အတိတ်ကကျေးဇူးကြွေး
Vol. 3 Ch. 62
“ ဒါဆိုရင် ရတနာသုံးသွယ်ပုလွေရဲ့သတင်းကရော....”
ထိုမေးခွန်းကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက ခေါင်းကုတ်လိုက်ပြီး အနည်းငယ်မဝံ့မရဲဖြစ်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ စိတ်ညို့စောင်းကသိုင်းလောကမှာနာမည်ကြီးပြီး ထင်ရှားတဲ့လက်နက်တစ်ခုဖြစ်လို့ အခုလိုအတိအကျသိနိုင်တာဆိုပေမယ့်ရတနာသုံးသွယ်ပုလွေရဲ့သတင်းကတော့ အတော်လေးတိမ်မြုပ်နေတယ်။
သူနောက်ဆုံးပေါ်ထွက်လာခဲ့တာ ကြာပန်းဂိုဏ်းမပျက်စီးခင်ကဖြစ်ပြီး ကြာပန်းဂိုဏ်းပျက်စီးပြီးတဲ့နောက်မှာ စိတ်ညို့စောင်းက သိုင်းလောကမှာ နှစ်ကြိမ်သုံးကြိမ်ပေါ်ထွက်လာသေးပေမယ့် ရတနာသုံးသွယ်ပုလွေကတော့ လုံးဝဆုံးစမြုပ်ပျောက်ကွယ်သွားတာပဲ။
သူက သိုင်းလောကမှာ နောက်ထပ်ထွက်ပေါ်မလာတော့ဘူး။။
ဒါပေမယ့် နန်းတော်ကမှတ်တမ်းမှတ်ရာတွေရယ်။ ဟောဒီစံအိမ်က မှတ်တမ်းတွေရယ်ကိုဖတ်ပြီး ကောက်ချက်ချလိုက်ရရင် ရတနာသုံးသွယ်ပုလွေကိုနောက်ဆုံးရရှိခဲ့တဲ့လူက ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်က တုန်းဖန်းအိမ်တော်ရဲ့ခေါင်းဆောင် တုန်းဖန်းရှင်းတန်ပဲ။
ဒါပေမယ့် သူကဓားကိုပဲ စွဲစွဲမြဲမြဲအသုံးပြုတဲ့ဓားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မျိုးဆက်တွေကလည်း ဓားသမားတွေပဲဆိုတော့ သူ့တို့တုန်းဖန်းမျိုးနွယ်တွေဆီမှာ ရတနာသုံးသွယ်ပုလွေတကယ်ရှိမရှိဆိုတာ ကောက်ချက်ချဖို့ခက်ခဲတယ်.....”
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေး၏စကားအဆုံး၌ မိန်းမပျို၏မျက်လုံးများက တောက်ပသွားကာ ခပ်လှမ်းလှမ်းမှအဖိုးအိုကိုကြည့်လိုက်ပြီး အနည်းငယ်ထူးဆန်းသည့်လေသံဖြင့်ရေရွတ်လိုက်သည်။
“ တုန်းဖန်းမျိုးနွယ်ဟုတ်လား ...”
ထိုအခိုက် ကန်စပ်တွင်ထိုင်နေသည့်ခါးကုန်းအဖိုးအို၏မျက်လုံးများက ဖျက်ခနဲပွင့်လာပြီး မိန်းမပျိုလေးကိုလှမ်းကြည့်ကာ မသိမသာခေါင်းညိမ့်ပြလိုက်သည်။
သူ၏အပြုအမူကြောင့် မိန်းမပျို၏မျက်ဝန်းထဲတွက် ကျေနပ်အားရသည့်အရိပ်အယောက်များထွက်ပေါ်လာပြီး ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ကောင်းပြီ နင်တာဝန်ကျေပါတယ်ရှန်းရှန်း ။ ခေါင်းဆောင်ရှန့်ကတော့ ဟိုမိန်းကလေးကို ကျမဆီရောက်အောင်ခေါ်လာပေးပေါ့ ။။
တစ်ခုတော့မှတ်ထားဦး သူ့ကိုအတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်လာတာတွေကိုအလိုမရှိဘူး ။ ကျမသူ့ဆီကသတင်းကိုသိချင်ရုံပဲ။ ကျန်တဲ့ခေါင်းဆောင်နှစ်ယောက်ကတော့ အဖွဲ့အစည်းသစ်အတွက်ပြင်ဆင်ထားကြတော့ ...”
မိန်းမပျိုလေး၏စကားအဆုံး၌ သက်လက်ပိုင်းလူသုံးယောက်က အရိုအသေပေးလိုက်သည်။
ထို့နောက် မိန်းမပျိုလေးကအဝေးကိုငေးရင်း ဖြေးညင်းစွာရေရွတ်လိုက်သည် ။
“ လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲဟုတ်လား.....တစ်ချက်လောက်သွားကြည့်တာပေါ့....”
&&&
“ သခင်လေးရှောင် မင်းကဘာသိချင်တာလဲ.....”
ဒေါ်လေးရှောင်က ရှောင်ယောင့်ကိုစူးစိုက်ကြည့်ရင်းမေးလိုက်သည်။။
သူတို့နှစ်ယောက်က မြို့အပြင်ဘက် လူရှင်းသည့်တောလမ်းကလေးတွင်ရှိနေခြင်းဖြစ်ကာ ယမန်နေ့က ရှောင်ယောင်နှင့်လွီချင်းအာတို့လျှောက်လည်ခဲ့သည့်နေရာလည်းဖြစ်သည်။
ယခု ရှောင်ယောင်ကဒေါ်လေးရှောင်ထံမှတစ်စုံတစ်ခုကိုသိလို၍ လူရှင်းသည့်နေရာသို့ခေါ်လာခြင်းဖြစ်ကာ သူတို့နှင့်မလှမ်းမကမ်းတွင်လည်း ကြာပန်းဖြူဂိုဏ်းသူများနှင့် လွီချင်းအာတို့ရှိနေကြသည်။
ရှောင်ယောင်နှင့်ဆိုလျှင် ကလေးတစ်ယောက်လိုဆိုးနွဲ့တတ်သည့်ထိုမိန်းကလေးက သူမ၏ဂိုဏ်းမှလူများရှေ့၌ တည်ကြည်ပြီးခေါင်းဆောင်ပီသမှုရှိပေသည်။
လွီချင်းအာက သူမ၏ဂိုဏ်းသူများကိုစီးမင်မြို့မှလက်ရှိအခြေအနေများအားရှင်းပြနေခြင်းဖြစ်ပြီး သူနှင့်ရှောင်ယောင်တို့က ဤမြို့သိူ့ကြိုတင်ရောက်နှင့်၍နေရာအတော်များများသို့သွားရောက်လည်ပတ်ဖူးကြသည်။
ထို့ကြောင့် သူမက စီးမင်မြို့နှင့်ပတ်သတ်၍အတော်များများကိုသိရှိနေပြီး သင်တန်းပို့ချနေခြင်းဖြစ်ကာ ရှောင်ယောင်တို့ရှိရာသို့လည်း တစ်ချက်တစ်ချက်လှမ်းမျှော်ကြည့်တတ်ပေသည်။
ဒေါ်လေး ရှောင်၏မေးခွန်းကို ရှောင်ယောင်က လေးနက်သည့်အမူအယာဖြင့်ပြန်ဖြေလိုက်သည်။
“ ကျုပ်က လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခင်ဗျားတို့နဲ့ဆုံဖူးတဲ့မိန်းကလေးရဲ့အကြောင်းကိုသိချင်တာပါ။
ချင်းအာရဲ့စကားအကဆိုရင်လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ခင်ဗျားက တုန်းဖန်းမျိုးရိုးရှိတဲ့မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖူးတယ်မဟုတ်လား ။ အဲဒါက အမှန်ပဲလား ....”
ရှောင်ယောင်၏ မေးခွန်းကြောင့်ဒေါ်လေးရှောင်က အံ့ဩသွားသော်လည်း အနည်းငယ်စဉ်းစားလိုက်ပြီး ဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ်တာပေါ့ ။ အဲဒီအချိန်တုန်းက အားနည်းပြီးလမ်းဘေးမှာ သတိလစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ငါကယ်တင်ဖူးတယ်။
အဲဒီတုန်းကငါတစ်ယောက်ထဲမဟုတ်ပါဘူး။ ချင်းအာရဲ့မေမေရှောင်ချင်းတောင်ပါသေးတယ် .....”
ဒေါ်လေးရှောင်၏စကားများကြောင့် ရှောင်ယောင်၏မျက်နှာက ပြောင်းလဲသွားပြီး သူ၏မျက်လုံးများက စိတ်အားထက်သန်မှုကြောင့် တလက်လက်တောက်ပလျက်ရှိသည်။
ဒေါ်လေးရှောင်က သူ၏အမူအယာကိုအကဲခပ်ရင်းဆက်ပြောလိုက်သည်။
“ ငါထင်တာမမှားရင် အဲဒီမိန်းကလေးက ကိုယ်ဝန်ကြောင့်အားနည်းနေတာပဲ ။။ပြီးတော့ ရက်နည်းနည်းကြာအောင် အစာရေစာမရလို့ ပိုပြီးအခြေအနေဆိုးသွားတာ။
ကံကောင်းထောက်မစွာနဲ့ပဲ ငါတို့နဲ့တွေ့ပြီး သူ့ကိုအချိန်မီကယ်တင်နိုင်သေးတယ်။။ပြီးတော့ သူ့အကြောင်းကိုမေးကြည့်ပေမယိ့ သူ့ရဲ့မျိုးရိုးနာမည်ကလွဲပြီးဘာမှမသိခဲ့ရဘူး ။
အဲဒီတုန်းကသူ့ရဲ့ပုံစံက အထီးကျန်ဆန်ပြီး အတော်လေးသနားစရာကောင်းနေတယ် ။ ဒါကြောင့် ငါတို့လည်း ဂိုဏ်းကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပေမယ့် သူက သူ့ရဲ့မွေးရပ်မြေကိုပဲပြန်မယ်ဆိုပြီး ငါတို့နဲ့လမ်းခွဲထွက်သွားခဲ့တာ.....”
ဒေါ်လေးရှောင်၏စကားများကိုနားထောင်နေရင်း ရှောင်ယောင်၏မျက်ဝန်းများကအနည်းငယ်စိုစွတ်လာကာ သူ၏မျက်နှာထက်တွင် တစ်စုံတစ်ခုကိုနားမလည်နိုင်သည့်အရိပ်အယောင်များလည်းပေါ်ထွက်လာသည်။
သူ၏ထူးခြားသည့် ပုံစံကိုအကဲခပ်မိ၍ ဒေါ်လေးရှောင်က ရှောင်ယောင့်ကိုမေးလိုက်သည်။
“ မဟုတ်မှလွဲရော အဲဒီမိန်းကလေးက မင်းနဲ့တစ်ခုခုပတ်သတ်နေလို့လား....”
ဒေါ်လေးရှောင်၏မေးခွန်းကိုခေါင်းညိမ့်ပြလိုက်ကာ ရှောင်ယောင်က ဝမ်းနည်းသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ သူက ကျုပ်ရဲ့မေမေပါ။ သူဆုံးသွားတာတော့ ဆယ်နှစ်ရှိပါပြီ.....”
စင်စစ် ထိုအကြောင်းအရာကို သူ၏မိခင်က မကြာခဏပြောဖူးပြီး သူ့ကိုကယ်တင်ဖူးသည့်အမျိူးသမီးနှစ်ယောက်ကို ပြန်၍ကျေးဇူးဆပ်လိုသည့်ဆန္ဒလည်းထက်သန်နေပေသည် ။
သို့သော် သူ့မိခင်က သေဆုံးအချိန်အထိ စူးဟိုင်မှတစ်ဖဝါးမှထွက်ခွာခြင်းမရှိတော့သည့်အတွက် ထိုဆန္ဒမှာ ပြည့်မြောက်ခြင်းမရှိဟုဆိူရပေမည်။
ရှောင်ယောင်လည်း ထိုအကြောင်းကိုမေ့လျော့သွားသော်ငြား စိတ်ထဲတွင်အမှတ်ထင်ထင်ရှိနေသေး၍ ယခင်ရက်များက သူ၏မျိုးရိုးအမည်ကိုသိရှိသည့်အခါ လွီချင်းအာအမှတ်အထင်ပြောလိုက်သည့်စကားကြောင့် ဆက်စပ်၍သိလိုက်ရခြင်းဖြစ်သည် ။
တိုက်ဆိုင်စွာဖြင့် သူ၏မိခင်ကိုကယ်တင်ဖူးသည့်မိန်းကလေးနှစ်ယောက်က လွီချင်းအာ၏မိခင်နှင့်ဒေါ်လေးဖြစ်နေလျက်ရှိသည် ။
နေရာတွင် ငေးငိုင်စွားသည့် ရှောင်ယောင်၏ ကြေကွဲရိပ်သမ်းသည့်ပုံစံကြောင့် ဒေါ်လေးရှောင်လည်းစိတ်မကောင်းဖြစ်သွားဟန်တူပြီး ခေါင်းကိုခါယမ်း၍ဖြေးညင်းစွာပြောလိုက်သည်။
“ မင်းရဲ့ဆုံးရှုံးမှုအတွက် ငါလည်းစိတ်မကောင်းပါဘူး ။ မင်းရဲ့အမေက စိတ်ဓာတ်ခိုင်မာတဲ့မိန်းကလေးတစ်ယောက်ပါ။
အဲဒီအချိန်က သူက စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ကြီးကြီးမားမားဝမ်းနည်းစရာကိစ္စတွေကြုံတွေ့လာရတာတောင် ရက်အနည်းငယ်အတွင်းမှာ ပုံမှန်ပြနိဖြစ်သွားခဲ့တယ် ....”
ဒေါ်လေးရှောင်၏စကားကြောင့် ရှောင်ယောင်လည်း သူ၏မိခင်ထံတွင် သူမသိသေးသည့်အတိတ်အကြောင်းအရာများရှိနေသေးမည်ဟုခန့်မှန်းလိုက်မိ၏။
အကြောင်းကား သူ့မိခင်၏စာပေ၊ အနုပညာစသည်တို့က သာမန်လူများထက် အဆများစွာသာလွန်နေသလို သူ့မိခင်ထံမှ နှစ်အနည်းငယ်သာသင်ကြားလိုက်ရသည့်ရှောင်ယောင်ပင် နိုင်ငံအတွင်းရှိထိပ်တန်းအဆင့်အနုပညာရှင်များနှင့်ရင်ဘောင်တန်းနိုက်သည့်အဆင့်ရှိနေ၍ဖြစ်သည်။
ထို့အပြင် တစ်ကြိမ်မှထုတ်ဖော်ပြသခြင်းမရှိသော်လည်း သူ့မိခင်က သိုင်းပညာအဆင့်မြင့်မြင့်တတ်မြောက်ထားခြင်းမှာ သေချာသလောက်ရှိပြီး သိုင်းလောကကိုလွန်စွာနာကျဉ်းနေခြင်းကလည်းအတော်ပင်ထူးဆန်းလှသည် ။
လက်ရှိ ရှောင်ယောင်မှာ အရွယ်ရောက်လာသည့် လူငယ်တစ်ဦးဖြစ်လာ၍ သူ၏ငယ်ဘဝနှင့် သူမိခင်၏အကြောင်းများကို ယခင်ကထက်ပို၍တွေးတောဆင်ခြင်နိုင်ပြီဖြစ်သည်။
သူငယ်စဉ်က ရှောင်လင်ကျောင်းတော်သို့ရောက်ရှိစတွင် ဆရာတော်ရွှမ်းနန်နှင့် စန်းဟုန်းလျန်တို့က သူ့မိခင်နှင့်ဖခင်တို့၏အကြောင်းအရာများကိုပြောပြဖူးသော်လည်း ယခုပြန်လည်စဉ်းစားကြည့်သည့်အခါ ထိုဇာတ်ကြောင်းထဲတွင် ဟာကွက်များစွာရှိနေကြောင်းတွေ့ရှိလိုက်ရသညိ။
ထို့ကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် အတိအကျသိလိုက်သည့်အရာတစ်ခုက သူ့မိခင်၏နောက်ကြောင်း၊ စန်းဟုန်းလျန်ဇာတ်မြုပ်နေခဲ့ခြင်းနှင့် သူတစ်ကြိမ်မှမမြင်ဖူးစည့်ဖခင်ဖြစ်သူတို့အကြားတွင်ဆက်စပ်မှုတစ်ချို့ရှိရမည်ဟုပင်။
သို့သော် ထိုစဉ်ကအကြောင်းအရာများကို သူသိခွင့်မရသလို အသေအချာသိရှိနေသည့်စန်းဟုန်းလျန်၊ ဆရာတော်ရွှမ်းနန်နှင့် အဖိုးစုတို့ကလည်း ပြောပြလိုဟန်မတူ၍ ရှောင်ယောင်၏စိတ်ထဲတွင် ပဟေဠိတစ်ခုအဖြစ်သာရှိနေခြင်းဖြစ်၏။
ရှောင်ယောင်လည်း နောက်ကျိရှုပ်ထွေးလာသည့်စိတ်အစဉ်ကိုရှင်းလင်းကာ အသက်ဝဝရှုလိုက်ပြီး ဒေါ်လေးရှောင်ကို ဦးညွှတ်အရိုအသေပေး၍ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်ပါ ကျုပ်မေမေကို ကယ်တင်ခဲ့တဲ့ကျေးဇူးကိုကျုပ်လုံးဝမမေ့ပါဘူး။ မေမေကလည်း ဒီအကြောင်းကိုခဏခဏပြောဖူးပြီး ဒေါ်လေးတို့ကိုပြန်ရှာချင်ပေမယ့် သူမရှာဖြစ်လိုက်ဘူး.....”
ရှောင်ယောင်၏အပြုအမူကြောင့် ဒေါ်လေးရှောင်က အလျှင်အမြန်လက်ကာပြကာပြောလိုက်သည်။
“ ကိစ္စမရှိပါဘူး ။ ငါတို့က ဒုက္ခရောက်နေတဲ့မိန်းကလေးတစ်ယောက်ကိုဒီအတိုင်းကြည့်မနေနိုင်လို့ကူညီခဲ့တာပဲ။
ပြီးတော့ မင်းကလည်း ချင်းအာနဲ့ငါတို့ဂိုဏ်းသူတွေရဲ့အသက်ကိုကယ်တင်ခဲ့တာပဲမဟုတ်လား။ တွေးကြည့်ရင် မင်းရဲ့ကျေးဇူးကတောင်ပိုများနေသေးတာ....”
ဒေါ်လေးရှောင်က ရှောင်ယောင်၏မျက်နှာကို အကဲခပ်ရင်းမေးလိုက်သည်။
“ ချင်းအာက မင်းကိုအတော်လေးကိုခင်တွယ်နေရှာတယ်။ သူက အသက်ဆယ့်ငါးနှစ်မှာပဲ ဂိုဏ်းချုပ်တာဝန်ကိုယူခဲ့ရတော့ ဘယ်ယောင်္ကျားလေးနဲ့မှရင်းရင်းနှီးနှီးမပတ်သတ်ဘူးတဲ့အပြင် ဂိုဏ်းတူတွေနဲ့လည်း ဒီလောက်အထိရင်းနှီးတာမဟုတ်ဘူး....”
ဒေါ်လေးရှောင်၏စကားကြောင့် ရှောင်ယောင်လည်း အနည်းငယ်အံ့အားသင့်သွားပြီးပြန်မေးလိုက်သည်။
“ ဒါဆို သူဂိုဏ်းချုပ်ဖြစ်တုန်းက ငယ်ငယ်လေးပဲ။ ဒီလိုအရွယ်လေးမှာ ဘာကြောင့်ဂိုဏ်းချုပ်အဖြစ်တင်မြောက်ခဲ့သေးတာလဲ....”
လွီချင်းအာ၏အသက်ကိုဆယ့်ရှစ်နှစ်ခနိ့ရှိပြီဟုထင်ခဲ့သော်လည်း ထိုမိန်းကလေးကဆယ့်ခုနစ်နှစ်ပင်ပြည့်သေးဟုသိလိုက်ရသည်။
သူမဂိုဏ်းချုပ်အဖြစ်တာဝန်ယူချိန်ကဆိုလျှင် ဆယ့်ငါးနှစ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး ထိုအသက်အရွယ်က များစွာငယ်ရွယ်လှပေသည်။
ထို့အပြင် ဂိုဏ်းတွင် ဒေါ်လေးရှောင်တို့လိုသိုင်းထိပ်သီးများရှိနေရာ မည်သည့်အတွက်လွီချင်းအာလိုမိန်းမငယိလေးတစ်ယောက်ကို ဂိုဏ်းချုပ်အဖြစ်တင်မြောက်ခဲ့သည်ကို ရှောင်ယောင်စဉ်းစားမရပေ။