မေးမြန်းလိုသူ
Vol. 3 Ch. 60
“ ဂိုဏ်းချုပ် ဟိုတစ်ယောက်က ဂိုဏ်းချုပ်ရဲ့ ကယ်တင်ရှင်သူရဲကောင်းကြီးဆိုတာလား ... “
ထိုမိန်းကလေးနည်းတူ ကျန်နှစ်ယောက်ကလည်း ချောမောခန့်ညားသည့်လူငယ်ကိုသိလိုစိတ်ဖြင့်စိတ်ဝင်တစားကြည့်ရှုနေကြသည်။
သူတို့သုံးယောက်သာမက အမျိူးသမီးနှစ်ယောက်ပင် လူငယ့်ကိုကြည့်ရှုနေကြပြီး သူတို့နှစ်ယောက်က ကျန်မိန်းကလေးများနှင့်မတူဘဲ လူငယ့်ကိုခေါင်းအစခြေအဆုံးအကဲခပ်နေကြခြင်းဖြစ်၏။
မျက်ဝန်းငါးစုံ၏စူးရှသည့်အကြည့်များကြောင့် လူငယ်ပင်အနည်းငယ်နေရခက်လာပြီး လက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ပြောလိုက်သည်။
“ တွေ့ရတာ ဝမ်းသာပါတယ် ကျုပ်နာမည်က ရှောင်ယောင်ပါ....”
လူငယ်က သူ့ကိုယ်သူမိတ်ဆက်စကားဆိုလိုက်သည်။
ထိုအခါမှ ဘေးဘက်တွင် ရှက်ဝဲဝဲအမူအယာဖြင့်ရပ်နေသည့်မိန်းမလှလေးက သတိဝင်လာပြီး ကျန်မိန်းကလေးများကိုတစ်ဦးပြီးတစ်ဦးမိတ်ဆက်ပေးလိုက်လေသည်။
မှန်ပေသည်။
သူတို့နှစ်ယောက်က စီးမင်မြို့သို့ကြိုတင်ရောက်ရှိနေကြသည့် ရှောင်ယောင်တို့ပင်ဖြစ်ပြီး ထိုအမျိုးသမီးများကား ကြာပန်းဖြူဂိုဏ်းမှလူများပင်ဖြစ်ပေသည်။
ရှောင်ယောင့်ကို ခေါင်းအစခြေအဆုံးအကဲခပ်နေသည့်အမျိူးသမီးနှစ်ယောက်ကလည်း သူ၏ရည်မွန်ယဉ်ကျေးသည့်ပုံစံကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ခေါင်းညိမ့်လိုက်ကြကာ ဒေါ်လေးရှောင်ဆိုသည့်အမျိူးသမီးကပြောလိုက်သည်။
“ ဒီက သခင်လေး ထိုင်ပါဦး.....”
“ ကျုပ်ကို ရှောင်ယောင်လို့ခေါ်လို့ရပါတယ်....”
ရှောင်ယောင်က ရင်းနှီးသည့်ပုံစံဖြင့်ပြောလိုက်ရင်း ထိုဝိုင်းတွင် ဝင်ထိုင်လိုက်ပေသည်။
ထို့နောက် ရှောင်ယောင်က လွီချင်းအာ၏မျက်နှာကိုတစ်ချက်ကြည့်လိုက်ရာ ထိုမိန်းကလေးလည်းတစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ပြောလိုက်သည်။
“ ဒေါ်လေးကို မေးစရာရှိသေးတယ် ..”
ရှောင်ယောင်၏ထူးဆန်းသည့်အမူအယာနှင့် လွီချင်းအာ၏မေးခွန်းတို့ကြောင့်ဒေါ်လေးရှောင်က သူတို့ကိုတစ်ချက်ကြည့်ကာခေါင်းညိမ့်ပြလိုက်သည်။
“ မေးလေ ချင်းအာရဲ့.....”
ကြာပန်းဖြူဂိုဏ်း၏အကြီးအကဲတစ်ယောက်ဖြစ်သည့် ဒေါ်လေးရှောင်၏အမည်ရင်းက ရှောင်ယင်ဖြစ်ကာ လွီချင်းအာ၏ အဒေါ်အရင်းခေါက်ခေါက်ဖြစ်သည်။
ထို့ကြောင့်လည်း သူမက လွီချင်းအာကို အခြားလူများလိုယဉ်ယဉ်ကျေးကျေးဆက်ဆံစရာမလိုခြင်းဖြစ်၏။
ရှောင်ယောင်၏စိတ်အားထက်သန်နေသည့်အမူအယာကိုပြန်ကြည့်ရင်း လွီချင်းအာက ပြောလိုက်သည်။
“ တကယ်တမ်းကျ ကျမသိချင်တာမဟုတ်ဘူး။။ အစ်ကိုရှောင်ယောင်က ဒေါ်လေးကို ကိစ္စတစ်ခုနဲ့အတ်သတ်ပြီးမေးချင်တာ....”
သူမ၏စကားကြောင့် ဒေါ်လေးရှောင်၏အကြည့်များက ရှောင်ယောင့်ဆီသို့ကျရောက်လာသည်။
&&&
အေးချမ်းတိတ်ဆိတ်သည့်ရေကန်ကြီးနံဘေးရှိ မိုးမခပင်ကြီး၏အောက်တွင် ထူးခြားသည့်လူတစ်စုရှိနေသည်။
အရိပ်ကောင်းသည့်သစ်ပင်ကြီး၏အောက်တွင်ရှိနေသည့် သစ်လုံးထိုင်ခုံကလေးတစ်ခုထက်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းကလေးတစ်ယောက်ထိုင်လျက်ရှိသည်။
ထိုင်လျက်အနေအထားဖြစ်သည့်တိုင် အမို့အမောက်အရှိုက်အဝန်းတို့ဖြင့်ပြည့်စုံလှသည့် သူမ၏ခန္တာကိုယ်အချိုးအစားတို့ကိုတွေ့မြင်နိုင်ကာ ထိုမိန်းကလေး၏ခန္တာကိုယ်ကခြောက်ပစ်ကင်းသဲလဲစင်ဆိုသည့် စကားအတိုင်းဖြစ်နေသည်။
နန်းဆန်သည့်အဖြူရောင်ဝတ်ရုံရှည်အောက်မှ ဖြူဖွေးနူးညံ့သည့်အသားအရေက ကြွေထည်ပန်းပုရုပ်ကလေးနှင့်ပင်ဆင်တူနေပြီး လေတိုက်လျှင်ပင် ကွဲကြေသွားမည်ဟုထင်ရသည်။
ရေတံခွန်လိုနက်မှောင်ရှည်လျားသည့်ဆံပင်များက ခါးသွဲ့သွဲ့လေးထက်သို့ဖြာကျနေကာ စည်းနှောင်ထားခြင်းမရှိဘဲသည်အတိုင်းဖြန့်ချထား၍ လေအဝှေ့တွင် ပျော့ပြောင်းသည့်ဆံနွယ်များက လှပစွာမျောလွင့်နေသည်။
ကံမကောင်းစွာဖြင့် သစ်သားမျက်နှာဖုံးတစ်ခုကိုစွပ်ထား၍ ထိုမိန်းကလေး၏မျက်နှာကိုမမြင်ရဘဲ ညကောင်းကင်မှကြယ်ပွင့်များလို တောက်ပစူးရှသည့်မျက်ဝန်းအစုံကိုသာတွေ့မြင်နေရသည် ။
နက်မှောင်သည့်အရောင်အဆင်းရှိသည့်သစ်သားမျက်နှာဖုံးက မိန်းမပျိုလေး၏မျက်နှာသွင်ပြင်ကိုဖုံးကွယ်ထားသည့်တိုင် ကြော့ရှင်းလှပပြီးမြင့်မြတ်တင့်တယ်သည့်သူမ၏အရှိန်အဝါကိုတားဆီးနိုင်ခြင်းမရှိပေ။
ဤသည်က မိန်းမပျိုလေး၏ခန္တာကိူယ်မှအလိုလိူထွက်ပေါ်နေသည့်အရှိန်အဝါတစ်ခုသာဖြစ်ပြီး မြင့်မြတ်ပြီးသီးခြားဆန်သည့်ထိုခံစားချက်က တစ်စုံတစ်ယောက်ကိုအလိုလိုဦးညွှတ်စေနိုင်သည်အထိ လွှမ်းမိုးနိုင်မှုတို့ပါဝင်နေပေသည်။။
မျက်နှာဖုံးအောက်မှတောက်ပသည့်မျက်ဝန်းအစုံက ကြည်လင်လှပသော်လည်းနူးညံ့ခြင်းကင်းမဲ့ကာ တစ်ဖက်လူ၏စိတ်ကိုထိုးဖောက်မြင်နိုင်သည်ဟုထင်ရလောက်အောင် စူးရှလှ၏။
မိန်းမပျိုလေး၏နောက်ဘက်တွင်မူ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့်သက်လက်ပိုင်းလူနှစ်ယောက်ရပ်နေကာ ခံစားချက်ကင်းမဲ့ပြီး အေးစက်စက်ဖြစ်သည့်သူတို့၏သွင်ပြင်က ကျောက်ရုပ်ထုများအလားထင်မှတ်ရပေသည်။
မိန်းမပျိုလေး၏ရှေ့တွင်မူ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လက်ပိုင်းလူကြီးတစ်ဦး၊ အဖြူရောင်ပိုးဖဲဝတ်စုံဝတ်လူဝကြီးနှင့် အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ထွားကြိုင်းသန်မာသည့်လူကြီးတစ်ယောက်တို့ရှိနေကြသည်။
သူတို့သုံးယောက်လုံးက သိုင်းလောကတွင် ထိပ်တန်းဟုဆိုရမည့် သိုင်းဝိဇ္ဇာအဆင့်များဖြစ်သည့်တိုင် မိန်းမပျိုလေး၏ရှေ့တွင် ရိုကျိုးစွာရပ်နေကြသည်ကိုမြင်ရမည်ဖြစ်ပြီး သူတို့၏ပုံစံက ရှေ့ရှိ မိန်းမပျိုလေးက အတော်ပင်လေးစားကြဟန်တူသည်။
ယခုအခါ လူကြီးသုံးယောက်၏ပုံစံက တစ်စုံတစ်ခုကို အံ့အားသင့်နေကြဟန်တူပြီး အဖြူရောင်ဝတ်စုံဝတ်လူဝကြီးက မယုံကြည်နိုင်သည့်ဟန်ဖြင့်ပြန်မေးလိုက်သည်။
“ သခင်မလေးပြောတာ ကျုပ်တို့က စုပေါင်းပြီး အင်အားစုအသစ်တစ်ခုတည်ထောင်ရမယ်ပေါ့.....”
ထိုလူဝကြီး၏မေးခွန်းကို ဖြေးညင်းစွာခေါင်းညိမ့်ပြရင်း မိန်းမပျိုလေးက ကြည်လင်ချိုသာသည့်လေသံကလေးဖြင့်ပြန်ဖြေလိုက်သည်။
“ အမှန်ပဲ ရှင်တို့ရဲ့အင်အားစုသုံးခုကိုစုပေါင်းပြီးအဖွဲ့သစ်တစ်ခုတည်ထောင်ရမယ်.....”
မိန်းမလှလေး၏အသံက လောကတွင်ရှိရှိသမျှအသံတိုင်းထက် ချိုမြကြည်လင်ကာ တစ်ခေါက်ကြားမိရုံဖြင့်တစ်သက်လုံးမေ့မရစေမည့်အသံမျိူးဖြစ်သည်။
ထိုသို့သောဆုတောင်းကောင်းလှသည့်အသံမျိုးကို ပထမဆုံးကြားမိပါက မည်သူမဆိုအံ့ဩဆွံ့အသွားနိုင်ပြီး သက်လက်ပိုင်းလူကြီးသုံးယောက်ပင် ထိုမိန်းကလေးကိုတွေ့ရသည်မှာတစ်ကြိမ်မကသော်လည်း သူမ၏မြင့်မြတ်တင့်တယ်သည့်ဟန်ပန်နှင့် တုနှိုင်းမဲ့အသံကလေးကြောင့် အံ့ဩမိဆဲပင်။
သို့သော် မိန်းမပျိုလေး၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးကမျက်မှောင်ကြုတ်၍ပြောလိုက်သည် ။
“ သခင်မလေး ဒါက သိပ်ပြီးမသင့်လျော်မှာစိုးရပါတယ်။ ကျုပ်တို့အင်အားစုသုံးခုက တည်ရှိလာတာနှစ်တစ်ရာကျော်ပြီးဆိုပေမယ့် သိုင်းလောကအရှုပ်အထွေးတွေထဲကိုတစ်ကြိမ်မှဝင်ဖူးတာမဟုတ်ဘူး ။
ပြီးတော့ အခုလို အင်အားစုသုံးခုကိုပေါင်းစည်းပြီးအဖွဲ့သစ်တစ်ခုတည်ထောင်ဖို့ကကျ......”
အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပုံမှန်ဆိုလျှင်ဒေါသထွက်လွယ်ပြီးစိတ်မြန်လက်မြန်ရှိသူတစ်ယောက်ဖြစ်သည့်တိုင် ယခုအခါ သူ၏စကားကအနည်းငယ်တွန့်ဆုတ်လျက်ရှိသည်။
သူ၏စကားအဆုံး၌ မိန်းမပျိုလေး၏စူးရှသည့်အကြည့်ကအနက်ရောင်ဝတ်စုံဝတ်လူကြီးထံသို့ကျရောက်လာပြီး လွန်စွာနားဝင်ချိုမြသည့်လေသံကလေးဖြင့်မေးလိုက်လေသည်။
“ ဒီတော့ရှင်က ကျမတောင်းဆိုတာ လက်မခံချင်ဘူးပေါ့.....”
မိန်းမပျိုလေး၏အသံက အေးစက်တင်းမာခြင်းမရှိသည့်တိုင် သူမ၏စူးရှသည့်အကြည့်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးမှာ ရေခဲကန်ထဲပစ်ချခံရသည့်အလား တစ်ကိုယ်လုံးအေးစိမ့်သွားလေသည်။
ထိုအခါ အဖြူရောင်ဝတ်စုံဝတ်လူဝကြီးက အခြေအနေကိုထိမ်းသိမ်းသည့်အနေဖြင့်အလျှင်အမြန်ဝင်ပြောလိုက်သည်။
“ ညီလေးပိုင်က ဒီလိုသဘောမျိုးပြောတာမဟုတ်ပါဘူးသခင်မလေး.....သူက ဘိုးဘေးတွေတည်ထောင်ခဲ့တဲ့အင်အားစုသူံးခုကို အခုလိုမျိုးပေါင်းစည်းပစ်ဖို့နည်းနည်းတွန့်ဆုတ်နေတာပါ။
ပြီးတော့ ကျုပ်တို့အင်အားစုသုံးခုသိုင်းလောကထဲဝင်မယ်လို့ကြေငြာတုန်းကတောင် သိုင်းလောကတစ်ခုလုံးကသတိနဲ့စောင့်ကြည့်နေကြတာ တကယ်လို့ ကျုပ်တို့သာ အင်အားစုအသစ်တစ်ခုကိုတည်ထောင်လိုက်ရင် သိုင်းလောကထဲက ထိပ်တန်းအင်အားစုတွေက ကျုပ်တိူ့ရဲ့ရည်ရွယ်ချက်ကိုစုံစမ်းလာမှာသေချာသလောက်ပါပဲ ....”
အလျှောက်ကောင်း၌ အထောင်းသက်သာဆိုသလို အဖြူရောင်ဝတ်စုံဝတ်လူဝကြီး၏စကားကြောင့် မိန်းမပျိုကစိတ်ပြေသွားဟန်တူပြီး ခေါင်းတညိမ့်ညိမ့်ဖြင့်ပြောလိုက်သည်။
“ ကျမပြောတာကိုရှင်တို့က နားလည်မှုလွဲနေပါပြီ။ ကျမက ရှင်တို့အင်အားစုသူံးခုကိုဖျက်ပစ်ပြီးအင်အားစုအသစ်အဖြစ်ပေါင်းစည်းဖိူ့ပြောတာမဟုတ်ပါဘူး။
အခုသိုင်းလောကထဲက သိုင်းမဟာမိတ်တို့ မိစ္ဆာဝိညာဉ်တို့လို ရှင်တို့ရဲ့အင်အားတွေပူးပေါင်းပြီးအဖွဲ့အစည်းတစ်ခုအဖြစ်လုပ်စေချင်တာ။ မူလအင်အားစုတွေကိုဖျက်ပစ်ဖို့မလိုဘူး.....”
မိန်းမပျိုလေး၏စကားကြောင့် သက်လက်ပိုင်းလူကြီးသုံးယောက်မှာ စိတ်သက်သာရာရသွားဟန်တူသည်။
ထို့နောက် မိန်းမပျိုလေး၏မျက်ဝန်းများက ဖျက်ခနဲတောက်ပသွားပြီး တည်ငြိမ်သည့်လေသံဖြင့်ဆက်ပြောလိုက်သည် ။
“ သိုင်းလောကထဲက တခြားအင်အားစုတွေအတွက်တော့ စိတ်ပူစရာမလိုဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မကျေနပ်ရင်တောင်ဘာမှ တတ်နိုင်မှာမဟုတ်လို့ပဲ။
ပြီးတော့ ကျမတို့ကိုလာရှုပ်တဲ့အင်အားစုကိုနှိမ်နင်းပစ်လိုက်မယ်....”
မိန်းမပျိုလေး၏လေသံက ပေါ့ပေါ့တန်တန်နိုင်သည်ဟုထင်ရသော်လည်း သက်လက်ပိုင်းလူကြီးသုံးယောက်၏စိတ်ထဲတွင်တုန်ယင်သွားလေသည်။
အကြောင်းကား မိန်းမပျိုလေးထံတွင် ထိုသို့သော လုပ်ဆောင်နိုင်စွမ်းကိုအမှန်ပင်ပိုင်ဆိုင်ထားသလို သူမ၏နောက်ခံက သိုင်းလောကထိပ်သီးဂိုဏ်းကြီးခြောက်ဂိုဏ်းထက်ပင်များစွာကြောက်မက်ဖွယ်ကောင်းနေသေးသည်။
ကျန်လူများကိုဘေးဖယ်ထားလျှင်ပင် သူမ၏နောက်ရှိသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူနှစ်ယောက်က သိုင်းလောကတစ်ခုလုံးကိုမွှေနှောက်နိုင်စွမ်းရှိကာ ကိုယ်ရံတော်အဖြစ်လိုက်ပါလာသည့်ခါးကုန်းအဖိုးအိုက ထိပ်တန်းအင်အားစုတစ်ခုကိုတစ်ယောက်ထဲဖြင့်ဖျက်ဆီးနိုင်စွမ်းရှိ၍ပင်။
သူတို့နှင့်မလှမ်းမကမ်းတွင်ထိုင်ကာ ကန်ရေပြင်ကိုငေးကြည့်နေသည့်အဖိုးအိုက သိုင်းပညာလုံးဝတတ်မြောက်ခြင်းမရှိသည့်လူတစ်ဦးနှင့်ဆင်တူသော်လည်း သူတို့သုံးယောက်လုံးကို တစ်ဦးထဲဖြင့်အနိုင်ယူခဲ့သည်။
ကြောက်မက်ဖွယ်အကောင်းဆုံးအချက်က ထိုအဖိုးအိုက သူတို့လိုသိုင်းဝိဇ္ဇာအဆင့်များကို သုံးယောက်တစ်ယောက်တိုက်ခိုက်ပြီးသိုင်းကွက်တစ်ရာမပြည့်မီအနိုင်ယူသွားခြင်းဖြစ်၏။
ထို့ကြောင့်ပင် မူလက မိန်းမပျိုကိုသူတို့၏စိတ်ထဲတွင် မကျေနပ်မှုအနည်းနှင့်အများရှိကြသည့်တိူင် ထိုအဖိုးအို၏စွမ်းရည်ကိုမြင်ပြီးနောက် အလုံးစုံဦးညွှတ်ကြခြင်းဖြစ်သည်။
အဆုံး၌ သူတို့၏အင်အားစုများကိုတည်ထောင်သူဘိုးဘေးများသည်လည်း ထိုမိန်းမပျို၏ဘိုးဘေးများထံမှအစေအပါးများသာဖြစ်ခဲ့သည်မဟုတ်ပါလား။
“ သခင်မလေး ကျုပ်တစ်ခုလောက်သိခွင့်ရမလား....ဘာအတွက် သခင်မလေးကကျုပ်တို့ရဲ့အင်အားတွေကိုစုစည်းပြီး အဖွဲ့အစည်းတစ်ခုတည်ထောင်ချင်ရတာလဲ.....”
နူးညံ့ချောမောသည့်သွင်ပြင်ရှိသည့် အနီရောင်ဝတ်စုံဝတ်လူကြီးကမေးလိုက်သညိ။
သူ၏မျက်နှာထက်တွင်တော့ စိုးရိမ်ပူပန်သည့်အရိပ်အယောင်အချို့ကိုတွေ့ရမည်ဖြစ်ပြီး မိန်းမပျိုလေးက ဆိုင်းမဆင့်ဗုံမဆင့်သူတို့ကိုဆင့်ခေါ်ကာ ယခုလိုမျိုးခိုင်းစေခဲ့သည့်အတွက် သူ၏ရင်ထဲတွင်တင်းကြပ်နေခြင်းဖြစ်သည် ။
အကြောင်းကားထိုမိန်းကလေးသာ သူတို့၏အင်အားစုများကိုအသုံးပြု၍ သိုင်းလောကကိုအုပ်ချုပ်ရန်ကြိုးပမ်းပါက သွေးချောင်းစီးတိုက်ပွဲများဖြစ်လာနိုင်၍ဖြစ်သည်။