← Chapters

စိန်ခေါ်ပွဲ၏လျှို့ဝှက်ချက်

Vol. 3 Ch. 55

စိန်ခေါ်ပွဲ၏လျှို့ဝှက်ချက်

Vol. 3 Ch. 55

“ အစ်ကိုရှောင်ယောင်က ငါတို့ထက်ပိုပြီးအစွမ်းထက်တာမှန်ပေမယ့် သိုင်းပြိုင်ပွဲမှာ အားလုံးကို သူအနိုင်ယူနိုင်ဖို့မလွယ်ကူဘူး။

တခြားလူတွေပြောတာမကြားဖူးလား လူငယ်ထိပ်သီးဆယ်ယောက်ကထိပ်ဆုံးလူတွေက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တွေတဲ့ ။

အစ်ကိုရှောင်ယောင် ရှောင်လင်ကထွက်မသွားခင်တုန်းက သိုင်းပညာထိပ်တန်းအဆင့်ပဲရှိသေးပြီးတော့ သူ့ရဲ့တိုက်ပွဲစွမ်းအားက မယုံကြည်နိုင်စရာဆိုပေမယ့် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုတော့ အနိုင်ယူနိုင်မှာမဟုတ်ဘူး.....”

ကြွယ်စင်းက ကျိုးကြောင်းဆီလျော်စွာသုံးသပ်ပြလိုက်သော်လည်း ကြွယ်ယန်က အလျော့မပေးသေးဘဲ ပြောလိုက်ပြန်သည်။

“ ဘယ်သူသိမှာလဲ ဒီနှစ်လသုံးလလောက်အတွင်းမှာ အစ်ကိုရှောင်ယောင်က ရှားပါးတဲ့ရတနာတွေစားပြီး အတွင်းအားတွေအဆမတန်တိုးရင်တိုးလာမှာ ။

ဒါမှမဟုတ် ဇာတ်မြုပ်နေတဲ့ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက်ယောက်ကအစ်ကိုရှောင်ယောင်ရဲ့ပါရမီကိုသဘောကျပြီး သူ့ရဲ့အစွမ်းထက်သိုင်းပညာတွေသင်ရင်သင်ပေးမှာပေါ့ ..”

အိပ်ယာဝင်ပုံပြင်များမှ အကြောင်းအရာများကို‌ပြောဆိုငြင်းခုန်လာသည့်ကြွယ်ယန့်ကြောင့် ကြွယ်စင်းလည်း စကားတစ်ခွန်းမှမဆိုတော့ပေ။

ခြေတစ်လှမ်းထဲဖြင့်ကောင်းကင်သို့တက်သွားခြင်း သို့မဟုတ် ကံကောင်းမှုတစ်ခုထဲဖြင့် ပြိုင်ဘက်ကင်းဖြစ်သွားခြင်း စသည်တို့က ပါးစပ်ရာဇဝင်များတွင်သာရှိတတ်သည့်အဖြစ်အပျက်သာဖြစ်သည်။

လက်တွေ့ဘဝက ကြမ်းတမ်းခတ်ထန်ပြီး ကြိုးစားအားထုတ်မှုမရှိလျှင် မည်မျှပါရမီကောင်းမွန်ပါစေ အမြင့်သို့ရောက်မည်မဟုတ်ပေ။

ထိုနည်းတူ ကြိုးစားအားထုတ်မှုတစ်ခုသာရှိပြီး သင့်လျော်သည့်အထောက်အပံ့မရှိလျှင်လည်း မြင့်မားသည့်သိုင်းအဆင့်များသို့ရောက်နိုင်မည်မဟုတ်ပေ။

ဤသည်က ခါးသီးသောအမှန်တရားတစ်ခုသာဖြစ်ပြီး မည်သည့်အတွက် ခေတ်အဆက်ဆက်၌ပါရမီရှင်ဆိုသူများမှာ ထိပ်တန်းအင်အားစုများမှသာ အများဆုံးပေါ်ထွက်လာခြင်းဆိုသည့်အဖြေပင်ဖြစ်သည်။

ငယ်စဉ်ထဲက ဆေးဝါးအမျိုးမျိုးကိုမှီဝဲကာ အကောင်းဆုံးသောသိုင်းပညာများကိုလေ့လာခွင့်ရသည့်လူများကိုမည်သည့်အတွက် ကျောထောက်နောက်ခံမရှိသည့်သာမန်လူများက အမှီလိုက်နိုင်မည်နည်း ။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့နှစ်ဦးစလုံးတိတ်ဆိတ်သွားကြသော်လည်း ကျန်လူများကား ကိုယ့်အစုနှင့်ကိုယ်ဆက်လက်ပြောဆိုနေကြဆဲပင်။

လမ်းခရီးသွားရင်း ယခုလိုလူစုလူဝေးဖြင့် ရောက်တတ်ရာရာပြောဆိုနေကြခြင်းကိုနားထောင်ရသည်ကလည်း အရသာတစ်ခုပင်ဖြစ်၏ ။

ယခုလိုဒေသပေါင်းစုံမှလူများရှိနေချိန်၌ စုံလင်သည့်သတင်းအချက်အလကိများကိုသိရှိနိုင်ကာ စားသောက်ဆိုင်များတွင်နားထောင်ရခြင်းထက်ပင်ပို၍သိရသေးသာိ ။

ယခုလည်း အစောပိုင်းက သိုင်းပြိုင်ပွဲတွင်မည်သူအနိုင်ရမည်ကိုငြင်းခုန်ဆွေးနွေးနေကြသည့်အုပ်စုထဲမှ တစ်ယောက်က ပြောလိုက်သည်။

“ ဒါနဲ့ နေစမ်းပါဦး မင်းတို့ သိုင်းပြိုင်ပွဲမတိုင်ခင်မှာ ရောက်လာမယ့် ကျန်းနန်ကစိန်ခေါ်ပွဲကိုဘယ်လိုမြင်လဲ....”

ထိုလူစကားကိုကျန်တစ်ယောက်က သွက်လက်စွာပြန်ဖြေလိုက်သည်။

“ မင်းပြောတာ သဘက်ခါမှာလုပ်မယ့် မိန်းမလှခုနစ်ယောက်စာရင်းဝင် မဟူရာနတ်သမီးစီးတုယွမ်ချင်းနဲ့ လူငယ်ထိပ်သီးဆယ်ယောက်က နံပါတ်လေးသံမဏိတံတိုင်းရှန်းတို့ရဲ့တိုက်ပွဲအကြောင်းကို မလား ငါတို့လည်းသိပြီးပါပြီကွ။

ရှန်းတုဆိုတဲ့ကောင်က ရုပ်ရည်သာမရှိတာ သိုင်းပညာတော့အတော်ကောင်းတဲ့ကောင်ပဲ။ ပြီးတော့ စီးတုယွမိချင်းကိုလိုက်နေတာလဲအတော်ကြာပြီ ....”

ဒုတိယလူကအောက်မကျစေရန်အမြန်ဖြေလိုက်ခြင်းဖြစ်သော်လည်း ပထမလူက နှာခေါင်းရှုံ့၍ အထင်သေးဟန်ဖြင့်ပြောလိုက်သည်။

“ ငတုံး မင်းပြောတာ လူတိုင်းသိတဲ့အကြောင်းပဲ ။ ငါမေးတာ အခုစိန်ခေါ်ပွဲနောက်ကွယ်က အကြောင်းကိုပြောတာ....”

ထိုလူ၏စကားကြောင့် အနီးအနားရှိလူများပင်စိတ်ဝင်စားသွားကာ ထိုအကြောင်းကိုပြောဆိုရန် ဝိုင်းဝန်းတောင်းဆိုလိုက်ကြ၏ ။

အစောပိုင်းကပင် ပြောဆိုချင်လွန်း၍စကားစလာသည့်သိုင်းသမားက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး အနည်းငယ်ကျယ်လောင်သည့်အသံဖြင့်ပြောလိုက်သည်။

“ ဒီလိုကွ....မိန်းမလှခုနစ်ယောက်စာရင်းဝင် မဟူရာနတ်သမီးစီးတုယွမ်ချင်းကို သံမဏိတံတိုင်းရှန်းတုက စွဲလမ်းနှစ်သက်ပြီး လိုက်နေတာအတော်ကြာပြီလေ

စီးတုယွမ်ချင်းဆိုတာကလည်း ရေခဲနတ်သမီးလို့နာမည်ပြောင်ရတဲ့အထိအေးစက်တဲ့မိန်းကလေးဆိုတော့ ရှန်းတုအဖက်တောင်အလုပ်မခံရဘူး ။

ဒါပေမယ့် ရှန်းတုက လက်မလျော့ဘဲကြိုးစားနေတုန်းပဲ။

အခုလို စိန်ခေါ်ပွဲဖြစ်လာတဲ့အဓိကအကြောင်းအရာက တတိယလူတစ်ယောက်ကြောင့်ပဲ....”

ထိုသိုင်းသမား၏စကားကို ကျန်လူများက စိတ်ပါဝင်စားစွာနားထောင်နေကြပြီး သူတို့၏အမူအယာကိုအကဲခပ်၍ ထိုလူက ဆက်ပြောလိုက်သည်။

“ အဲဒီလူက အခုတလောသိုင်း‌လောကမှာနာမည်ကြီးလာတဲ့ ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့လူငယ်ပဲ....”

“ ဟမ်....”

“ ဘယ်လို....”

အခြားလူများထက်သိသိသာသာကျယ်လောင်လှသည့်အသံနှစ်သံကြောင့် ထိုသိုင်းသမားလည်း သူတို့၏နောက်ဘက်နားရှိလူငယ်နှစ်ယောက်ကိုလှည့်ကြည့်လိုက်သည်။

ထိုလူငယ်နှစ်ယောက်က အတော်လေးအံအားသင့်သွားဟန်တူသော်လည်းကျန်လူများ၏အမူအယာက မထူးဆန်းသည့်ဟန်ဖြင့် ခေါင်းညိမ့်၍ အချင်းချင်းပြောဆိုလိုက်ကြသညိ။

“ အင်း....ဒီလိုတွေဖြစ်သွားတာကိုး....”

“ ဟီးဟီး ရှန်းတုဆိုတဲ့ကောင်က သူ့ရဲ့ ဓားလှံမတိုးတဲ့ခန္တာကိုယ်အားကိုးနဲ့ ထောင်ထောင် ထောင်ထောင်လုပ်နေတဲ့ကောင် ။

အခုတော့ သူချစ်နေတဲ့မိန်းကလေးက နောက်တစ်ယောက်ကိုသဘောကျသွားတာဘယ်လောက်ခံရခတ်လိုက်မလဲ ....”

ကျန်ရှိနေသည့်လူများမှာ အတင်းအဖျင်းများကိုပြောဆိုနေကြစဉ် ကြွယ်ယန်နှင့်ကြွယ်စင်းကား သူတို့ထက်ပို၍အံအားသင့်နေကြသည်။

အကြောင်းကား ထိုလူများ၏စကားဝိုင်းထဲတွင်ပါဝင်နေသူက သူတို့၏အစ်ကိုကြီးရှောင်ယောင်ဖြစ်နေ၍ပင်။

ကျန်လူများက ကျွတ်စီကျွတ်စီအသံများကြောင့် အစောပိုင်းကသိုင်းသမားက ချောင်းတစ်ချက်ဟန့်

လိုက်ပြီး ဆက်ပြောလိုက်သည် ။

“ ဒီတော့ ရည်စားလူလု အူနုကျွဲခတ်ဆိုသလို ရှန်းတုက ဒေါသထွက်သွားပြီး မဟူရာနတ်သမီးစီးတုယွမ်ချင်းကိုစိန်ခေါ်ခဲ့တာပဲ....”

ယခုတစ်ကြိမ်၌ သူ၏စကားကိုမည်သူမှနားမလည်ကြဘဲတစ်ယောက်က မေးလိုက်သည်။

“ စိန်ခေါ်ချင်းခေါ်ရင် ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့လူငယ်ကိုစိန်ခေါ်ရမှာမလား....ဘာလို့ မဟူရာနတ်သမီးကိုစိန်ခေါ်ရတာလဲ....”

ထိုလူ၏မေးခွန်းက ကျန်လူများတွေးနေသည့်အရာပင်ဖြစ်တော့သည်။

ထိုအကြောင်းကို သိုင်းသမားက ဆက်ရှင်းပြလိုက်သည်။

“ ဒီလိုလေ သူက ရိုးပုံရိုးပန်းရှိပေမယ့် အကြံကြီးတဲ့လူဆိုတော့ ဝတ်စုံဖြူကျောင်းတော်သားကိုစိန်ခေါ်ပြီးအနိုင်ရရင်တောင် မဟူရာနတ်သမီးက သူ့ကိုပြန်ကြိုက်မှာမဟုတ်မှန်းရိပ်မိတယ်လေ။

ဒါကြောင့် မဟူရာနတ်သမီးကိုအခုလိုလူသိရှင်ကြားစိန်ခေါ်ပြီး လောင်းကြေးတစ်ခုတင်ခဲ့တယ်။

အဲဒါက သူရှုံးနိမ့်သွားရင် မဟူရာနတ်သမီးက သူ့ကိုဘယ်ကိစ္စမဆို ခိုင်းစေပိုင်ခွင့်ရှိမယ်။ တကယ်လို့ သူအနိုင်ရရင်တော့ မဟူရာနတ်သမီးက သူ့ကိုလက်ထပ်ရမယ်ဆိုတာပဲ....”

သူ၏စကားအဆုံး၌ အံ့သြတကြီးရေရွတ်သံများဆူညံသွားကြပြီး လူအများမှာ ရှန်းတု၏အကွက်ကျမှုကိုကြိတ်၍လေးစားသွားကြသည်။

အကြောင်းကား သိုင်းလောက၏ထိပ်ဆုံးရှိပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် အော့မေ့ဂိုဏ်းချုပ်၏တပည့်မ ဖြစ်နေသည့်အပြင် ထိပ်တန်းအင်အားစုနှစ်ခု၏မျိုးဆက်ဖြစ်သည့်စီးတုယွမ်ချင်းက ထိုသို့သော လူသိရှင်ကြားစိန်ခေါ်မှူကို ငြင်းဆန်မည်မဟုတ်၍ပင်။

ရှန်းတု၏အကြံအစည်ကို အပြစ်တင်ရှုံ့ချသူအချို့ရှိကြသော်လည်း ဤသည်က မနာလိုခြင်းသက်သက်သာဖြစ်၏ ။

အကြောင်းကား မိန်းမလှခုနစ်ယောက်စာရင်းဝင်ဖြစ်သည့် မဟူရာနတ်သမီးကိုသူတို့မရနိုင်လျှင်ပင် တစ်စုံတစ်ယောက်ရရှိသွားမည်ကို မလိုလား၍ပင်။

အနီးရှိသိုင်းလောကသားများ၏ ပြောဆိုဆွေးနွေးနေမှုများကြားတွင် ဒေါသထွက်နေသူက ကြွယ်ယန်နှင့်ကြွယ်စင်းတို့သာဖြစ်၏။

“ ကြွယ်စင်း ငါအဲဒီရှန်းတုဆိုတဲ့ကောင်ကို သောက်ခွက်သွားရိုက်မယ်....”

ကြွယ်စင်းက ပြောပြောဆိုဆိုဖြင့် သူ၏အင်္ကျီလက်စများကိုပင်ပင့်တင်လိုက်သေးသည် ။

ပုံမှန်အချိန်များတွင်လည်း လူထူထူရှိလျှင် ကြွယ်ယန်တစ်‌ယောက်ယခုလိုဟန်ထုတ်ကာ လက်ဖျံနှစ်ဖက်မှ ကျားရုပ်နှင့်နဂါးရုပ်များကိုကြွားဝါလေ့ရှိသော်လည်း ယခုက အမှန်တကယ်၍ဒေါသထွက်၍ပင်။

အကြောင်းကား ရှောင်ယောင်က သူတို့၏အစ်ကိုကြီးတစ်ယောက်ဖြစ်ရာ ရှောင်ယောင်၏ချစ်သူဟုသတင်းကြီးနေသည့်စီးတုယွမ်ချင်းကိုလည်း ယခုလိုအခြားတစ်ယောက်မှအရယူရန်ကြိုးစားနေခြင်းကိုမနှစ်မြို့၍ဖြစ်ပေသည်။

အေးဆေးတည်ငြိမ်သည့်ကြွယ်စင်း၏မျက်နှာပင် အနည်းငယ်အေးစက်နေပြီး သူ၏ပုံစံက မြို့စားမင်း၏မကောင်းသတင်းအတုများကိုကြားစဉ်ကထက်ပင် ပို၍တင်းမာနေသေးသည်။

“ အေး....ငါတို့ ဆုံးမရမယ်....”

ကြွယ်စင်းက ခေါင်းညိမ့်၍ထောက်ခံလိုက်သည် ။

ထိုအချိန်တွင် လူအုပ်ထဲမှတစ်ယောက်က စိန်ခေါ်ပွဲ၏လျှို့ဝှက်ချက်ကိုရှင်းပြသည့်သိုင်းသမားအား လှမ်းမေးလိုက်သည်။

“ မိတ်ဆွေက ဗဟုသုတကြွယ်ဝတော့မေးရဦးမယ် ဒီစိန်ခေါ်ပွဲမှာ ဘယ်သူအနိုင်ရမယ်ထင်လဲ....”

ထိုလူ၏အနည်းငယ်မြှောက်ပင့်သည့်စကားကြောင့် သိုင်းသမားမှာ ကျေနပ်အားရသွားပြီး သူ၏မေးစေ့ကိုပွတ်ကာပြောလိုက်သည်။

“ သံမဏိတံတိုင်းရှန်းတုဆိုတာကလည်း ဓားလှံမတိုးနဲ့ခန္တာကိုယ်နဲ့ သူ့ရဲ့ခံစစ်ကြောင့်ကျော်ကြားလာတာ ဆယ်နှစ်လောက်တောင်ရှိပြီ။

သူ့ရဲ့ခံစစ်ကိုတစ်ချို့က ဒုတိယမျိုးဆက်က ဗုဒ္ဓလက်ဝါးကိုယ်တော်နဲ့တောင်နှိုင်းကြတယ်မလား ။

ပြီးတော့ လွန်ခဲ့တဲ့ဆယ်နှစ်ထဲက သွေးအေးသခင်မကိုသုတ်သင်တုန်းမှာတောင် သူပါဝင်ခဲ့သေးတာပဲ ။ အခုချိန်လောက်ဆို သူ့ရဲ့သိုင်းပညာဘယ်လောက်တိုးတက်နေမယ်ဆိုတာတွေးကြည့်ပေါ့။

ပြီးတော့ မဟူရာနတ်သမီးကိုလည်းလျော့တွက်လို့မရပြန်ဘူး။

အော့မေ့ဂိုဏ်းချုပ်ကြီးရဲ့နောက်ဆုံးတပည့်မဖြစ်တဲ့အပြင် ထိပ်တန်းအင်အားစုနှစ်ခုရဲ့မျိုးဆက်ဆိုတော့ လက်ရှိသိုင်းလောကထဲမှာ နောက်ခံအတောင့်တင်းဆုံးလူငယ်မျိုးဆက်လို့တောင်ဆိူနိုင်တယ်။။

ပြီးတော့ သူ့ရဲ့သိုင်းပညာက မိန်းမလှခုနစ်ယောက်ထဲမှာအစွမ်းအထက်ဆုံး‌ဆိုတော့ ဘယ်သူအနိုင်ရမယ်ဆိုတာပြောရခက်တယ်။

ဒါကြောင့်လည်း ကျုပ်က အဲဒီစိန်ခေါ်ပွဲကိုအမှီသွားဖို့ကြိုးစားနေတာဗျို့ ....”

ထိုသိုင်းသမား၏စကားများကိုနားထောင်နေရင်း လူအုပ်ထဲမှခွဲထွက်၍ ကိုယ်ဖော့ပညာသုံးကာလျှင်မြန်စွာပြေးလွှားသွားသည့်လူငယ်နှစ်ယောက်ကို ကျန်လူများသတိမပြုမိလိုက်ပါချေ။

လူငယ်နှစိယောက်၏ဦးတည်ရာကား အဝေးတစ်နေရာရှိ ကျန်းနန်မြို့ပင်ဖြစ်တော့၏ ။

All Chapters