စိန်ခေါ်ပွဲ
Vol. 3 Ch. 56
ကျန်းနန်
ကျန်းနန်မြို့ဟု ဆိုလိုက်သည်နှင့်သိုင်းလောက၏အချက်အချာနေရာတစ်ခုဖြစ်သည်ကို သိုင်းလောကသားတိုင်းသိကြပေမည်။
များစွာသောသိုင်းသမားများက ကျန်းနန်ကိုနေ့စဉ်နှင့်အမျှဝင်ထွက်သွားလာနေကြသလို တိုက်ပွဲများစိန်ခေါ်ပွဲများသည်လည်း နေရာအနှံ့တွေ့ရနိုင်သည်။
ထို့ကြောင့်ပင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သိုင်းလောကပညာရှင်များက ကျန်းနန်မြို့၏အပြင်ဘက်တွင် မကျေလည်မှုများကိုစိန်ခေါ်တိုက်ခိုက်နိုင်ရန် သူရဲကောင်းကွင်းပြင်ကိုဖန်တီးပေးထားခြင်းဖြစ်ပေသည်။
သူရဲကောင်းကွင်းပြင်ဆိုသည်က မကျေလည်မှုများကိုတိုက်ခိုက်ရန်နေရာတစ်ခုဖြစ်သည်သာမဟုတ်ဘဲ ဂုဏ်သိက္ခာနှင့်ပတ်သတ်သည့်စိန်ခေါ်ပွဲများဖြစ်ပွားရာနေရာလည်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ထိုသို့သောစိန်ခေါ်ပွဲတစ်ခုစတင်တော့မည်ဖြစ်သည််။
ပါဝင်မည့်နှစ်ဘက်လူများလူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင် သံမဏိတံတိုင်းရှန်းတုနှင့် မိန်းမလှခုနစ်ယောက်စာရင်းဝင် မဟူရာနတ်သမီးစီးတုယွမ်ချင်းတို့ဖြစ်နေခြင်းက တိုက်ပွဲ၏အကြောင်းအရာကိုပို၍ပျံ့နှံ့စေသည်။
ထို့ကြောင့် နံနက်အစောပိုင်းကပင် ကျန်းနန်မြို့အပြင်မှသူရဲကောင်းကွင်းပြင်ရှိရာသို့သိုင်းလောကသားများစုရုံးရောက်ရှိနေကြပြီး မည်သူအနိုင်ရမည်ကို စိတ်အားထက်သန်စွာပြောဆိုဆွေးနွေးနေကြပေ၏ ။
လူအုပ်ထဲတွင် အဖြူရောင်သိုင်းဝတ်စုံကိုယ်စီဖြင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းရှိနေပြီး ဘေးဘီဝဲယာကိုလည်တဆန့်ဆန့်ကြည့်ရှုလျက်ရှိသည်။
အကြောင်းကား ယခုအချိန်ထိ စီးတုယွမ်ချင်းရောက်ရှိမလာသေး၍ဖြစ်ပြီး သံမဏိတံတိုင်းရှန်းတုမှာမူ လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင် ရောက်ရှိနေပြီဖြစ်သည် ။
ကွင်းပြင်အလယ်တွင်ရောက်ရှိနေကာ အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ရှန်းတုကအသက်သုံးဆယ်အရွယ်ရှိလူတစ်ယောက်ဖြစ်သည်။
ထွားကြိုင်းသန်မာသည့်ခန္တာကိုယ်နှင့် ပွင့်လင်းဖြောင့်မက်မည့်ဟန်တူသည့်မျက်နှာသွင်ပြင်တို့က သူ၏ပုံစံကို ရဲရင့်ကာသူရဲကောင်းဆန်စေသည်။
ရှန်းတုမှာ လွန်ခဲ့သည့်ဆယ်နှစ်ခန့်ကပင် သွေးအေးသခင်မနှင့်တိုက်ပွဲ၌စတင်ကျော်ကြားလာခြင်းဖြစ်ပြီး လူငယ်ထိပ်သီးဆယ်ယောက်ထဲ၌ ဦးဆုံးပေါ်ထွက်လာသူလည်းဖြစ်၏ ။
ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ထားကာ အစွမ်းထက်သည့်ထိပ်တန်းလက်ဝါးသိုင်းတစ်ခုကိုတတ်မြောက်ထားသည့်ရှန်းတုက မျက်မှောက်ခေတ်လူငယ်မျိုးဆက်တွင်ခံစစ်အရာ၌အကောင်းဆုံးဟုကျော်ကြားပေသည် ။
ထို့ကြောင့်လည်း သိုင်းလောကသားများက ရှန်းတုကို ပြီးခဲ့သည့်မျိုးဆက်မှနာမည်ကျော်ဗုဒ္ဓလက်ဝါးကိုယ်တော်နှင့်ခိုင်းနှိုင်းကြပေသည်။
ဒုတိယမျိုးဆက်မှ ပါရမီရှင်တစ်ယောက်ဖြစ်သည့် ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ ပထမအကြိမ်စန်နုန်ကျစိန်ခေါ်ပွဲတွင် ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်တစ်ယောက်ဖြစ်သည့် အမှောင်လက်ဝါးဝမ်းတနှင့်လက်ရည်တူယှဉ်ပြိုင်နိုင်ခဲ့သလို လက်ရှိသိုင်းလောက၏နဂါးခုနစ်ကောင်စာရင်းဝင် ဒုတိယမျိုးဆက်သိုင်းဝိဇ္ဇာများနှင့်ခေတ်ပြိုင်လည်းဖြစ်သညိ ။
သို့သော် ဗုဒ္ဓလက်ဝါးကိုယ်တော်ကသိုင်းလောကမှထွက်ခွာသွား၍ သူ၏အကြောင်းကအနည်းငယ်တိမ်မြုပ်သွားခြင်းဖြစ်ကာ သိုင်းလောကလွှမ်းမိုးသူများစာရင်းတွင်ပါဝင်မလာတော့ခြင်းဖြစ်၏ ။
ဘေးနားရှိလူများ၏ပြောဆိုဆွေးနွေးမှုများကြောင့် ကြွယ်ယန်၏မျက်နှာကအနည်းငယ်ရှုံ့မဲ့သွားကာ အထင်သေးဟန်ဖြင့်ရေရွတ်လိုက်သည်။
“ ကြည့်စမ်းပါဦးကွ ကြွယ်စင်းရ ဒီလိုကောင်မျိူးက ဂိုဏ်းတူဦးလေးရွှမ်းမင်နဲ့ဘယ်လိုလုပ်တူညီနိုင်မှာလဲ ။။
ဂိုဏ်းတူဦးလေးက လေနဲ့မှုတ်လိုက်ရင်တောင် ဒီကောင့်ဓားလှံမတိုးတဲ့ခန္တာကိုယ်က ပျက်စီးသွားမယ့်ဟာကို....”
ရှောင်လင်ကျောင်းတော်ထဲတွင် သူတို့၏ဆရာ ဆရာတော်ရွှမ်းနန်ပြီးပါက ရှောင်ယောင်၏ဆရာဖြစ်သည့် ဆရာတော်ရွှမ်းမင်နှင့်အရင်းနှီးဆုံးဖြစ်၍ ကြွယ်ယန်မှာ ရှန်းတုနှင့် ဆရာတော်ရွှမ်းမင်တို့ကို အခြားလူများခိုင်းနှိုင်းခြင်းအားသဘောမတွေ့ပါချေ။
ကြွယ်စင်းကမူ တည်ကြည်သည့်အမူအယာဖြင့်ရှန်းတုကိုလေ့လာနေပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ ဒီကောင်က သိပ်ပြီးတော့မလွယ်ဘူး .....အစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ဖြစ်နေတဲ့အပြင် သူ့ရဲ့ခန္တာကိုယ်ကသာဓားလှံမတိုးရင် တကယ်ကြောက်စရာပဲ.....”
ကြွယ်စင်း၏စကားမှာ အမှန်ပင်ဖြစ်ပြီး သိုင်းလောကတွင် ဓားလှံမတိုးသည့်ခန္တာကိုယ်ပိုင်ဆိုင်သည့်ပြိုင်ဘက်များနှင့်တိုက်ခိုက်ရန်က လွန်စွာခေါင်းကိုက်စရာဖြစ်သည်။
ထို့ကြောင့် သူတို့ကို လွန်စွာတိုက်ခိုက်ရခက်ခဲသလို သူတို့၏ဓားလှံမတိုးသည့်ခန္တာကိူယ်ကြောင့် အဆင့်တူများကိုအေးအေးဆေးဆေးအနိုင်ယူနိုင်စွမ်းရှိသည် ။
ထိုသို့သောပြိုင်ဘက်မျိုးနှင့်ရင်ဆိုင်ရာ၌ အတွင်းဒဏ်ရာရရှိစေရန်တိုက်ခိုက်လျှင်တိုက်ခိုက် သို့မဟုတ်ပါက ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုထိုးဖောက်ရန် ရတနာစာရင်းဝင်လက်နက်တစ်ခုခုလိုအပ်ပေမည်။
အကယ်၍ ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုလေ့ကျင့်ထားသညိ့သိုင်းသမားများကိုရင်ဆိုင်ရာတွင် သူတို့၏ခံစစ်ကိုမထိုးဖောက်နိုင်မီ မိမိ၏အတွင်းအားကုန်ခမ်းကာ ရှုံးနိမ့်သွားပေမည် ။
ကြွယ်စင်း၏လေးနက်သည့်စကားကြောင့် ကြွယ်ယန်၏မျက်နှာလည်းအနည်းငယ်တည်ကြည်သွားပြီးခေါင်းညိမ့်ပြလိုက်၏။
အကြောင်းကား ရှန်းတုဆိုသည့်ကောင်ကိုသဘောမကျသည့်တိုင် ထိုလူက ခက်ခဲသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်သည်ကို ဝန်ခံရပေမည်။
“ ကြွယ်စင်း ငါတို့ ဒီကောင့်ကိုအရင်ဆုံးစိန်ခေါ်ကြမလား....မင်းနဲ့ငါနဲ့ပေါင်းတိုက်ရင် သူ့ကိုအနိုင်မရရင်တောင် မရှုံးနိုင်ပါဘူး။
ဒီလိုဆိုရင် မရီးနဲ့တိုက်ခိုက်တဲ့အခါ သူအတွင်းအားလျော့နည်းပြီးပင်ပန်းနေမှာမလား.....”
ကြွယ်ယန်၏ စကားကြောင့် ကြွယ်စင်း၏မျက်လုံးများပင်တောက်ပသွားလေသည်။
ကြွယ်ယန်ဆိုသည့်ကောင်က စပ်စပ်စုစုနိုင်ကာ လွန်စွာဗရုတ်ကျသော်လည်း တစ်ခါတစ်ရံ၌ အကြံကောင်းများထွင်လာတတ်ပေသည်။
“ အေး....မင်းပြောသလိုလုပ်ရင်ကောင်းမယ်နဲ့တူတယ်.....”
ကြွယ်စင်းက ခေါင်းညိမ့်၍ထောက်ခံလိုက်စဉ် ကွင်းပြင်ရှိလူများလှုပ်လှုပ်ရွရွဖြစ်သွားကြပြီး တစ်ဖက်တွင် လူများက ရှဲခနဲဖြစ်သွားပေသည်။
ထို့နောက် မီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့် အော့မေ့ဂိုဏ်းသူများလျှောက်လာကြပြီး သူတို့၏ရှေ့ဆုံးတွင်ဦးဆောင်လာသူကား အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမပျိုလေးတစ်ယောက်သာဖြစ်သည်။
အနက်ရောင်သိုင်းဝတ်စုံနှင့် ဖြူဖွေးသန့်စင်သည့်အသားအရေက လွန်စွာလိုက်ဖက်နေကာ မဟူရာနတ်သမီးဆိုသည့်နာမည်ထက် ကျောက်စိမ်းနတ်သမီးဟုပြောလျှင် ပို၍ပင်မှန်ကန်ပေမည်။
ရိုးရိုးရှင်းရှင်းသာဝတ်စားထားသော်လည်း အပြစ်ဆိုဖွယ်မရှိလှပနေသည့်မျက်နှာလေးက အေးစက်ခြင်းနှင့်ရဲရင့်ထက်မြက်ခြင်းတို့ရောယှက်နေပြီး ရေခဲတောင်ထိပ်မှကြာပန်းကလေးတစ်ပွင့်လို သန့်စင်လှပလျက်ရှိသည် ။
သေးကျဉ်းနေသည့်ခါးနွဲ့နွဲ့လေးထက်တွင် ဓားရှည်တစ်လက်ကိုချိန်ဆွဲထားပြီး ရိုးရှင်းသော်လည်း စွဲဆောင်နိုင်မှုအပြည့်ဖြစ်သည် ။
တစ်ဖန် ခပ်ပွပွသိုင်းဝတ်စုံဖြင့်ပင် သူမ၏အချိုးအစားကျနသည့်ခန္တာကိုယ်ကလေးကကောင်းစွာပေါ်ထွက်နေပြီး စီးတုယွမ်ချင်းပေါ်ထွက်လာသည်နှင့် ကွင်းပြင်ရှိလူများ၏မျက်လုံးများက သူမထံသို့ကပ်ညိတွယ်နေကြပေသည်။
သို့တိုင် သူမကိုမည်သူမှမချဥ်းကပ်ဝံ့ကြဘဲ အေးစက်ခြင်းနှင့်သီးခြားဖြစ်ခြင်း စသည့်ခံစားချက်တို့ကို ရရှိနေပေသည်။
“ အားပါး....မရီးက အတော်လှတာပဲ အစ်ကိုရှောင်ယောင်တော့ ကံကောင်းတာပဲ....”
ကြွယ်ယန်၏ အာမေဍိတ်သံကြောင့် အနီးရှိလူများက သူတို့ကိုစိုက်ကြည့်လိုက်ကြသလို ကြွယ်စင်းကလည်း ကြွယ်ယန်၏ပါးစပ်အား အလျှင်အမြန်ပိတ်ထားလိုက်သည်။
အကြောင်းကား စီးတုယွမ်ချင်းပေါ်ထွက်လာချိန်မှစ၍ ကွင်းပြင်ရှိစကားသံများကတိတ်ကျသွား၍ဖြစ်ပြီး ကြွယ်ယန်၏အသံက အနည်းငယ်ကျယ်လောင်သွား၍ဖြစ်သည် ။
“ ဟေ့ကောင်ငါတို့ဘယ်လိုလုပ်ကြမှာလဲ.....”
ကြွယ်ယန်က ပါးစပ်အပိတ်ခံထားရသည့်ကြားမှပင် မေးလိုက်သေးသည်။
သူ၏မေးခွန်းကို ကြွယ်စင်းကသက်ပြင်းတစ်ချက်ချ၍ပြန်ဖြေလိုက်သည်။
“ မီးစဉ်ကြည့်ကတာပေါ့ ....”
ထိုအချိန်၌ စီးတုယွမ်ချင်းက ကွင်းပြင်အလယ်သို့ဖြေးညင်းစွာလျှောက်သွားပြီဖြစ်သည်။
ကွင်းပြင်အလယ်ရှိ ရှန်းတုဆိုသည့်ငနဲကား စီးတုယွမ်ချင်းကိုမြင်သည်နှင့် သူ၏မျက်လုံးများတောက်ပသွားပြီး အလျှင်အမြန်ပြောလိုက်သည်။
“ ညီမလေးယွမ်ချင်း မင်းတကယ်ရောက်လာတာပဲ ....”
ရှန်းတု၏မျက်လုံးများက တောက်ပနေပြီး စီးတုယွမ်ချင်းပိုချစ်ရည်လဲ့သည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည့်တိုင် စီးတုယွမ်ချင်း၏အေးစက်စက်အကြည့်များက ပို၍ပင်တင်းမာလာသည်။
“ စကားမများနဲ့ တိုက်စရာရှိတာ တိုက်ရအောင်.....”
စီးတုယွမ်ချင်း၏အနိမ့်အမြင့်မရှိသည့်လေသံက ရှန်းတုကိုမနှစ်မြို့ကြောင်းသိသာစေပြီး ရှန်းတုလည်း ထိုအချက်ကိုရိပ်စားမိ၍မျက်နှာအနည်းငယ်ပျက်သွားသည်။
ရှန်းတုမှာ ခုံတုံဂိုဏ်းချုပ်စီးတုမင်နှင့်လွန်ခဲ့သည့်နှစ်များကပင်ရင်းနှီးခဲ့ခြင်းဖြစ်ကာ စီးတုယွမ်ချင်းကိုလည်းမမြင်မြင်ချင်းသဘောကျမိခြင်းဖြစ်၏ ။
ထို့ကြောင့်ပင် သူမ၏နောက်ကို အချိန်အတော်ကြာလိုက်ခဲ့သော်လည်း စီးတုယွမ်ချင်း၏နှလုံးသားကိုလှုပ်ရှားစေရန်မစွမ်းသာဘဲ သူမက ခပ်တန်းတန်းသာဆက်ဆံခဲ့သည်။
ယခုတလောသိုင်းလောကထဲတွင် နေ့ချင်းညချင်းကျော်ကြားလာသည့်လူငယ်တစ်ယောက်နှင့်စီးတုယွမ်ချင်းတို့၏ကောလဟာလများကိုကြားသည့်အခါ ရှန်းတု၏စိတ်ထဲတွင်ဒေါသထွက်ခံပြင်းခဲ့ပြီး နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် ယခုလိုကြံစည်လိုက်ခြင်းဖြစ်ပေ၏ ။
စီးတုယွမ်ချင်း၏ ကြောက်မက်ဖွယ်သိုင်းပညာနှင့်ပါရမီအရည်အချင်းကိုသူကောင်းစွာသိရှိသည့်တိုင် ယခုတိုက်ပွဲတွင် သူအနိုင်ယူနိုင်မည်ဟုယုံကြည်လျက်ရှိသည်။
“ ကောင်းပြီလေ တိုက်ကြတာပေါ့.....”
ရှန်းတုက တည်ကြည်သည့်အမူအယာဖြင့်ပြောရင်း သူ၏လက်ဝါးနှစ်ဖက်ကိုအသာပွတ်သတ်လိုက်သည် ။
&&&
“ အစ်ကိုရှောင်ယောင်....မဟူရာနတ်သမီးနဲ့ သံမဏိတံတိုင်းရှန်းတုတို့ရဲ့တိုက်ပွဲအကြောင်းကိုကြားပြီပြီလား.....”
ချိုသာသည့်အသံကလေးဖြင့်မေးလိုက်သည့် မိန်းမလှလေး၏စကားကြောင့် ရှောင်ယောင်လည်း ဘေးပတ်ဝန်းကျင်ကိုငေးမောနေရာမှ ခေါင်းညိမ့်ပြလိုက်၏။
စွန်းအိမ်တော်တည်ရှိရာစီးမင်မြိူ့တွင် ယခုရက်ပိုင်း၌ လူများစွာစည်ကားနေပြီး သူတို့အားလုံးက သိုင်းပြိုင်ပွဲအတွက်ရောက်ရှိလာသည့်လူများပင်ဖြစ်တော့သည်။
မြိုထဲရှိတည်းခိုခန်းများနှင့်စားသောက်ဆိုင်များတွင်လူပြည့်နေပြီဖြစ်သလို စွန်းအိမ်တော်မှ ဧည့်သည်များအတွက်အဆောင်များစွာပေးထားသည့်တိုင် လူများပြည့်ကျက်နေ၍အများစုကမြိူ့ထဲမှတည်းခိုစရာများတွင်နေရခြင်းဖြစ်၏။
သို့သော် ထိုအချက်ကိုမည်သူမှအပြစ်မတင်ကြဘဲ သူတို့၏ရည်ရွယ်ချက်က သိုင်းပြိုင်ပွဲကိုကြည့်ရှုရန်ပင်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ယောင်ကား စွန်းအိမ်တော်တွင် နေစရာရခဲ့ကာ ငွေကုန်မည့်အရေးမှသက်သာသွားခဲ့သည်။
လက်ရှိ သူ့ထံတွင်ကြွယ်ယန်ပေးထားသည့်ငွေများပင် ထက်ဝက်ကျော်ကျန်ရှိနေသေးသော်လညိး မလိုအပ်ဘဲ ငွေမကုန်လျှင်ပို၍ကောင်းမွန်သည်မဟုတ်ပါလား ။
သူ၏ဘေးရှိမိန်းကလေးကား ကြာပန်းဖြူဂိုဏ်းချုပ် လွီချင်းအာပင်ဖြစ်တော့၏။
မူလက ဟိုနန်နယ်ထဲတွင်ပင် သူတို့လမ်းခွဲသွားခဲ့ပြိး ရှောင်ယောင်မှာ စွန်းအိမ်တော်သို့တစ်ကိူယ်တည်းခရီးဆက်မည်ဟုတွေးထားခဲ့သည်။
သို့တိုင် လွီချင်းအာက သူမ၏ဂိုဏ်းကိုပင်ပြန်မရောက်လိုက်ဘဲ သူမကိုလိုက်လံရှာဖွေနေသည့်ဂိုဏ်းမှလူများနှင့်တွေ့ဆုံကာ သူမ၏နောက်လိုက်မိန်းကလေးများ ထိုညကလွတ်မြောက်သွားသည်ကိုသိလိုက်ရသည်။
ထို့နောက် ရှောင်ယောင့်ကိုလွန်စွာသဘောကျနှစ်သက်နေသည့်ထိုမိန်းကလေးက ဂိုဏ်းမှလူများကိုအကျိူးအကြောင်းပြောပြပြီးနောက် ရှောင်ယောင်၏နောက်သို့ ကောက်ကောက်ပါအောင်လိုက်လာခဲ့ခြင်းဖြစ်၏
ဤသို့ဖြင့် သူတိူ့လမ်းခွဲပြီးနေ့တစ်ဝက်မကျိုးမီ ပြန်လည်တွေ့ဆုံကာ ရှောင်ယောင်လည်း လွီချင်းအာကို သူနှင့်အတူစွန်းအိမ်တော်သို့ခေါ်ဆောင်လာခြင်းပင်ဖြစ်တော့သည် ။