← Chapters

တွေ့ဆုံခြင်း

Vol. 3 Ch. 45

တွေ့ဆုံခြင်း

Vol. 3 Ch. 45

မှောင်မိုက်နေသည့်အခန်းငယ်တစ်ခု

အခန်းထဲတွင်ရှိနေသည့်တစ်ခုနည်းသောအရာက အလင်းရောင်သဲ့သဲ့ထွက်နေသည့်ကျောက်စိမ်းခေါင်းတလားတစ်ခုသာဖြစ်ပြီး ခေါင်းတလားထဲတွင် လွန်စွာလှပသည့်မိန်းမပျိုလေးတစ်ယောက် အိပ်မောကျနေသည့်အလား လဲလျောင်းလျက်ရှိပေသည်

မိန်းမပျိုလေး၏မျက်ဝန်းများကိုစေ့ပိတ်ထားသည့်တိုင် တုနှိုင်းမဲ့သည့်ပြိုင်ဘက်ကင်းအလှကိုတွေ့မြင်နိုင်ကာ သူမ၏အကြည့်တစ်ချက်သာခံယူမိပါက မည်သည့်လူမျိုးမဆို တွေဝေမိန်းမောသွားပေမည်။

လက်ရှိအချိန်၌ မိန်းမပျိုလေး၏မည်းနည်းကော့ညွှတ်သည့်မျက်တောင်များက ဖျက်ခနဲပွင့်ဟလာပြီး ကြည်လင်ရွှန်းလဲ့ကာ ကောင်းကင်ကကြယ်များလိုတောက်ပသည့်မျက်လုံးအစုံတို့ထွက်ပေါ်လာပေသည်။

ထိုခဏ၌ ကျောက်စိမ်းခေါင်းတလားမှထွက်ပေါ်နေသည့်အခိုးအ‌ငွေ့များက ပို၍ပင်သိပ်သည်းလာကာ သက်ရှိလူသားတစ်ဦးသာ ခေါင်းတလားကိုထိတွေ့မိပါက ရေခဲပန်းပုရုပ်ဖြစ်သွားပေလိမ့်မည် ။

ထို့နောက် ကျောက်စိမ်းခေါင်းတလားရှိကြည်လင်သည့်မှန်အဖုံးက အက်ကြောင်းများထင်လာပြီး တခဏအတွင်းအစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့၏။

“ ခွမ်း....”

မှန်အပိုင်းအစများက ဘေးဘက်များသို့ပါလွင့်စက်ကုန်ပြီး တိတ်ဆိတ်နေသည့်အခန်းလေးထဲတွင် မှန်ကွဲသံကကျယ်လောင်စွာထွက်ပေါ်လာပေသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် ကျောက်စိမ်းခေါင်းတလားကွဲအက်သွားပြီးနောက် ခေါင်းတလားတွင်းရှိမိန်းမပျိုလေး၏ခန္တာကိုယ်က ဖြေးညင်းစွာထလာပြီး သူမ၏လှပသည့်ကိုယ်ဟန်လေးက ပေါ်ထွက်လာသည်။

မိန်းမလှလေးက ထထိုင်လိုက်သည့်တိုင် ကျောက်စိမ်းခေါင်းတလားတွင်းမှထွက်ခွာခြင်းမရှိဘဲ ပိုးဖယောင်းလိုသွယ်လျနူးညံ့သည့်လက်ကလေးဖြင့် သူမ၏ဦးခေါင်းကိုအုပ်ကိုင်ကာ သွယ်တန်းမည်းနက်နေသည့်မျက်ခုံးလေးနှစ်ဖက်ကိုထိစပ်လုမတတ်ကြုံ့ထားမိ၏။

သူမကို ညစ်ပတ်သည့်အကြည့်များဖြင့် လိုချင်တပ်မက်စွာပိုင်ဆိုင်လိုကြသူများ ၊ မည်သည့်နေရာသို့သွားပါစေ တကောက်ကောင်လိုက်နေသူများ၊ သည်းမခံနိုင်၍တုန့်ပြန်မိချိန်၌ စတင်ဖြစ်ပွားလာခဲ့သည့် အဖြစ်ဆိုးများက မိန်းမလှလေး၏စိတ်အာရုံထဲတွင် တရိပ်ရိပ်ပြန်မြင်လာ‌မိ၏။

ထို့နောက်ပိုင်းတွင် မိုးမြေအဆုံးထိ လိုက်လံတိုက်ခိုက်နေသည့်လူများ ၊ နေ့စဥ်ရက်ဆက်တိုက်ပွဲများ၊လူများ၏ ‌အော်ဟစ်ညဉ်းတွားသံများနှင့်သွေးစွန်းနေသည့် သူမ၏လက်အစုံ စသည်တို့က အနှေးပြကွက်များအလား တရေးရေးပြန်သတိရလာမိပြီး အစွန်းအထင်းကင်းမဲ့သည့်လက်ချောင်းများကိုအလန့်တကြားပြန်ကြည့်လိုက်မိ၏။

ဖြူဖွေးသန့်စင်သည့် သူမ၏လက်အစုံက အပြစ်အနာအဆာဆိုဖွယ်မရှိပကတိလှပနေသော်လည်း သူမ၏မျက်စေ့ထဲတွင် ထိုလက်အစုံတွင် အခြားလူများ၏သွေးများစွန်းထင်းနေသည်ဟုသာထင်မြင်နေမိသည်။

ထိုအဖြစ်ဆိုးများကြောင့်လည်း သူမ၏ကျင့်စဉ်မှသွေဖီကာ ဘေးထွက်ဆိူးကျိုးခံစားရခြင်းဖြစ်ကာ ထိုအိပ်မက်ဆိုးနှင့်ဆင်တူသည့်အဖြစ်အပျက်များကိုဘယ်နှကြိမ်မြင်မက်မိမှန်းပင်မရေတွက်နိုင်ခဲ့ပေ။

မိန်းမလှလေး၏မျက်နှာအမူအယာက သွေးမရှိသလိုဖြူဖျော့လာပြီး မျက်ဝန်းများကအသက်မဲ့နေကာ ကျောက်စိမ်းခေါင်းတလားမှအလင်းရောင်အောက်တွင် လူမမာတစ်ယောက်ထက်ပင်အခြေအနေဆိုးနေသည် ။

သို့သော် ထိုအခြေအနေတွင်ပင် သူမ၏အလှကအနည်းငယ်ပင်ယုတ်လျော့မသွားဘဲ တွေ့မြင်မိသူတိုင်း သနားကြင်နာစွာကာကွယ်ပေးလိုစိတ်များတဖွားဖွားပေါ်ထွက်လာပေမည်။

မိန်းမလှလေးကား သူမ၏စိတ်တွင်းရှိနာကျင်စရာမှတ်ဉာဏ်များကနှိပ်စက်သမှုပြုနေပြီး ရင်ဘက်တစ်ခုလုံးအောင့်တက်လာကာ သွေးတစ်ပွတ်ကိုအန်ထုတ်လိုက်ရသည် ။

နီရဲသည့်သွေးစက်များက ပတ္တမြားသဖွယ်တောက်ပနေပြီး ကျောက်စိမ်းခေါင်းတလားပေါ်သို့စွန်းထင်းသွားပေသည်။

ထိုအကြောင်းအရာများ၏အစက သူမ၏အလှအပကိုလိုချင်တပ်မက်သူများကြောင့်စတင်ခဲ့ခြင်းဖြစ်ကာ ထိုလူများ၏လူများ၏လုပ်ရပ်များစွာကြောင့် သူမကိုယ်သူမခုခံကာကွယ်ရင်းလူသတ်ခဲ့ရသည်။

ထိုသို့သတ်ဖြတ်ခံရသူများ၏အဆက်အနွယ်များကလည်း လက်စားချေရန်အတွက် သူမကိုလိုက်လံသတ်ဖြတ်ကြပြန်သည်။

ဤသို့ဖြင့်သတ်ဖြတ်ခြင်းသံသရာက အဆက်မပြက်ဖြစ်ပေါ်လာကာ ‌‌နောက်ဆုံးတွင် သူမ၏အသက်ိုပါပေးရလုနီးပါးအခြေအနေသို့ရောက်ရှိခဲ့၏။

ထိုအခြေအနေတွင်ကယ်တင်ရှင်သာပေါ်မလာပါက ယခုအချိန်၌ သူမ၏အလောင်းက မြေကြီးထဲတွင်အရိုးဆွေးနေလောက်ချေပြီ။

သူမကိုလိုက်လံသတ်ဖြတ်ကြသည့်လူများ၏မျက်နှာများကိုပြန်လည်မြင်ယောင်မိရင်းမိန်းမလှလေး၏ရင်ထဲတွင်လက်စားချေလိုသည့်စိတ်ဆန္ဒများပေါ်ထွက်လာပြီး လွန်စွာလှပသည့်နတ်မိမယ်လိုမျက်နှာလေးက ရေခဲပန်းပုပမာ အေးစက်လာပေတော့သည်။

သိူ့သော်လည်း မိန်းမလှလေး၏စိတ်ထဲတွင် လွန်စွာ အေးချမ်းသာယာသည့်ဂီတသံစဉ်တစ်ခုကိုပြန်ကြားယောင်လာမိကာ သူမ၏စိတ်တွင်းရှိ ဒေါသတရားများ၊ လက်စားချေလိုသည့်စိတ်ဆန္ဒများပင် ပျောက်ကွယ်သွားရ၏။

ထိုအခါမှ သူမအတွက်အရေးအကြီးဆုံးအရာတစ်ခုကိုပြန်၍သတိရလာကာ မိန်းမလှလေး၏အေးစက်စက်မျက်နှာထက်တွင် အပြုံးတစ်ပွင့်ထွက်ပေါ်လာလေသည်။

သူမ၏နှုတ်ခမ်းထောင့်စွန်းကတွန့်ကွေးသွားပြီး ရေခဲကမ္ဘာကြီးရှိ နှင်းများကအရည်ပျော်သွားသည့်နှယ်ပင်။

ထိုအပြုံးကလေးကိုမြင်တွေ့ရပါက သက်ရှိလူသားတိုင်းစိတ်ဝိညာဉ်ကင်းလွတ်သည့်ပမာငေးမောသွားရမည်ဖြစ်သည်။

မိန်းမလှလေးကား သူမကိုနေ့စဉ်ရက်စက်နှိပ်စက်နေသည့်အိပ်မက်ဆိုးများထဲမှ လွတ်မြောက်ရာသို့လမ်းပြခေါ်ဆောင်ရာ တစ်စုံတစ်ယောက်ကိုပြန်သတိရနေမိသည်။

ထိုမှတစ်ဆင့် သူမ၏အနီးတွင်အမြဲလိုလိုရှိနေကာ သူ၏ဘဝအကြောင်းများ၊ သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များမှအစ အသေးစိတ်ကိုပြန်လည်ပြောပြနေသည့်လူတစ်ယောက်၏အသံကို အမှတ်ရလာပြန်သည်။

အိပ်မက်ဆိုးများထဲတွင်ပိတ်မိကာ အဖန်တလဲလဲမြင်မက်နေသည့်အကြောင်းအရာများထဲမှ လမ်းပြမီးအိမ်ကလေးလိုလင်းလက်စေသည်က တစ်စုံတစ်ယောက်၏ မရည်ရွယ်သည့်လုပ်ဆောင်ချက်များကြောင့်ဖြစ်ပေသညမ။

သူမကို နတ်မိမယ်လေးဟုခေါ်ဆိုတတ်ပြီး သူ၏အကြောင်းအရာများကို တစ်ခုမကျန်ပြောပြတတ်သည့်ထိုအသံ ။

ထိုအသံပိုင်ရှင်ကို သူမမတွေ့ဖူးသော်လည်း သူ၏စကားများမှ ထိုလူ၏ဘဝအကြောင်းကိုတစ်ခုမကျန်သူမသိရှိနေပြီဖြစ်သည်။

သူမထိုလူ့ကိုတစ်ကြိမ်မှမမြင်ဖူးခြင်းမရှိပေ။ သို့သော် ထိုလူ၏အကြောင်းအရာများကို မချွင်းမချန်သိရှိနေပြန်သည်။

သူတို့နှစ်ယောက်၏ကြားရှိဆက်ဆံရေးကိုဖော်ပြရပါလျှင် မိန်းမလှလေးအတွက် ထိုလူက အရင်းနှီးဆုံးသူစိမ်းတစ်ယောက်သာဖြစ်ပေသည်။

“ တုန်းဖန်းရှောင်ယောင်....ငါနင့်ကိုတွေ့အောင်ရှာမယ်....”

ခံစားချက်ကင်းမဲ့ဟန်ဖြင့် အေးစက်စက်ဖြစ်နေသော်လည်း တေးဆိုငှက်ကလေးထက်ပင်ကြည်လင်ချိုသာသည့်အသံကလေးက အခန်းငယ်ထဲတွင် တိုးတိတ်စွာထွက်ပေါ်လာတော့သည်။

&&&&

ညအချိန်

ညကောင်းကင်မှငွေစန္ဒာလမင်းက အစွမ်းရှိသလောက်ထွန်းလင်း၍ အေးမြသည့်အလင်းရောင်ကိုပေးစွမ်းနေသော်လည်း သစ်ပင်ကြီးများ၏အရိပ်အောက်တွင်တော့ မှောင်မိုက်နေဆဲဖြစ်၏ ။

မြို့ငယ်တစ်ခု၏အပြင်ဘက်တွင် အရိပ်ကောင်းသည့်သစ်ပင်ကြီးများအုံ့ဆိုင်းနေသည့်နေရာတစ်ခုရှိကာ ထိုး‌ထိုးထောင်ထောင်ဖြစ်နေသည့်မှတ်တိုင်များ၊ မို့မောက်နေသည့်မြေပုံများဖြင့်ထိုနေရာက သင်္ချိုင်းဟောင်းတစ်ခုသာဖြစ်သည်။

ညအမှောင်နှင့်ရောယှက်နေသည့်သစ်ပင်ကြီးငယ်များကလေအဝှေ့တွင် သရဲတစ္ဆေများပျော်မြူးနေသည့်နှယ် ယိမ်းထိုးလှုပ်ရှားနေပြီး အသဲငယ်သူတို့‌ကြောက်သေးပါချင်စရာပတ်ဝန်းကျင်မျိုးဖြစ်ပေသည်။

ထိုသို့သောပတ်ဝန်းကျင်တွင်တရွေ့ရွေ့ ရွေ့လျားလာသည့်အရိပ်တစ်ခုကိုမြင်တွေ့ရမည်ဖြစ်ပြီး အဖြူရောင်အရိပ်ကြီးတစ်ခုက သင်္ချိုင်း၏အလယ်သို့ဦးတည်၍လာနေခြင်းဖြစ်သည်။

ထိုအရိပ်ကား တစ္ဆေတစ်ကောင် မကောင်းဆိုးဝါးတစ်ကောင်မဟုတ်ဘဲ သက်ရှိလူသားတစ်ဦးသာဖြစ်ပြီး အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးဖြစ်သည်။

သန့်ပြန့်စွာဝတ်စားထားပြီး ရည်မွန်သည့်ပုံစံရှိသည့် ထိုလူ၏ပုံစံက ပညာတတ်တစ်ဦး၏သွင်ပြင်ရှိသော်လည်း ညကြီးအချိန်မတော်သင်္ချိုင်းဟောင်းအတွင်းဝင်ရောက်လာသည့်ရည်ရွယ်ချက်‌ကတော့မေးခွန်းထုတ်စရာပင်ဖြစ်သည်။

အဖြူရောင်ဝတ်လူကား သာမန်လူတို့အတွက်သွေးပျက်ဖွယ်ဖြစ်သည့် သင်္ချိူင်းဟောင်းထဲတွင် ဟိုကြည့်သည်ကြည့်အကဲခပ်နေသော်လည်း ထိတ်လန့်တုန်လှုပ်သည့်အရိပ်အယောက်ကိုသူ၏မျက်နှာထက်တွင်စိုးစဉ်မှမတွေ့ရပေ။

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူက သင်္ချိုင်း၏ထောင့်တစ်နေရာရှိသစ်ပင်ကြီးတစ်ပင်ကိုစူးစိုက်ကြည့်ကာအော်ဟစ်လိုက်သည်။

“ ဖန်းလွေ ထွက်ခဲ့စမ်း ...မင်းရောက်နေပြီဆိုတာငါသိတယ်....”

အဖြူရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ ကျောချမ်းဖွယ်တဟီးဟီးရယ်သံကြီးနှင့်အတူ သွေးနီရောင်အရိပ်ကြီးတစ်ခုက သစ်ပင်ထက်မှလျှင်မြန်စွာရွေ့လျားလာသည်။

ထိုလူရိပ်၏လှုပ်ရှားမှုကမြန်ဆန်လွန်းလှ၍ သရဲတစ္ဆေတစ်ကောင်နှင့်ပင်အထင်မှားနိုင်ကာ သင်္ချိုင်းအလယ်ရှိအဖြူရောင်ဝတ်စုံဝတ်လူ၏အနီးသို့မျက်တောင်တစ်ခတ်အတွင်းရောက်ရှိလာခြင်းဖြစ်၏ ။

သို့သော်ထိုလူရိပ်ကလည်း သက်ရှိလူသားတစ်ဦးဖြစ်ပြီး ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည့် အသက်လေးဆယ့်ငါးနှစ်အရွယ်လူတစ်ဦးဖြစ်သည်။

ထိုလူ၏မျက်လုံးများကအတွင်းဘက်သို့ချိုင့်ဝင်နေပြီးသူ၏မျက်လုံးများက ည‌အမှောင်တွင်တောက်ပလျက်ရှိသည်။

ကောက်ကွေ့သည့်နှာခေါင်းနှင့်ပိန်လှီသည့်မျက်နှာက အတော်လေးအရုပ်ဆိုးလှပြီး သူဝတ်ဆင်ထားသည့်သွေးနီရောင်ဝတ်ရုံကြီးကိုပါထည့်တွက်ပါက လွန်စွာကြောက်စရာကောင်းနေသည်။

ထိုအထဲတွင် သူ၏ရယ်သံကြီးကပါ ကျောချမ်းဖွယ်ဖြစ်နေပြီး ယခုလိုနောက်ခံပတ်ဝန်းကျင်မျိုး၌ ထိုလူထွက်ပေါ်လာမှုကတုန်လှုပ်ဖွယ်ကောင်းလှ၏။

သို့သော် အဖြူရောင်ဝတ်စုံဝတ်လူက နောက်ထပ်ရောက်လာသည့်လူကိုမြင်သည့်အခါ သူ၏မျက်နှာထက်၌ အံ့ဩဝမ်းမြောက်သည့်အရိပ်အယောင်များထွက်ပေါ်လာပြီး လျှင်မြန်စွာမေးလိုက်သည်။

“ ဖန်းလွေ တကယ်ပဲ မင်းကိုး....မင်းအဆင်ပြေရဲ့လား.....”

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်ကအတိုင်းမပြောင်းလဲသည့်ထိုလူ၏သွင်ပြင်ကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက အနည်းငယ်အံ့ဩမိ၏။

သူ၏လှိုက်လှဲသည့်နှုတ်ဆက်စကားကြောင့် ဖန်းလွေဆိုသည့်သွေးရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာကာ ခေါင်းညိမ့်၍ပြန်ဖြေလိုက်သည်။

“ ကျုပ် အဆင်ပြေပါတယ်အစ်ကိုကြီး။ ကျုပ်တို့မတွေ့တာတောင်အတော်ကြာပြီ....”

သူ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက တစ်စုံတစ်ခုကိုသတိရဟန်ဖြင့်မျက်နှာတင်းမာသွားပြီးပြောလိုက်သည်။

“ မင်းဆရာ့ဆီကထွက်သွားပြီးထဲက ငါတို့မတွေ့တာပဲလေ။ မင်းက အတော်နေနိုင်တဲ့အကောင်ပဲ။ ဆရာသေတာတောင် တစ်ချက်ကလေးပြန်လာမကြည့်ခဲ့ဘူး....”

အဖြူရောင်ဝတ်စုံဝတ်လူ၏အပြစ်တင်မှုကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူ၏မျက်နှာက ရှုံ့မဲ့သွားပြီး ခေါင်းယမ်း၍ပြောလိုက်သည်။

“ ကျုပ်မှာလည်း ကျုပ်အခက်အခဲနဲ့ကျုပ်ဖြစ်နေလို့ပါအစ်ကိုကြီးရ။ အစ်ကိုကြီးတို့နှစ်ယောက်က ပညာစုံမှဆရာ့ဆီကထွက်သွားကြတာဆိုပေမယ့် ကျုပ်က ပညာတစ်ပိုင်းတစ်စနဲ့နှင်ထုတ်ခံလိုက်ရတာလေ။ ။

ဒါကြောင့်ကျုပ်လည်း သိုင်းလောကထဲမဝင်သေးဘဲ နယ်ခြားဒေသမှာလေလွင့်ခဲ့တယ်။

ပြီးတော့ အဲဒီအတောအတွင်း သေမလိုဖြစ်ခဲ့တဲ့အပြင် အသက်အန္တရာယ်တွေလည်းအကြိမ်ကြိမ်ကြုံခဲ့ရသေးတယ်.....”

သူ၏စကားများကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်၌ စိတ်မကောင်းသည့်အရိပ်မယောင်များထွက်ပေါ်လာပြီးတစ်စုံတစ်ခုပြောမည်ပြုစဉ် သွေးနီရောင်ဝတ်စုံဝတ်လူက လက်ကာပြ၍ပြောလိုက်သည်။

“ ဒါတွေထားလိုက်ပါ။ အခု ကျုပ် အစ်ကိုကြီးကိုလာရှာတာ ကိစ္စကြီးတစ်ခုကိုဆွေးနွေးစရာရှိလို့ပဲ.....”

&&&&

All Chapters