← Chapters

လျှို့ဝှက်အင်အားစု

Vol. 3 Ch. 46

လျှို့ဝှက်အင်အားစု

Vol. 3 Ch. 46

သွေးနီရောင်ဝတ်စုံဝတ်လူ၏စကားကြောင့်အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်၌ စိတ်ဝင်စားသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး ပြန်မေးလိုက်သည်။

“ ဘာကိစ္စလဲ.....”

“ ဘာကိစ္စလို့တော့ ကျုပ်မပြောနိုင်သေးဘူး။ ဒါပေမယ့် အစ်ကိုကြီးကို ခေါင်းဆောင်နဲ့ ကျုပ်တွေ့ပေးမယ်။ အဲဒီအခါမှ အစ်ကိုကြီးလုပ်ရမယ့်ကိစ္စကို သူပြောပြလိမ့်မယ်....”

သူ၏အဖြေကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏အမူအယာက ရှုပ်ထွေးသွားပြီး ထပ်မေးလိုက်သည်။

“ ငါ့ကိုသိမ်းသွင်းနေတာလား ...ပြီးတော့ မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ....”

သူ၏လေသံထဲတွင် သိလိုစိတ်ပြင်းပြသည့်အရိပ်အယောင်များကိုတွေ့နိုင်ကာ သူ့အစ်ကိုကြီး၏အကြောင်းကို ကောင်းစွာသိထားသည့် သွေးနီရောင်ဝတ်စုံဝတ်လူက လက်ကာပြ၍ပြောလိုက်သည်။

“ ခေါင်းဆောင် ဘယ်သူဘယ်ဝါဆိုတာ ကျုပ်ပြောခွင့်မရှိဘူး။ ဒါပေမယ့်ကျုပ်ပြောတာကိုယုံပါ ။ ကျုပ်တို့ခေါင်းဆောင်က အရာအားလုံးကိုစွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ကြီးပဲ ...”

ထိုစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာကရှုံ့မဲ့သွားသည်။

သို့‌သော် သွေးနီရောင်ဝတ်စုံဝတ်လူက အတည်ပြောနေမှန်းသိသာပြီး သူ၏လေသံထဲ၌ လေးစားကြည့်ညိုမှုတို့ပါဝင်နေ၍ အဖြူရောင်ဝတ်စုံဝတ်လူ၏ရင်ထဲရှိသိလိုစိတ်က ပို၍ပင်တိုးပွားလာလေသည်။

“ မင်းတို့ခေါင်းဆောင်ရဲ့လက်အောက်ကိုဝင်ရင်ငါက ဘာလုပ်ပေးရမှာလဲ....ပြီး‌တော့ ငါကလည်း ဘာပြန်ရမှာလဲ....”

အဖြူရောင်ဝတ်စုံဝတ်လူ၏ပုံစံက သူတို့၏ဘက်သို့ပါလာပြီဖြစ်၍ သွေးနီရောင်ဝတ်စုံဝတ်လူက တက်ကြွစွာပြောလိုက်သည်။

“ အစ်ကိုကြီးဘာလုပ်ရမယ်ဆိုတာ ခေါင်းဆောင်တစ်ယောက်ပဲသိလိမ့်မယ်။ကျုပ်တို့အားလုံးက သူညွှန်ကြားတာကိုလိုက်လုပ်ပေးနေရတာပဲ။

ဒါပေမယ့် အဲဒီအလုပ်က ကျုပ်တို့ကို လုံးဝမထိခိုက်စေတဲ့အပြင် အကျိုးအမြတ်တောင်ရသေးတယ်။

ပြီးတော့ ခေါင်းဆောင်က သူ့လက်အောက်ကဘယ်သူ့ကိုမဆို အာဏာရှင်တစ်ယောက်လိုအုပ်ချုပ်တာမဟုတ်ဘဲ အပေးအယူစနစ်နဲ့ပဲသွားတယ်။

အစ်ကိုကြီးအလိုချင်ဆုံးဆန္ဒကိုသူကဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမယ့်အစ်ကိုကြီးရဲ့ဘက်ကလည်း ကိုယ့်ရဲ့တန်ဖိုးကို လုံလုံလောက်လောက်သက်သေပြထားဖို့လိုတာပေါ့.... “

သွေးနီရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် သူ့ခေါင်းဆောင်ဆိုသူက ထင်ထားသည်ထက်များစွာကြောက်စရာကောင်းရုံသာမက သူ၏လက်အောက်၌ ကြောက်စရာကောင်းသည်ကလူများစွာရှိမည်ဟုရိပ်စားမိလိုက်သည်။

သိုင်းလောကတွင် ထိုသို့‌သောလျှို့ဝှက်အင်အားစုတစ်ခုရှိနေသည်ကို ယခုမှသိလိုက်ရ၍ အဖြူရောင်ဝတ်စုံဝတ်လူ၏စိတ်ထဲ၌ အေးစိမ့်မှုတစ်ခုကိုခံစားမိလိုက်သော်လည်း အမူအယာမပျက်စေဘ ရယ်မော၍မေးလိုက်သည်။

“ ငါနားလည်ပြီး မင်းရဲ့ခေါင်းဆောင်က လူတွေကို မီးစတစ်ဖက်ရေမှုတ်တစ်ဖက်ဗျူဟာနဲ့အုပ်ချုပ်တယ်ပေါ့။

ငါသိချင်တာက ငါသူ့လက်အောက်ကိုဝင်မယ်ဆိုရင် ထိပ်တန်းအင်အားစုတစ်ခုခုရဲ့ခေါင်းဆောင်ဖြစ်ချင်တယ်ကွာ သူလုပ်ပေးနိုင်ပါ့မလား.....”

“ သူကျိန်းသေပေါက်လုပ်ဆောင်ပေးနိုင်တယ်....”

သွေးနီရောင်ဝတ်စုံဝတ်လူ၏အဖြေကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်ရှိအပြုံးကပျောက်ကွယ်သွားပြီး သွေးနီရောင်ဝတ်စုံဝတ်လူကဆက်ပြောလိုက်သည်။

“ ကျုပ်ပြောပြီးပြီ သူက အရာအားလုံးကိုစွမ်းဆောင်နိုင်ပါတယ်လို့ ။

အတိအကျမသိပေမယ့် ကျုပ်ရဲ့ခန့်မှန်းချက်အရဆိုရင် သူ့ရဲ့သိုင်းပညာက လက်ရှိသိုင်းလောကမှာ ထိပ်ဆုံးနေရာကိုရောက်နေတဲ့ အရှင်သခင်သုံးယောက်ထက်လုံးဝမနိမ့်ကျဘူး။

ပြီးတော့ သူ့လက်အောက်မှာအလုပ်လုပ်ပေးနေတဲ့သိုင်းဝိဇ္ဇာတွေလည်းတစ်ယောက်ထက်မက‌ရှိသေးတယ်။

ပြောစမ်းပါဦး ထိပ်တန်းအဆင့်အင်အားစုတစ်စုလောက်ကိုသူ့အဆင့်နဲ့စကားထဲထည့်ပြောနေစရာလိုသေးလို့လား.....”

သွေးနီရောင်ဝတ်စုံဝတ်လူ၏စကားများကြောင့် အဖြူရောင်ဝတ်စုံဝတ်လူမှာ ဟန်မဆောင်နိုင်ဘဲ မျက်နှာပျက်သွားမိသည်။

သူ၏ဆရာတူညီပြောသည့်အတိုင်းသာဆိုပါက ထိုလူ၏ကြောက်မက်ဖွယ်ကောင်းပုံက သူထင်ထားသည်ထက်ပင်များစွာသာလွန်နေကာ လက်ရှိသိုင်းလောကတစ်ခုလုံးကိုပင် ချိန်းခြောက်မှုဖြစ်စေပေမည်။

ကျန်အချက်များကိုဘေးဖယ်ထားလျှင်ပင် နဂါးစိမ်းဂိုဏ်းချုပ်ဟောင်း၊ တေလေဂိုဏ်းချုပ်ကြီးနှင့်ဝူတန်းဂိုဏ်းချုပ်ကြီးတို့လိုသိုင်းပညာရှင်များနှင့်တစ်တန်းထဲရပ်တည်နိုင်သည်က ထိုလူ၏သိုင်းပညာမည်မျှမြင့်မားသည်ကိုဖော်ပြလျက်ရှိသည်။

ထို့အပြင် ထိုလူ၏အကြံအစည်နှင့်ရည်ရွယ်ချက်က ကြီးမားဟန်တူပြီး သူ၏လက်အောက်တွင် အရည်အချင်းရှိလူများစွာလည်းရှိနေသေးဟန်တူသည်။

သူ့အစ်ကိုကြီး၏ အံ့ဩတုန်လှုပ်နေသည့်အမူအယာကိုအကဲခပ်၍ သွေးနီရောင်ဝတ်စုံဝတ်လူကဆက်ပြောလိုက်သည်။

“ ကျုပ်အစ်ကိုကြီးကို ပြောနိုင်တာ ဒါအကုန်ပဲ။ ကျုပ်တို့နဲ့လက်တွဲမလားဆိုတာပဲစဉ်းစားတော့။

ပြီးတော့ ဒုတိယအစ်ကိုကိုလည်း ကျုပ်ဆက်သွယ်ပြီးပြီ သူလည်းမကြာခင်အကြောင်းပြန်မယ်ပြောတယ်။ သူက ခေါင်းဆောင်နဲ့တောင်ဆုံဖူးသေးတယ် ....”

ယခုတစ်ကြိမ်၌ အဖြူရောင်ဝတ်စုံဝတ်လူမှာ အံ့ဩဟန်ပင်မပြတော့ဘဲ လေးပင်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။

“ ငါတို့ငယ်ငယ်က ဆရာက ငါတို့ကို နာမည်ပြောင်တွေပဲခေါ်ခဲ့တယ်။ ခိုးဝှက်ချင်တဲ့ဗီဇနဲ့မွေးဖွားလာတဲ့ငါ့ကို သူခိုး ၊ စွန့်စွန့်စားစားလုပ်ဆောင်ရတာကိုသဘောကျပြီး စိတ်ထင်ရာလုပ်တတ်တဲ့ ဒုတိယညီလေးကို လူမိုက် ၊ ရာထူးအာဏာကိုသဘောကျပြီး သိုင်းပညာမြင့်မားဖို့ကျားကုတ်ကျားခဲကြိုးစားတဲ့မင်းကို လူဆိုးလို့နာမည်ပေးခဲ့တယ်။

မင်းရဲ့ရည်ရွယ်ချက်တွေကိုဖြစ်မြောက်သွားပြီလား....”

အဖြူရောင်ဝတ်စုံဝတ်လူ၏စကားက မဆီမဆိုင်ဖြစ်သော်လည်း သွေးနီရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်၌ အတိတ်ကိုလွမ်းဆွတ်သည့်အမူအယာတစ်ခုပေါ်လာပြီး သူ၏ဦးခေါင်းကိုဖြေးညင်းစွာခါယမ်းပြလိုက်သည်။

“ မဖြစ်မြောက်သေးဘူးအစ်ကိုကြီး....ကျုပ်က ငယ်ငယ်ထဲကသူများတွေရဲ့အထက်မှာရပ်တည်ချင်တယ် ။ အင်အားကြီးမားဖို့ဘာမဆိုလုပ်ဆောင်ဝံ့ခဲ့တယ်။

ဒါကြောင့်လည်းဆရာက ကျုပ်ကို နှင်ထုတ်ခဲ့တာပေါ့ ။ သူ့ရဲ့ရည်ရွယ်ချက်ကကျုပ်ကို အမြင်မှန်ရပြီး စိတ်ထားပြောင်းလဲစေဖို့ဆိုပေမယ့် ဒီနေ့အချိန်ထိ ကျုပ်ကလူဆိုးတစ်ယောက်ဖြစ်နေတုန်းပဲ....”

သွေးနီရောင်ဝတ်စုံဝတ်လူက အဝေးကိုငေးရင်းဆက်ပြောလိုက်သည်။

“ အခုလည်း ကျုပ်ရဲ့ရည်မှန်းချက်တွေဖြစ်မြောက်အောက်လို့ ခေါင်းဆောင်ရဲ့လက်အောက်မှာရှိနေတာပဲ။

လူတစ်ယောက်ရဲ့အောက်မှာနေပြီး လူတစ်သောင်းရဲ့အထက်မှာရှိတာက ကျုပ်အတွက်အတော်လေးကောင်းမွန်နေပါပြီ....”

သူ၏စကားအဆုံး၌ နှစ်ယောက်စလုံးတိတ်ဆိတ်သွားကြပြီး လူသူကင်းမဲ့သည့်သင်္ချိုင်းဟောင်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။

ထို့နောက်မှ သွေးနီရောင်ဝတ်စုံဝတ်လူက တည်ကြည်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးကျုပ်တို့နဲ့ပူးပေါင်းလာဖို့ကို တကယ်ပဲမျှော်လင့်ပါတယ်။ ဆရာဆုံးပါးသွားပြီးထဲက ကျုပ်တို့သုံးယောက်ပဲ အရင်းနှီးဆုံးလူတွေအဖြစ်ကျန်ရှိခဲ့တာမလား။

ကျုပ်တို့နဲ့မပူးပေါင်းရင်တောင်ကိစ္စမရှိပါဘူး။ အစ်ကိုကြီး ကျုပ်တို့နဲ့ဆန့်ကျင်ဘက်မှာ မရပ်မိဖို့ပါ။

ဒီလိုတွေမှာနေရတယ်ဆိုတာကလည်း အစ်ကိုကြီးရဲ့စိတ်ကို ကျုပ်ကောင်းကောင်းသိတဲ့အပြင် အစ်ကိုကြီးကို ဂရုစိုက်လို့ပဲ။

ခေါင်းဆောင်ရဲ့လမ်းမှာပိတ်မိရင်ဘယ်သူမဆိုဖျက်ဆီးခံရလိမ့်မယ်။ အစ်ကိုကြီးက လက်ကိုးချောင်းဘုရင်နဲ့သွေးသောက်ညီအစ်ကိုတွေဆိုပေမယ့် ‌ခေါင်းဆောင်သာအစ်ကိုကြီးကိုရှင်းဖို့ဆုံးဖြတ်လိုက်ရင် သူ့လက်အောက်ကလူတစ်ယောက်ကိုလွှတ်လိုက်ရုံပဲ။

အဲဒီအခါကျရင် အစ်ကိုကြီးကို လက်ကိုးချောင်းဘုရင်တောင် ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး....”

သွေးနီရောင်ဝတ်စုံဝတ်လူက ချိန်းခြောက်ပြောဆိုနေခြင်းမဟုတ်ဘဲသူ့အတွက်သတိပေးခြင်းဖြစ်သည်ကို အဖြူရောင်ဝတ်စုံဝတ်လူကောင်းစွာသဘောပေါက်ပေသည်။

“ ကောင်းပြီ ငါစဉ်းစားပြီးရင် မင်းကိုအဖြေပြန်ပေးမယ်.....”

အဖြူရောင်ဝတ်စုံဝတ်လူက ယတိပြက်ငြင်းဆန်ခြင်းမရှိ၍ သွေးနီရောင်ဝတ်စုံဝတ်လူက စိတ်ကျေနပ်သွားဟန်တူသည်။

“ အစ်ကိုကြီးစဉ်းစားပြီးရင် ကြက်တူရွေးအဖွဲ့ခွဲတစ်ခုကိုသွားပြီးပြောလို့ရတယ် ...”

သူ၏စကားနှင့် ကိုယ်ပေါ်ရှိအဝတ်အစားကိုကြည့်လိုက်မိ၍ အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများကျဉ်းမြောင်းသွားစဉ် သွေးရောင်ဝတ်စုံဝတ်လူက ရိပ်ခနဲပြေးထွက်သွားပြီဖြစ်သည်။

“ အစ်ကိုကြီး ကောင်းကောင်းဆုံးဖြတ်နိုင်မယ်လို့ ကျုပ် ယုံကြည်ပါတယ်....”

ထိုလူ၏စကားသံကနောက်တွင်ကျန်ခဲ့ကာ သူ၏ခန္တာကိုယ်က တစ္ဆေသရဲတစ်ကောင်အလား လျှင်မြန်စွာပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့်အဖြူရောင်ဝတ်စုံဝတ်လူလည်း ခေါင်းယမ်း၍သက်ပြင်းတစ်ချက်ချလိုက်မိ၏။

“ ဒီနှစ်တွေမှာ သူ့ရဲ့သိုင်းပညာကအများကြီးတိုးတက်လာတဲ့အပြင် ကိုယ်ဖော့ပညာကလည်း ငါ့လောက်နီးနီးရှိလာပါလား....”

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူ၏အမူအယာက တည်ကြည်လေးနက်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ မဖြစ်ဘူး ဒီအကြောင်းတွေကို အသိပေးဖို့ တေလေအဖိုးကြီးကိုရှာရမယ်။ အဲဒီအင်အားစုကို သူပဲ ကိုင်တွယ်နိုင်မှာ....”

အဖြူရောင်ဝတ်စုံဝတ်လူ၏ရင်ထဲတွင် လေးလံနေပြီစ ခန္တာကိုယ်တစ်ချက်လှုပ်လိုက်ရာ သင်္ချိုင်းဟောင်းအတွင်းမှ ရိပ်ခနဲပျောက်ကွယ်သွားလေသည်။

ထိုအခိုက် သင်္ချိုင်းဟောင်းနှင့် အနည်းငယ်ကွာဝေးသည့်နေရာတစ်ခုတွင် သွေးနီရောင်ဝတ်စုံဝတ်လူ၏ခန္တာကိုယ်က ရိပ်ခနဲပေါ်ထွက်လာပြီး သူ၏အနီးသို့ အနီရောင်ဝတ်ရုံကိုခြုံထားသည့်လူနှစ်ယောက်ရောက်ရှိလာလေသည်။

“ ခေါင်းဆောင် အဆင်ပြေခဲ့လား....”

ထိုလူနှစ်ယောက်၏ကိုယ်ဖော့ပညာက သွေးနီရောင်ဝတ်စုံဝတ်လူနှင့် အဖြူရောင်ဝတ်စုံဝတ်လူတို့ကိုမမှီသည့်တိုင် ထိပ်တန်းအဆင့်ရှိနေဆဲဖြစ်၏။

သူ့လူတစ်ယောက်၏မေးခွန်းကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူက ခပ်ဝေးဝေးတွင်ကျန်ခဲ့သည့်သင်္ချိုင်းဟောင်းရှိရာဘက်သို့ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။

“ အစ်ကိုကြီးကို သိုင်းလောကသားတွေက အဖြူမကျအနက်မကျသိုင်းသမားတစ်ဦးလို့သက်မှတ်ထားပြီး ထိပ်တန်းအင်အားစုတွေကတောင် သဘောမကျပေမယ့် သူက အဖြူရောင်ဘက်တော်သားဆိုတဲ့လူတွေထက်တောင် ပိုပြီးဖြောင့်မက်သေးတယ်။

အခုလည်း ငါ့ရဲ့ကမ်းလှမ်းမှုကိုအချိန်ဆွဲလိုက်ပေမယ့် သူလက်ခံမှာမဟုတ်ဘူး....”

သူ၏အဖြေကြောင့် အနီရောင်ဝတ်ရုံရှင်နှစ်‌ယောက်ထဲမှ ကျန်တစ်ယောက်က မေးလိုက်သည်။

“ ဒါဆို သူ့ကိုလည်း စောင့်ကြည့်နေရမလားခေါင်းဆောင် ....”

&&&&

All Chapters