အသေအချာတွေးတောလိုက်ပြီး ခေါင်းညိမ့်ကာခပ်တိုးတိုးပြောလိုက်သည်။
“ ကောင်းပြီ ကျမထွက်မသွားတော့ဘူး။ ပြီးတော့ ရှင့်ရဲ့စောင့်ရှောက်မှုကိုလည်းမလိုဘူး ....”
မိန်းမလှလေးက ထိုသို့ပြောလိုက်သော်လည်း ရှောင်ယောင်က ပြုံး၍ပြန်ဖြေလိုက်သည်။
“ အေးပါ.... ငါလည်း အတွင်းအားလေးဘာလေးပြန်ဖြည့်လိုက်ဦးမယ်.....”
ရှောင်ယောင်ကပြောပြောဆိုဆိုဖြင့် သူမ၏အနီးမှထွက်ခွာကာ အနီးရှိသစ်ပင်ကြီးတစ်ပင်အောက်တွင်ခြေချိတ်ထိုင်လိုက်သည်။
သူ၏အပြုအမူများကိုအစအဆုံးစောင့်ကြည့်နေပြီးမှ မိန်းမလှလေးကလည်း ခပ်လှမ်းလှမ်းရှိသစ်ပင်တစ်ပင်အောက်သို့သွားကာ ခြေချိတ်ထိုင်လိုက်သည်။
“ ကျေးဇူးပါ.....”
အတွင်းအားလေ့ကျင့်ခြင်းမရှိဘဲ မနီးမဝေးရှိသစ်ပင်ကြီးကိုမှီ၍ ထိုင်နေသည့်ရှောင်ယောင့်ကိုတစ်ချက်ကြည့်ကာ မိန်းမလှလေးကခပ်တိုးတိုးရေရွတ်လိုက်၏။
အစောပိုင်းက ရှောင်ယောင်၏အော်ငေါက်မှုကြောင့် ရှက်ရွံ့ဒေါသထွက်ကာ ဝမ်းနည်းမှုဖြင့်အတိုက်အခံပြုခဲ့သော်လည်း သူမ၏လုပ်ရပ်များက မှန်ကန်ခြင်းမရှိသည်ကိုကောင်းစွာသဘောပေါက်ပေသည်။
သို့တိုင် ရှောင်ယောင်က သူမကိုစိတ်မပျက်ဘဲ ကာကွယ်ပေးနေဆဲဖြစ်၍ မိန်းမလှလေး၏စိတ်ထဲတွင်အထူးကျေးဇူးတင်နေမိကာ အမျိုးအမည်မသိခံစားချက်တစ်ခုကိုခံစားမိလာသည် ။
“ သူက ဘယ်ဂိုဏ်းကလည်းမသိဘူး ငယ်ငယ်ရွယ်ကွယ်နဲ့သိုင်းပညာအတော်လေးမြင့်မားတယ်။
ပြီးတော့ ရုပ်ရည်က အထက်တန်းလွှာတစ်ယောက်နဲ့တူပေမယ့် ပုံစံက စုတ်ပြတ်နေသေးတယ်.....”
တိုက်ပွဲကြောင့် စုတ်ပြတ်နေသည့် သူမကိုယ်သူမသတိမထားမိနိုင်ဘဲ မိန်းမလှလေးက ရှောင်ယောင့်ကိုကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
ထိုမိန်းကလေးက ယခုအချိန်ထိအတွင်းအားလေ့ကျင့်ခြင်းမရှိသေးဘဲ သူ့ကိုအကဲခပ်နေကြောင်းသိလိုက်၍ ရှောင်ယောင်က တမင် အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
“ အင်း ... အတွင်းအားလေ့ကျင့်ပြီးရင် ဒီကမြန်မြန်ထွက်သွားမှာပဲ။ ဟိုလူတွေကအချိန်မရွေးရောက်လာနိုင်သေးတယ်မလား....”
ရှောင်ယောင်က တစ်ကိုယ်တည်းရေရွတ်သလိုဖြင့် မိန်းမလှလေးကိုသတိပေးလိုက်ခြင်းဖြစ်ကာ သူ၏စကားကြောင့်မိန်းမလှလေးလည်း သတိဝင်လာပြီး သူမ၏ဦးခေါင်းကိုအသာထုလိုက်သည်။
“ ဘာတွေလျှောက်တွေးနေတာလဲ....မြန်မြန်အတွင်းအားပြန်ဖြည့်ရမယ်....”
မိန်းမလှလေးက တစ်ခါတစ်ရံခေါင်းမာသည့်အကျင့်ရှိသော်လည်း စိတ်ထားနူးညံ့အေးဆေးပြီး အတွေ့အကြုံလည်းနည်းပါးကာ ယခုလိုတောနက်အလယ်တွင် ရန်သူများအချိန်မရွေးရောက်လာနိုင်၍ တစ်ကိုယ်တည်းကျန်ခဲ့မည်ကိုကြောက်ရွံ့မိပေသည်။
ထို့နောက် သူမ၏မျက်စေ့ကိုမှိတ်ကာ ကုန်ဆုံးလုဆဲဆဲဖြစ်နေသည့်အတွင်းအားများကိုပြန်လည်ဖြည့်တင်းလိုက်သည်။
ထိုမိန်းကလေးက အတွေ့အကြုံနည်းကာ ကြောင်တောင်တောင်နိုင်သော်လည်း သူမ၏ရုပ်ရည်က အမှန်ပင်လှပပေသည်။
အာရုံစိုက်၍ အတွင်းအားလေ့ကျင့်နေသည့် မိန်းမလှလေးကိုငေးကြည့်ရင်း ရှောင်ယောင်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ သူရဲကောင်းကမိန်းမလှလေးကို ကယ်တင်ခြင်းလား....ခပ်ဆင်ဆင်ပဲ....”
ရှောင်ယောင်က ကိုယ့်စကားကို သူကိုယ်တိုင်သဘောကျကာ ရယ်မောလိုက်သော်လည်း သူ၏မျက်ဝန်းများကြည်လင်နေပြီး ထိုမိန်းကလေးအပေါ်တွင်မည်သည့်စိတ်မှမရှိပေ။
သူ၏စိတ်ထဲ၌ အချိန်ပြည့်စိုးမိုးထားသည်က ကျောက်စိမ်းခေါင်းတလားထဲမှ သက်မဲ့မိန်းမပျိုလေးပင်ဖြစ်တော့သည်။
&&&&