နောက်ကွယ်တွင်ပျော်ရွှင်နေသူ
Vol. 3 Ch. 65
အော့မေ့ဂိုဏ်းသူများကိုခေါင်းဆောင်လာသည့်မိန်းကလေးက အနက်ရောင်သိုင်းဝတ်စုံဖြင့်လွန်စွာလှပသူလေးတစ်ယောက်ဖြစ်သည်။
သူမ၏ကိုယ်ပေါ်ရှိအနက်ရောင်သိုင်းဝတ်စုံပ အနည်းငယ်ပွရောင်းရောင်းဖြစ်နေသည့်တိုင် အချိုးအဆစ်ကျသည့်ခန္တာကိုယ်လေးကိုဖုံးကွယ်မထားနိုင်ဘဲ လမ်းလျှောက်တိုင်းလှုပ်ယမ်းနေသည့် ခါးသွယ်သွယ်ကလေးတွင် ဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားသညိ။
သူမ၏ရုပ်ရည်က နာမည်ကျော်ပန်းပုဆရာတစ်ယောက်ထုဆစ်ထားသလို လှပတင့်တယ်နေပြီး ဖြူဖွေးနူးညံ့သည့်အသားအရေ အပြစ်အနာအဆာမရှိပေ။
ခပ်မြင့်မြင့်စည်းထားသည့် ဆံနွယ်များက သူမပုံစံကို ရဲရင့်ထက်မြက်သည့်သူရဲကောင်းမိန်းမပျိုတစ်ဦး၏သွင်ပြင်သို့ရောက်ရှိစေပြီး တင်းတင်းစေ့ထားသည့် နှုတ်ခမ်းကလေးနှစ်လွှာက ပိရိသေသပ်လှသည်။
သူမ၏သွင်ပြင်က တစ်ချက်ကြည့်မိရုံနှင့်အကြည့်မလွှဲနိူင်စရာဖြစ်သည့်တိုင် ခံစားချက်ကင်းမဲ့ဟန်တူသည့်မျက်နှာထားတည်တည်လေးက အေးစက်ကာ ချဉ်းကပ်မရသည့်ခံစားချက်ကိုပေးစွမ်းလျက်ရှိသည်။
ရေခဲတောင်ထိပ်မှနှင်းကြာပန်းလို အေးစက်ပြီးလှပသည့်ထိုမိန်းမပျိုလေးက မဟူရာနတ်သမီးစီးတုယွမ်ချင်းသာဖြစ်ပြီး သူမနှင့်အတူပါလာသူနှစ်ယောက်ကား ကြွယ်ယန်နှင့်ကြွယ်စင်းတို့ဖြစ်ကြောင်းအထူးရှင်းပြနေစရာလိုမည်မဟုတ်ပေ။
စံအိမ်၏နောက်ဘက်တွင် စွန်းအိမ်တော်မှလူအနည်းငယ်သာရှိသော်လည်း စီးတုယွမ်ချင်းလျှောက်လာသည်ကိုမြင်သည်နှင့် ထိုလူများမှာ တအံ့တဩငေးမောမိကြသည်။
သူမ၏သွင်ပြင်ကလည်း နတ်မိမယ်တမျှလှပကာ အေးစက်ပြီးအလွယ်တကူမချဉ်းကပ်နိုင်သည့်ပုံစံက ဆွဲဆောင်မှုတစ်မျိုးဖြစ်နေပေသည်။
သူမတို့လို နောက်မှဝင်ရောက်လူသည့်သိုင်းသမားအနည်းငယ်လည်းရှိနေပြီး စီးတုယွမ်ချင်းကိုမြင်သည်နှင့် သူတို့၏မျက်လုံးများကတောက်ပသွားကြသည်။
မိန်းမလှခုနစ်ယောက်စာရင်းဝင် နာမည်ကျော်မဟူရာနတ်သမီးမှာ မနေ့ကပင်သံမဏိတံတိုင်းရှန်းတုနှင့်သရေကျထား၍ လက်ရှိအချိန်၌ သူမ၏ဂုဏ်သတင်းကအမြင့်ဆုံးသို့ရောက်ရှိနေပေသည်။
ထို့ကြောင့်ပင် လူငယ်လူရွယ်များအနေဖြင့် သူမကိုသွားရောက်စကားပြောလိုကြသော်လည်း ထိုမိန်းကလေး၏အေးစက်ကြည်လင်နေသည့်အကြည့်ကြောင့် ခြေတစ်လှမ်းမှရှေ့မတိုးဝံ့ကြတော့ပေ။
ထိုအခြေအနေကိုကြည့်၍ သဘောကျနေသူက ကြွယ်ယန်နှင့်ကြွယ်စင်းသာဖြစ်ပြီး ကြွယ်ယန်က ရယ်မော၍ခပ်တိုးတိုးပြောလိုက်သည်။
“ ကြွယ်စင်း ကြည့်စမ်း ဟိုကောင်တွေရဲ့ပုံစံကိုတွေ့လား....သူတို့က မရီးကိုတွေ့ပြီး လာချဉ်းကပ်ချင်တာတောင် အကြည့်တစ်ချက်ထဲနဲ့ရှေ့မတိုးရဲကြဘူး.....”
ကြွယ်ယန်၏စကားကို ကြွယ်စင်းကခေါင်းညိမ့်ပြလိုက်မိသည် ။
သူတို့၏ရှေ့နားတွင်ရှိနေသည့် မိန်းမလှလေးကိုမြင်တိုင်းသက်ပြင်းချမိကာ သူမ၏အေးစက်မှုနှင့်သီးခြားဆန်မှုကသာမန်လူတို့လက်လှမ်းမမှီနိုင်သည့်အဆင့်ထိရောက်ရှိနေသည်။။
ရေခဲနတ်သမီးဟုနာမည်ပြောင်ရထားသည့်စီးတုယွမ်ချင်း၏အေးစက်မှုက ကျော်ကြားသည့်လူငယ်သိုင်းသမားများပင်မချဉ်းကပ်ဝံ့သည့်အတားအဆီးဖြစ်သည်။
မနေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲကသက်သေဖြစ်ပြီး လူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင် ရှန်းတုနှင့်တိုက်ခိုက်ကာ စီးတုယွမ်ချင်းက သူမ၏သိုင်းပညာကို သက်သေပြခဲ့ပြီးဖြစ်လေသည်။
သို့သော် ယမန်နေ့ကအကြောင်းအရာကိုပြန်တွေးလိုက်မိတိုင်း ကြွယ်စင်း၏စိတ်ထဲတွင် အံ့ဩနေဆဲဖြစ်ပြီး ရှောင်ယောင်၏အမည်ကိုကြားမိချိန်၌ ပြောင်းလဲသွားသည့်စီးတုယွမ်ချင်း၏အမူအယာကိုအမှတ်ရနေဆဲဖြစ်သည်။
“ အစ်ကိုကြီးက တစ်ခုခုတော့ တစ်ခုခုပဲ .....”
ကြွယ်စင်းက စိတ်ထဲတွင်တွေးတောရင်း ကြွယန့်ကိုပြောလိုက်သည်။
“ ငါတို့လည်း သွားရအောင်။ အစ်ကိုကြီးလည်း ရောက်နေလောက်ပြီ .....”
ကြွယ်စင်း၏စကားကြောင့်မျက်လုံးများတောက်ပသွားပြီး ကြွယ်ယန်က ခေါင်းညိမ့်ကာအလျှင်အမြန်ပြောလိုက်သည်။
“ ကောင်းပြီ .... သွားကြမယ် ..”
ယခု အော့မေ့ဂိုဏ်းမှလူများနှင့်အတူလာသော်လည်း သူတို့က ထိုမျှရင်းနှီးခြင်းမရှိပေ။
စီးတုယွမ်ချင်းက သူတို့ကို ရှောင်ယောင်၏ညီငယ်များဟုသိရှိပြီးနောက် ကောင်းမွန်စွာဆက်ဆံသော်လည်း သူမ၏အေးစက်မှုက သူတို့ကိုပင်အနည်းငယ်နောက်တွန့်စေခဲ့သည်။
ထို့နောက် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း တစ်ယောက်ပခုံးတစ်ယောက်ဖတ်ကာ စံအိမ်ရှေ့ဘက်ရှိတိုက်ပွဲကွင်းပြင်သို့ချီတက်သွားကြပြီး ထိုမြင်ကွင်းကြောင့် စီးတုယွမ်ချင်းလည်း သူမ၏ဂိုဏ်းသူများကိုပြောလိုက်သည်။
“ ကောင်းပြီ နင်တို့လည်းအတူတူစုနေကြ။ ဂိုဏ်းက အကြီးအကဲလီလည်းလာမယ်ထင်တယ်။ ....ငါမိတ်ဆွေတစ်ယောက်ကိုသွားရှာပြီးရင် ပြန်လာခဲ့မယ်....”
စီးတုယွမ်ချင်း၏စကားကြောင့် အော့မေ့ဂိုဏ်းသူများက ထူးခြားသည့်အကြည့်များဖြင့်ကြည့်လိုက်မိကြသော်လည်း တစ်စုံတစ်ရာမပြောဘဲ ခေါင်းညိမ့်ပြလိုက်ကြသည်။
“ ဝါး.....လူတွေအများကြီးပဲဟေ့...”
ကြွယ်ယန်က ခုနစ်ရာနီးပါးရှိမည့်လူအုပ်ကြီးကိုမြင်၍ တအံ့တသြပြောလိုက်မိသည်။။
သူ၏ဘေးမှကြွယ်စင်းသည်လည်း ထိုနည်းတူပင်။
ရှောင်လင်ကျောင်းတော်တွင်သာကြီးပြင်းခဲ့ရသည့်သူတို့အတွက် သိုင်းလောကသားများယခုလိုစုစည်းနေခြင်းက တစ်ကြိမ်မှမမြင်ဖူးသည့်မြင်ကွင်းပင်ဖြစ်သည်။
“ ဟီးဟီး....မိန်းကလေးသိုင်းသမားတွေလည်းရှိတယ်ကွ... မဆိုးဘူး.....”
ကြွယ်ယန်က သူ၏မုတ်ဆိတ်မွှေးမရှိသည့်မေးစေ့ကိုဟန်ဆောင်ပွတ်သပ်ရင်း ပြောလိုက်သည်။
သိုင်းပညာလေ့ကျင့်ခြင်းက ခက်ခဲကြမ်းတမ်းကာ သိုင်းလောကထဲတွင်ကျင်လည်ခြင်းကလည်း ကြောက်စရာကောင်း၍ အမျိူးသမီးသိုင်းသမားများမှာ လွန်စွာနည်းပါးလှသည်။
အမျိူသားသိုင်းသမားဆယ်ယောက်ရှိလျှင် အမျိုးသမီးသိုင်းသမားတစ်ယောက်ပင်မရှိတတ်ဘဲ သိုင်းလောကထဲရှိအမျိူးသမီးသိုင်းဂိုဏ်းများက လက်ချိုးရေနိုင်သည် ။
ထိုအထဲတွင် အော့မေ့ဂိုဏ်းကတော့အကြီးဆုံးတစ်ခုဖြစ်ပေသညိ။
ကြွယ်စင်းကတော့ မျက်နှာထက်တွင်ပြုံးဖြီးဖြီးအမူအယာတစ်ခုရှိကာ မိန်းမချောလေးများကိုမျက်စေ့အစာကြွေးနေသည့်ကြွယ်ယန့်ကိုကြည့်ရင်း ခေါင်းယမ်းလိုက်မိသညမ ။
“ နင်တို့အစ်ကိုရှောင်ယောင်ကို ရှာတွေ့ပြီလား.....”
နောက်ဘက်မှအေးစက်စက်အသံတစ်ခုကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့နှစ်ယောက်လုံးတောင့်တင်းသွားကြပြီး ချက်ခြင်းလှည့်ကြည့်လိုက်မိကြ၏။
ထိုအခါ သူတို့နှင့်ခြေလှမ်းအနည်းငယ်အကွာတွင်လှပစွာရပ်နေသည့်စီးတုယွမ်ချင်းကိုတွေ့ရမည်ဖြစ်ပြီး သူမ၏အမူအယာကပုံမှန်လို အေးစက်တင့်တယ်နေဆဲပင်။
ကွင်းပြင်ရှိလူအုပ်ကြီးကများပြားလာပြီဖြစ်၍ အချို့လူများဆိုလျှင် တွန်းထိုးနေကြသည့်တိုင် ထိုမိန်းကလေး၏ဘေးနားသို့မည်သူမှမချဉ်းကပ်ဝံ့သည်ကိုတွေ့ရပေသည်။
အနီးရှိလူများက စီးတုယွမ်ချင်းကို အံ့အားသင့်ဟန်၊ လေးစားဟန်၊ သဘောကျဟန်စသည့်အကြည့်များဖြင့်ကြည့်ကာ အချင်းချင်းလက်တိူ့၍တီးတိုးပြောဆိုနေကြသည့်တိုင် မည်သူမှသူမ၏အနီးသို့မကပ်ဝံ့ကြပေ။
ဤသည်က သူမ၏ထူးခြားသည့်အရှိန်အဝါပင်ဖြစ်တော့သည်။
“ ကျုပ်တို့လည်း ရှာနေတုန်းပဲ....”
ကြွယ်စင်းက အံ့ဩသွားသော်လည်း တည်ငြိမ်သည်အသံဖြင့်ပြနိဖြေလိုက်သည်။
စီးတုယွမ်ချင်းက သူမ၏ဂိုဏ်းသူများနှင့်အတူရှိနေမည်ဟုထင်မှတ်ခဲ့သော်လည်း ရှောင်ယောင့်ကိုရှာဖွေရန်ထွက်လာမည်ဟုတွေးမိထားမိ။
ထို့အပြင် လူအုပ်ထဲသို့ဝေ့ကြည့်ရင်းတစ်စူံတစ်ခုရှုဖွေနေသည့်သူမ၏မျက်ဝန်းများထဲတွင် မျှော်လင့်သည့်အရိပ်အယောင်အချို့ကိုလည်းတွေ့နိုင်မည်ဖြစ်ပြီး ယခုအခါသိုင်းလောကထဲမှ ကောလဟာလများအမှန်ပင်ဖြစ်နိုင်မည်လောဟုပင် ကြွယ်စင်းတစ်ယောက်တွေးတောနေမိသည်။
ထိုအခိုက် ဘေးဘက်ရှိကြွယ်ယန်က သူ့ကိုအလျှင်အမြန်ဆွဲကာ တစ်နေရာကိုညွန်ပြ၍ပြောလိုက်သည်။
“ ကြွယ်စင်း....ကြွယ်စင်း ဟိုမှာကြည့်စမ်း...အစ်ကိုကြီးမလား သူက မိန်းမချောလေးတွေနဲ့ကောင်းစားနေတာ ။။သူ့ဘေးက မိန်းကလေးကလည်းအတော်လှတာပဲ....”
ကြွယ်ယန်၏အလောတကြီးပုံစံကြောင့်ကြွယ်စင်းလည်းထိုနေရာကိုကြည့်လိုက်မိသညိ။
ထိုအခါ ပြိုင်ပွဲကွင်းပြင်၏ထောင့်တစ်နေရာတွင်အဖြူရောင်ဝတ်စုံဝတ်မိန်းမချောလေးများနှင့်အတူရှိနေသည့်လူငယ်တစ်ယောက်ကိုတွေ့လိုက်ရပြီး သူ၏နံဘေးတွင် ပူးကပ်စွာရှိနေသည့် မိန်းမလှလေးတစ်ယောက်လည်းရှိနေသညိ ။
ထို့အပြင် သူနှင့်အတူရှိနေသည့်မိန်းမချောလေးများက အဖြူရောင်သိုင်းဝတ်စုံများဖြင့်တစ်ယောက်တစ်မျိုးစီချောမောကြသူများဖြစ်ရာ ဘေးမှလူများ၏မနာလိုအားကျသည့်အကြည့်များကိုပင်ခံနေရပြီး ထိုနေရာတွင် ထင်းထွက်နေသည်။
ထို့ကြောင့် ကြွယ်ယန်တစ်ယောက်မိန်းမချောလေးများကိုငမ်းရင်းရှာတွေ့သွားခြင်းဖြစ်ကာ ထိုမိန်းကလေးများနှင့်အတူရှိနေသူက သူတို့၏အစ်ကိုကြီးရှောင်ယောင်မှလွဲ၍အခြားမဟုတ်ပေ။
ရှောင်ယောင့်ကိုမမျှော်လင့်ထားသည့်အနေအထားဖြင့်မြင်လိုက်ရ၍ ကြွယ်စင်းလည်းများစွာအံ့အားသင့်သွားပြီးတီးတိုးရေရွတ်မိလိုက်သည်။
“ သူ့ဘေးကမိန်းကလေးတွေက ဘယ်သူတွေလဲမသိဘူး....”
ထိုစဉ် နောက်ကျောဘက်မှ အေးစိမ့်သည့်အငွေ့အသက်တစ်ခုကြောင့် သူတို့နှစ်ယောက်လုံး ကြက်သီးထသွားကြပြီးအလျှင်အမြန်လှည့်ကြည့်လိုက်ရာ ထိုနေရာသို့စူးစိုက်ကြည့်နေသည့် စီးတုယွမ်ချင်းကိုတွေ့လိုက်ရသည်။
သူမ၏မျက်နှာက ပုံမှနိအတိုင်းခံစားချက်ကင်းမဲ့ဟန်တူသော်လည်း များစွာပို၍အေးစက်နေကာ ကြည်လင်သည့်မျက်ဝန်းများက စူးရဲလျက်ရှိ၏။
လက်ရှိအချိန်၌ သူမ၏စိတ်ထဲတွင်မည်သို့ခံစားနေရသည်ကိုစီးတုယွမိချင်းပင်ဝေခွဲမရပေ။
သူမဆရာ၏အရေးတကြီးဆင့်ခေါ်မှုကြောင့် အော့မေ့ဂိုဏ်းသို့ပြန်သွားရသော်လည်း သူမ၏စိတ်က ပန်းတစ်ရာတောင်ကုန်းမှ ရှောင်ယောင့်ဆီတွင်ကျန်ခဲ့သေးသည်။
ရှောင်ယောင်တစ်ယောက်လုံးဝအဆင်ပြေနေပြီဟုသိရှိသည့်တိုင် သူတစ်ယောက်ထဲထားခဲ့ရသည်ကို စိုးရိမ်ပူပန်မိပြီး တောင်ပေါ်မှပြန်ဆင်းသည်နှင့် ပန်းတစ်ရာတောင်ကုန်းသို့အမြန်ဆုံးသွားခဲ့လေသည်။
သို့သော် ထိုနေရာတွင် ရှောင်ယောင့်ကိုမတွေ့တော့ဘဲ သူထွက်သွားသည်က တစ်လနီးပါးရှိပြီဟုသိရပြီး အဆိပ်ကိုလုံးဝကုန်စင်ကာ စိုးရိမ်စရာမလိုကြောင်းသိရတော့မှ သူမ၏စိတ်ထဲမှစိုးရိမ်မှုများပျောက်ကွယ်ကာ ဂိုဏ်းသူများနှင့်အတူ စွန်းအိမ်တော်သို့ ခရီးဆက်လာခြင်းဖြစ်၏။
ယခု ထိုအကောင်က ကျန်းကျန်းမာမာရှိနေသည့်အပြင် မိန်းမချောလေးများစွာဝိုင်းနေသည့်အဖြစ်ကိုမြင်လိုက်ခြင်းက သူမ၏ရင်ထဲတွင် ဖော်ပြမရသည့်ဒေါသတို့ကိုပေါက်ဖွားလာစေခဲ့သည် ။
ထို့နောက် စီးတုယွမ်ချင်းကကြွယ်ယန်တို့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
“ ရှောင်ယောင့်ဆီ သွားရအောင်....”
ထိုစကားလုံးအနည်းငယ်က ရေခဲကန်ထဲမှထွက်ပေါ်လာသည့်အလား အေးစိမ့်နေပြီး အနီးရှိလူများပင် သူမ၏ဒေါသတရားကိုခံစားလိုက်မိ၏ ။
ထို့နောက် စီးတုယွမ်ချင်းက ရှောင်ယောင်ရှိနေသည့်နေရာသို့ဦးတည်၍သွားလိုက်သလို သူမ၏ ကျော့ရှင်းသည့်နောက်ကျောကိုကြည့်ရင်း ကြွယ်စင်းက ခပ်တိုးတိုးပြောလိုက်မိသည်။
“ အစ်ကိုကြီးတော့မလွယ်တော့ဘူး....”
“ အသေအချာပေါ့.....”
ရှောင်ယောင့်အတွက်စိုးရိမ်စိတ်ဖြစ်နေသည့်ကြွယ်စင်းနှင့်ခြားနားစွာ ကြွယ်ယန်က တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် တက်ကြွစွာပြောလိုက်သည်။
“ အစ်ကိုကြီးမှာ ဘယ်လိုနည်းလမ်းတွေရှိတဲ့မသိဘူး။ ဟဲဟဲ ငါလည်း သူ့ဆီကတစ်ခုနှစ်ခုလောက်တောင်းမှပါ....”
“ တော်လိုက်တော့....ငါတို့မြန်မြန်သွားရအောင်.....”
ကြွယ်ယန်၏ ပေါက်ကရအတွေးများကို ကြွယ်စင်းပင်လက်မှိုင်ချလိုက်ရကာ လူအုပ်ကိုတိုး၍ရှောင်ယောင်ရှိနေသည့်နေရာသို့အလျှင်အမြန်ဆွဲခေါ်သွားလိုက်သည်။
အနိမ့်ဆုံးအနေဖြင့် မိန်းမလှလေးတစ်ယောက်နှင့်ကြည်နူးနေသည့်ရှောင်ယောင့်ကို စီးတုယွမ်ချင်းမလာမီသတိပေးနိုင်လျှင် ညီအစ်ကိုတာဝန်ကျေပွန်မည်မဟုတ်ပါလား....။
&&&&