← Chapters

တစ်ဦးတည်းသောချစ်မြတ်နိုးသူ

Vol. 3 Ch. 47

တစ်ဦးတည်းသောချစ်မြတ်နိုးသူ

Vol. 3 Ch. 47

“ ဒါဆို သူ့ကိုလည်း စောင့်ကြည့်နေရမလားခေါင်းဆောင် ....”

ထိုမေးခွန်းကို သွေးနီရောင်ဝတ်စုံဝတ်လူက ခေါင်းယမ်းပြရင်း လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ မဟုတ်ဘူး မင်းတို့ကိုမူလတာဝန်ပေးထားတဲ့တောအုပ်ကိုပဲ တင်းတင်းကြပ်ကြပ်စောင့်ကြပ်နေကြ။

ပြီးတော့ တောအုပ်ထဲကထွက်လာတဲ့ ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့ ကောင်လေးက ဘယ်ကိုရောက်နေလဲ.....”

သူ၏မေးခွန်းကို အနီရောင်ဝတ်ရုံဝတ်လူတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ သူက မိန်းကလေးတစ်ယောက်ကြောင့် သံမဏိသွေးဂိုဏ်းသားတွေနဲ့ တိုက်ပွဲဖြစ်ပြီး အခု အဲဒီမိန်းကလေးနဲ့အတူရှိနေပါတယ်။

မိန်းကလေးရဲ့အကြောင်းကိုတော့ ကျုပ်တို့စုံစမ်းနေဆဲပါ....”

သွေးနီရောင်ဝတ်စုံဝတ်လူက ခေါင်းညိမ့်ပြ၍ဆက်ပြောလိုက်သည်။

“ ကောင်းပြီ သူ့ကိုလည်း မျက်ချေမပြတ်စောင့်ကြည့်နေဦး။ တစ်ခုတော့ရှိတယ် မင်းတို့စောင့်ကြည့်နေတာတော့ လုံးဝ‌ပေါ်ထွက်မသွားစေနဲ့....။

တောအုပ်ထဲက နောက်ထပ်လူတစ်ယောက်ယောက်ထွက်လာရင် ငါ့ကိုချက်ခြင်းအသိပေး။ ဒီကိစ္စက ခေါင်းဆောင်ကိုယ်တိုင် ခိုင်းထားတာဆိုတော့ အရေးကြီးတယ်။

သူ၏စကားအဆုံး၌ အနီရောင်ဝတ်ရုံရှင်နှစ်ယောက်ကလည်း အရိုအသေပေးကာ အမှောင်ထဲတွင်ပျောက်ကွယ်သွားကြသည် ။

&&&

“ ကဲ မိန်းကလေးလွီ ကျုပ်တို့ ဒီနေရာမှာပဲလမ်းခွဲကြတာပေါ့.....”

တောအုပ်များကိုလွတ်မြောက်၍ မြို့တစ်ခုနှင့်မလှမ်းမကမ်းရှိလမ်းဆုံလမ်းခွတစ်နေရာတွင်ရပ်ကာ ရှောင်ယောင်ကပြောလိုက်သည်။

သူ၏နောက်ဘက်တွင် အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးရှိကာ ယောင်္ကျားလေးလိုဝတ်ဆင်ထားသည့်တိုင် သူမ၏အလှအပက လျော့နည်းသွားခြင်းမရှိပေ။

ယခင်ညက တိုက်ပွဲတွင် သူမ၏ဝတ်စုံက စုတ်ပြဲရာများနှင့်သွေးအလိမ်းလိမ်းကပ်ညိနေ၍ ရှောင်ယောင်၏ဝတ်စုံတစ်စုံကိုဝတ်ဆင်ထားခြင်းဖြစ်သည်။

ထိုမိန်းကလေးကား ကြာပန်းဖြူဂိုဏ်းချုပ်မိန်းမလှလေးဖြစ်ပြီး သူမ၏အမည်က လွီချင်းအာဟူ၍ဖြစ်သည်။

သူတို့နှစ်ယောက်မှာ ထိုညကတိုက်ပွဲအပြီးတွင်ခင်မင်ရင်းနှီးခဲ့ကြပြီး ခရီးအတူထွက်လာခြင်းဖြစ်၏။

ထိုမိန်းကလေး၏ဦးတည်ရာကလည်း စွန်းအိမ်တော်သိုင်းပြိုင်ပွဲသို့ဖြစ်သော်လည်း တောအုပ်ထဲတွင် သံမဏိသွေးဂိုဏ်း၏သခင်လေးကြောင့် အသက်ဆုံးပါးလုနီးနီးဖြစ်ခဲ့ခြင်းဖြစ်၏။

ယခု သူမ၏ဒဏ်ရာများက ပျောက်ကင်းသွားပြီဖြစ်ကာ ရှောင်ယောင်က စွန်းအိမ်တော်သို့ဆက်သွားမည်ဖြစ်ပြီး သူမကထိုညက ကျန်မိန်းကလေးများကိုစိုးရိမ်ပူပန်၍ ဂိုဏ်းကိုပြန်မည်ဖြစ်သည်။

ထို့ကြောင့် သူမ၏ဂိုဏ်းကိုလည်းသွားရအဆင်ပြေ၊ စွန်းအိမ်တော်တည်ရှိရာဒေသကိုလည်းသွားရောက်နိုင်သည့်ဤနေရာတွင် လမ်းခွဲရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ အစ်ကိုရှောင်ယောင်ကလည်း ကျမကို ချင်းအာလို့ပဲခေါ်ပါဆို....”

မိန်းမလှလေးက သူမ၏နှုတ်ခမ်းဖူးဖူးကလေးများကိုအနည်းငယ်စုချွန်ကာပြောလိုက်သည်။

သူမ၏ကလေးဆန်သည့်အပြုအမူကြောင့် ရှောင်ယောင်လည်းရယ်မောရင်း ခေါင်းညိမ့်ပြလိုက်၏။

လွီချင်းအာက တစ်ခါတစ်ရံလွန်စွာခေါင်းမာပြီး သူမ၏စိတ်ရင်းကကြင်နာတတ်သည့်စရိုက်ရှိသော်လည်း အချိန်အများစုတွင်ဖြူစင်ပွင့်လင်းကာ ကလေးဆန်ပေသည်။

ထိုသို့သော် စိတ်မျိုးရှိသည့်မိန်းကလေးတစ်ဦးကိုမည်သည့်အတွက်ကြာပန်းဖြူဂိုဏ်းမှလူများက ဂိုဏ်းချုပ်အဖြစ်တင်မြောက်ထားသည်ဟု ရှောင်ယောင်တွေးမရပေ။

သူ၏မျက်စေ့ထဲတွင်တော့ ထိုမိန်းကလေးက အရွယ်မရောက်သေးသည့်ကလေးမလေးတစ်ဦးနှင့်ဆင်တူကာ ဆိုးနွဲ့တတ်သည့်ညီမလေးတစ်ဦးသဖွယ်ပင်။ ။

“ အစ်ကိုရှောင်ယောင်....ကျမလည်း ဂိုဏ်းကိုပြန်ပြီးရင် စွန်းအိမ်တော်ကိုအမြန်ဆုံးလာခဲ့မယ်သိလား.....ကျမကိုစောင့်နေပါ။

ပြီးတော့ ကျမသိုင်းပြိုင်ပွဲကိုလည်း ဝင်ပြိုင်ဦးမှာ ...”

လွီချင်းအာက ချောမောခန့်ညားသည့်ရှောင်ယောင်၏မျက်နှာကိုငေးကြည့်ရင်း ပြောလိုက်သည်။

သည်မနက်ကပင် ရေချိုးသန့်စင်ပြီး၍ ဝတ်စုံအသစ်တစ်ထည်ကိုလဲလှယ်ထားပြီးဖြစ်၍ ရှောင်ယောင်၏ပုံစံက သန့်ပြန့်ချောမောလှပြီး အပြင်အားလမ်းစဥ်ကြောင့်သူ၏ခန္တာကိုယ်ကလည်း ကြံ့ခိုင်တောင့်တင်းလှသည်။

ထို့ကြောင့် လက်ရှိ ရှောင်ယောင်က ထိပ်တန်းအင်အားစုမှသခင်လေးများထက်ပင်များစွာကြည့်ကောင်းနေပြီး သိုင်းလောကထဲမှ နာမည်ကျော်လူငယ်သိုင်းသမားများစွာကိုတွေ့ဖူးသည့်လွီချင်းအာပင် ထိုလူငယ်များကရှောင်ယောင်၏တစ်ဝက်ကိုပင်မမှီဟုခံစားမိနေသည်။

ထိုမိန်းကလေး၏စကားကြောင့် ရှောင်ယောင်လည်း နွေးထွေးစွာပြုံး၍ပြောလိုက်သည်။

“ ကောင်းပြီ ဒီအစ်ကိုက မင်းကိုစောင့်နေပါမယ်....”

ရှောင်ယောင်၏စကားအဆုံး၌ လွီချင်းအာ၏ သေးသွယ်သည့်ခန္တာကိုယ်လေးက သူ၏အနီးသို့လှစ်ခနဲကပ်လာပြီး ရှောင်ယောင်၏ခန္တာကိုယ်ကို တင်းကြပ်စွာဖတ်တွယ်ထားလိုက်၏

မျှော်လင့်မထားသည့်အဖြစ်ကိုကြုံလိုက်ရ၍ ရှောင်ယောင်၏ခန္တာကိုယ်ကြီးကတောင့်တင်းနေပြီး ဘေးနားရှိ ခရီးသွားများသည်လည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

ချောမောခန့်ညားသည့်လုလင်ပျိုတစ်ဦးနှင့်လှပသည့်မိန်းမလှလေးတစ်ဦးတို့လမ်းမဘေးတွင် ဖတ်တွယ်နေကြပုံက ပြဇာတ်တစ်ခုအလားကြည့်ကောင်းလှပြီး လမ်းသွားလမ်းလာများမှာ အပြုံးမျက်နှာဖြင့်ကြည့်ရှုသွားကြသည်။

ထိုအဖြစ်ကြောင့် ရှောင်ယောင်လည်း သူ၏ရင်ခွင်တွင်းရှိမိန်းမလှလေး၏ပခုံးကိုအသာဆုပ်ကိုင်ကာ တွန်းဖယ်လိုက်သည် ။

ရှောင်ယောင်သည်လည်းတုံးအသူတစ်ယောက်မဟုတ်ရာ လွီချင်းအာက သူ့ကိုသဘောကျနှစ်သက်နေကြောင်းရိပ်စားမိပေသည်။

သူတို့နှစ်ယောက်တွေ့ဆုံသည်က သုံးရက်ပင်မရှိသေးသော်လည်း ထိုမိန်းကလေးက သူ့ကိုအမှန်တကယ်သဘောကျနေကြောင်းသိသာပြီး ထို့ကြောင့်ပင် ရှောင်ယောင်တစ်ယောက်အခက်ကြုံနေရခြင်းဖြစ်၏။

သို့သော် လွီချင်းအာကနောက်ဆုတ်မသွားဘဲ ရှောင်ယောင့်ကိုပို၍တင်းကြပ်စွာဖတ်တွယ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ ကျမလက်မလျော့ဘူး အစ်ကိုရှောင်ယောင် အစ်ကို့စိတ်ထဲမှာရှိတဲ့အဲဒီမိန်းကလေးထက် ကျမက ပိုပြီးနေရာယူစေရလိမ့်မယ်....”

လွီချင်းအာက ပုံမှန်အားဖြင့်ရှက်ရွံ့အားနာတတ်သော်လည်း ယခုအခါသူမ၏ခေါင်းမာသည့်အကျင့်ကလေးပေါ်ထွက်လာဟန်တူသည် ။

မှန်ပေသည်။

ရှောင်ယောင်က သူ၏ရင်ထဲရှိတစ်ဦးတည်းသောမိန်းမပျိုလေး‌အကြောင်းကို လွီချင်းအာကိုပြောပြထားပြီးဖြစ်၏။

သို့သော် ထိုမိန်းကလေးက ယခုအချိန်ထိ ရှောင်ယောင့်ကိုလက်လျော့သေးဟန်မတူ။

သူမ၏စကားအရဆိုပါက နောက်ထပ်ပင် အားသွန်ခွန်စိုက်ကြိုးစားဦးမည့်ဟန်တူသည်။

စီးတုယွမ်ချင်းမှအပ မည်သည့်မိန်းကလေးနှင့်မှရင်းရင်းနှီးနှီးမရှိဖူးသည့်ရှောင်ယောင်သည်လည်းထိုအခြေအနေကိုမည်သို့ဖြေရှင်းရမှန်းမသိဖြစ်နေစဉ် လွီချင်းအာက နောက်ဆုတ်သွားပြီး လှပစွာပြုံး၍ပြောလိုက်သည်။

“ နောက်ကျရင် ပြန်တွေ့ကြတာပေါ့အစ်ကိုရှောင်ယောင် ကျမသွားပြီ.....”

ညကောင်းကင်မှကြယ်ပွင့်များလို တလက်လက်တောက်ပနေသည့်မျက်ဝန်းများဖြင့်ရှောင်ယောင့်ကိုတည့်တည့်ကြည့်၍ပြောလိုက်သော်လည်း သူမ၏မျက်နှာက အနည်းငယ်နီရဲလျက်ရှိသည်။

ယခုလို လူမြင်ကွင်း၌ရှောင်ယောင့်ကိုဖတ်တွယ်ရန် အတော်ပင်သတ္တိမွေး၍လုပ်ဆောင်ရခြင်းဖြစ်ပြီး ထို့အတွက်လည်း သူမနောင်တမရပေ။

သူတို့နှစ်ယောက်၏တွေ့ဆုံချိန်က‌တိုတောင်းသော်ငြား ရှောင်ယောင်၏တည်ကြည်ဖြောင့်မက်သည့်သဘောထား၊ စိတ်ထားကောင်းမွန်မှု၊ အနစ်နာခံတတ်မှုတို့ကြောင့် မူလကပင် ရှောင်ယောင်၏ကယ်တင်မှုအတွက် လွန်စွာကျေးဇူးတင်နေမိသည့်ထိုမိန်းကလေးက အချစ်နွံထဲသို့ကျရောက်သွားချေပြီ။

ကံမကောင်းစွာဖြင့် သူမချစ်ရသူထံတွင် လွန်စွာချစ်မြတ်နိုးသည့်ချစ်သူတစ်ယောက်ရှိပြီးဖြစ်ကာ ထိုအကြောင်းကိုသိရှိသည့်တိုင် လက်လျော့မည်မဟုတ်ပေ။

ထို့နောက် လွီချင်းအာက ရှောင်ယောင်၏အဖြေကိုပင်မစောင့်တော့ဘဲ ကိုယ်ဖော့ပညာသုံး၍လျှင်မြန်စွာပြေးထွက်သွားလေသည်။

မွှေးပျံ့သည့်ပန်းရနံ့လို ချိုအီသည့်ကိုယ်သင်းရနံ့တစ်ခုကိုသာချန်ခဲ့ပြီး အရိပ်တစ်ခုလိုလျှင်မြန်စွာပြေးထွက်သွားသည့်မိန်းမလှလေးကိုကြည့်ရင်း ရှောင်ယောင်လည်း သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

“ နောက်မှပြန်တွေ့တာပေါ့ ချင်းအာ...ငါ့ရင်ထဲကမိန်းကလေးရဲ့နေရာကိုတော့ ဘယ်သူ့ကိုမှပေးမှာမဟုတ်ဘူး.....”

မြင့်မြတ်သည့်နတ်ဘုရားမတစ်ဦးသဖွယ် စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် အိပ်မောကျနေသည့်အလား လဲလျောင်းနေသည့်မိန်းမပျိုတစ်ဦး၏ရုပ်သွင်ကိုပြန်၍မြင်ယောင်လိုက်မိကာ ရှောင်ယောင်၏မျက်နှာထက်၌ တောက်ပသည့်အပြုံးတစ်ပွင့်ပေါ်ထွက်လာပေသည်။

&&&

ချင်းယန်မြို့

နံနက်ခင်း၏နွေးထွေးသည့်နေရောင်ခြည်က ချင်းယန်မြို့လေးပေါ်သို့ကျရောက်နေပြီး မြိုထဲရှိလူများမှာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ချင်းယန်မြို့က စည်ကားသည့်မြို့ကြီးတစ်မြို့်ဟုတ်သော်ငြားအနီးအနားရှိရွာငယ်များမှလူများဈေးရောင်းဈေးဝယ်လာလေ့ရှိ၍ နံနက်ခင်းဈေးတန်းမှာ အတော်လေးစည်ကားပေသည်။

မြို့ဝင်လမ်းမဘေးတွင်လည်း စားသောက်ဆိုင်များ၊ တည်းခိုခန်းများသာမက လမ်းဘေးလက်ဖက်ရည်ဆိုင်ငယ်များပါ ဖွင့်လှစ်နေပြီး အချိန်ကအနည်းငယ်စောနေသေး၍ ဈေးဝယ်သူများစွာရောက်ရှိလာခြင်းမရှိသေးပေ။

စင်းမိသားစု ပရဆေးဆိုင်

ဤသည်က နံနက်ခင်းဈေးတန်းနှင့်မနီးမဝေးတွင်ဖွင့်လှစ်ထားသည့်ဆိုင်ငယ်လေးဖြစ်ကာ အနီးအနားရွာငယ်များမှ ဆေးမြစ်များ၊ သစ်ဥသစ်ဖုများကို ဒိုင်ခံဝယ်ယူ၍ ဆေးမျိုးဆုံဖော်စပ်ရောင်းချသည့်ဆိုင်ငယ်တစ်ခုဖြစ်သည်။

ဆိုင်၏အနေအထားက များစွာခမ်းနားခြင်းမရှိသည့်တိုင် ဆိုင်၏သက်တမ်းကအနှစ်တစ်ရာနီးပါးရှိပြီး မြို့ထဲရှိရှေးအကျဆုံးဆိုင်အနညိးငယ်မှတစ်ခုဖြစ်သည်။

ထို့အပြင် ဆိုင်ရှင်ဖြစ်သည့် ဦးလေးစင်းက မျိုးရိုးစဉ်ဆက်ပရဆေးရောင်းချလာခြင်းဖြစ်ပြီး သူ၏ဆေးဆိုင်မှာ မူလအမည်ပျောက်၍ စင်းမိသားစုပရဆေးဆိုင်ဟုနာမည်တွင်လာခဲ့ပေသည်။

လက်ရှိအချိန်၌ ဦးလေးစင်းဟု လူအများခေါ်ကြသည့် စင်းဂျီမှာ အပြာရောင်ကျောင်းတော်သားဝဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ဆိုင်ကိုဖွင့်လှစ်လျက်ရှိသည်။

ဇနီးသားချင်းမရှိဘဲ တစ်ကိုယ်တည်းလူပျိုကြီးဖြစ်သည့်စင်းဂျီမှာ ငယ်စဉ်ကနန်းမြိူ့တော်အထိသွားရောက်ပညာသင်ဖူးသည့်ကျောင်းတော်သားတစ်ဦးဖြစ်ပေသည်။

စင်းဂျီက စာပေပညာကိုဝါသနာပါလှပြီး အပတ်တကုတ်ကြိုးစားသော်လည်း အရာရှိစာမေးပွဲကိုသုံးကြိမ်ဆက်တိုက်ကျရှုံးပြီးနောက် အရှိတရားကိုလက်ခံရုာမွေးရပ်မြိုလေးဆီသို့ပြန်လာပြီး မိသားစုလက်ငုပ်လက်ရင်းဖြစ်သည့်ပရဆေးဆိုင်ကိုဆက်လက်ဦးစီးကာ သူ၏မိဘများသေဆုံးသွားပြီးနောက်တွင်လည်း တစ်ကိုယ်တည်းနေထိုင်ခဲ့ပေသည်။

မြို့ထဲရှိလူအများက သဘောကောင်းသညိ့စင်းဂျီကိုရင်းနှီးခင်မင်ကြပြီး ဦးလေးစင်းဟုသာခေါ်ကြသည့်အတွက် သူ၏မူလအမည်ကိုပင် မေ့တေ့တေ့ဖြစ်နေပေသည်။

“ တဆိတ်လောက်ပါ....စွန်းအိမ်တော်ကို ဘယ်လိုသွားရတာလဲ....”

ကျောက်စက်ကြားမှစမ်းရေစီးသံလို ကြည်လင်ချိုသာပြီး အေးစက်စက်ဖြစ်နေသည့်အသံလေးတစ်သံကြောင့် ပရဆေးတွဲများကိုဆိုင်ရှေ့တွင်ချိတ်နေသည့်စွန်းဂျီ၏ခန္တာကိုယ်က ဆက်ခနဲဖြစ်သွားသည် ။

ထို့နောက် သူ့ကိုမေးမြန်းလိုက်သည့်အသံပိုင်ရှင်ကိုပြန်ကြည့်လိုက်ရာစွန်းဂျီ၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။

နန်းဆန်သည့်အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ပိတုန်းရောင်ကေသာများကို နောက်ကျောတွင်ဖြန့်ချထားသည့်မိန်းမပျိုတစ်ဦးကဆိုင်ရှေ့တွင်ရပ်နေပြီး စွန်းဂျီကို ကြည်လင်တောက်ပသည့််မျက်ဝန်းကလေးများဖြင့်စူးစိုက်ကြည့်နေသည်။

&&&

All Chapters