ရေခဲတုံး
Vol. 3 Ch. 58
“ နောက်ကလိုက်နေတာကြာပြီ အခုထိထွက်မလာသေးဘူးလား.....”
စီးတုယွမ်ချင်းထံမှရုတ်တရက်ထွက်ပေါ်လာသည့်စကားကြောင့် အော့မေ့ဂိုဏ်းသူများအံ့အားသင့်သွားကြ၏ ။
သူတို့လက်ရှိသွားရောက်နေသည့်နေရာက မြို့ထဲတွင်ရှိသည့် အော့မေ့ဂိုဏ်း၏ခြံဝန်းတစ်ခုဖြစ်နေပြီး ဂိုဏ်းမှလူများရောက်ရှိမှသာ ခြံဝန်းတွင်နေဖြစ်ခြင်းဖြစ်သည် ။
ထို့ကြောင့် သူတို့အနေဖြင့်တည်းခိုခန်းများ၊ စားသောက်ဆိူင်များတွင်နေစရာမလိုဘဲ သီးသန့်နေထိုင်နိုင်ပေသည်။
တစ်စုံတစ်ယောက်က သူတို့၏နောက်သို့တိတ်တဆိတ်လိုက်ပါလာနေမည်ဟုတော့မျှော်လင့်မထားမိပေ။
အကြောင်းကား သူတို့၏နောက်ခံကိုဘေးဖယ်ထားလျှင်ပင် ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးဖြစ်သူစီးတုယွမ်ချင်းက သူတို့နှသ့်အတူရှိနေ၍ဖြစ်သည်။
ထို့အပြင် ကျန်လူများကလည်းအားမနည်းဘဲ ထိပ်တန်းအဆင့်နှင့် ထိပ်တန်းလွန်သိုင်းသမားများသာဖြစ်ပြီး စီးတုယွမ်ချင်းအပြင် အဆင့်လွန်ထိပ်သီးနှစ်ယောက်ပါပါဝင်ရာသူတို့လူစုက လုံးဝအားမနည်းပေ။
ထို့ကြောင့် တစ်စုံတစ်ယောက်က သူတို့ကိုမကောင်းကြံစည်လိုမည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးမည့်လုပ်ရပ်ဖြစ်၏။
စီးတုယွမ်ချင်း၏စကားအဆုံး၌ ဘေးဘက်ရှိအဆောက်အဦးတစ်ခု၏ခေါင်းမိုးထက်မှ အဖြူရောင်လူရိပ်နှစ်ရိပ် ပေါ့ပါးစွာခုန်ဆင်းလာသည်။
အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူနှစ်ယောက်က သူတို့နှင့်မလှမ်းမကမ်းသို့ရောက်ရှိလာကာ စီးတုယွမ်ချင်းကလည်းအဖွဲ့ခေါင်းဆောင်ပီသစွာ ရှေ့ထွက်ရပ်လိုက်သည်။
ထိုလူနှစ်ယောက်၏ကိုယ်ဖော့ပညာက ကောင်းမွန်လှပြီး သူတို့၏သိုင်းပညာကလည်း အဆင့်လွန်ထိပ်သီးများဖြစ်ရာ အော့မေ့ဂိုဏ်းသူများပါ သတိချပ်သွားကြ၏။
သို့သော် ထိုနှစ်ယောက်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်လူငယ်နှစ်ယောက်ဖြစ်မှန်းတွေ့မြင်လိုက်ရာ သူတို့အားလုံးအံ့ဩသွားကြ၏ ။
အထူးသဖြင့် ထိုနှစ်ယောက်၏အမူအယာက သူတို့ကိုအန္တရာယ်ပေးလိုဟန်မရဘဲ ရင်းနှီးလိုသည့်အပြုံးများဖြင့်ကြည့်နေ၍ဖြစ်သည်။
“ ဘာကိစ္စလဲ ....”
စီးတုယွမ်ချင်းက လူငယ်နှစ်ယောက်ကိုအေးစက်စက်မျက်ဝန်းများဖြင့်ကြည့်ရင်း အနိမ့်အမြင့်မရှိသည့်လေသံဖြင့် မေးလိုက်သည်။ သူမ၏လက်ကလည်းခါးရှိဓားရိုးပေါ်တွင်ရှိနေသည် ။
ထိုနည်းတူ အော့မေ့ဂိုဏ်းသူများလည်း တစ်ဖက်လူများ၏အခြေအနေကိုမျက်ချဉ်မပျက်အကဲခပ်နေပြီး သူတို့သာစတင်တိုက်ခိုက်လာပါက လှုပ်ရှားနိုင်ရန်အဆင်သင့်ပြက်ထားသည်။
သို့သော် လူငယ်နှစ်ယောက်၏အပြုအမူက သူတို့ကိုနောက်တစ်ကြိမ်အံ့အားသင့်သွားစေပြန်သည်။
“ မဟူရာနတ်သမီးနဲ့ အော့မေ့ဂိုဏ်းသူတွေကို ကျုပ်တို့အရိုအသေပေးပါတယ်....”
ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်နှင့်စပ်ဖြီးဖြီးမျက်နှာရှိသည့်လူငယ်က ဦးစွာပြောလိုက်ပြီး ကျန်တစ်ယောက်ကလညိး လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးလိုက်သည်။
သူတို့၏ယဉ်ကျေးသည့်အပြုအမူကြောင့် တင်းမာစွာဆက်ဆံရန်ပြင်နေသည့်အော့မေ့ဂိုဏ်းသူများအနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားသော်လည်း စီးတုယွမ်ချင်းက အပြောင်းအလဲမရှိသည့်မျက်နှာ ၊ အေးစက်သည့်လေသံဖြင့်မေးလိုက်၏။
“ ဘာကိစ္စနဲ့ ကျမတို့နောက်ကိုလိုက်နေတာလဲ.....”
သူမ၏နာမည်ပြောင်ဖြစ်သည့် ရေခဲနတ်သမီးဆိုသည့်နာမည်ဖြင့်လိုက်လျောညီထွေစွာပင် သူမ၏အသံက အေးစက်ပြီးခံစားချက်ကင်းမဲ့နေသည်။
မာမာထန်ထန်ရှိလှသည့် စီးတုယွမ်ချင်း၏အပြုအမူကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာဆက်ပြောရမှန်းပင်မသိတော့ပေ။
မူလက သူတို့အစ်ကိုကြီး၏ချစ်သူဖြစ်သည့် စီးတုယွမ်ချင်းနှင့်ရင်းနှီးလို၍ နောက်မှလိုက်လာခြင်းဖြစ်သော်လည်း တစ်ဖက်လူက အေးစက်စက်နိုင်လှသည်။
မည်သည့်အတွက် ထိုသို့သောမိန်းကလေးတစ်ယောက်ကို ရှောင်ယောင်သဘောကျသနည်းဟုတွေးတောရင်း ကြွယ်ယန်လည်းချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။
“ ကျုပ်တို့က ရှောင်လင်ကျောင်းတော်က အဝေးရောက်ဂိုဏ်းသားတွေပါ။ ဒီက မဟူရာနတ်သမီးနဲ့ရင်းနှီးခွင့်ရချင်လို့ပါ....”
ကြွယ်ယန်က အတတ်နိုင်ဆုံးယဉ်ကျေးသည့်ပုံစံဖြစ်အောင်ပြောလိုက်ရင်း သူ၏အင်္ကျီလက်စနှစ်ဖက်ကိုမသိမသာပင့်တင်လိုက်သည်။
ကြွယ်ယန်၏စကားကြောင့် စီးတုယွမ်ချင်း၏အမူအယာက ပြောင်းလဲမသွားသော်လည်း ကျန်ဂိုဏ်းသူများကား ဒေါသထွက်သွားကြဟန်တူ၏ ။
အကြောင်းကား ထိုလူငယ်နှစ်ယောက်က သူတို့၏အစ်မကြီးကို လာကြောင်သည်ဟုတွေးမိ၍ပင်။
သို့သော် ကြွယ်ယန်၏စကားအဆုံး၌ သူတို့၏အမူအယာကအနည်းငယ်ပြောင်းလဲသွားပြီး ကြွယ်ယန်၏လက်ဖျံနှစ်ဖက်ရှိကျားရုပ်နှင့်နဂါးရုပ်နှစ်ခုကိုကြည့်ကာ ဂိုဏ်းသူတစ်ယောက်က စီးတုယွမ်ချင်းကိုခပ်တိုးတိုးပြောလိုက်သညိ။
“ အစ်မကြီး သူတို့က ရှောင်လင်ဂိုဏ်းသားတွေပဲ။ သိပ်ပြီးတင်းတင်းမာမာမဆက်ဆံသင့်ဘူးနော်....”
ထိုဂိုဏ်းသူက အသက်သူံးဆယ်ဝန်းကျင်ရှိပြီဖြစ်သော်လည်းစီးတုယွမ်ချင်းကိုလေးစားကြောက်ရွံ့ဟန်တူသည်။
ရှောင်လင်နှင့်အော့မေ့က ဂိုဏ်းကြီးခြောက်ဂိုဏ်းစာရင်းဝင်များဖြစ်သလို ခေတ်အဆက်ဆက်ရင်းနှီးသည့်ဆက်ဆံရေးရှိကြပေသညိ။
ထို့ကြောင့် တစ်ဖက်လူများကိုသဘောမကျလျှင်ပင် လိုက်လျောညီထွေစွာဆက်ဆံရန်သတိပေးလိုက်ခြင်းဖြစ်၏။
ကျန်ဂိုဏ်းသူများလည်း ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏ငယ်ရွယ်သည့်ပုံစံကြောင့် အဝေးရောက်သိုင်းသမားများဖြစ်ကြောင်းသိလိုက်သည့်အခါ အံ့အားသင့်နေကြသည် ။
အကြောင်းကား တံခါးနီဆောင်သို့ဖြတ်ကျော်ကာ ရှောင်လင်မှထွက်ခွာနိုင်ရန် အနည်းဆုံးအဆင့်လွန်သိုင်းသမားဖြစ်ရန်လိုအပ်ပြီး ခေတ်အဆက်ဆက်ရှောင်လင်အဝေးရောက်ဂိုဏ်းသားများက သိုင်းလောကထဲတွင်ကျော်ကြားသူများသာဖြစ်၍ပင်။
တစ်ဖက်လူနှစ်ယောက်က အနည်းငယ်အူကြောင်ကြောင်နိုင်သည်ဟုထင်ရသော်လည်း ရှောင်လင်၏ပါရမီရှင်များဖြစ်ကြပေသည်။
သိုသော်ငြား စီးတုယွမ်ချင်း၏အမူအယာက ပျော့ပြောင်းခြင်းမရှိဘဲ ထူးမခြားနားစွာရှိနေကာ သူမ၏ပင်ကိုယ်အေးစက်စက်အသံဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ ရှင်တို့ ဘာကိစ္စမှမရှိရင် ကျမတို့ကိုသွားခွင့်ပြုပါ....”
စီးတုယွမ်ချင်း၏စကားက ယဉ်ကျေးသော်လည်း သူမ၏လေသံနှင့်အမူအယာတို့က ကြွယ်ယန်တို့ကိုလိုလားခြင်းမရှိသည်က အထင်းသားပင်။
တစ်ဖက်လူများကရှောင်လင်၏ပါရမီရှင်များဖြစ်နေလျှင်ပင် သူမ၏ဆက်ဆံပုံကထူး၍ပြောင်းလဲသွားမည်မဟုတ်ပေ ။
အကြောင်းကား အေးစက်မှုနှင့်အထီးကျန်မှုက သူ၏အရိုးထဲတွင်စွဲနေသည့်စရိုက်တစ်ခုဖြစ်နေခြင်းကြောင့်ဖြစ်၏။
“ အာ....”
စီးတုယွမ်ချင်း၏တုန့်ပြန်မှုကြောင့် စကားများလှသည့်ကြွယ်ယန်ပင်မည်သို့တုန့်ပြန်ရမှနိးမသိတော့ဘဲ ကြွယ်စင်းကိုအကူအညီတောင်းသလိုကြည့်လိုက်သညိ။
သို့သော် တစ်ဖက်လူ၏မလိုလားသည့်ပုံစံကိုအထင်းသားတွေးမြင်နေရာ ကြွယ်စင်းလည်း ခေါင်းယမ်းပြလိုက်ပြီးဆက်လက်ပြောဆိူခြင်းမပြုတော့ရန် အချက်ပြလိုက်သည်။
အဆုံး၌ သူတို့က စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့၏ပတ်သတ်မှုကြောင့်လာရောက်ခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏ဆက်ဆံပုံက ဆိုးရွားလှသည်မဟုတ်ပါလား။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ထိုနေရာတွင်ပင်ကျန်ရစ်ကာ စီးတုယွမ်ချင်းနှင့်အော့မေ့ဂိုဏ်းသူများကား ဆက်လျှောက်သွားကြပြီဖြစ်သည်။
ခပ်လှမ်းလှမ်းသို့ရောက်ရှိသည့်အခါ အော့မေ့ဂိုဏ်းသူတစ်ယောက်ကဘေးမှမိန်းကလေးတစ်ယောက်ကို တွတ်ထိုးလိုက်သည်။
“ ဟဲ့ အစ်မကြီးက ဘာလို့ဟိုလူတွေကိုမျက်နှာသာမပေးတာလဲမသိဘူး ။ ဘာပဲပြောပြော သူတို့ကလူဆိုးတွေနဲ့မတူပါဘူး ....”
ထိုမိန်းကလေး၏စကားကြောင့် ကျန်တစ်ယောက်က သူမကိုလက်ကုတ်ပြရင်း ခပ်တိုးတိုးပြန်ပြောလိုက်သည်။
“ နင်ပြောတာ အစ်မကြီးမကြားစေနဲ့ဦး သူ့အကြောင်းကိုလည်းသိရဲ့သားနဲ့...”
စီးတုယွမ်ချင်း၏အေးစက်သည့်စိတ်ထားက သိုင်းလောကတစ်ခုလုံးသိထားသည့်အရာဖြစ်ပြီး သူတို့လို ဂိုဏ်းထဲမှ မိန်းမငယ်လေးများဆိုလျှင်စီးတုယွမ်ချင်း၏ရှေ့၌ စစနောက်နောက်ပင်မနေဝံ့ပေ။
သူမက ဂိုဏ်းတူညီအစ်မများအပေါ် ကြင်နာတတ်သည်ကိုသိရှိသည့်တိုင် အေးစက်သည့်စရိုက်ကြောင့်အလိုလိုထိတ်လန့်ကြခြင်းဖြစ်၏။
ထိုနှစ်ယောက်၏စကားများကိုကောင်းစွာကြားနေရသော်လည်း စီးတုယွမ်ချင်းက တစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲ တည်ငြိမ်အေးစက်သည့်မျက်နှာဖြင့်ရှေ့မှ ဦးဆောင်ကာလျှောက်သွားလေသည်။
မူလနေရာတွင်ကျန်ခဲ့သည့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း အော့မေ့ဂိုဏ်းမှလူစုထွက်သွားမှအသက်ဝဝရှူလိုက်ကြပြီး ကြွယ်စင်းကခပ်တိုးတိုးရေရွတ်လိုက်သည်။
“ အတော်လေးအေးစက်ပြီး ချဉ်းကပ်ရခက်တာပဲ .....သူ့အကြောင်းတွေကိုကြားထားပေမယ့် ဒီလောက်အေးစက်မယ်လို့မထင်ဘူး ...”
ကြွယ်စင်းလိုလူမျိူးကပင် စီးတုယွမ်ချင်း၏အေးစက်မှူကို တအံ့တသြမှတ်ချက်ပြုရ၏။
ထိုအချိန်တွင် အဖက်လုပ်မခံရမှုကြောင့် အနည်းငယ်ဒေါသထွက်နေသည့်ကြွယ်ယန်က မကျေမနပ်ပုံစံဖြင့်ပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင်က သူ့ကိုဘာကြည့်ကြိုက်လဲမသိဘူး။ အစကတော့ ရုပ်ကလေးလှတော့ စိတ်ထားလည်းကောင်းမယ်ထင်တာ အေးစက်နေတာပဲ ။
ဒီသတင်းက တကယ်လည်းဟုတ်ချင်မှဟုတ်မှာပါ။ လူတွေပြောသလို ကောလဟာလပဲနေမှာပေါ့ သူကတော့ ။ သူကတော့တကယ့်ကိုရေခဲတုံးပဲ....”
ကြွယ်ယန်၏စကားကြောင့် ခပ်လှမ်းလှမ်းတွင်ရောက်ရှိနေသည့်စီးတုယွမ်ချင်း၏ခန္တာကိုယ်က တုံ့ခနဲရပ်သွားသလို ကြွယ်စင်းကလည်း ထိုလူစုကိုလှမ်းကြည့်ရင်းအနည်းငယ်စိုးရိမ်သည့်လေသံဖြင့်ကြိတ်ပြောလိုက်ရသည်။
“ ကြွယ်ယန် တိုးတိုးပြောဟ ကြားသွားဦးမယ်....”
မူလက သူလည်းကြွယ်ယန့်နည်းတူ စီးတုယွမ်ချငိးနှင့်ရှောင်ယောင်တို့၏သတင်းကို အံ့ဩဝမ်းမြောက်မိသော်လည်း ယခု သူမ၏အေးစက်လှသည့်ပုံစံကိုမြင်ရချိန်၌ အနည်းငယ်သံသယရှိနေပြီဖြစ်သည်။
ကြွယ်စင်း၏သတိပေးစကားကို ဂရုမစိုက်ဘဲ ကြွယ်ယန်က ထပ်ပြောလိုက်သည်။
“ ငါပြောတာမှားလား ...သူက တကယ့်ကို ရေခဲ.....”
“ စောစောက ရှင်တို့ဘာပြောလိုက်တယ်..... “
ကြွယ်ယန်၏စကားမဆူံးမီထွက်ပေါ်လာသည့် အေးစက်ချိုလွင်သည့်အသံကလေးနှင့်အတူ အနက်ရောင်အရိပ်တစ်ခုက ရိပ်ခနဲရောက်ရှိလာ၍ သူတို့နှစ်ယောက်လည်းအနည်းငယ်ထိတ်လန့်သွားကြသည်။
ထိုအချိန်တွင် အော့မေ့ဂိုဏ်းသူများသည်လည်းပြန်လှည့်လာပြီဖြစ်ကာ သူတို့၏ပုံစံကအနည်းငယ်တင်းမာနေပြီး တစ်ယောက်က ဒေါသထွက်ဟန်ဖြင့်ပြောလိုက်သည်။
“ ရှင်တို့က ရှောင်လင်အဝေးရောက်ဂိုဏ်းသားတွေဆိုတော့ တည်ကြည်ဖြောင့်မက်မယ်ထင်တာ အခုတော့ သူများနောက်ကွယ်မှာ အတင်းတုတ်နေတဲ့လူတွေပါလား.....”
အော့မေ့ဂိုဏ်းမှဂိုဏ်းသူမိန်းမငယ်တစ်ယောက်က မကျေမနပ်ဖြစ်သည့်လေသံဖြင့်ပြောလိုက်သည်။
စီးတုယွမ်ချင်းမှာ သူတို့အပေါ်စည်းကမ်းကြီး၍ အေးစက်သော်လည်း လွန်စွာဂရုစိုက်သူလည်းဖြစ်၍ ဂိုဏ်းသူတိုင်း၏စိတ်ထဲတွင် သူမက အကောင်းဆုံးဂိုဏ်းတူအစ်မကြီးဖြစ်သည်။