အကြောင်းတစ်ခု
Vol. 3 Ch. 57
ထိုနည်းတူ သူတို့စွန်းအိမ်တော်ရောက်ရှိပြီး အချိန်အနည်းငယ်အကြာ၌ စီးတုယွမ်ချင်းနှင့် သံမဏိတံတိုင်းလုရှန်းတို့၏စိန်ခေါ်ပွဲအကြောင်း ကြားသိလိုက်ခြင်းဖြစ်သည်။
စိန်ခေါ်ပွဲက ယနေ့နံနက်တွင် ဖြစ်ပွားမည်ဖြစ်ပြီး ယခုလောက်ဆိုလျှင် တိုက်ပွဲဖြစ်ပွားနေလောက်ချေပြီ။
အမှန်အတိုင်းဆိုရလျှင် ထိုစိန်ခေါ်ပွဲအကြောင်းကြားသိစဥ်က ရှောင်ယောင်၏စိတ်ထဲ၌ အံ့အားသင့်မှုနှင့်အတူ အမည်မဖော်နိုင်သည့်ခံစားချက်အချို့ခံစားမိကာ ကျန်းနန်မြို့သို့အပြေး
သွားရန်ပင်စိတ်ကူးလိုက်မိ၏။
သို့သော် အချို့အကြောင်းအရာများကိုစဉ်းစားပြီးနောက်တွင် ကျန်းနန်သို့သွားရောက်၍ စီးတုယွမ်ချင်းနှင့်တွေ့မည့်အကြံကိုဖျက်သိမ်းလိုက်သည်။
အကြောင်းကား ကျန်းနန်၌ အရေးကြီးသည့်ကိစ္စတစ်ခုရှိနေသည့်အပြင် အချိန်တန်လျှင် စီးတုယွမ်ချင်းကလည်း စွန်းအိမ်တော်သို့ရောက်လာမည်မဟုတ်လား။
“ အစ်ကိုရှောင်ယောင် ညီမပြောတာကြားရဲ့လား.....”
သူ၏လက်မောင်းကိုလှုပ်ကိုင်ကာပြောလိုက်သည့် လွီချင်းအာကြောင့် ရှောင်ယောင်လည်းအတွေးထဲမှရုန်းထွက်ကာ ပြန်မေးလိုက်သည်။
“ အဲ....ဘာပြောတာလဲ.....”
ရှောင်ယောင်၏ ကြောင်အမ်းအမ်းပုံစံကြောင့် လွီချင်းအာကနှုတ်ခမ်းကလေးကိုမကျေမနပ်စုချွန်ကာပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင်က ကျမကိုဆိုအလေးမထားဘူး.....”
သူ၏ဂိုဏ်းသူများရှေ့၌ အနေအထိုင်တည်ကြည်ပြီး စိတ်ထားမာကျောသူတစ်ယောက်ဟုထင်ရသော်လည်း လွီချင်းအာဆိုသည့်ကလေးမလေးက အသက်ဆယ့်ရှစ်နှစ်ခန့်သာရှိသည့်မိန်းမငယ်လေးတစ်ယောက်သာဖြစ်သည် ။
သူမဂိုဏ်းချုပ်အဖြစ်တာဝန်ယူစဉ်က ဆယ့်ခြောက်နှစ်သာရှိသေးသည်ဟုသိရပြီး ထိုမျှငယ်ငယ်ရွယ်ရွယ်ဖြင့် ဂိုဏ်းချုပ်တာဝန်ကိုယူခိုင်းသည့်ကြာပန်းဖြူဂိုဏ်းမှလူများကိုလည်း ရှောင်ယောင်များစွာအံ့ဩမိသည် ။
လွီချင်းအာက ဂိုဏ်းချုပ်တစ်ယောက်အဖြစ် လူကြီးဆန်စွာနေထိုင်ရသော်လည်း သူမ၏စိတ်ရင်းက ကလေးဆန်ပြီး ကြင်နာနွေးထွေးသည့်မိန်းကလေးတစ်ယောက်သာဖြစ်သည်။
ထို့ကြောင့် ရှောင်ယောင်နှင့်တွေ့ဆုံရင်းနှီးပြီးနောက်တွင် ရှောင်ယောင့်ကိုသာ တွယ်ကပ်နေပြီး ရှောင်ယောင်သည်လည်း သူမကို ဆိုးနွဲ့တတ်သည့်ညီမငယ်လေးတစ်ယောက်လိုသဘောထားကာ စိတ်ရှည်သည်းခံရပေသည်။
ယခုတစ်ခေါက်စွန်းအိမ်တော်သို့လာရာ၌ သူမ၏ဂိုဏ်းမှလူများလည်းအတူပါလာသော်ငြား လွီချင်းအာကရှောင်ယောင်နှင့်ဦးစွာကြိုတင်ရောက်နှင့်လာခြင်းဖြစ်သည် ။
ထို့အပြင် စကားစပ်မိရင်းသူမပြောခဲ့သည့်စကားတစ်ခွန်းက ရှောင်ယောင့်ကို လွန်စွာအံ့ဩမင်တပ်စေပြီး စွန်းအိမ်တော်သို့ရောက်ရှိလာမည့် ကြာပန်းဖြူဂိုဏ်းမှလူများကိုလည်တဆန့်ဆန့်စောင့်မျှော်ရသည့်အဖြစ်ကိုရောက်ရှိစေခဲ့သည်။
ယခု ထိုလူများကိုစောင့်မျှော်နေရင်း လွီချင်းအာ၏ပူဆာမှုကိုလိုက်လျောကာ မြို့၏အပြင်ဘက်နားတွင် လျှောက်လည်နေခြင်းဖြစ်၏။
ရှောင်ယောင်က အင်းမလုပ် အဲမလုပ်ဖြင့် ချော့မော့ခြင်းမရှိဘဲ တွေတွေကြီးရပ်နေ၍ လွီချင်းအာမှာ ကြာကြာစိတ်မကောက်နိုင်ဘဲ ထပ်ပြောလိုက်သည် ။
“ ကျမပြောတာ မဟူရာနတ်သမီးနဲ့ သံမဏိတံတိုင်းတို့ရဲ့စိန်ခေါ်ပွဲမှာ ဘယ်သူနိုင်မယ်ထင်လဲလို့.....”
လီချင်းအာ၏မေးခွန်းအဆုံး၌ ရှောင်ယောင်က တုန့်ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။
“ ယွမ်ချင်းပဲနိုင်မှာပေါ့.....”
ရှောင်ယောင်၏လေသံက ယုံကြည်မှုပြည့်ဝနေပြီး ထိုစကားကြောင့်လွီချင်းအာက နှာခေါင်းရှုံ့၍ပြောလိုက်သည် ။
“ အစ်ကိုရှောင်ယောင်က သူ့ကိုအတော်အထင်ကြီးတာပဲ။ ဒါပေမယ့် သံမဏိတံတိုင်းရှန်းတုဆိုတာ သူ့ရဲ့နာမည်နဲ့လိုက်အောင် အနိုင်ယူဖို့ခက်တယ်နော်။
ဟီးဟီး တကယ်လို့ ရှန်းတုသာအနိုင်ရသွားတာ စီးတုယွမ်ချင်းက သူ့မိန်းမဖြစ်သွားမှာပေါ့ ဟုတ်တယ်မလား.....”
လွီချင်းအာက မကောင်းသည့်အတွေးများဖြင့် သဘောကျစွာရယ်မော၍ပြောလိုက်သည်။
အကြောင်းကားသိုင်းလောကထဲမှကောလဟာလများက အမှန်မဟုတ်မှန်းသိသည့်တိုင် ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့၏ရင်းနှီးမှုကို သူမ မနာလို၍ပင်ဖြစ်၏။
ထိုမိန်းကလေး၏ ညစ်ကျယ်ကျယ်စကားကြောင့် ရှောင်ယောင်လည်း သဘောကျစွာပြုံးလိုက်ပြီးပြန်ဖြေလိုက်သည်။
“ ရှန်းတုကို ငါမမြင်ဖူးပေမယ့် ယွမ်ချင်းတိုက်ခိုက်တာကိုမြင်ဖူးတယ်။
လောဘနတ်ဆိုးအန်းဒူဆိုတဲ့နာမည်ကိုကြားဖူးတယ်မလား။ တကယ်တော့ သူ့ကိုငါသတ်လိုက်တာလို့ပြောနေကြပေမယ့် အဲဒီအချိန်တုန်းက သူက ယွမ်ချင်းရဲ့လက်ချက်ကြောင့်စုတ်ပြတ်သတ်နေပြီ
ပြီးတော့ ငါတို့နှစ်ယောက်ပူးပေါင်းတိုက်ခိုက်ခဲ့တာဆိုတော့ ဘယ်သူ့လက်ချက်ကြောင့်အန်းဒူသေသွားတာလဲဆိုတာခွဲမရဘူး။
ဒါပေမယ့် အဲဒီအရှုပ်ထုပ်မက သေချာပေါက်ငါ့ထက်ပိုပြီးအစွမ်းထက်တယ်။။ ရှန်းတုက ဘယ်လောက်ပဲအစွမ်းထက်ထက် ယွမ်ချင်းက မရှူံးနိမ့်နိုင်ဘူး ....”
ရှောင်ယောင်က ထိုစဉ်က အကြောင်းအရာများကိုရှင်းပြလိုက်သော်လည်း လွီချင်းအာကမကျေမနပ်ပုံစံဖြင့်ကြည့်၍ မေးလိုက်သည်။
“ အစ်ကိုပြောတော့ သူနဲ့သူငယ်ချင်းတွေဆို အစ်ကိုက သူ့ကိုသဘောကျနေတာလား.....”
ထိုမိန်းကလေး၏လေသံက မသင်္ကာသည့်ပုံစံပေါက်နေ၍ ရှောင်ယောင်လည်းခေါင်းယမ်းကာရှင်းပြလိုက်သည်။
“ ဘယ်ကလာ။ ငါနဲ့သူနဲ့က တကယ့်ကိုဖြူဖြူစင်စင်ပါပဲ။ ပြီးတော့ ငါ့သဘောကျတဲ့မိန်းကလေးက တစ်လောကလုံးမှအလှဆုံးမိန်းကလေးပဲ.....”
နံနက်ခင်း၏နေရောင်က ရှောင်ယောင်၏မျက်နှာပေါ်သို့ဖြာကျနေပြီး နွေးထွေးနူးညံ့သည့်အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင်ဖြစ်တည်လျက်ရှိသည် ။
ရှောင်ယောင်၏ လေးနက်တည်ကြည်သည့်လေသံနှင့် နက်ရှိုင်းသည့်ခံစားချက်တို့ပါဝင်နေသည့်ပုံစံတို့ကြောင့် လွီချင်းအာ၏မျက်နှာကလေးက အနည်းငယ်ညိုးငယ်သွားကာ သူမတစ်ကြိမ်မှမမြင်ဖူးသည့် ထိုမိန်းကလေးအပေါ် မနာလိုဖြစ်သွားမိ၏။
အဆုံး၌ သူမကို ရှောင်ယောင့်ကိုတစ်ဖက်သက်တွယ်ကပ်နေခြင်းသက်သက်ဖြစ်ကာ ရှောင်ယောင်က သူမကိုဂရုစိုက်သည့်တိုင် ညီမတစ်ဦးလိုသာသဘောထားသည်ကို ကောင်းစွာရိပ်စားမိသည်မဟုတ်လား....။။
“ ကျမတို့ပြန်ရအောင် အစ်ကိုရှောင်ယောင်.....”
တိုးဖျော့ဖျော့အသံကလေးဖြင့်ပြောရင်း သူ၏လက်ကိုလွှတ်ကာနောက်ပြန်လှည့်သွားသည့်မိန်းကလေးကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် သက်ပြင်းမောကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်မိ၏ ။
စင်စစ် လွှီချင်းအာကအဆင်းရောအချင်းပါပြည့်စုံသည့်မိန်းကလေးတစ်ဦးဖြစ်ကာ နတ်သမီးခုနစ်ယောက်စာရင်းဝင်မိန်းကလေးများထက်နိမ့်ကျမှုမရှိပေ။
ထိုသို့သောမိန်းမပျိုတစ်ဦးသူ့ကိုသဘောကျနေသည်က ရှောင်ယောင့်အတွက် ကံကောင်းမှုကြီးတစ်ခုသာဖြစ်သည်။
သို့သော် သူမ၏သဘောထားကိုကောင်းစွာသိရှိသည့်တိုင် မတုန့်ပြန်နိုင်ပေ ။
အကြောင်းကား သူ၏ချစ်စိတ်ရာနှုန်းပြည့်ကို သူ၏စိတ်တွင်းရှိမိန်းမပျိုလေးတစ်ဦးကိုသာပေးအပ်ထား၍ဖြစ်သညိ။
အခြားလူများအတွက်မည်သို့ရှိမည်မသိသော်လည်း သူ့အတွက်မူခံစားချက်များဆိုသည်က လုပ်ယူ၍ရသည့်အရာတစ်ခုဖြစ်မနေခဲ့ပေ။
&&&-
ကောင်းကင်ထက်မှနေမင်းကြီးက မွန်းတည့်ချိန်ရောက်တော့မည်ဖြစ်စလို သူရဲကောင်းကွင်းပြင်ရှိစိန်ခေါ်ပွဲကြီးက ပြီးဆုံးသွားခဲ့လေပြီ။
ထိုစိန်ခေါ်ပွဲတွင်ဖြစ်ပျက်ခဲ့သည်က လူအားလုံးကို အံ့အားသင့်သွားစေသော်လည်း အများစုက ထိုရလာဒ်ကိုကြိုတင်ခန့်မှန်းထားကြပြီးဖြစ်၍ များစွာအံ့ဩမနေပေ။
သရေရလာဒ်
ဤသည်က လူငယ်ထိပ်သီးဆယ်ယောက်စာရင်းနံပါတ်လေးရှိ သံမဏိတံတိုင်းရှန်းတုနှင့် မိန်းမလှခုနစ်ယောက်စာရင်းဝင် မဟူရာနတ်သမီးစီးတုယွမ်ချင်းတို့၏တိုက်ပွဲရလာဒ်ဖြစ်သည်။
တိုက်ပွဲတွင် ရှန်းတုက သူ၏နာမည်နှင့်လိုက်အောင် ချိုးဖျက်မရသည့်ခံစစ်ဖြင့်စတင်ခဲ့သလို စီးတုယွမ်ချင်းကလည်း လှပသည့်လိပ်ပြာလေးတစ်ကောင်လို ကိုယ်ဖော့ပညာအဓိကထားကာ သေသပ်လှပသည့်ဓားကွက်များဖြင့်ရင်ဆိုင်ခဲ့သည်။
အော့မေ့ဂိုဏ်း၏နာမည်ကျော်ကကြိုးလိပ်ပြာဓားသိုင်းက ပေါ့ပါးရှုပ်ထွေးကာ ကိုယ်ဖော့ပညာကိုအဓိကထား၍ အတွင်းအားများစွာသုံးစွဲရန်မလိုအပ်သလို တစ်ဖက်မှရှန်းတု၏လက်ဝါးသိုင်းက ပြင်းထန်အားကောင်းပြီး အတွင်းအားအခြေပြုသိုင်းပညာတစ်ခုဖြစ်သည် ။
ဆန့်ကျင်ဘက်သဘောတရားရှိသည့် သိုင်းပညာနှစ်ခုယှဉ်ပြိုင်သည့်တိုက်ပွဲက လူအများမျှော်လင့်ထားသည်ထက်ပင်ပို၍ပြင်းထန်ခဲ့ပြီး အချိန်များစွာကြာသည်အထိ အနိုင်အရှုံးခွဲမရခဲ့ပေ ။
ရှန်းတုမှာ မူလက စီးတုယွမ်ချင်းကိုသေချာပေါက်အနိုင်ရမည်ဟုထင်မှတ်ခဲ့သော်လည်း မတွေ့ရသည့်လအနည်းငယ်တွင် သူမ၏သိုင်းပညာကတစ်ဆင့်တက်သွားကာ အသာစီးယူနိုင်ခြင်းပင်မပြုနိုင်ရှာပေ။
ထိုအစားတိုက်ပွဲကြာသည်နှင့် စီးတုယွမ်ချင်း၏ဖိနှိပ်မှုကိုပင်ခံခဲ့ရပြီး မျက်နှာမပျက်စေရန်အစွမ်းကုန်ထုတ်ခဲ့လေသည် ။
သိုင်းကွက်ငါးရာကျော်အထိ လက်ရည်ညီနေပြီးနောက် စီးတုယွမ်ချင်းကလည်း တစ်ဖက်လူအနည်းငယ်လက်ရည်ကျလာသည်ကိုအခွင့်ကောင်းယူကာ နန်ကုန်းမိသားစု၏နာမည်ကျော်ဓားမြန်သိုင်းကိုပါထုတ်သုံး၍ ရှန်းတုကိုအနိုင်ယူရန်ကြိုးစားခဲ့သည်။
သို့သော် ရှန်းတု၏အတွင်းအားက သူမထက်ပို၍သာလွန်နေပြီး ဓားလှံမတိုးသည့်ခန္တာကိုယ်ရှိနေ၍လည်း ပြိုင်ဘက်၏ခံစစ်ကိုထိုးဖောက်နိုင်သည့်ထိုင် အနိုင်မယူနိုင်ခဲ့ပေ။
ဤသို့ဖြင့် သိုင်းကွက်တစ်ထောင်ကျော်အထိဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် သူတိူ့၏တိုက်ပွဲက သရေရလာဒ်ဖြင့်ပြီးဆုံးခဲ့ပေသည်။
ထိုတိုက်ပွဲ၏ရလာဒ်ကြောင့် ရှန်းတုအနေဖြင့်ရှုံးနိမ့်ခြင်းမရှိသော်ငြား အရေးနိမ့်သလိုပင်ဖြစ်သည်။
အကြောင်းကား သူတို့နှစ်ယောက်လုံးက မျိုးဆက်တစ်ခုထဲတွင်ဖြစ်သည့်တိုင် သူက စီးတုယွမ်ချင်းထက် ဆယ်နှစ်နီးပါးအသက်ကြီးသည့်အပြင် သူ၏ကျော်ကြားမှူက ပို၍သာလွန်ရာ ယခုရလာဒ်က ရှန်းတုအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့သည်။
တစ်ဖက်မှစီးတုယွမ်ချင်းအတွက်မူ အသက်နှစ်ဆယ်မပြည့်မီ ရှန်းတုလို ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ယောက်နှင့်လက်ရည်တူယှဉ်နိုင်ခြင်းက အံ့ဩဖွယ်ကောင်းလှပြီး သူမ၏သိုင်းပညာက လူငယ်ထိပ်သီးစာရင်း၏ထိပ်ပိုင်းင်းနေရာကိုပင်သေချာပေါက်ဝင်ရောက်နိုင်ပေမည်။
တိုက်ပွဲပြီးဆုံးသည်က အချိန်အနည်းငယ်ရှိပြီဖြစ်သော်လည်း ထိုအကြောင်းကိုလူအများကြားတွင်ပြောဆိုနေဆဲဖြစ်ကာ ကျန်းနန်မြို့ရှိသိုင်းလောကသားများကြားတွင် အထူးပြောဆိုစရာအကြောင်းအရာတစ်ခုဖြစ်နေသည် ။
နောက်ထပ်နှစ်ရက်သုံးရက်အကြာတွင် သိုင်းပြိုင်ပွဲစတင်တော့မည်ဖြစ်၍ ထိုမတိုင်ခင်တွင် စိန်ခေါ်ပွဲရလာဒ်က လူပြောစရာဖြစ်ပေသည်။
ထိုအချိန်တွင် စီးတုယွမ်ချင်းနှင့် အော့မေ့ဂိုဏ်းသူတစ်စုကား ကျန်းနန်မြို့မြောက်ပိုင်းမှ လူနည်းသည့်ဆိတ်ငြိမ်ရပ်ကွက်တစ်ခုသို့ဦးတည်၍လာနေကြပေသည်။
သူမနှင့်အတူ အော့မေ့ဂိုဏ်းသူ ကိုးယောက်ပါဝင်လာပြီး သူတို့အားလုံးက အသက်သုံးဆယ်မကျော်သေးသည့် လူငယ်မျိူးဆက်များသာဖြစ်သည်။
ယခုတစ်ခေါက် သူမတို့တောင်ပေါ်မှဆင်းလာသည်က အတွေ့အကြုံရရှိရန်ရည်ရွယ်၍ဖြစ်ပြီး အော့မေ့ဂိုဏ်းချုပ်ကြီး၏တပည့်မဖြစ်သည့်စီးတုယွမ်ချင်းက သူတို့အုပ်စု၏ခေါင်းဆောင်ဖြစ်သည်။
သူမဆရာနည်းတူ တည်ငြိမ်အေးစက်ပြီး ချဉ်းကပ်ရခက်ကာ ဂိုဏ်းချုပ်၏အငယ်ဆုံးတပည့်ဖြစ်သည့်စီးတုယွမ်ချင်းကို ဒုတိယမျိူးဆက်မှဂိုဏ်းသူများပင်လေးလေးစားစားဆက်ဆံကြလေသည်။။
ထိုမိန်းကလေးများလို မျိုးဆက်တူမှလူများအတွက်မူ သူမက ချစ်ကြောက်အားကိုးရသည့် ဂိုဏ်းတူအစ်မကြီးတစ်ဦးဖြစ်ပေသည်။
ယခုလည်း ဂိုဏ်းသူများမှာ သူမတို့ကိုရှေ့မှဦးဆောင်သွားနေသည့်စီးတုယွမ်ချင်းကို လေးစားအားကျသည့်မျက်ဝန်းများဖြင့်ကြည့်ရင်း အစောပိုင်းကတိုက်ပွဲအကြောင်းကိုပြန်ပြောင်းပြောဆိုနေကြသညိ။
ရုတ်တရက် စီးတုယွမ်ချင်း၏ခြေလှမ်းများက တိခနဲရပ်သွားကာ ဘေးဘီဝဲယာကိုအကဲခပ်ကာအေးစက်စက်အသံဖြင့်ပြောလိုက်သည်။
“ နောက်ကလိုက်နေတာကြာပြီ အခုထိထွက်မလာသေးဘူးလား.....”